← Chapters

အစေခံ

Vol. 64 Ch. 889

အစေခံ

Vol. 64 Ch. 889

“ရှင် ဘာလိုချင်လို့လဲ...”

လင်းရှန်းရှဲ့က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ကာ ဝေ့ဝူယင်နှင့် မျက်နှာချင်း ဆိုင်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်၏ မျက်နှာကို အနီးကပ် မြင်လိုက်ရသော အခိုက်၌ သူမ စိတ်ထဲတွင် သိမ်မွေ့သည့် ခံစားချက် တစ်ခု ပေါ်ထွက်လာသည်။ ထိုခံစားချက်က အတွေးများနှင့် ခြားနားကာ ထိန်းချုပ်နိုင်သည့် ဘောင်အပြင်ဘက်၌ ရှိနေခဲ့သည်။

“လိုချင်တာလား...”

ဝေ့ဝူယင်က မျက်ခုံးကို ပင့်လိုက်၏။

“ငါ ဘာလိုချင်တယ်လို့ မင်း ထင်တာလဲ...”

“ရှင်က ကျွန်မကို ဂိုဏ်းကနေ ခေါ်သွားချင်တာလား... နောက်ပြီး လက်ထပ်ယူ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားချင်တာလား...”

ထိုစကားလုံးများက ပါးစပ်မှ မည်ကဲ့သို့ လွတ်ထွက်သွားသည်ကို လင်းရှန်းရှဲ့ စဉ်းစား မရပါချေ။ ဝေ့ဝူယင်က ဝမ်မင်ယာကို တစ်ချက် လှမ်းကြည့်ကာ သဘောကျဟန်ဖြင့် ရယ်မောလိုက်၏။

“အဲဒီလို ဆိုရင်ရော...”

သူက ပြုံးရင်းပင် မေးလိုက်သည်။

“ရှင် အတည်ကြီး ပြောနေတာတော့ မဟုတ်ပါဘူးနော်...”

လင်းရှန်းရှဲ့မှာ ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့၏ အမူအရာများကို ကြည့်ကာ အတည်လား စနောက်ခြင်းလားပင် မခွဲခြားနိုင်တော့ချေ။ သူက ကိုယ့်ကိုယ်ကို စတင်ကာ သံသယ ဝင်လာခဲ့၏။ မည်သို့ပင် ဆိုစေကာမူ... ဝေ့ဝူယင်က အကြောင်းရင်း မရှိပဲ ပြန်ပေးဆွဲလိမ့်မည် မဟုတ်ချေ။

“တကယ်လို့ မင်းဆန္ဒရှိရင် အတည်ပေါ့...”

ဝေ့ဝူယင်က ပြောလိုက်၏။

“ကျွန်မ...”

လင်းရှန်းရှဲ့တစ်ယောက် ဆွံ့အသွား၏။

“ဟား... ဟား...”

ဝေ့ဝူယင်က ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်သည်။

“မင်းက ဉာဏ်ကောင်းတယ်... လှလည်း လှတယ်... စိတ်ဓာတ်လည်း ခိုင်မာတယ်... မင်းလို မိန်းကလေးမျိုးကိုမှ သဘောမကျရင် ဘယ်သူ့ကို သဘောကျရမှာလဲ... ဒါပေမဲ့ ငါ မိန်းမ မလိုချင်သေးတာတော့ တကယ်... ဒါပေမဲ့ နည်းလမ်း တစ်ခုတော့ ရှိပါသေးတယ်လေ... မင်း ငါ့ရဲ့ ကိုယ်လုပ်တော် လုပ်လို့ ရတယ်... မင်း လက်ခံမယ် ဆိုရင် ငါ ခုချက်ချင်း အခမ်းတစ်ခု လုပ်ပြီး တစ်လောကလုံးကို ကြေညာမယ်”

“ကိုယ်လုပ်တော်...”

