ဖန်တီးခြင်းမျက်လုံး၊ အဆုံးမဲ့ ရုပ်တာအို
Vol. 64 Ch. 895
ထိုအရောင်များ၊ ထိုပုံရိပ်များ... အရာအားလုံးက ဖန်တီးခြင်း၏ ရှုထောင့်တိုင်းကို ကိုယ်စားပြုနေပေသည်။ ပိုမို၍ အတိအကျ ဆိုရလျှင် ၎င်းတို့က တစ်လောကလုံး၏ ရုပ်တာအိုကို ကိုယ်စားပြုနေ၏။ ဒြပ်စင်များ ဖြစ်စေ၊ အလင်းဖြစ်စေ အမှောင်ဖြစ်စေ... ကျောက်စိမ်း ဖြစ်စေ သွေးဖြစ်စေ... ၎င်းတို့မှာ အလုံးစုံသော အရာများကို ရောင်ပြန်ဟပ် နေပေသည်။
ထိုအရာက ဖန်တီးခြင်းမျက်လုံးပင် ဖြစ်လေသည်။
ဖန်တီးခြင်း မျက်လုံး အကြောင်းကို စတင် သိသိချင်း ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် ယုံရ ခက်ခဲခဲ့သည်။
အစ ပထမ၌ သူ့ မျက်လုံးများ အတွက် ဖြေရှင်းချက်မှာ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်၏ နောက်ထပ် တစ်ဆင့် ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် မျက်လုံး တစ်ခု အပို ဖန်တီးကာ ဝိညာဉ် အင်အားကို ညီညွှတ် မျှတအောင် လုပ်ဆောင်၍ ရလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။
ယခုဆိုလျှင် မျက်လုံးများထံမှ ပေါက်ကွဲတော့မတတ် ခြိမ်းခြောက်မှုများ မရှိတော့ချေ။ ထိုအရာက ဆန်းကြယ်သည့် နည်းလမ်း တစ်ခု ဖြစ်သည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ်… ပြဿနာကိုတော့ ဖြေရှင်းနိုင်ခဲ့ပေသည်။
အခြား မျက်လုံး သုံးခုလိုပင် ဖန်တီးခြင်း မျက်လုံး၏ ဝင်္ကပါကိုလည်း မျက်စိကန်းနိုင်ချေကို အလောင်းအစား ပြုကာ ရေးထိုးရန် လိုအပ်ပေသည်။ ၎င်းကို အစစ်အမှန် မျက်လုံး အတွင်း ရေးထိုးရသည်။ မသေမျိုး မျက်လုံးနှင့် ခြားနားစွာပင် ဖန်တီးခြင်း မျက်လုံးကို မျက်လုံး၏ အတွင်းဘက် နံရံများ၌ ရေးထိုးရခြင်း ဖြစ်သည်။
ဖန်တီးခြင်း မျက်လုံးမှာ ချိတ်ဆက် ဝင်္ကပါ တစ်မျိုး ဖြစ်ကာ ပြီးပြည့်စုံစေရန် အတွက် အပြန်အလှန် ချိတ်ဆက်နေသည့် ကိုးထောင်၊ ကိုးရာ ကိုးဆယ်သော သင်္ကေတ အစီအရင် ကလေးများကို ရေးထိုးရသည်။
အကယ်၍ သေချာကြည့်မည် ဆိုပါက ဝေ့ဝူယင်၏ မျက်လုံး၏ အလယ်ဗဟို၌ အလင်းထုထည် တစ်ခု ရှိနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ထိုအရာမှာ ဖန်တီးခြင်း၏ ဆန်းကြယ် မျိုးစေ့ပင် ဖြစ်လေသည်။
ဝေ့ဝူယင် အတွက် ထိုဝင်္ကပါ ရေးထိုးရသည်မှာ ခက်ခဲခြင်း မရှိလှချေ။ စိတ်စွမ်းအင်၊ ဝိညာဉ် စွမ်းအင်များ၏ အကူအညီ အပြင် အတိတ်မှ အတွေ့အကြုံများနှင့် အတူ သူ ဖန်တီးခြင်း မျက်လုံးကို လွယ်ကူစွာ ကျင့်ကြံနိုင်ခဲ့ပေသည်။
“ဖန်တီးခြင်း မျက်လုံးရဲ့ ဆန်းကြယ် ဖန်တီးခြင်း မျိုးစေ့…”
ပုရပိုက်ထဲ၌ ရေးထားသည့် အချက်အလက်များကို ပြန်လည် စဉ်းစားရင်း ဝေ့ဝူယင် ရေရွတ်လိုက်၏။ ၎င်း၏ အဆိုအရ ဆိုလျှင် ဖန်တီးခြင်း မျက်လုံးမှာ ရုပ်လောက တစ်ခုကို ဖန်တီးကာ ပျိုးထောင်ပေးနိုင်သည်ဟု ဆိုသည်။ ရိုးရှင်းအောင် ဆိုကြပါစို့...။
စိတ်တာအိုနှင့် ဆက်နွယ်နေသည့် ပုံရိပ်ယောင် မျက်လုံးမှာ အမျိုးမျိုးသော ပုံရိပ်ယောင် ပုံရိပ်များကို ဖန်တီးနိုင်သည် ဆိုလျှင် ဖန်တီးခြင်း မျက်လုံးမှာလည်း အလားတူပင် ရုပ်တာအိုနှင့် ဆက်သွယ်နေသည့် အရာအားလုံးကို လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
‘အချိန်နဲ့ မူလ ဇစ်မြစ် ကွဲပြားမှု အရ ဆိုရင် အဆုံးမဲ့ ထာဝရ မျက်လုံးက လုံးဝ ကွဲပြားတဲ့ ကျင့်စဉ် တစ်မျိုး ဖြစ်ရမယ်... ထာဝရ ဧကရာဇ်က အဲဒီ ကျင့်စဉ်ကို ပရမတ် ကျောက်စိမ်း နယ်မြေထဲက ရလာတာတော့ မဖြစ်နိုင်ဘူး...”
