← Chapters

ပရမတ် ကျောက်စိမ်းနယ်မြေ (၃)

Vol. 64 Ch. 893

ပရမတ် ကျောက်စိမ်းနယ်မြေ (၃)

Vol. 64 Ch. 893

ကျန်းကျိရီတို့ကို ကြည့်ကာ လင်းမင်၏ ရင်အစုံက တဒိတ်ဒိတ် ခုန်သွားခဲ့၏။ သူက အလျှင်အမြန်ပင် သိုလှောင် လက်စွပ်ထဲမှ ဒြပ်စင်တိုကင်ကို ထုတ်ယူကာ လင်းရှန်းရှဲ့ထံ ပစ်ပေးလိုက်သည်။

“ရပ်စမ်း...”

ကျန်းကျိရီ၏ အော်ဟစ်သံက မိုးခြိမ်းသံများလို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ထို့နောက်... မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူမက ကျန်အကြီးအကဲများကို နောက်၌ ချန်ရစ်ကာ လင်းမင်တို့ အနားသို့ ရောက်ရှိလာခဲ့သည်။

လင်းရှန်းရှဲ့က မတုန့်မဆိုင်းပင် လက်ကောက်ဝတ်ရှိ အမှတ်အသားကို ထိလိုက်၏။ ဝိညာဥ် အလင်းတန်းများ ထွက်ပေါ်လာကာ ကျောက်စိမ်း အကာအရံ တစ်ခု သူတို့ ရှေ့တွင် ဖွဲ့စည်းလာခဲ့သည်။

ဘုန်း...

ကျန်းကျိရီမှာ မြေပြင်ပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမမှာ ဆံချည်တစ်ထောက်စာမျှ နောက်ကျသွားခဲ့၏။ ကျောက်စိမ်း အကာအရံက လင်းမင်နှင့် လင်းရှန်းရှဲ့တို့ကို ပြီးပြည့်စုံစွာပင် ဖုံးအုပ် သွားခဲ့ပြီ ဖြစ်သည်။

ကျန်းကျိရီ၏ မျက်လုံးများမှာ အလွန်တရာ သုန်မှုန်နေကာ အေးစက်မှုများနှင့် ပြည့်နှက်နေသည်။ သူမက ကျောက်စိမ်း အကာအကွယ်ကို စိုက်ကြည့်လိုက်သည်။

လင်းရှန်းရှဲ့က သက်ပြင်းတစ်ချက် ချကာ ကျန်းကျိရီကို လှမ်းကြည့်လိုက်၏။ တဒင်္ဂစာမျှ သူတို့ နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြသည်။ လင်းရှန်းရှဲ့က အလျှင်အမြန်ပင် အကြည့်ကို ပြန်လွှဲကာ လက်ထဲရှိ ဒြပ်စင် တိုကင်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူမက ဟန်လက် မုဒြာ အမျိုးမျိုးကို ဖန်တီးလိုက်၏။ ဒြပ်စင် တိုကင်က အလိုအလျောက်ပင် လေပေါ် ပျံတက်လာကာ ကိုးသွယ်သော ရောင်ခြည်များကို စတင် ထုတ်လွှတ် လာခဲ့လေသည်။

“အဲဒါက သူ့ကို တားနိုင်ပါ့မလား...”

ပါးလွှာသည့် ကျောက်စိမ်း အကာအရံလေးကို ကြည့်ရင်း လင်းမင်က စိတ်ပူစွာ မေးလိုက်၏။ ကျန်းကျိရီမှာ တဖြည်းဖြည်း အနားသို့ ချဉ်းကပ်လာကာ အကာအရံကို လက်ဖြင့် ထိတွေ့ကြည့်နေခဲ့သည်။

ဝှစ်... ဝှစ်...

ကျန်အကြီးအကဲ ရှစ်ယောက်မှာလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့က ကျောက်စိမ်း အကာအရံနှင့် အထဲရှိ နှစ်ယောက်ကို သုန်မှုန်စွာဖြင့် ကြည့်လိုက်၏။

“အတင့်ရဲလိုက်တာ... ဂိုဏ်းစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပရမတ် ကျောက်စိမ်း နယ်မြေထဲကို ခိုးဝင်ရဲကြတယ်ပေါ့... ဒါက သေဒဏ်ဆိုတာ မသိကြဘူးလား...”

