ပရမတ် ကျောက်စိမ်းနယ်မြေ
Vol. 64 Ch. 891
ခြံဝန်းကလေး အတွင်း၌ လင်းမင်၊ လင်းရှန်းရှဲ့နှင့် လင်းရှန်းရှန်းတို့ သုံးယောက်တည်းသာ ကျန်ရစ်ခဲ့ပေသည်။ လင်းမင်မှာ ဝေ့ဝူယင်တို့ ထွက်ခွာသွားသည့် နေရာကို ငေးကြည့်နေခဲ့၏။ သူ၏ မီးခိုးရောင် မျက်ဝန်းများက သုန်မှုန်သော ခံစားချက်များနှင့် ပြည့်နှက်နေသည်။
“ဘာလို့ အဲဒီလို လုပ်လိုက်ရတာလဲ မေမေ...”
လင်းရှန်းရှဲ့က မိခင်ဖြစ်သူ၏ လက်ကို ကိုင်ရင်း ဝူယု ချန်ထားခဲ့သည့် အမှတ်အသားကို စစ်ဆေး ကြည့်လိုက်သည်။ ထိုကဲ့သို့ အချင်းအရာမျိုး မကြုံဖူးသည့်တိုင် ၎င်းက ခြေရာခံ အမှတ်အသား တစ်မျိုး ဖြစ်လိမ့်မည် ဖြစ်ကြောင်း သူမ ခန့်မှန်းမိပေသည်။ လင်းရှန်းရှဲ့မှာ မိခင်ဖြစ်သူ အတွက် စိတ်ထဲမှ စိုးရိမ်နေမိ၏။
“ဘာလို့လဲ... ဟုတ်လား...”
လင်းရှန်းရှန်းမှာ လင်းမင် ငေးမောနေသည့် အရပ်ကိုပင် ရီဝေစွာ ငေးကြည့် နေခဲ့၏။ သူမ၏မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။ အတန်ကြာပြီးနောက်မှ သူမက သမီးဖြစ်သူဘက်သို့ လှည့်လိုက်သည်။
“သမီး မြင်လား...”
သူမက ဝေ့ဝူယင် ထွက်ခွာသွားသည့် အရပ်ကို လက်ညိုးထိုးပြရင်း မေးလိုက်၏။
“ဘာကိုလဲ...”
လင်းရှန်းရှဲ့မှာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ လင်းရှန်းရှန်းက ဖြူရော်စွာဖြင့် ပြုံးလိုက်၏။
“အကြီးအကဲကုန်း ဘယ်နေရာကို ရောက်နေလဲ...”
“...”
လင်းရှန်းရှဲ့နှင့် လင်းမင်တို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲ သွားကြ၏။ လင်းမင်က ကောင်းကင်ထံမှ အကြည့်ကို ခွာကာ လင်းမျိုးနွယ် သားအမကို ကြည့်လိုက်သည်။ သိချင်စိတ်များမှာ သူ့ မီးခိုးရောင် မျက်ဝန်းများထဲတွင် လောင်ကြွမ်းနေ၏။
“ငါတို့ဂိုဏ်းက ဂြိုဟ်အကာအကွယ် အစီအရင်ရော နယ်မြေ အစီအရင်ရော အဓိက အစီအရင်ကြီး နှစ်ခု စလုံးကို အသက်သွင်းခဲ့တယ်... အကြောင်းပြချက်က ဝူယုလို့ ခေါ်တဲ့ မြေကြီး ရှန့်ထိုနဲ့ ဝေ့ဝူယင်တို့ ရောက်လာလို့ပဲ... တိုက်ပွဲက တစ်ခဏလေးပဲ ကြာခဲ့တယ်... အစီအရင်တွေ အားလုံး ပြန်ပြီး ရုတ်သိမ်း သွားခဲ့တယ်... နောက်ပြီး မြေကြီးရှန့်ထို သုံးယောက်ထဲက နှစ်ယောက်က အမိန့်နာခံတဲ့ ခွေးလေးတွေလို ဝေ့ဝူယင်နောက်ကနေ လိုက်လာခဲ့တယ်”
လင်းရှန်းရှန်းက ရှည်လျားစွာ ပြောလိုက်၏။ လင်းမင်နှင့် လင်းရှန်းရှဲ့တို့ နှစ်ယောက် စလုံး၏ မျက်လုံးများက နားလည် သဘောပေါက်မှုများနှင့် တောက်ပသွားခဲ့သည်။
လင်းရှန်းရှန်းက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“သူတို့ ရှုံးခဲ့တယ်... ဆိုးဆိုးရွားရွားကို ရှုံးခဲ့တာ... အကြီးအကဲကုန်းက ချိပ်ပိတ်ခံထားရလား... ပိုပြီးတော့ ဆိုးတာ တစ်ခုခုနဲ့ တွေ့နေရလား ဆိုတာ မသိဘူး... အဲဒီ ဝေ့ဝူယင်နဲ့ ပတ်သက်ပြီး ပျံ့နေတဲ့ သတင်းတွေက ကောလဟလတွေ မဟုတ်လောက်ဘူး...”
