ပြင်ပ ဘဏ္ဍာတိုက်
Vol. 64 Ch. 890
“...”
ခြံဝန်းကလေး အတွင်းရှိ ပတ်ဝန်းကျင် တစ်ခုလုံးမှာ အမျိုးမျိုးသော ခံစားချက်များနှင့် ပြည့်နှက် နေခဲ့၏။
လှပစွာ ပြုံးနေသည့် လင်းရှန်းရှန်း၊ မျက်လုံးများ ပြူးကျယ်နေသည့် လင်းရှန်းရှဲ့၊ မျက်မှောင်ကြုတ်ထားသည့် လင်းမင်၊ မယုံကြည်နိုင် ဖြစ်နေသည့် ကျန်းကျိရီ၊ ငေးကြောင်နေသည့် ဟန်ယုဟိုင်၊ အားပါးတရ ရယ်မောနေသည့် ဝူယု၊ ရွှင်မြူးနေသည့် ပိုင်လင်...။ နောက်ပြီး စိတ်လှုပ်ရှားနေသည့် ဝေ့ဝူယင်။ ထိုအခိုက်၌ လူတစ်ဦး တစ်ယောက်ချင်းစီ၏ အမူအရာများက အမျိုးမျိုး ကွဲပြား နေခဲ့ပေသည်။
“သခင်လေး...”
ဝူယုက ဟင်းလင်းပြင် လက်စွပ်များကို ဝေ့ဝူယင်ထံ ကမ်းပေးလိုက်၏။ ဝေ့ဝူယင်က တုန့်ဆိုင်းခြင်း မရှိ လက်ခံလိုက်ကာ ကျပန်း လက်စွပ် တစ်ခုထဲကို ဝိညာဉ် အာရုံဖြင့် ပို့လွှတ် စစ်ဆေး လိုက်သည်။ စစချင်းပင် လက်စွပ်၏ အရွယ်အစားကြောင့် သူ အလွန် အံ့သြသွားခဲ့၏။ ၎င်း၏ အလွန့်အလွန်ပင် ကြီးမားလှကာ ချိုက်လျှို့ယန်၏ လက်စွပ်ထက်ပင် ပိုမို၍ ကြီးမားပေလိမ့်မည်။
သို့သော်လည်း လက်စွပ်၏ အဆင့်က ကြယ်တာရာ အဆင့်တွင်သာ ရှိလေရာ လျှို့ဝှက် အဆင့် ပစ္စည်းများကို ထည့်သွင်းနိုင်လိမ့်မည် မဟုတ်ပါချေ။ လက်စွပ် အတွင်းတွင်တော့ အလွန့်အလွန် များပြားလှသည့် ကြယ်တာရာ ကျောက်တုံးများကို သူ တွေ့ရ၏။ ၎င်းတို့က အရေအတွက်အားဖြင့် နှစ်ဘီလျံမျှ အထိ ရှိပေလိမ့်မည်။ လျှို့ဝှက် ကျောက်တုံးများနှင့် လဲလှယ်မည် ဆိုလျှင် နှစ်ရာ အထိ ရရှိပေလိမ့်မည်။
သို့တိုင်အောင် ၎င်းက ကြယ်တာရာ အမတေ ကျောက်တုံးများကိုသာ ထည့်သွင်း ရေတွက်ထားခြင်း ဖြစ်သည်။ ၎င်းတို့ အပြင် မရေမတွက်နိုင်အောင် များပြားသည့် ကြယ်တာရာ အဆင့် ပစ္စည်းများစွာ ရှိနေသေးဆဲ ဖြစ်သည်။ အတိအကျ တန်ဖိုးကို မခန့်မှန်း တတ်သည့်တိုင်အောင် ပစ္စည်းများအားလုံး ပေါင်းပါက လျှို့ဝှက် ကျောက်တုံး ငါးရာပင် ကျော်လိမ့်မည် ထင်သည်။
လျှို့ဝှက်ကျောက်တုံး ၅၀၀...