ဖန်တီးခြင်း မျက်လုံးက ရုပ်တာအို ပစ္စည်းများကို ပြုစု ပျိုးထောင်နိုင်သလိုပင် အဆုံးမဲ့ ထာဝရ မျက်လုံးထဲတွင်လည်း သစ်သား အခြေပြု ပစ္စည်းများကို ပြုစုပျိုးထောင် ပေးနိုင်သည့် နည်းလမ်းများ ပါဝင်နေသည်။ ၎င်းတို့က တူညီသည့် နည်းလမ်း တစ်ခု မဖြစ်နိုင်ချေ။ ဝေ့ဝူယင် ပိုမို၍ စိတ်ဝင်စား လာခဲ့၏။ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်နှင့် ဆက်စပ်နေသည့် အခြား ကျင့်စဉ်ခွဲများစွာ ရှိနေသေးသည်လော။ ဤသို့ဆိုလျှင် ၎င်းတို့က မည်သည့် နေရာမှာနည်း။
ဝေ့ဝူယင် ဝမ်မင်ယာကို ကြည့်လိုက်၏။ မိန်းကလေးမှာ မျက်လွှာလေးကို ချထားကာ တိတ်တဆိတ်ပင် ကျင့်ကြံနေ၏။ သူမကို ကြည့်ရင်း ဝေ့ဝူယင်၏ အကြည့်များက နူးညံ့သွားကာ သူ့ နှုတ်ခမ်းထက်၌ အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ မိန်းကလေးကြောင့်သာ မဟုတ်ပါက... သူ အကြိမ်ပေါင်းများစွာ သေဆုံး နေလောက်ပြီ ဖြစ်သည်။ သူမကို ပြန်လည် ပေးဆပ်ရန် အတွက် သူ နည်းလမ်း တစ်ခုခု ရှာဖွေရပေမည်။
ဝေ့ဝူယင် အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းကာ နက်ရှိုင်းစွာ ပြန်လည် မှုတ်ထုတ်လိုက်၏။ ထို့နောက် သူက လက်ဝါးကို လှန်လိုက်ရာ ချီအဆင့် သွေးရောင် ကျောက်တုံး တစ်ခု လက်ဝါးထက်၌ ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကလေး လက်သီးဆုပ်ခန့် အရွယ်ရှိကာ မြေကြီးနှင့် သွေးအမတေ နှစ်ခု စလုံးကို ပေါင်းစပ် သယ်ဆောင်ထား၏။
အရှင်းလင်းဆုံး ဥပမာ ပေးရသော်... ၎င်းက နေသွေးနီနီတောင်ကို ပေါင်းစပ် ဖန်တီးထားသည့် ကျောက်တုံးရိုင်းများ၏ ပုံစံမျိုးပင်။
ဝေ့ဝူယင် ကျောက်တုံးကို အာရုံစိုက် လိုက်၏။ ထို့နောက်... အတွေးတစ်ချက်ဖြင့်ပင် ဖန်တီးခြင်းမျက်လုံး၏ ဝင်္ကပါကို အသက်သွင်းလိုက်သည်။ အဖြူရောင် အလင်းများမှာ ကျောက်တုံး ပုံရိပ်ထက်၌ ထင်နေကာ ၎င်း၏ အဖြူရောင် အဆင်းမှာ အနက်နှင့် သွေးရောင် စပ်သည့် အရောင် အဖြစ် ပြောင်းလဲ သွားခဲ့၏။
ဝေ့ဝူယင် ကျောက်တုံး အတွင်းမှ သွေးနှင့် မြေကြီး အမတေများကို ရှင်းလင်းစွာပင် မြင်တွေ့နေရ၏။ မဟာ မြေကြီး ရည်ရွယ်ချက် စီးထွက်လာကာ သူ့ မျက်လုံးများ အတွင်းဝင်ရောက်လာသည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ မျက်လုံး သူငယ်အိမ်များမှာ ကျောက်တုံး၏ အရောင်နှင့် တူလာခဲ့၏။ ငွေရောင် နောက်ခံတွင် သွေးရောင် ဖျော့ဖျော့က နေရာယူလာကာ ပိုမို၍ ရန်လိုလာဟန် ရသည်။
ခရက်...