သူမက သမီးဖြစ်သူကို စူးစိုက်ကာ ကြည့်လိုက်သည်။
“မြေကြီးရှန့်ထိုတွေကို လွှမ်းမိုးနိုင်တဲ့ သေမျိုး အဆင့် တစ်ယောက်ကို သမီးတွေ့ဖူးလား... လောကဂိုဏ်းကြီး တစ်ခုကို တစ်ယောက်တည်း အနိုင်ယူနိုင်တဲ့ ကျင့်ကြံသူမျိုးကိုရော မြင်ဖူးလား... ဒါတောင် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဆိုတဲ့ သူ့ ဂုဏ်ပုဒ်ကို ထည့်မစဉ်းစားရသေးဘူး... သူ့ရဲ့ နောက်လိုက် တစ်ယောက် ဖြစ်ခွင့် ရတာက ထီပေါက်သလို အခွင့်အရေးမျိုးပဲ... အဲဒီ အခွင့်အရေးကို အမေ ဘာလို့ မယူရမှာလဲ”
“အခု အမေ့မှာ သူ့ရဲ့ နောက်လိုက် တစ်ယောက် ဆိုတဲ့ အဆင့်အတန်း ရှိနေပြီ... မဟာ အကြီးအကဲကျန်း စိတ်ရှိမယ် ဆိုရင်တောင် ထင်သလို ပြုမူ ရဲတော့မှာ မဟုတ်ဘူး... သမီးကို ခြေရာမဲ့ နောင်တ တောင်ကြားထဲ ဘယ်တော့မှ ပြန်ပို့တော့မှာ မဟုတ်ဘူး”
“...”
လင်းရှန်းရှဲ့ တစ်ယောက် ငြိမ်ကျသွား၏။ မိခင် ဖြစ်သူမှာ သူမ အတွက် ကိုယ့်ကိုယ်ကို စတေးခဲ့ခြင်း ဖြစ်ကြောင်း သူမ နားလည် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ မိန်းကလေးမှာ မိခင် ဖြစ်သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏။ သူမ၏ မျက်ဝန်းများက အနည်းငယ်ပင် စိုဆွတ်လာခဲ့သည်။
“…”
အခြားတစ်ဖက်၌ လင်းမင်မှာ တိတ်ဆိတ်နေခဲ့၏။ လင်းရှန်းရှန်း ပြောသွားခဲ့သော စကားများကို သူ ပြန်လည် ကြားယောင် နေမိသည်။ သူ ကိုယ့်ကိုယ်ကို ဝေ့ဝူယင်နှင့် နှိုင်းယှဉ်နေမိ၏။
သူတို့ နှစ်ယောက်စလုံးမှာ အနန္တ ကုန်းမြေတိုက်ကြီး ဆိုသည့် နေရာငယ်ကလေးမှ ဖြစ်သည်။ ဝေ့ဝူယင်မှာ သူ့ထက် ဆယ်နှစ်ခန့်သာ ပိုမို ကြီးပေလိမ့်မည်။ သူတို့ နှစ်ယောက် အတူ အနန္တ ကုန်းမြေတိုက်ကြီးမှ ထွက်ခွာ ခဲ့သည်။ ဝေ့ဝူယင်က အနန္တ ဧကရာဇ်ဂိုဏ်းကို ဝင်ရောက်ကာ သူကတော့ ဒြပ်စင်နန်းတော်ကို ဝင်ရောက်ခဲ့သည်။ သူတို့ နှစ်ယောက်စလုံး အရှိန်အဟုန်နှင့် အတူ ပေါက်ကွဲကာ တိုးတက် အောင်မြင်မှုများကို ရရှိခဲ့သည်။