ထိုအရာက ဂြိုဟ်အကြီးကြီး တစ်ခုခုကိုပင် ဝယ်ယူရန် လုံလောက်သည့် ပမာဏ ဖြစ်သည်။ သို့တိုင်အောင် ၎င်းက လက်စွပ်တစ်ကွင်းသာ ရှိပေသေးသည်။
ဝေ့ဝူယင် လောဘတကြီးဖြင့် အခြား လက်စွပ်များကိုပါ လိုက်လံ စစ်ဆေးလိုက်၏။ အားလုံးကို စစ်ဆေး ပြီးချိန်တွင်တော့ ကြီးကျယ် ခမ်းနားပါသည် ဆိုသည့် အာရုဏ်ဦး ဧကရာဇ်မှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ရပြီ ဖြစ်သည်။ သူက ဝူယုကို ကြည့်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်မှာ မျက်နှာချင်း ဆိုင်ကာ အားရပါးရ ရယ်မောလိုက်လေတော့သည်။
ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှာ ဝေ့ဝူယင်တို့ကို တစ်လှည့် လက်စွပ်များကို တစ်လှည့် ကြည့်နေမိကြ၏။ ဖြစ်နိုင်လျှင် သူတို့ ဝိညာဥ်အာရုံကို ဆန့်ထုတ်ကာ လက်စွပ်များထဲကို စစ်ဆေးချင် နေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က မည်သည့် အရာများနည်း။ တစ်ခဏ ကြာပြီးနောက်... ဟန်ယုဟိုင်မှာ တစ်စုံတစ်ရာကို စဉ်းစားမိဟန်နှင့် အမူအရာ ပြောင်းလဲ သွား၏။
“ခင်ဗျား သူတို့ဆီကနေ ခိုးလာတာလား...”
ဝူယုက သူ့ကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“မခိုးပါဘူးကွာ... သူက အဲဒီ ပြင်ပ မျိုးနွယ်လေးတွေဆီ ဒီအတိုင်းပဲ အလည်သွားတာ... ဒါပေမဲ့ သူတို့ ကြည့်ရတာ ငါတို့ သခင်လေးရဲ့ ဂုဏ်သတင်း အပေါ် လေးစားနေတဲ့ ပုံပဲကွ... နှုတ်ဆက် လက်ဆောင်တွေ တန်းပြီး ပေးကြတော့တာပဲ... တော်တော် သဘောကောင်းတဲ့ လူတွေ... ငါက မယူဘူး မယူဘူး တားပါသေးတယ်... ဒါပေမဲ့ သူတို့က ယူပါ ယူပါနဲ့ အတင်းပဲ တောင်းပန်ကြတာ... တကယ့် ကလေးတွေ”
“တောင်းပန်တယ်...”
ဟန်ယုဟိုင်မှာ ဖြူရော်စွာ ပြုံးလိုက်မိသည်။ ဝူယု၏ ထိုအလိမ်အညာ စကားများကို ဘာမှ မသိသည့် ကလေးများသာ ယုံပေလိမ့်မည်။
“မင်းတို့ ကြည့်ချင်လို့လား...”
ဝူယုက ပျော်ရွှင်စွာပင် ဟန်ယုဟိုင်ကို ကြည့်လိုက်၏။ ထို့နောက် သူက ကျပန်း လက်စွပ် တစ်ကွင်းကို ပစ်ပေးလိုက်သည်။ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှာ အလွန်ပင် သိချင် နေကြလေရာ လက်စွပ် အတွင်းပိုင်းကို လျှင်မြန်စွာ စစ်ဆေး လိုက်ကြလေ၏။
“သောက်ချီး...”
ဟန်ယုဟိုင်ထံမှ အာမေဋိတ်သံ တစ်ခု ထွက်ပေါ်လာ၏။ ဘယ်လောက်တောင် များပြားလိုက်သည့် ချမ်းသာ ကြွယ်ဝမှုများနည်း။
ထိုအရာ အားလုံးက ကြယ်တာရာ အဆင့် ရင်းမြစ်များ ဖြစ်သည့်တိုင် လိုအပ်ပါက လျှို့ဝှက် အဆင့် ရင်းမြစ်များနှင့်လည်း လဲလှယ် ရယူနိုင်လိမ့်မည် ဖြစ်လေရာ မည်သည့် ကျင့်ကြံခြင်း အဆင့် အတွက် မဆို အဖိုးထိုက်တန်ပေသည်။
“...”