အကြီးအကဲ တစ်ယောက်က တင်းမာစွာဖြင့် အော်ဟစ်လိုက်၏။ လင်းမင်က သူ့ကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“စည်းမျဉ်းတွေကို ချိုးဖောက်တယ် ဟုတ်လား... ဂိုဏ်းရဲ့ အရေးအကြီးဆုံး လောကနယ်မြေထဲကို သူစိမ်းတစ်ယောက်ကို ပေးဝင်တာကရော စည်းကမ်းချိုးဖောက်တာ မဟုတ်လို့လား... ခင်ဗျားတို့ အားလုံး ကိုယ့်ကိုယ်ကို သောက်ရှက်မရှိကြဘူးလား”

ဒေါသနှင့် အတူ သူ၏ စကားလုံးများမှာ ရိုင်းစိုင်းသွား၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းသား တစ်ယောက် အနေဖြင့် ထိုစည်းကမ်းများကို သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ သိတော့ရော ဘာအရေးပါတော့လို့နည်း။ ခေါင်းဆောင်များ ပင်လျှင် သူစိမ်း တစ်ယောက်ထံ၌ ဒူးထောက်ခဲ့ပြီး ဖြစ်သည်။ သူ့အမြင်၌ သူတို့က အလွန် ရွံစရာ ကောင်းသည့် လူများ ဖြစ်ပေသည်။

အကြီးအကဲများ၏ အမူအရာများက ပြောင်းလဲ သွား၏။ သူတို့၏ စိတ်ထဲတွင်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးမှုများ ရှိပေသည်။ သို့သော်လည်း သူတို့ ခွင့်ပြုလိုက်သူက အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင် ဖြစ်ပေသည်။ လင်းမင်လို ကမြောက်ကခြောက် တစ်ယောက်နှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်မည်နည်း။

လင်းရှန်းရှဲ့မှာ ထိုအချင်းအရာများကို အမှုမထားပဲ လက်ဟန် ချိပ်တံဆိပ်များကိုသာ ဆက်လက် အာရုံစိုက်နေဆဲ ဖြစ်သည်။ ကျောက်စိမ်း အလင်းက သူတို့ကို အကြာကြီး ကာကွယ်ပေးမထားနိုင်မှန်း သူမ သိပေသည်။

ကျန်းကျိရီမှာ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သည်။ အကယ်၍ သူမသာ ဆန္ဒ ရှိပါက ထိုအရာကို ချက်ချင်း လက်ငင်း ဖျက်ဆီးနိုင်သည်။ သူမက ပရမတ် ကျောက်စိမ်း နယ်မြေ အတွင်းရှိ နန်းတော်များ ပြိုကျ သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သူမက ပိုမို ဘေးကင်းသည့် နည်းလမ်း တစ်ခုကို ရှာဖွေနေခြင်းပင်။

ကျန်းကျိရီက လင်းရှန်းရှဲ့ကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူမ ပျောက်ကွယ်သွားသည်။ ပရမတ် ကျောက်စိမ်း နယ်မြေ အတွင်းရှိ နန်းတော် တစ်ခုချင်းစီကို လျှို့ဝှက် စွမ်းအားဖြင့် အကာအကွယ်ပေးရန် သူမက လှုပ်ရှားလိုက်ခြင်းပင် ဖြစ်၏။ မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် ထိုကဲ့သို့ ပြုလုပ်ရန် စက္ကန့် အနည်းငယ်ခန့်သာ လိုအပ်ပေသည်။

“သူ ထွက်သွားပြီ...”

လင်းမင်က လင်းရှန်းရှဲ့ကို သတိပေးလိုက်၏။ လင်းရှန်းရှဲ့မှာ ကြယ်တာရာ စွမ်းအင် အများအပြားကို တိုကင်ပြား အတွင်းသို့ သွန်းလောင်း ထည့်ခဲ့ပြီး ဖြစ်သည်။ လျှင်မြန်စွာပင် နံရံထက်ရှိ စက်ဝိုင်း သဏ္ဌာန် ဂြိုဟ်နှစ်ခုမှာ မတူကွဲပြားသော အရောင်များနှင့် လင်းလက် လာခဲ့၏။ တစ်ခုက အဖြူရောင် ဖြစ်ကာ တစ်ခုက အနက်ရောင် ဖြစ်သည်။

“တော်လောက်ပြီ...”