ထို့နောက် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ဝေ့ဝူယင်က သူ့ကို မသမာသည့် နည်းလမ်းဖြင့် အနိုင်ယူခဲ့သည်။ ဘယ်လိုပဲ ဆိုဆို ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်းမျှသာ ဖြစ်သည်။
ထိုအတွက် သူ ပို၍ ကြိုးစားခဲ့သည်။ မနားမနေ ကြိုးစားခဲ့သည်။ ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် အတူ ကျင့်ကြံခြင်းတွင် အောင်မြင်မှုများစွာကို ရရှိလာခဲ့သည်။
သို့သော်... မည်သည့် အရာက မှားယွင်းနေခဲ့သနည်း။ ဝေ့ဝူယင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာချိန်၌ သူတို့ နှစ်ယောက် အကြားရှိ အဆင့်အတန်းက ယခင်ကထက် အဆပေါင်းများစွာပင် အလှမ်းကွာ သွားခဲ့ပြီ ဖြစ်သည်။
သူ အစစ်အမှန် ဒြပ်စင်ဂိုဏ်းအတွင်း ရုန်းကန်နေရချိန်တွင် ဝေ့ဝူယင်က ထိုနေရာကို စိတ်တိုင်းကျ ခြယ်လှယ် နေခဲ့သည်။
အဘယ်ကြောင့်နည်း။ သူက အဘယ်ကြောင့် ထိုမျှ ပြတ်ကျန်ခဲ့ရသနည်း။ ပြင်းထန်သည့် ခံစားချက် တစ်ရပ်က လှိုင်းများလို သူ့နှလုံးသားကို လွှမ်းမိုး လာခဲ့သည်။
လင်းရှန်းရှဲ့မှာ လင်းမင်၏ မျက်လုံးများ သုန်မှုန်နေသည်ကို သတိထားမိ၏။ ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း သူမ၏ မျက်ဝန်းများက ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်လာသည်။
“တို့လည်း သွားကြမယ်...”
သူမက ပြောလိုက်၏။
“သွားမယ်... ဘယ်ကိုလဲ...”
လင်းရှန်းရှန်းက မေးလိုက်၏။
“ပရမတ် ကျောက်စိမ်း လောကနယ်မြေကို...”
လင်းရှန်းရှဲ့က ခိုင်မာသည့် လေသံဖြင့် ဆိုလိုက်၏။ လင်းမင်၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ရီသွားကာ လင်းရှန်းရှဲ့ကို ကြည့်လိုက်သည်။ ပရမတ် ကျောက်စိမ်း နယ်မြေရှိ အမွေအနှစ်များမှာ သူ့ကို မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်လာအောင် ထောက်ပံ့ပေးနိုင်ကြောင်း လင်းရှန်းရှဲ့၏ စကားများကို သူ ပြန်လည် ကြားယောင် လာခဲ့သည်။ ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် အတူ ပြင်းပြသည့် ဆန္ဒများမှာ သူ့ မီးခိုးရောင် မျက်ဝန်းများထဲတွင် လောင်ကြွမ်း လာခဲ့လေတော့၏။
...
တစ်နာရီ ကြာပြီးနောက်...
