← Chapters

ပရမတ် ကျောက်စိမ်း နယ်မြေ (၂)

Vol. 64 Ch. 892

ပရမတ် ကျောက်စိမ်း နယ်မြေ (၂)

Vol. 64 Ch. 892

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ကျင့်ကြံသူကြီးများ ချန်ရစ်ခဲ့သည့် စစ်ဆေးမှုများ၊ စမ်းသပ်မှုများကို လိုက်လံ ကြည့်ရှုရင်း ဝေ့ဝူယင်မှာ အလွန်ပင် စိတ်ဝင်စားနေခဲ့၏။ စမ်းသပ်မှုများက အမျိုးအစားစုံလင်လှကာ စွမ်းအင် ထိန်းချုပ်မှု၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ဝိညာဥ် အင်အား၊ ဒြပ်စင် ရည်ရွယ်ချက်... စသည်ဖြင့် အမျိုးမျိုးကို ပါဝင်နေပေသည်။

တစ်ခုကို အောင်မြင်သည်နှင့် ကျောက်စိမ်းပြား၊ သို့မဟုတ် ကျောက်တိုင် တစ်ခုကို လက်ခံ ရရှိသည်။ ထိုအထဲ၌ သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ ဘဝ တစ်သက်စာ အတွေ့အကြုံများ၊ ဇာတ်လမ်းများ၊ စိန်ခေါ်မှုများ အပါအဝင် ကျင့်စဉ်များ၊ နည်းလမ်းများကို ထွင်းထုထားပေသည်။

မဟာ မြေကြီး ရည်ရွယ်ချက်ကို အသုံးပြုကာ ဂြိုဟ်များမှ ဂြိုဟ်တစ်ခု သဏ္ဌာန် ဖွဲ့စည်း၍ ရန်သူများအား တိုက်ခိုက်သည့် ကျင့်စဉ် တစ်ခုကိုပင် သူ လက်ခံ ရရှိခဲ့သည်။ မြေကြီးစွမ်းအင် ရင်းမြစ်က ပိုမို ကြီးမားလေလေ ကျင့်စဉ်၏ စွမ်းအားက ပိုမို သန်မာလေလေ... ဖန်တီးထားသည့် ဂြိုဟ်က ပိုမို သန်မာလေလေ ဖြစ်သည်။

လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူကြီး တစ်ယောက်မှာ မဟာမြေကြီး ရည်ရွယ်ချက်ကို အသုံးပြုခဲ့သည့် သူ့ဘဝ တစ်သက်စာ အတွေ့အကြံများကို အသုံးပြုကာ ထိုကျင့်စဉ်ကို တီထွင်ခဲ့ခြင်း ဖြစ်လေသည်။

ဒြပ်စင်ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုအထဲမှ အချို့ ကျင့်ကြံသူများကို ဝေ့ဝူယင် အလွန်ပင် လေးစားနေမိ၏။ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ခဲ့သည့်တိုင် သူတို့မှာ နှလုံးသား၏ စေစားရာ နောက်ကို လိုက်ခဲ့ကြသူများ ဖြစ်သည်။ သေမျိုးများ အနေဖြင့် ကြွေလွင့် ခဲ့ရသော်လည်း သူတို့ ထားရစ်ခဲ့သည့် အမွေအနှစ်များက လျှို့ဝှက် အာဏာရှင် အဆင့်ပေါင်း မြောက်များစွာကို မွေးထုတ်ပေးရန်ပင် လုံလောက်ပေသည်။

နန်းတော်တစ်ခုထဲ၌ လျှပ်စီးရည်ရွယ်ချက်ကို အသုံးပြုကာ ခန္ဓာကိုယ် အတွင်းရှိ သွေးမျိုးဆက် စွမ်းအင်များကို လျှပ်စီးအဖြစ် သန့်စင်သည့် ကျင့်စဉ်တစ်ခုကိုလည်း သူ တွေ့ခဲ့ရသည်။ လူသားများမှာ ရှို့ရန်နှင့် သားရဲများ ကဲ့သို့ ထူးခြားသော သွေးမျိုးဆက် စွမ်းအင်များကို ပိုင်ဆိုင်ထားခြင်း မရှိလေရာ ၎င်းက ကိုယ်ပိုင် သွေးမျိုးဆက် တစ်ခုကို ပြုစုပျိုးထောင်နိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ခု ဖြစ်ပေသည်။