ကျန်းကျိရီမှာ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျောက်စိမ်း‌ရောင် အလင်းများက သူမကို ဝန်းရံနေကာ လှိုင်းများ သဖွယ် ပျံ့နှံ့နေ၏။ သူမ လက်သီးကို ဆုပ်လိုက်သည်နှင့် အကြီးအကဲများမှာ နောက်သို့ လျှင်မြန်စွာ ဆုတ်ခွာ သွားကြသည်။

“သူ တိုက်တော့မယ်...”

လင်းမင်က အော်ဟစ်လိုက်၏။ ထိုအခိုက်၌ နှလုံးသား တစ်ခုလုံးက တင်းကြပ်နေသလို သူ ခံစားနေရသည်။ မဟာအကြီးအကဲကျန်းက သူတို့ကို တကယ် သတ်တော့မည်လော။

“မဟုတ်ဘူး...”

လင်းရှန်းရှဲ့က လက်မခံလိုဟန်ဖြင့် အော်ဟစ်လိုက်၏။ သူမ၏ မျက်နှာက စက္ကူတစ်စလို ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ သူမမှာ ရွေးချယ်ခံ တစ်ယောက် မဟုတ်လေရာ ဒြပ်စင်တိုကင်က သူမကို လွယ်လွယ်ကူကူနှင့် လက်ခံခြင်း မရှိချေ။ အောင်မြင်ရန် အတွက် သူမ အချိန် အနည်းငယ် ထပ်မံ လိုအပ်ပေသေးသည်။

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်များနှင့် သူတို့၏ လုံခြုံမှုက တံခါးတစ်ဖက်တွင်ပင် ရှိနေပေသည်။ သူမတို့ အလွန် နီးကပ်နေချေပြီ ဖြစ်သည်။

“ငါ တောင်းပန်ပါတယ် လင်းမင်...”

ကျန်းကျိရီ၏ လက်သီး ကျဆင်းလာသည်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းများက စိုဆွတ်လာခဲ့၏။ အဘယ်ကြောင့် အကြောင်းအရာများက အလွန်မြန်ဆန်စွာ ဖြစ်ပေါ် လာခဲ့သနည်း။ ထိုကဲ့သို့ မဖြစ်သင့်ချေ။ ထိုအရာ အားလုံးက သူမ အမှားများသာ ဖြစ်ပေသည်။

ဝှစ်...

ရုတ်တရက်... ပုံရိပ်တစ်ခုမှာ အကာအရံ အတွင်း ပေါ်လာခဲ့၏။ ကျန်းကျိရီ၏ မျက်လုံးများက ပြူးကျယ်သွားကာ လက်သီးမှာလည်း စင်တီမီတာ အနည်းငယ် အကွာတွင် ရပ်တန့် သွားခဲ့သည်။

ဘုန်း... ဘုန်း....

သူမက ခွန်အားကို ပြန်လည် ရုတ်သိမ်း လိုက်ရာ မိုးခြိမ်း သကဲ့သို့ အသံများမှာ ပရမတ် ကျောက်စိမ်း နယ်မြေတစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့၏။

လင်းရှန်းရှဲ့နှင့် လင်းမင်တို့မှာ ပေါ်လာသည့် ပုံရိပ်ကို ကြည့်ရင်း အံ့သြ သွားခဲ့ကြသည်။ သူက မပိန်လွန်း မဝလွန်း ဖြစ်ကာ ရှည်လျားသော အရိပ်အမောင်းကို ပိုင်ဆိုင်ထား၏။ ကြွက်သားများက သူ့နေရာနှင့်သူ အချိုးအစား ကျနလှကာ အနက်ရောင် ဝတ်စုံအောက်မှ မသိမသာ တိုးထွက်နေသည်။ သူက အလွန် ချောမော ခန့်ညားသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထား၏။

သို့သော်လည်း... အရေးအကြီးဆုံးက နတ်ဘုရား၊ တစ္ဆေနှင့် နတ်ဆိုးများကိုပင် ထွင်းဖောက် မြင်နိုင်ပုံ ပေါ်သည့် ငွေရောင် မျက်လုံးတစ်စုံပင် ဖြစ်လေသည်။ ထိုမျက်လုံးများမှာ လင်းရှန်းရှဲ့နှင့် လင်းမင်တို့ကို အနည်းငယ် အံ့သြသည့် အငွေ့အသက်တို့ဖြင့် စိုက်ကြည့်နေခဲ့၏။

“မင်းတို့ နှစ်ယောက်ပါလား...”