ပရမတ် ကျောက်စိမ်း နယ်မြေမှာ ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ ပထမဆုံး လောကနယ်မြေ ဖြစ်သည်. ၎င်းက သူတို့၏ အမွေအနှစ်များ သိုမှီးထားရာ နေရာလည်း ဖြစ်သည်။
ယနေ့၌ လောကနယ်မြေ အတွင်းရှိ လေထုမှာ အနည်းငယ် မှေးမှိန်နေ၏။ တစ်ချိန်တစ်ခါက ကြွယ်ဝခဲ့သော ကျောက်စိမ်းရောင် အလင်းများမှာ ပြိုကွဲသည့် အငွေ့အသက်များနှင့် လွှမ်းခြုံ နေပေသည်။ ပရမတ် ကျောက်စိမ်း အကြွင်းမဲ့ ဒြပ်စင် အစီအရင်မှာ လောကနယ်မြေ အတွင်းရှိ စွမ်းအားများစွာကို စားသုံး သွားခဲ့ကာ အားနည်းသည့် အခြေအနေ တစ်ခုကို ယူဆောင် လာခဲ့ခြင်းပင် ဖြစ်လေသည်။
ပရမတ် ကျောက်စိမ်းနယ်မြေမှာ အလွန် ကြီးမားခြင်း မရှိချေ။ အကြမ်းဖျဉ်း မိုင်တစ်သောင်းလောက်သာ ရှိပေလိမ့်မည်။ သို့သော်လည်း... ရာပေါင်းများစွာသော နန်းတော်များက နယ်မြေ တစ်ခုလုံးကို ဖြန့်ကျက် ထားပေသည်။
အထီးကျန် ရုပ်သွင် တစ်ခုမှာ နန်းတော် တစ်ခုချင်းစီကို ခင်းကျင်းထားသည့် လမ်းများ အတိုင်း လျှောက်လှမ်း လာနေခဲ့၏။ လမ်း၏ တစ်ဖက်တစ်ချက်စီတိုင်း၌ နန်းတော်ကြီးများ၊ နန်းတော်ငယ်များ၊ ဘုံဗိမ္မာန်များထံ ဦးတည်သွားသည့် လမ်းခွဲများစွာ ရှိနေခဲ့သည်။ နန်းတော် တစ်ခုချင်းစီတိုင်း၏ အဝင်ဝ၌ ရုပ်တု တစ်ခုနှင့် ဆိုင်းပုဒ် တစ်ခုဆီ ရှိနေခဲ့ပေသည်။ ရုပ်တုများမှာ အလွန်ပင် လက်ရာ မြောက်လှကာ အမွေအနှစ်၏ မူလဇစ်မြစ်ကို ပုံရိပ် အဖြစ် အတိအကျ ပုံဖော် ထားပေသည်။
နန်းတော် တစ်ခုချင်းစီထဲတွင် ပြိုင်စံရှား နည်းလမ်းများ၊ အစီအရင်များ၊ ကျင့်စဉ်များ၊ လက်နက်များ၊ သီးခြား နယ်မြေများဆီသို့ ဦးတည်နေသည့် စမ်းသပ်မှု၊ စစ်ဆေးမှုများ ပါဝင်နေပေသည်။ နန်းတော် အထက်ရှိ ဆိုင်းပုဒ်များ အားလုံးကို လှပသော စကားလုံးများဖြင့် ရေးခြယ်ထားကာ ၎င်းကို ချန်ရစ်ခဲ့သည့် ကျင့်ကြံသူကြီးများ၏ အောင်မြင်မှုများ၊ ကျင့်ကြံခြင်း အခြေခံများ စသည့် အသေးစိတ် အချက်အလက်များကို တိတိကျကျ ဖော်ပြထားသည်။
ပုံရိပ်မှာ လမ်းကလေးများ အတိုင်း ဆက်လက် လျှောက်လာခဲ့ကာ ရုပ်တုများနှင့် ဆိုင်းပုဒ်များကို စစ်ဆေး နေခဲ့သည်။ တစ်ခါတစ်ရံ သူက နန်းတော်များ အတွင်း ဝင်ရောက်သွား၏။ ထို့နောက်... မိနစ် အနည်းငယ် အတွင်းမှာပင် ပြန်လည် ထွက်လာလေ့ ရှိပေသည်။
“ဒီစီနီယာကြီးတွေရဲ့ အတွေ့အကြုံက အံ့မခန်းပဲ... သူတို့အထဲက အများစုက လျှို့ဝှက် ကြယ်တာရာ အဆင့်တွေ... အဓိပ္ပာယ် ရှိတယ်...”
ပုံရိပ်မှာ များပြားလှသော လမ်းမကျယ်များထက်၌ ဦးတည်ရာမဲ့ ဆက်လက် လမ်းလျှောက် နေခဲ့၏။ သူကတော့ ဝေ့ဝူယင်ပင် ဖြစ်လေတော့သည်။
***