ဖန်တီးခြင်းမျက်လုံး
Vol. 64 Ch. 894
“တကယ်ပဲ အဂ္ဂိရတ် အာဏာရှင်ဝေ့ကိုး...”
ကျန်းကျိရီက ဝေ့ဝူယင်ကို စိုက်ကြည့်ရင်း မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ ဝေ့ဝူယင်က ရယ်မောလိုက်၏။
“မယုံရင် ခင်ဗျား ကျွန်တော့်ကို တိုက်ခိုက်ပြီး စမ်းကြည့်လေ”
သူ စနောက်လိုက်သည်။ သူတို့ ကြား၌ မကြာသေးခင်ကပင် အသက်ဝင်လာခဲ့သော လျှို့ဝှက် ကျိန်စာများ ရှိပေသည်။ ကျန်းကျိရီ တိုက်ခိုက်ရန် ကြိုးစားသည်နှင့် ကပ်ဘေးက ချက်ချင်း ဆင်းသက်လာကာ သေဆုံးသည်အထိ အပြစ်ပေးလိမ့်မည် ဖြစ်သည်။
“...”
ကျန်းကျိရီမှာ မစမ်းသပ်ရဲပါချေ။ လျှို့ဝှက်ကျိန်စာ တစ်ခု ချိုးဖောက်ခြင်း၏ ရလဒ်ကို သူမ သိပေသည်။ သူမ အလောင်းအစား မလုပ်ရဲချေ။ ထိုဝေ့ဝူယင်က ပုံရိပ်ယောင် တစ်ခု ဆိုလျှင် လင်းရှန်းရှဲ့တို့ကို စာရင်းရှင်းစရာ အချိန်များ ရှိပေသေးသည်။
ဝေ့ဝူယင်က နောက်ပြန်လှည့်ကာ လင်းရှန်းရှဲ့နှင့် လင်းမင်တို့ကို ကြည့်လိုက်၏။
“အမွေအနှစ်က အထဲမှာ ရှိနေတုန်းပဲ... ဒါပေမဲ့ မင်းတို့ စောင့်သင့်တယ်လို့ ငါ ထင်တယ်... လောကသခင် အဆင့်အောက်တွေ အတွက် ရဖို့ အခွင့်အရေး မရှိလောက်ဘူး... အတုအယောင် လောကနယ်မြေက မလုံလောက်ဘူး... ဒါပေမဲ့ မင်းတို့ သဘောပါ... ဝင်ချင်လည်းဝင်... ကံကောင်းပါစေ”
ထို့နောက် သူက ဟန်ယုဟိုင် ပေးထားသည့် ပရမတ် ကျောက်စိမ်းတိုကင်ကို ထုတ်ယူ လိုက်၏။ ထိုအရာက ပရမတ် ကျောက်စိမ်း နယ်မြေ အတွက် အဝင်အထွက် သော့လည်းဖြစ်ပေသည်။
တိုကင်ကို အသက်သွင်းရန် ပြင်ပြီးမှ သူက တုန့်ဆိုင်းသွားကာ လင်းရှန်းရှဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ကျောက်စိမ်း အစစ်အမှန် ဧကရီ... သူတို့ ဝင်ချင်တယ်ဆို ဝင်ခွင့် ပြုလိုက်ပါ... လင်းရှန်းရှဲ့တို့ကို ထပ်ပြီး ပြဿနာ မရှာနဲ့တော့... ခင်ဗျားကို မျက်နှာသာ ပေးစရာ ကိစ္စတစ်ခု ဖြစ်သွားပြီလို့ သတ်မှတ်လိုက်မယ်”
ကျန်းကျိရီ လင်းရှန်းရှန်းတို့ သားအမိကို မည်မျှ မုန်းတီးကြောင်း ဝေ့ဝူယင် ခန့်မှန်း မိပေသည်။ လက်ရှိ၌ လင်းရှန်းရှန်းက သူ့အစေခံ တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူ့ထံတွင် သူမတို့ သားအမိကို ကာကွယ် ပေးရမည့် ဝတ္တရား ရှိသွားခဲ့ပြီ ဖြစ်သည်။ စကားလေး တစ်ခွန်း ပြောလိုက်ရခြင်းက သူ့အတွက် အပန်း မကြီးပါချေ။
“...”