ထို့အပြင်... အိုမင်းရင့်ရော်မှုကို လျှော့ချပေးနိုင်သည့် ရေခဲ ကျင့်စဉ် တစ်ခုကိုလည်းသူ တွေ့ခဲ့ရသည်။ သက်တမ်း အကန့်အသတ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများမှာ ထိုကျင့်စဉ်နှင့် အတူ အသက်ကို ဆွဲဆန့်ကာ အခွင့်အလမ်းသစ်များကို ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

“ဒီနေရာက တကယ့်ကို ရတနာသိုက်ပဲ...”

ဝေ့ဝူယင် ရေရွတ်လိုက်မိ၏။ သူ့ဘဝ တစ်လျှောက်လုံး ဆရာသခင် ဟူ၍ မရှိပဲ ကျင့်ကြံလာခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း... ဤနန်းတော်များထဲတွင် ကျင့်ကြံသူကြီးများ၏ ဘဝ တစ်သက်စာ အတွေ့အကြုံများ အပြင် သူတို့ ပြုလုပ်ခဲ့မိသည့် အမှားအယွင်းများကိုပါ ထည့်သွင်းထားသည်။ ထိုအရာက သက်တမ်းရင့် ဂိုဏ်းကြီးတစ်ခု ဖြစ်ခြင်း၏ အကျိုးအမြတ်ပင် ဖြစ်ပေလိမ့်မည်။

မကြာခင်မှာပင် ဝေ့ဝူယင်မှာ ပရမတ် ကျောက်စိမ်း နယ်မြေ၏ အရှေ့ဘက် နံရံဆီသို့ ရောက်ရှိလာခဲ့၏။ ထိုအရာက လျှို့ဝှက် နယ်မြေ၏ နယ်နိမိတ် အဆုံးလည်း ဖြစ်သည်။ ဝေ့ဝူယင် နံရံကို လက်ဖြင့် ထိလိုက်ကာ ဟင်းလင်းပြင် အငွေ့အသက်များကို ခံစားလိုက်၏။

“လျှို့ဝှက်နယ်မြေထဲမှာ ဝှက်ထားတဲ့ နောက်ထပ် လျှို့ဝှက်နယ်မြေ တစ်ခု... ဘယ်လောက်တောင် အံ့အားသင့်စရာ ကောင်းလိုက်လဲ”

ဝေ့ဝူယင်၏ ခန္ဓာကိုယ်က မီးခိုးရောင် ဖျော့ဖျော့ လင်းလက် လာခဲ့၏။ ဟင်းလင်းပြင် နဂါး အင်အားက သူ့ခန္ဓာကိုယ်ကို ဝန်းရံလာကာ နံရံထဲကို ဖြည်းညင်းစွာ တိုးဝင် သွားခဲ့သည်။

တစ်ချိန်တည်း၌ ပုံရိပ် နှစ်ခုမှာ ပရမတ် ကျောက်ိစမ်း နယ်မြေ၏ ပါးလွှာသော လေထု အတွင်း ပေါ်လာခဲ့၏။

“ကျွန်တော်တို့ တကယ်ပဲ ရောက်လာပြီပေါ့...”

ပုံရိပ်တစ်ခုက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။ သူတို့ကတော့ လင်းရှန်းရှဲ့နှင့် လင်းမင်တို့ပင် ဖြစ်လေသည်။ လင်းမင်မှာ အံ့အားသင့်စွာဖြင့် ပရမတ် ကျောက်စိမ်း နယ်မြေ၏ မြင်ကွင်းများကို ပတ်ချာလည် ကြည့်နေခဲ့၏။ အလင်းရောင် အနည်းငယ် မှေးမှိန်နေသည်မှ အပ လေထုမှာ ကျောက်စိမ်း ဒြပ်စင် စွမ်းအင်များနှင့် ပြည့်နှက် နေဆဲ ဖြစ်သည်။ ဤနေရာတွင် ကျင့်ကြံရခြင်းက သာမန် ကျင့်ကြံခြင်း ကုန်းမြေများထက် အဆများစွာ ပိုမို ထိရောက်ပေလိမ့်မည်။

ဝှစ်... ဝှစ်...