“ဝေ့ဝူယင်...”

လင်းရှန်းရှဲ့နှင့် လင်းမင်တို့မှာ တစ်ပြိုင်နက်တည်း ရေရွတ်လိုက်မိကြ၏။ သူက မည်ကဲ့သို့ အကာအရံ အတွင်း ပေါ်လာရသနည်း။

ကျန်းကျိရီကတော့ ထိုအရာမှာ သူမကို လှည့်စားရန် ဖန်တီးထားသည့် ပုံရိပ်ယောင် တစ်ခုဟု တွေးလိုက်မိသည်။ သူမက မျက်မှောင်ကြုတ်လိုက်ရင်း ဝေ့ဝူယင်ကို သေချာ ကြည့်လိုက်၏။ အထူးသဖြင့် ငွေရောင် မျက်လုံးများကို တွေ့မြင်ရခြင်းက သူမကို သံသယ ပို၍ပင် ဖြစ်စေသည်။

စတင် တွေ့ဆုံသည့် အချိန်ကတည်းက စလို့ ဝေ့ဝူယင်မှာ သူ့ မျက်လုံးများကို အမြဲတမ်း မှိတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ဖွင့်လျက်သား မြင်ရခြင်းက အနည်းငယ် ထူးဆန်းစေသည်။ ထို့အပြင်... လူတစ်ယောက်ထံတွင် ထိုမျှလောက် လှပသည့် မျက်ဝန်းတစ်စုံ ရှိနေခြင်းက ဖြစ်နိုင်ပါ၏လော။

ဝေ့ဝူယင်မှာ အစကတည်းကပင် ချောမောသူ ဖြစ်သည်။ သူမလို နှစ်ပေါင်းထောင်ချီ အသက်ရှင်ခဲ့သည့် လူတစ်ယောက်ကိုပင် လှုပ်ရှားစေနိုင်စွမ်း ရှိသူ ဖြစ်သည်။ ထိုကဲ့သို့ ရုပ်ရည် သွင်ပြင်ကို ငွေရောင် မျက်ဝန်းများ ထည့်ပေါင်းလိုက်သော အခါ၌ သူ၏ ခန့်ညား ချောမောမှုက အဆပေါင်းများစွာ ခုန်တက်သွားသလိုပင် ခံစားလိုက်ရသည်။ ထိုအရာက အသွေးအသားနှင့် ဝိညာဥ်များထဲ အထိ စိမ့်ဝင်တိုက်စားနိုင်သော အလှတရားမျိုးပင်။

ထိုအခိုက်၌ ယောက်ျား၊ မိန်းမမရွေး အကြီးအကဲတိုင်းမှာ ဝေ့ဝူယင်ကို ကြည့်ကာ ဆွံ့အ နေခဲ့ကြ၏။ ဝေ့ဝူယင်က ပြုံးလိုက်ကာ အားလုံးကို စိတ်ဝင်တစားဖြင့် လှည့်ပတ် ကြည့်လိုက်သည်။ နောက်ဆုံး၌ သူ နောက်တစ်ကြိမ် ပြန်လည် မြင်နိုင်ခဲ့ပြီ ဖြစ်သည်။

လင်းရှန်းရှဲ့ကို သေချာစိုက်ကြည့်ရင်း ဝေ့ဝူယင်၏မျက်လုံးများက ပိုမို၍ပင် တောက်ပသွား၏။ သဘာဝ မျက်လုံးများနှင့် ကြည့်တော့မှ ထိုမိန်းကလေးမှာ ကမ္ဘာပျက်နိုင်သည့် အလှတရားမျိုးပင် ဖြစ်ကြောင်း ပိုမို သေချာလာခဲ့သည်။ ဝိညာဉ်အာရုံက သူမ၏ အစစ်အမှန် အလှတရားကို အကဲဖြတ် ပေးနိုင်စွမ်း မရှိချေ။

ဝေ့ဝူယင် အကြည့်ကို ကျန်းကျိရီဘက်သို့ ပြန်လှည့်လိုက်၏။

“ဘာတွေဖြစ်နေတာလဲဗျ...”

သူက မေးလိုက်ရင်း ကျောက်စိမ်း အကာအရံ အပြင်ဘက်ကို လမ်းလျှောက်ထွက် လာခဲ့သည်။

***

All Chapters