ကျန်းကျိရီမှာ ဝေ့ဝူယင်၏ တောင်းဆိုမှုကြောင့် အံ့သြသွားခဲ့၏။ သူမ တစ်ယောက်တည်းသာ မဟုတ်ပါချေ။ လင်းရှန်းရှဲ့မှာလည်း ကြားလိုက်ရသည့် အရာကို မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။ လင်းမင်ကတော့ လက်သီးများကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
“ကောင်းပါပြီ...”
ကျန်းကျိရီက မတုန့်မဆိုင်းပင် ခေါင်းညိတ်လိုက်၏။
“ကျေးဇူးတင်ပါတယ်...”
ဝေ့ဝူယင်က ရိုးရိုးသားသားပင် ပြောလိုက်သည်။ ထို့နောက် သူက ပရမတ် ကျောက်စိမ်း တိုကင်ကို အသက်သွင်းလိုက်ကာ ငွေရောင် အလင်းတန်းများနှင့် ဝန်းရံလာခဲ့၏။ တစ်ခဏ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က ထိုနေရာမှ ပျောက်ကွယ် သွားခဲ့တော့သည်။
“...”
ပရမတ် ကျောက်စိမ်း နယ်မြေက တိတ်ဆိတ် ငြိမ်းချမ်းစွာ ကျန်ရစ်ခဲ့၏။
“သွားကြမယ်...”
ကျန်းကျိရီက ပြောလိုက်၏။ သူမတို့ ထိုနေရာတွင် ဆက်နေရန် မလိုအပ်တော့ ဟု ခံစားရသည်။ အပြင်ပန်း၌ တည်ငြိမ်နေသည့်တိုင် စိတ်ထဲတွင်တော့ သူမ အလွန် ပျော်ရွှင်နေမိသည်။
ဝေ့ဝူယင်ကဲ့သို့ လူတစ်ယောက်ထံမှ မျက်နှာသာပေးမှုမှာ လင်းရှန်းရှဲ့၏ အသက် တစ်သန်းမက ထိုက်တန်ပေသည်။ အနာဂတ်၌ ဝေ့ဝူယင်သာ အဂ္ဂိရတ် ရှန့်ထို တစ်ပါးဖြစ်လာပါက ထိုမျက်နှာသာ ပေးမှုက ကြယ်တာရာ နယ်မြေများလောက်ပင် အဖိုးတန် လာလိမ့်မည် ဖြစ်သည်။
ထိုမျက်နှာသာပေးမှုမှ တစ်ဆင့်... သူမ ရရှိနိုင်သည့် အကျိုးအမြတ် များစွာ ရှိသည်။ ဝူယုထံမှ ဟင်းလင်းပြင် လက်စွပ် တစ်ချို့ကိုပင် တောင်းဆိုနိုင်ပေသည်။ သို့သော်လည်း ထိုကတိကို မည်သည့် အချိန်အတွက် သိမ်းထားသင့်ကြောင်း သူမ ကောင်းစွာ သိပေသည်။
ကျန်းကျိရီနှင့် အကြီးအကဲများမှာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ လင်းမင်နှင့် လင်းရှန်းရှဲ့တို့မှာ ကျောက်စိမ်း အကာအကွယ် အတွင်း ဆက်လက် ရှိနေဆဲ ဖြစ်ကာ သူတို့ ပျောက်ကွယ်သွားသည့် အရပ်ကို ငေးမော နေခဲ့ကြ၏။ သူတို့၏ စိတ်ခံစားချက်များက အလွန်ပင် ရှုပ်ထွေးနေသည်။ လွန်ခဲ့သည့် တစ်မိနစ်ခန့်ကပင် လင်းရှန်းရှဲ့မှာ ဘဝတစ်သက်စာ နောင်တများကို ခံစားခဲ့ရသည်။ ကျိန်းသေ သေပြီဟု ကိုယ့်ကိုယ်ကို တွေးတော မိခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ သူတို့ အန္တရာယ်များမှ လွတ်မြောက် သွားခဲ့ပြီ ဖြစ်သည်။ အမွေအနှစ်များကို လွတ်လွတ်လပ်လပ် ရယူနိုင်ပြီ ဖြစ်လေသည်။