သူတို့မှာ မြေပြင်ပေါ် ဆင်းသက်လာကြ၏။ မြေပြင်က ချောမွေ့နေကာ ကျောက်စိမ်းရောင် အလင်းမှုန်များမှာ ဟိုဒီ ပျံဝဲနေ၏။

“တကယ် မယုံနိုင်စရာပဲ...”

လင်းမင် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ လေထုက ကြည်လင် အေးမြကာ ချိုသာသည့် အရသာ တစ်မျိုးပင် ပါဝင်နေ၏။ လင်းမင် အသက်ကို ပြန်လည် ရှူထုတ်လိုက်သည်။ ခန္ဓာကိုယ် အတွင်းရှိ မသန့်စင်သည့် အရာတိုင်းက ထိုထွက်သက်နှင့် အတူ ပါသွားသလို သူ ခံစားလိုက်ရ၏။

လင်းရှန်းရှဲ့က မြေပြင်ကို ငုံ့ကြည့်ကာ ရှင်းပြလိုက်၏။

“ပရမတ် ကျောက်စိမ်း နယ်မြေရဲ့ ကြမ်းပြင်ကို ကျောက်စိမ်းသန့်စင် အမတေနဲ့ သန့်စင်ထားတာလေ... နောက်ပြီး ဒြပ်စင် စွမ်းအင် အမျိုးမျိုးရဲ့ အကျိုး အာနိသင်တွေကိုပါ ပေါင်းထည့်ထား‌သေးတယ်... ဒီနေရာကလေကို အသက်ရှူရုံနဲ့တင် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တယ်”

ထို့နောက်... သူမက လင်းမင်၏ လက်ကို အလောတကြီး ဆွဲကာ စတင် ရွေ့လျားလိုက်သည်။ သူတို့၏ ဦးတည်ရာက အနောက် အရပ် တည့်တည့် ဖြစ်ကာ ဝေ့ဝူယင်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

“ကျောက်စိမ်းသန့်စင် အမတေ...အဲဒါက လျှို့ဝှက် အဆင့် ရတနာမလား...”

လင်းမင်က နောက်မှ အလိုက်သင့် လိုက်လာရင်း စိတ်ဝင်တစားဖြင့် မေးလိုက်၏။ သို့သော်လည်း သူ၏ ခြေလှမ်းများက နည်းနည်းလေးမျှ တုန့်ဆိုင်းခြင်း မရှိပါချေ။ ထိုအခိုက်၌ လင်းရှန်းရှဲ့ စိုးရိမ်နေသည့် အရာကို သူ ကိုယ်တိုင်လည်း အပြည့်အဝ နားလည်ပေသည်။

ဂိုဏ်းက သူ့ကို ပရမတ် ကျောက်စိမ်း နယ်မြေထဲကို ဝင်ရောက်ရန် ခွင့်ပြုထားသည် ဆိုသော်လည်း သတ်မှတ်ချိန် ရောက်ရှိရန် လိုအပ်ပေသေးသည်။ သို့သော်လည်း... ထိုနေရာ၌ ရှိနေသည့် အမွေအနှစ်က နှစ်ခါပြန် မရနိုင်သည့် အခွင့်အရေး ဖြစ်သည်။ ထိုအရာကိုသာ ဝေ့ဝူယင် အပိုင်စီး သွားပါက တစ်သက်တာ အခွင့်အလမ်းများ ဆုံးရှုံး သွားလိမ့်မည် ဖြစ်သည်။