ကျန်းကျိရီကတော့ ဆွံ့အ နေ၏။ လောဘ အလင်းများက သူမ မျက်လုံးများထဲတွင် အဆက်မပြတ် မြင့်တက် လာခဲ့၏။ မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့်ပင် ထိုမျှ ချမ်းသာ ကြွယ်ဝမှုများကို မြင်ရသော အခိုက်၌ သူမကိုယ် သူမ ဘယ်လိုမှ ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ချေ။
“ဒီလက်စွပ်ထဲမှာ ရှိတဲ့ ပမာဏတင် ဂြိုဟ်ကြီး တစ်ဂြိုဟ်ပေါ်က မိုင်းတွင်းတွေနဲ့ စိုက်ခင်းတွေ အားလုံးကို ရာစုနှစ် တစ်ခုစာ စုစည်းထားတာလောက် ရှိတယ်”
ဟန်ယုဟိုင်က ခြောက်ကပ်ကပ် လေသံဖြင့် မှတ်ချက် ချလိုက်သည်။
“ဟဟ... နောက်ထပ် လက်စွပ် ငါးဆယ့် နှစ်ကွင်း ရှိတယ်... တစ်ခုချင်းစီက အဲဒီ အထဲကထက်တောင် ပိုများသေးတယ်”
ဝူယုက ဂုဏ်ယူ ဝင့်ကြွားဟန်ဖြင့် ပြောလိုက်၏။ ထိုအခိုက်၌ သူက သူ့ကိုယ်သူ အလွန် ကျေနပ်နေခဲ့ပေသည်။ စွမ်းအား ရှိခြင်းက ဘယ်လောက်တောင် ကောင်းလိုက်သနည်း။ ရင်းမြစ် ရှာဖွေရတာ ပင်လျှင် အလွန် လွယ်ကူ လွန်းလှသည်။
“သူတို့မှာ ဘာလို့ ဒီလောက်တောင် များနေရတာလဲ...”
ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်ရင်း တွေးတောလိုက်မိ၏။ ဒြပ်စင်နယ်မြေ တစ်ခုလုံးရှိ ရင်းမြစ်များကို နှစ်ပေါင်း ထောင်ချီ စုစည်းလျှင်ပင် ထိုမျှ များပြားလိမ့်မည် မထင်ချေ။ များပြားသည် ထားဦး...။ သူတို့က ထိုရင်းမြစ်များကို သုံးကာ မကျင့်ကြံကြတော့သည်လား။ သူတို့က ခြိုးခြံချွေတာကာ ရွှေပုံကြီးကို ဖင်ခုကာသာ ထိုင်နေခဲ့ကြသည်လား။
ဝူယုမှာလည်း ထိုအရာကို တွေးမိသည်။ ထို့ကြောင့်ပင် သူက မြေကြီးရှန့်ထို နှစ်ယောက်ကို လက်စွပ်များအား စစ်ဆေးခွင့် ပြုလိုက်ခြင်း ဖြစ်သည်။ သူက သူတို့၏ အမူအရာများကို ဖတ်ရှုနေခြင်းပင်။
ဝူယုမှာ နှစ်ပေါင်းထောင်ချီ အသက်ရှင်ခဲ့သည့် မြေခွေးအိုကြီး တစ်ယောက် ဖြစ်သည်။ သူ လုပ်သည့် လုပ်ရပ်တိုင်းတွင် ရည်ရွယ်ချက် တစ်ခု အမြဲ ရှိပေသည်။ အမူအရာနှင့် တုန့်ပြန်မှုများ အရ ဆိုလျှင် ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့မှာ အလွန်ပင် အံ့အားသင့်နေကြပုံ ပေါ်သည်။
ထိုအရာက မျှော်လင့်ထားသည့် ဘောင်အပြင်ဘက်၌ ရှိနေ၏။ ပြင်ပ မျိုးနွယ်များမှာ ဒြပ်စင် နယ်မြေများမှ ရင်းမြစ် အများစုကို သိမ်းပိုက်ထားလေရာ... ဟန်ယုဟိုင်တို့ အနေဖြင့် သူတို့ မည်မျှ ချမ်းသာကြောင်း အကြမ်းဖျဉ်း ခန့်မှန်နိုင်ပြီး ဖြစ်သင့်သည်။ သို့သော်လည်း... လက်စွပ်တစ်ကွင်းတည်းကပင် သူတို့ကို ထိတ်လန့်ရန် လုံလောက်ခဲ့သည်။