ထို့အပြင် ကျန်းကျိရီမှာလည်း သူတို့ကို ဆက်လက် ရန်ရှာတော့မည် မဟုတ်ချေ။ ပြဿနာ အားလုံးက ဝေ့ဝူယင်၏ မျက်နှာသာ ပေးမှု တစ်ခု အတွင်း ပြေလည် သွားခဲ့သည်လား။
လင်းရှန်းရှဲ့ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုနေ့က မဟာ ပုရောဟိတ်၏ စကားများမှာ မှန်ကန် နေခဲ့သည်လား။ လင်းမင်ကို ရွေးချယ်ခဲ့သည့် သူမ၏ အိပ်မက်များက သဲအိမ်ငယ် တစ်ခုလို ပြိုကျသွားတော့မည်လော။
လင်းမင်ကတော့ ဆက်လက် တိတ်ဆိတ်နေ၏။ သူက မျက်လွှာကို ချထားလေရာ သူ့အမူအရာကို ဖမ်းဆုပ်ရန် အလွန်ပင် ခက်ခဲလှသည်။ ထိုအခိုက်၌ သူ ဘာတွေးနေသည်ကို သူတစ်ယောက်တည်းသာ သိပေလိမ့်မည်။
...
တစ်နာရီခန့် ကြာပြီးနောက်...
ဝေ့ဝူယင်မှာ လင်းရှန်းရှဲ့၏ ခြံဝန်း အတွင်းတွင် ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့၏။ သူ ထိုနေရာကလေးကို အမှန်တကယ် သဘောကျနေကာ တစ်ချိန်တစ်ခါတုန်းက ဝူမြို့တော်ရှိ ခြံဝန်းကလေးကိုပင် ပြန်လည် အမှတ်ရစေသည်။ သူ ထိုနေရာတွင် နေထိုင်ကာ ငြိမ်းချမ်းစွာ ကျင့်ကြံခဲ့ပေသည်။
ဝေ့ဝူယင်၏ နံဘေးတွင် ဝမ်မင်ယာမှာ ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့၏။ သူတို့၏ အထက် ကောင်းကင်တွင်တော့ ရွှေရောင် သားမွေးများနှင့် ငှက်သားရဲ တစ်ကောင်မှာ မျက်မမြင် သီလရှင် တစ်ယောက်နှင့် အတူ ပျံသန်း နေခဲ့သည်။ မကြာခဏ ဆိုသလို ထိုနှစ်ယောက်ထံမှ ရယ်မောသံ လွင်လွင်များ ပျံ့လွင့်လာနေ၏။
ဝမ်မင်ယာမှာ အသက်ကို ဖြည်းညင်းစွာ ရှူကာ လက်ဟန် ချိပ်စည်းများကို ဖော်ဆောင်နေခဲ့၏။ အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ မျက်လုံးများကို မှိတ်ထားကာ တရားထိုင်နေဟန် ရလေသည်။
ပရမတ် ကျောက်စိမ်း နယ်မြေ အတွင်းရှိ လောကနယ်မြေမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၎င်းက အလွန် ကြီးကျယ် ခမ်းနားခဲ့ပုံ ပေါ်သော်လည်း... ပြုပြင် ထိန်းသိမ်းမှု မရှိခြင်းကြောင့် ပျက်စီး ယိုယွင်း ကျနေသည်။ ထိုအတွင်း၌ အနန္တ တာအို နန်းတော်နှင့် ဆင်တူသည့် နန်းတော်ကြီး တစ်ခုတည်းသာလျှင် ရှိနေခဲ့သည်။