သို့ဖြစ်လေရာ သူတို့ လက်ဦးမှု ရယူရန် လိုအပ်ပေသည်။ လင်းရှန်းရှဲ့က လျှို့ဝှက် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုကို အသုံးပြုခဲ့ကာ တရားမဝင် လမ်းကြောင်းကို ရွေးချယ် ခဲ့သည်။ ၎င်းက လွန်ခဲ့သည့် နှစ်ပေါင်း များစွာက လင်းမျိုးနွယ် အသုံးပြုခဲ့သည့် နောက်ဖေး တံခါးပေါက်လည်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... လင်းမျိုးနွယ်မှာ ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ တည်ထောင်သူများ ဖြစ်ရာ လျှို့ဝှက်ချက် များစွာကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

သို့‌သော်လည်း... နောက်ဖေးတံခါးပေါက်ကို အသုံးပြုခြင်းက ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက် လိုက်ခြင်းပင် ဖြစ်သည်။ ထိုသတင်း ‌ပေါက်ကြားသွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ ကြောက်စရာ ကောင်းလွန်းသည်။ သို့သော်လည်း... သူတို့ထံတွင် ဒုတိယမြောက် ရွေးချယ်စရာ မရှိခဲ့ပါချေ။

“ဟုတ်တယ်...”

လင်းရှန်းရှဲ့က ပြေးလွှားနေရာမှ တစ်ခဏမျှ ရပ်ကာ တိကျသည့် နေရာတစ်ခုခုကို ရှာဖွေသည့် အလား ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် သူမက အလျှင်အမြန်ပင် ဦးတည်ရာကို ပြောင်းလဲကာ မြောက်ဘက်သို့ ဦတည်လိုက်သည်။

“ကျွန်တော်တော့ အဲဒါကို အာရုံခံလို့ မရဘူး စီနီယာ အမ...”

လင်းမင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်၏။ ပရမတ် ကျောက်စိမ်း နယ်မြေ၏ ကြမ်းပြင်ဆီမှ ကြယ်တာရာ အဆင့် အငွေ့အသက်များကို သူ အာရုံခံ၍ ရသော်လည်း... ကျောက်စိမ်း သန့်စင် အမတေကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့ပါချေ။

“အဲဒါက လျှို့ဝှက်လောက အဆင့်လေ... လျှို့ဝှက် မြေကြီး အဆင့်တောင် မဟုတ်ဘူး... ကြယ်တာရာ အမြုတေ အဆင့်ကို မရောက်သေးသမျှ အဲဒါကို အာရုံခံလို့ မရဘူး”

လင်းရှန်းရှဲ့က ပြေးလွှား နေရာမှ ရပ်ကာ လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာ၌ ထူးဆန်းသည့် သင်္ကေတ တစ်ခု ရှိနေကာ ဝိညာဥ် အလင်းရောင် ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေ‌၏။ ၎င်းက ဆက်သွယ်ရေး အစီအရင် တစ်ခုပင် ဖြစ်ကာ ဝိညာဥ်အာရုံ စစ်ဆေးမှုများကို ခြေရာဖျောက်၍ ပြင်ပလောကမှ မိခင် ဖြစ်သူနှင့် ဆက်သွယ်နိုင်ပေသည်။

တစ်ခဏ ကြာပြီးနောက် မိန်းကလေး ခေါင်းကို ပြန်မော့လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ရင်းနှီးပြီးသား နန်းတော် တစ်ခုကို တွေ့လိုက်ရသော အခိုက်၌ သူမ မျက်လုံးများက တောက်ပသွားသည်။

ထို့နောက် သူမက လင်းမင်ဘက်ကို ပြန်လှည့်လိုက်၏။ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်စိမ်းအလင်းစက် တစ်ခုက သူမ လက်ဝါးထက်၌ ပေါ်လာခဲ့သည်။

“ဒီအလင်းကို မြင်ရလား... အဲဒါက လျှို့ဝှက် လောက အဆင့် ကျောက်စိမ်းသန့်စင် အမတေပဲ...”