“တရားမဝင် လုပ်ငန်းတွေ ကြောင့်လား...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ သူတို့က ဓားပြမှု၊ လူကုန်ကူးမှုတို့ ကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ၏ နောက်ကွယ်တွင် အရိပ်မည်းများ အဖြစ် ရှိနေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဝူယုက ဝေ့ဝူယင်ထံ ဝိညာဉ်အာရုံဖြင့် လျှို့ဝှက်စွာ ဆက်သွယ်လိုက်၏။
“အဲဒါက အကုန် မဟုတ်သေးဘူး... ကျုပ်ရဲ့ အတွင်းပိုင်း လောကထဲမှာ လက်စွပ် နှစ်ရာ့ သုံးကွင်း ရှိသေးတယ်... နောက်ပြီး လျှို့ဝှက် အဆင့် ရတနာတွေ ထည့်သွင်းထားတဲ့ သေတ္တာတွေ၊ ရတနာသိုက်ကြီးတွေ ရှိသေးတယ်... လျှို့ဝှက်မူလ အရည်က အစ အဆင့်မြင့် လျှို့ဝှက် ကျောက်တုံးအထိ အများကြီးပဲ”
“...”
ဝေ့ဝူယင်၏ စိတ်မှာ မထိန်းချုပ်နိုင်အောင် ပေါက်ကွဲ သွား၏။ ဟင်းလင်းပြင် လက်စွပ် နှစ်ရာကျော်... လျှို့ဝှက် အဆင့် ရင်းမြစ်များ... သူတို့က အဘယ်ကြောင့် ထိုမျှလောက်တောင် ချမ်းသာနေရသနည်း။ ထိုအရာက ကျိုးကြောင်း ဆီလျော်မှု မရှိချေ။ အကယ်၍ ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်ခဲ့လျှင်ပင် ထိုမျှလောက် စုဆောင်းမိစရာ အကြောင်း မရှိချေ။
ဝေ့ဝူယင်နှင့် ဝူယုတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အဓိပ္ပာယ် ပါပါ ကြည့်လိုက်မိကြ၏။ ထိုအခိုက်၌ သူတို့ နှစ်ယောက်စလုံးမှာ တူညီသည့် အရာတစ်ခုကို တွေးနေခဲ့ခြင်း ဖြစ်လေသည်။
“မှောင်ခို ဘဏ္ဍာတိုက်...”
သေမျိုး လောကတွင် ဆိုလျှင် အများစုမှာ သူတို့၏ ပိုင်ဆိုင်မှုများ လုံခြုံစေရန် အတွက် အင်အားကြီး ဘဏ်တိုက်ကြီးများကို အားကိုး ကြရသည်။ ကျင့်ကြံခြင်း လောကမှာ အပြောင်းအလဲ အလွန် မြန်ဆန်သည့် နေရာ တစ်ခု ဖြစ်သည်။ တိုက်ပွဲများက ထင်မှတ်မထားပဲ ဖြစ်ပေါ်လာတတ်ကာ ဂိုဏ်းတစ်ဂိုဏ်း၊ အင်အားစု တစ်ခုမှာ နေ့ချင်း ညချင်း ပြိုကွဲ သွားနိုင်ပေသည်။