သို့သော်လည်း... ထိုနန်းတော်ထဲ၌ ဝမ်ယုထျန်း မရှိသလို အခြား ဝိညာဉ် အသွင်လည်း မရှိပါချေ။ ၎င်းက လုံးဝ အသက်မဲ့သလောက် နီးပါး ဖြစ်ပေသည်။ နန်းတော်၏ အတွင်းပိုင်းကို လှမ်းဝင်လိုက်တော့ ရှေးဟောင်း ပုရပိုက်များဖြင့် ပြည့်နှက် နေသည်ကို တွေ့ရ၏။ ပုရပိုက်များကို အသုံးပြု၍ အသိပညာ ဗဟုသုတများ လက်ဆင့်ကမ်းသည့် ခေတ်က ကုန်ဆုံး သွားပြီဟု ဝေ့ဝူယင် ထင်မှတ် နေခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်၌ အားလုံးနီးပါးက စာအုပ်များ၊ ဝိညာဥ်ကျောက်စိမ်းများကိုသာ အသုံးပြုကြပေသည်။
လင်းရှန်းရှဲ့၏ မှတ်ဉာဏ်များကို ရှာဖွေစဉ် အခါက... သူမကို ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ ကိုယ်ပွား တစ်ခုက ဤနေရာ ခေါ်လာခဲ့ဖူးကြောင်း တွေ့မြင်ခဲ့ရသည်။ ထိုအရာက ဟန်ရှဲ့ သူမကို တပည့် အဖြစ် လက်ခံခဲ့သည့် အချိန်ပင် ဖြစ်ကာ မိန်းကလေးထံတွင် ဟန်ရှဲ့နှင့် ပတ်သက်၍ မယိမ်းယိုင်သည့် ယုံကြည်ချက်များ ရှိကြောင်း တွေ့မြင်ခဲ့ရသည်။
နန်းတော် အတွင်းရှိ ပုရပိုက်များထဲ၌ လင်းရှန်းရှဲ့မှာ မရေမတွက်နိုင်သည့် ကျင့်စဉ်၊ အစီအရင်၊ နည်းလမ်းများကို တွေ့ခဲ့ရသည်။ သို့သော်လည်း... ၎င်းတို့ကို ပိုင်ဆိုင်သူက ဟန်ရှဲ့ မဟုတ်ပါချေ။
ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ လင်းရှန်းရှဲ့ကို ပရမတ် ကျောက်စိမ်းနယ်မြေ၏ အမှန်တရား အကြောင်း ရှင်းပြခဲ့ဖူးသည်။ ထိုနယ်မြေကို ကျောက်စိမ်းဒြပ်စင်ဂိုဏ်းက ဖန်တီးထားခြင်း မဟုတ်ချေ။ သူတို့က ရှာဖွေ တွေ့ရှိခဲ့ခြင်းသာ ဖြစ်သည်။
ဟန်ရှဲ့၏ အဆိုအရ ဆိုလျှင်... လူသားများ မတိုင်ခင်က မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ရှေးဟောင်းမျိုးနွယ်စု တစ်ခု အခြေချရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ၎င်းတို့ကို မရေမတွက်နိုင်သော မှတ်တမ်းများက တိုက်တန်မျိုးနွယ်ဟု ခေါ်ဆိုကြောင်း ရည်ညွှန်းခဲ့ကြသည်။
တိုက်တန်မျိုးနွယ်များမှာ လူသား အကြီးစား ပုံစံတစ်မျိုး ဖြစ်သည်။ သို့သော်လည်းသူတို့တွင် နှလုံး နှစ်ခု၊ အဆုပ်သုံးခုနှင့် ဦးနှောက် အတွင်းတွင်လည်း ထူးခြားသော အင်္ဂါရပ်များကို ပိုင်ဆိုင်ထားသည်။ သူတို့က လူသားများနှင့် ပုံပန်း သဏ္ဌာန်ချင်း တူသော်လည်း ဖွဲ့စည်း တည်ဆောက်ပုံတွင် များစွာ ကွဲပြားခြားနားကာ လူသားများထက်လည်း အဆများစွာ ပိုမို ကြီးမားပေသည်။