ထို့နောက် သူမက အရှေ့အရပ်ကို ဦးတည်လိုက်၏။ လင်းမင်မှာ အံ့အားသင့်စွာဖြင့် နောက်မှ လိုက်လာခဲ့သည်။ မိနစ်သုံးဆယ်ခန့် ကြာမြင့်ပြီးနောက် သူတို့မှာ အရှေ့ဘက် နံရံဆီသို့ ရောက်ရှိလာခဲ့ကြ၏။

ထိုအခိုက်အတန့်တွင်ပင် ကောင်းကင်ဆီမှ ပေါက်ကွဲသံများကို ကြားလိုက်ကြရသည်။ သူတို့က ထိုအရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ရာ ငွေရောင် အလင်းစက်များ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရသည်။

“သူတို့ လာနေပြီ...”

လင်းရှန်းရှန်းက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူမက အရှေ့တံတိုင်းကို လက်ဖြင့် ထိလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ အဖြူရောင် ဖျော့ဖျော့ အပါအဝင် ကျောက်စိမ်းရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွား၏။

မူလဒြပ်စင် ရည်ရွယ်ချက်...

ပရမတ် ကျောက်စိမ်း ရည်ရွယ်ချက်...

အဖြူရောင် ဖျော့ဖျော့က ရှင်းလင်းစွာပင် မူလ ဒြပ်စင် ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ တည်ငြိမ်ခြင်း မရှိလှပဲ မူလ အမတေ၏ ပံ့ပိုးမှုနှင့် အဖြစ်သဘော ဖွဲ့စည်းထားခြင်းမျှသာ ဖြစ်သည်။ အထဲ၌ ပါဝင်နေသည့် ဒြပ်စင် ရည်ရွယ်ချက်များမှာလည်း ကြီးမားစွာပင် ချို့တဲ့နေကာ အလယ်အလတ် အဆင့်ကိုပင် ရောက်ရှိခြင်း မရှိချေ။

သိ့သော်လည်း ပရမတ် ကျောက်စိမ်း ရည်ရွယ်ချက်ကတော့ အထွတ်အထိပ် အဆင့် ကျောက်စိမ်း ရည်ရွယ်ချက် တစ်ခု ဖြစ်သည်။ ၎င်းကို လူတစ်သန်းတွင် တစ်ယောက် အောင်မြင်ရန်ပင် မလွယ်ကူချေ။ လင်းရှန်းရှဲ့ ငယ်ငယ်ရွယ်ရွယ်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မင်းသမီးလေး ဖြစ်လာရသည့် အကြောင်းရင်းမှာ ထိုရည်ရွယ်ချက်ကြောင့်ပင် ဖြစ်လေသည်။

“ဒီနေရာပဲ...”

သူမ၏ မျက်လုံးများက အရောင် နှစ်မျိုးဖြင့် တဖျပ်ဖျပ် တောက်ပနေကာ နံရံထက်ရှိ တစ်နေရာကို စူးစိုက် ကြည့်လိုက်၏။ ထူးဆန်းသော ချိပ်စည်း တစ်ခုက ထိုနေရာတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ထိုအရာက ချိပ်နှစ်ခု ယှက်ထားသည့် သင်္ကေတနှင့် ဆင်တူကာ အသွားချွန် နှစ်ဖက်ထက်၌ စက်ဝိုင်းသဏ္ဌာန်ဂြိုဟ်များကို တွဲချည်ထားသည်။

“ဒြပ်စင်တိုကင်ပေး...”

လင်းရှန်းရှဲ့က အော်ဟစ်လိုက်၏။ လင်းမင်မှာ လင်းရှန်းရှဲ့ ထုတ်လွှတ်လိုက်သည့် စွမ်းအား‌ကြောင့် အနည်းငယ် အံ့သြသွားခဲ့၏။ ကြယ်တာရာ အင်အား အော်ရာ... ထိုအရာက ကြယ်တာရာ သခင် အဆင့်များ၏ သင်္ကေတပင် မဟုတ်ပါလော။

ဘုန်း... ဘုန်း...

မိုးခြိမ်းသံများနှင့် အတူ အစိမ်းရောင်ဝတ် ပုံရိပ် ရှစ်ခုကား အလွန်အမြန် ချဉ်းကပ် လာနေခဲ့ပြီ ဖြစ်သည်။ သူတို့၏ ခေါင်းဆောင်မှာ ကျန်းကျိရီမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။

***

All Chapters