လင်းရှန်းရှဲ့၏ အမူအရာက မည်းမှောင်သွား၏။ ယောက်ျား တစ်ယောက်၏ ကိုယ်လုပ်တော် သူမ မဖြစ်ချင်ပေ။ သူမက တောင့်တင်းသည့် နောက်ခံနှင့် မိန်းကလေး တစ်ဦး ဖြစ်သည်။ မိသားစုထဲတွင်လည်း သူမ၏ အဆင့်အတန်းက ထိပ်ဆုံး၌ ရှိပေသည်။ ထို့အပြင် သူမက နာမည်ကျော် မြေကြီးရှန့်ထို ဟန်ရှဲ့၏ တပည့်လည်း ဖြစ်သည်။

“မင်း သဘောမကျဘူး ဆိုလည်း ဒီကိစ္စကို အေးအေးဆေးဆေးမှ သွားကြတာပေါ့...”

ဝေ့ဝူယင်က ပြုံးလိုက်၏။ ထို့နေက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်၌ ပိုင်လင်မှာ စီတနှင့် စကား လက်ဆုံကျ နေခဲ့ကာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ ဝေ့ဝူယင်၏ ဇာတ်လမ်းများကို နား‌ထောင် နေခဲ့သည်။ စီတမှာ ပုံပြောကောင်းသူ တစ်ယောက် ဖြစ်လေရာ ပိုင်လင်မှာ သူမနှင့် စကားပြောရသည်ကို အလွန်ပင် နှစ်ခြိုက် နေခဲ့၏။

ဂီး...

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပိုင်လင်က ကြည်လင်သော အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူမက အောက်သို့ ထိုးစိုက်ချကာ လင်းရှန်းရှဲ့၏ ခြံဝန်း ကလေးဆီ ပြန်လည် ပျံသန်း သွားတော့သည်။

ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှာ ထိုနေရာတွင် ကြိုတင် ရောက်ရှိ နေကြပြီ ဖြစ်သည်။ သူတို့ အောက်တွင်တော့ လင်းမင်နှင့် လင်းရှန်းရှဲ့တို့ ရှိနေ၏။ သူတို့၏ မျက်နှာ အမူအရာများက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက် နေသည်။

အချိန် နှစ်နာရီ ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ အတွက်တော့ နှစ်ပတ် အလား ရှည်ကြာ လွန်းလှသည်။ လင်းရှန်းရှဲ့ကို မထိမခိုက် ပြန်လည် မြင်တွေ့လိုက်ရသော အခါတွင်မှ သူတို့မှ သက်ပြင်းများ ချနိုင်တော့သည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့က ပရမတ် ကျောက်စိမ်း နယ်မြေကို သွားချင်တာလား...”

ကျန်းကျိရီက ပိုင်လင်၏ ကျောထက်ရှိ ဝေ့ဝူယင်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။ ပရမတ် ကျောက်စိမ်း လျှို့ဝှက် နယ်မြေမှာ ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ ပထမဆုံး လျှို့ဝှက် လောကနယ်မြေ ဖြစ်သည်။ ပထမတုန်းက ကျင့်ကြံသူများမှာ လျှို့ဝှက် နယ်မြေများကို ရတနာ သိုလှောင်ရန် ရတနာသိုက်များ အဖြစ် အသုံးပြု ခဲ့သည်။ သို့သော်လည်း... ခေတ်ကာလ အပြောင်းအလဲနှင့် အတူ အမျိုးမျိုးသော လျှို့ဝှက် အင်အားစုများမှာ လောကနယ်မြေများကို ပါရမီရှင်များကို ပြုစုပျိုးထောင်ရန် အတွက် လေ့ကျင့်ရေး နယ်မြေနှင့် စမ်းသပ်ပွဲများ အဖြစ် ပြောင်းလဲ အသုံးပြု ခဲ့ကြသည်။

သို့သော်လည်း... ပရမတ် ကျောက်စိမ်း နယ်မြေမှာ အမွေအနှစ် ကုန်းမြေ တစ်ခု အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ထိုအထဲ၌ အမျိုးမျိုးသော အစီအရင်များ၊ ကျင့်စဉ်များ၊ ကျင့်ကြံခြင်း နည်းလမ်းများကို ထည့်သွင်း ထားသည်။ မည်သည့် ခေတ်ကာလတွင် ဆိုစေကာမူ... ပရမတ် ကျောက်စိမ်း နယ်မြေမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက် မြင့်မြတ် သန့်စင်သည့် တော်ဝင်နေရာ တစ်ခု ဖြစ်ပေသည်။

“ဟုတ်တယ်...”