ယနေ့ခေတ်၏ အဆင့်မြင့် ကျင့်စဉ် အများစုမှာ သူတို့ထံမှ ဆင်းသက်လာသည်ဟု ဟန်ရှဲ့က ပြောခဲ့ဖူးသည်။ သို့သော်လည်း သန့်စင်သည့် သွေးမျိုးဆက် ပိုင်ရှင် တိုက်တန်များမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ကာ သွေးနှော တစ်ချို့သာလျှင် ထာဝရ ကြယ်တာရာ နယ်မြေနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တို့တွင် ကျန်ရစ်ခဲ့ပေသည်။
ပရမတ် ကျောက်စိမ်း နယ်မြေမှာ ပြိုင်စံရှား ကျင့်ကြံခြင်း လမ်းစဉ် တစ်ခုကို လျှောက်လှမ်းနေသည့် လူသားတိုက်တန် မျိုးစပ် တစ်ယောက် ပိုင်ဆိုင်ခဲ့သည့် နယ်မြေတစ်ခု ဖြစ်သည်။ သူ သေဆုံးပြီး နောက်ပိုင်း၌ ကျောက်စိမ်းဒြပ်စင်ဂိုဏ်းက ထိုနေရာကို ရှာတွေ့ခဲ့ကာ အဓိက လျှို့ဝှက် နယ်မြေတစ်ခု အဖြစ် သတ်မှတ် ခဲ့သည်။ ဤသို့နှင့် နှစ်ကာလပေါင်းများစွာ ကြာမြင့်ပြီး နောက်တွင် မျိုးဆက်ပေါင်းများစွာ၏ စုစည်းမှုနှင့် အတူ ထိုနေရာက အမွေအနှစ် နယ်မြေ တစ်ခု ဖြစ်လာခဲ့သည်။
ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ ပရမတ် ကျောက်စိမ်း နယ်မြေ၏ အတွင်းပိုင်းရှိ လောကနယ်မြေထဲကို ဝင်ရောက်ရန် သော့ကို ရရှိခဲ့ကာ သီးသန့် ကျင့်ကြံခွင့် ရရှိခဲ့သည်။ ထိုစဉ်အခါက သူက ငယ်ရွယ်သေးကာ ဆန်းကြယ် လမ်းစဉ်ကို လျှောက်လှမ်းခွင့် ရရှိခဲ့သည်။
ထိုနန်းတော် အတွင်းရှိ လူသား တိုက်တန် မျိုးစပ်များ ချစ်ရစ်ခဲ့သည့် အစီအရင်၊ ကျင့်စဉ်၊ နည်းလမ်းပေါင်းများစွာ ရှိပေသည်။ ထိုအထဲ၌ မီးတောက်ကိုးခု ထာဝရ နည်းလမ်း အပါအဝင် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်လည်း ပါဝင်နေပေသည်။
ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်၏ ထိုနည်းလမ်းထဲ၌ ရေးသား မှတ်တမ်းတင်ထားသည့် ဝင်္ကပါ ပုံစံ သုံးခု ရှိပေသည်။ ပထမ တစ်ခုက တန်ခိုးရှင် မျက်လုံး ကျင့်စဉ် ဖြစ်ကာ ဝေ့ဝူယင် ကျင့်ကြံထားသည့် အရာနှင့် အတူတူပင် ဖြစ်သည်။ ဒုတိယမြောက် ဝင်္ကပါက အမှန်တရား မျက်လုံးဖြစ်ကာ လွဲချော်ခြင်း မရှိပြန်ချေ။
သို့သော်လည်း... တတိယမြောက် မျက်လုံးကတော့ လုံးဝ ကွဲပြား ခြားနားလှပေသည်။
ဖန်တီးခြင်းမျက်လုံး...
ဝေ့ဝူယင် မျက်လုံးများက ဖျပ်ခနဲ ပွင့်လာခဲ့၏။ ထိုအခိုက်ပ သူ၏ မျက်လုံးများမှာ ဖန်တီးမှု ရှုထောင့်တိုင်းကို အရောင်များဖြင့် ပုံဖော်ထားသည့် အဆုံးမဲ့ အရိပ် မုန်တိုင်းများ အလား တဝင်းဝင်း တလက်လက် တောက်ပနေပေသည်။
***