ထို့ကြောင့်ပင် လုံခြုံသည့် ကွန်ယက် တစ်ခု ဖြစ်ပေါ်စေရန် အတွက် သူတို့မှာ အဖိုးတန် ရတနာများကို ပြင်ပ ဘဏ္ဍာတိုက် ဟု ခေါ်သည့် နေရာများတွင် သိမ်းဆည်း ထားလေ့ ရှိသည်။ သို့မှသာ စစ်ပွဲ၏ ဖျက်ဆီးမှု ဒဏ်မှ ကင်းလွတ်ကာ ဘေးကင်းသည်နှင့် အရာရာကို အသစ်တစ်ဖန် ပြန်လည် တည်ဆောက်နိုင်လိမ့်မည် ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ရွှေရောင် အသက်နန်းတော်နှင့် အင်ပါယာ မျိုးနွယ်တို့လို တရားဝင် ပြင်ပ ဘဏ္ဍာတိုက်များ ရှိကြသည့်တိုင်အောင် ထိုဝန်ဆောင်မှုများကို ရယူရန် အတွက် မြင့်မားသည့် အဖိုးအခနှင့် ကန့်သတ်ချက်များ ရှိပေသည်။
ဤသည်က မှောင်ခို ဘဏ်တိုက်များ ကျယ်ပြန့်လာရသည့် အကြောင်းရင်းပင်။ မှောင်ခို ဘဏ်တိုက်များမှာလည်း နေရာတိုင်း၌ တွင်ကျယ်သည့် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။ ၎င်းတို့က တူညီသည့် ဝန်ဆောင်မှုများကို ပိုမို နည်းပါးသည့် အဖိုးအခနှင့် ဝယ်ယူနိုင်သည့် နေရာများ ဖြစ်ပေသည်။
နန်စီ မျိုးနွယ် အပါအဝင် ကပ်ပါး အင်အားစုများမှာ ဒြပ်စင် နယ်မြေ အတွင်း တည်ရှိသည့်တိုင်အောင် သီးခြား လွတ်လပ်သည့် လျှို့ဝှက် အင်အားစုများဟု ခေါ်ဆိုနိုင်သည်။ တိုက်ခိုက်ရေး အင်အား တောင့်တင်းသည့် အပြင် စီးပွားရေး ကဏ္ဍတွင်လည်း ဒြပ်စင် နယ်မြေ၏ ရင်းမြစ် အများစုကို သိမ်းပိုက်ထားရာ ချမ်းသာ ကြွယ်ဝသည်ဟု ဆိုနိင်ပေသည်။ ထို့ကြောင့်ပင် သူတို့မှာ မှောင်ခို ဘဏ္ဍာတိုက် တစ်ခု ဖြစ်ရန် အလွန် သင့်တော်ပေသည်။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ဘယ်လောက်တောင် ကြီးမားလှသည့် မြေအောက် စီးပွားရေး လုပ်ငန်းကြီးနည်း။
ဝူယုမှာ ကပ်ပါး အင်အားစုများထံမှသာ ဓားပြတိုက်လာခြင်း မဟုတ်ချေ။ မရေမတွက်နိုင်သည့် အင်အားစုများထံမှ ပစ္စည်းများကိုပါ ခိုးယူ လာခဲ့ခြင်း ဖြစ်သည်။
“သူတို့ အပြစ်နဲ့ သူတို့ပဲ...”
ဝူယု ပခုံးတစ်ချက် တွန့်လိုက်၏။ ထို့နောက် သူက လက်စွပ် အားလုံးကို အတွင်းပိုင်း လောကထဲ ထည့်သွင်း သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက သဘောထား အမြင်ကို တောင်းခံသည့် အလား ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
ထိုရတနာများကို ထိန်းသိမ်းထားသင့်သလော။ သို့မဟုတ် ပြန်ပေးသင့်သလော။ သူ့အမြင်အရ ထိန်းသိမ်းထားတာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်က သက်ပြင်း တစ်ချက် ချလိုက်၏။
“တကယ့်ကို ဘဝ သင်ခန်းစာပဲ... သူတို့က ဒီကိစ္စကို ဘယ်တော့မှ ဝန်ခံလို့ ရမှာ မဟုတ်ဘူး... ထုတ်ဖော် ပြောလိုက်တာနဲ့ သူတို့က ကြယ်တာရာ နယ်မြေရဲ့ လူရွှင်တော်တွေ ဖြစ်သွားကြမှာ... တကယ်ဆို သူတို့မှာ အခြား ရွေးချယ်စရာ တစ်ခု ရှိနေခဲ့သားပဲ”