ဝေ့ဝူယင်က ဖြေလိုက်၏။ ပထမ၌ သူက မီးတောက်ကိုးခု ထာဝရ ဝိညာဥ် နည်းလမ်း အတွက် မျှော်လင့်ထားကာ ဝမ်မင်ယာကို အခြား သဲလွန်စ တစ်ခုဆီ သူ့အတွက် ဦးတည် စေလိုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... လင်းရှန်းရှဲ့၏ မှတ်ဉာဏ်များထဲတွင် ဟန်ရှဲ့၏ လက်ရှိ တည်နေရာကိုသာ မက ကောင်းကင်ဘုံ နတ်မျက်လုံး၏ အခြား ပုံစံတစ်မျိုးကိုလည်း ရှာဖွေ တွေ့ရှိလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ သူမက ထိုကျင့်စဉ်ကို တစ်ကြိမ်ပင် ဖတ်ရှုဖူးပေသည်။ ဝေ့ဝူယင် ထိုအရာကို ရှာဖွေရန် စိတ်အားထက်သန် နေပြီ ဖြစ်သည်။

“ဘာလို့လဲ...”

လင်းရှန်းရှဲ့က မေးလိုက်သည်။ လင်းမင်ကို တစ်ချက် လှမ်းကြည့်ရင်း သူမ ရင်မှာ တဒိတ်ဒိတ် ခုန်လာခဲ့၏။ လင်းမင် ပရမတ် ကျောက်စိမ်း နယ်မြေထဲမှ အမွေအနှစ်ကို ရရှိရန် အတွက် သူမ အများကြီး ကြိုးစား ခဲ့ရသည်။ အကယ်၍ ဝေ့ဝူယင်သာ ဝင်သွားပါက ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်နှင့် အတူ အမွေအနှစ်ကို ရရှိရန် လင်းမင်ထက်ပင် အရည်အချင်း ပြည့်မှီသွားပေလိမ့်မည်။ သို့ဖြစ်လေရာ သူမ မည်ကဲ့သို့ မစိုးရိမ်ပဲ နေပါမည်နည်း။

“ပစ္စည်းတစ်ခု ရှာစရာ ရှိလို့ပါ... မစိုးရိမ်နဲ့... အဲဒီနေရာမှာ ရှိတဲ့ အမွေအနှစ်ကို ငါ စိတ်မဝင်စားပါဘူး...”

ဝေ့ဝူယင်က ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။ လင်းရှန်းရှဲ့၏ ခန္ဓာကိုယ် ကလေးက အနည်းငယ် တုန်ရီသွားကာ သူမ၏ မျက်လုံးများမှာ အံ့အားသင့်မှုများနှင့် ပြူးကျယ်သွားခဲ့သည်။ သူ သိနေသည်လား။ အမွေအနှစ် အကြောင်း သူ သိနေသည်လား။

မည်ကဲ့သို့နည်း။

“အဂ္ဂိရတ် အာဏာရှင်ဝေ့ သွားမယ် ဆိုလည်း သဘောပါပဲ... ဒါပေမဲ့ ဒီလူလိမ် နှစ်ယောက်ကို ဘယ်လို လုပ်မှာလဲ...”

ကျန်းကျိရီက ဆိုလိုက်၏။ သူမက ဝေ့ဝူယင် ပရမတ် ကျောက်စိမ်း နယ်မြေထဲကို ဝင်ရောက်မည့် ကိစ္စ အပေါ် သူမတွင် စောဒက တက်စရာ မရှိပါချေ။ သူမထံတွင် တက်ခွင့်လည်း မရှိချေ။ သို့သော်လည်း... လင်းမျိုးနွယ် သားအမိ နှစ်ယောက် လူလည်ကျနေသည့် ကိစ္စကိုတော့ သည်အတိုင်း လွှတ်ပေးရန် သူမ ဆန္ဒမရှိပါချေ။

“သူတို့ကိုလား...”

ဝေ့ဝူယင်က မြေပြင်ထက်ရှိ လင်းရှန်းရှန်းကို ကြည့်လိုက်၏။ သူ့နာမည်ကို သုံး၍ ကိုယ်ပိုင် အကျိုးအမြတ်များ ရှာဖွေသည့် လုပ်ရပ်မျိုးကို သူ သဘောမကျသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ ဥပမာကောင်း တစ်ခု ဖြစ်ရန် အရေးယူ လုပ်ဆောင်သင့်သည်ဟု သူ ခံစားရသည်။ သို့သ်ေလည်း ထိုကဲ့သို့ မလုပ်ရန် သူ ဆုံးဖြတ်လိုက်၏။ လင်းရှန်းရှဲ့မှာ အစကတည်းက သနားစရာ မိန်းကလေး ဖြစ်သည်။

“ထားလိုက်ပါလေ... အားလုံး အမှန်ကို သိသွားရင် ရပြီ... တကယ်လို့ အဲဒီ အတွက် ကျုပ်ကို တောင်းပန်ချင်တယ် ဆိုရင် အစေခံလှလှလေး နှစ်ယောက်လောက် ရလည်း မဆိုးပါဘူး”

ဝေ့ဝူယင်က ရယ်မောရင်း စနောက်လိုက်၏။

“ရပါတယ်...”

ရုတ်တရက် အသံတစ်ခုမှာ မတုန့်မဆိုင်းပင် ထွက်ပေါ်လာ၏။

“...”

လူတိုင်းမှာ အံ့သြသွားကာ အသံလာရာကို လှမ်းကြည့်လိုက်သည်။ ထိုအခါ လှပစွာ ပြုံးနေသည့် လင်းရှန်းရှန်းကို တွေ့လိုက်ရလေ၏။ လင်းမင်၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွား၏။ ဂိုဏ်းချုပ်က စကားပြောလိုက်သည်လော။ သူမက သဘောတူလိုက်သည်လော။

“ကျွန်မ သခင်ဝေ့ရဲ့ အစေခံ ဖြစ်ဖို့ သဘောတူပါတယ်...”

လင်းရှန်းရှန်းက ရှင်းလင်းအောင် နောက်တစ်ကြိမ် ထပ်မံ ပြောလိုက်သည်။ ထို့နောက် သူမက သခင် အသစ်ကို အရိုအသေပေးသည့် အလား ဦးတစ်ချက် ညွှတ်လိုက်၏။

“...”

ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွား၏။ ထိုအရာက စနောက်လိုက်ခြင်း သက်သက်မျှသာ ဖြစ်ကာ အမှန်တကယ် မျှော်လင့် မထားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဂိုဏ်းချုပ် တစ်ယောက်ကို အစေခံ အနေဖြင့် လက်ခံ ရရှိခြင်းက မကောင်းသော အရာ မဟုတ်ပါချေ။ ဝေ့ဝူယင် လက်ကို မြှောက်လိုက်ကာ စကားပြောရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ထိုအချိန်မှာပင်...

ဝှစ်...

ပုံရိပ် တစ်ခုမှာ ဝေ့ဝူယင် နံဘေးတွင် ပေါ်လာခဲ့၏။ သူကတော့ အာရုဏ်ဦး မဟာ စစ်သည်တော် ဝူယုပင် ဖြစ်လေတော့သည်။ ဝူယု၏ နှုတ်ခမ်းထက်၌ အလွန် တောက်ပသည့် အပြုံးတစ်ခု ဖြစ်ပေါ်နေကာ လက်ဝါးထက်၌ ဟင်းလင်းပြင် လက်စွပ် ဒါဇင်ပေါင်း မြောက်များစွာမှာ မြောလွင့် နေခဲ့လေသည်။ သူက အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေကြောင်း ရှင်းလင်းလှပေသည်။

“သူတို့က တကယ် ချမ်းသာတာပဲ သခင်လေးရေ...”

“ချမ်းသာတာလား...”

ဝေ့ဝူယင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ ဝူယုက ဟက်ဟက်ပက်ပက်ဖြင့် အော်ကြီး ဟစ်ကျယ် ရယ်မော လိုက်လေသည်။

“ဒါပေါ့...”

***

All Chapters