ဝေ့ဝူယင် စကားကို နားထောင်ရင်း ဝူယုမှာ စိတ်သက်သာရာ ရသွားခဲ့၏။ သူ ထိုအရာများကို တကယ် ပြန်မပေးချင်ခဲ့ပေ။ ထိုချမ်းသာကြွယ်ဝမှုများဖြင့် ဆိုပါက သူတို့အနေဖြင့် ထိပ်တန်း ဂိုဏ်းကြီး တစ်ခုကိုပင် ထူထောင် နိုင်လိမ့်မည် ဖြစ်သည်။
“သူတို့ ဒီလောက် ချမ်းသာလိမ့်မယ် ထင်မထားခဲ့ဘူး... သောက် ကပ်ပါးကောင်တွေ”
ကျန်းကျိရီ ကျိန်ဆဲလိုက်၏။ သူမ၏ မျက်ဝန်းများက လောဘ အလင်းရောင်များဖြင့် တမြေ့မြေ့ ဆက်လက် လောင်ကြွမ်းနေသေးဆဲ ဖြစ်ပေသည်။
ဝေ့ဝူယင်က လင်းရှန်းရှန်းကို ညွှန်ပြလိုက်၏။
“ဝူယု... သူ့ကို အမှတ်အသား လုပ်ထား... ကျုပ်ရဲ့ အစေခံ ဖြစ်သွားပြီ”
ဝူယုမှာ အနည်းငယ် အံ့သြသွားကာ လင်းရှန်းရှန်းကို သေသေချာချာ အကဲခတ်လိုက်၏။
“သိပြီ...”
ထို့နောက် သူက လက်ညိုးကို ဆန့်ထုတ်လိုက်ရာ ကြယ်တာရာ အလင်းတစ်ခုမှာ လင်းရှန်းရှန်းဆိ ပျံသန်း သွားခဲ့သည်။ ထို့နောက် ၎င်းက ခန္ဓာကိုယ်ကို ဖောက်ကာ အတွင်းပိုင်းကို ဝင်ရောက် သွား၏။ လင်းရှန်းရှန်း ချက်ချင်းပင် ခန္ဓာကိုယ် အတွင်းကို ဝိညာဥ် အာရုံဖြင့် စစ်ဆေး ကြည့်လိုက်၏။ မည်သည့် အရာမှ မရှိပါချေ။ ထို့အစား... သူမ၏ ညာလက်လက်ကောက်ဝတ်တွင်သာ ထူးဆန်းသော လျှို့ဝှက် သင်္ကေတ တစ်ခုကို တွေ့မြင်ရပေသည်။
“မေမေ...”
လင်းရှန်းရှဲ့က စိုးရိမ် ပူပန်စွာဖြင့် ခေါ်ကာ အနားသို့ ပြေးသွားလိုက်သည်။ ဝေ့ဝူယင်က ထိုအချင်းအရာကို ဂရုစိုက်ခြင်း မရှိချေ။ သူက လင်းရှန်းရှန်းကိုသာ လှမ်းကြည့်ကာ ပြောလိုက်၏။
“သိပ်မကြာခင် ကျုပ် ခင်ဗျားဆီ ပြန်လာခဲ့မယ်... အခုတော့ ခွင့်ပြုပါဦး”
ဝူယု ရရှိလာသည့် ရင်းမြစ်များကို တွေ့မြင်ပြီးနောက်တွင် ဝေ့ဝူယင်မှာ အလွန်ပင် စိတ်လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။ သူ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ချင်သည်မှာ လက်ယား နေခဲ့ချေပြီ။ ထိုအရာက အဂ္ဂိရတ် သမားတိုင်း၏ အိပ်မက် ဖြစ်ပေလိမ့်မည်။
ဂီး...
ပိုင်လင်က အော်ဟစ်သံ ပြုရင်း ကောင်းကင်ဆီ ပျံတက်လိုက်၏။ မြေကြီးရှန့်ထို သုံးယောက်မှာ သူ့ နောက်မှ အရိပ်များလိုပင် ကပ်လျက် လိုက်ပါလာကြသည်။ ဝေ့ဝူယင်မှာ ရင်းမြစ်များ အကြောင်းကို တွေးတောရင်း ရုတ်တရက် အကြံတစ်ခု ရရှိလိုက်၏။
သူ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်သင့်ပြီလော။
***