ရုတ်တရက် လက်ထဲရှိ ကျောက်တုံးမှာ ကွဲကြေသွားကာ ကွဲကြေသွားကာ အနက်ရောင် မြူခိုးများ အဖြစ် ပြောင်းလဲ သွား၏။ ထို့နောက် လေနှင့် အတူ လွင့်စဉ်ကာ ပျောက်ကွယ် သွားခဲ့လေသည်။ သို့သော်လည်း သူ၏ မျက်လုံးများကတော့ သွေးရောင် ခပ်ဖျော့ဖျော့နှင့် ဆက်လက် တောက်ပနေဆဲ ဖြစ်သည်။
ဝှစ်...
ဝေ့ဝူယင် လက်ဟန် မုဒြာတစ်ခု ဖန်တီးကာ လက်ဝါးကို လှုပ်လိုက်၏။ ပျောက်ကွယ်သွားသည့် ကျောက်တုံး အတိုင်း အတိအကျ တူသည့် နောက်ထပ် ကျောက်တုံး တစ်ခုမှာ သူ့လက်ဝါးထက်၌ ပြန်လည် ပေါ်ထွက် လာခဲ့သည်။ သို့သော်လည်း ၎င်း၏ အော်ရာကတော့ ကွဲပြားသွားခဲ့ပြီ ဖြစ်ကာ လုံးဝ ခြားနားသည့် အဆင့် တစ်ခုကို ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။
“ကြယ်တာရာ အဆင့်...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ ထိုအရာက ချီအဆင့်မှ ကြယ်တာရာ အဆင့် အထိ အဆင့်ကြီး တစ်ခုလုံး ပြောင်းလဲသွားခြင်းမျိုး ဖြစ်သည်။
ထို့အပြင် ၎င်း အတွင်းရှိ မြေကြီး အမတေ၏ အရည်အသွေး မှာလည်း အခြေခံ မြေကြီး အမတေမှ မဟာမြေကြီး အမတေ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
“ဆိုတော့ကာ ဒါက ဖန်တီးခြင်း မျက်လုံးပေါ့...”
ဝေ့ဝူယင် ပိုမို၍ စိတ်လှုပ်ရှား လာခဲ့၏။ သူ ဖန်တီးခြင်း မျက်လုံးကို ပိုမို၍ စစ်ဆေးချင်လာခဲ့သည်။ သူ မည်သည့် အရာကို မဆို ကြယ်တာရာ အဆင့်သို့ မြှင့်တင်နိုင်မည်လား။ အချိန် ကြာရှည်စွာ ပြုစု ပျိုးထောင်ပြီးပါက ကြယ်တာရာ အဆင့် အထွတ်အထိပ်ကို ရောက်ရှိနိုင်မည်လား။
ရုတ်တရက်... လျှပ်လက်သည့် အလား တစ်စုံတစ်ရာကို သူ သတိပြုမိလိုက်၏။ ကုန်ကျမှု... သူ အလျှင်အမြန်ပင် စွမ်းကုန် ကုန်ကျမှုနှုန်းကို စစ်ဆေးလိုက်သည်။ ထိုစမ်းသပ်မှု၌ အလွန့်အလွန် နည်းပါးလှသည့် စွမ်းအင် ပမာဏကိုသာ သူ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ များပြားလှသည့် ဝိညာဥ် စွမ်းအင် ပမာဏကို အသုံးပြုပါက ဖြစ်နိုင်ချေမှာ...
“ဟား... ဟား...”
ဝေ့ဝူယင် အော်ကြီးဟစ်ကျယ် ထကာ ရယ်မောလိုက်၏။ ဘေးနားရှိ မိန်းကလေး ပင်လျှင် ကျင့်ကြံရာမှ နိုးထလာကာ ဝေ့ဝူယင်ကို အထိတ်တလန့် ကြည့်လိုက်မိသည်။
‘သူက မျက်လုံး ပြဿနာကို ဖြေရှင်းလိုက်နိုင်လို့ စိတ်လှုပ်ရှားနေတာ ဖြစ်ရမယ်...’
ဝမ်မင်ယာ စိတ်ထဲမှ မှတ်ချက်ချလိုက်မိ၏။
ဝှစ်...
ရုတ်တရက် ဝူယုမှာ အလွန် လျှင်မြန်စွာပင် ခြံဝန်းအတွင်း၌ ပေါ်လာခဲ့၏။ အဘိုးကြီး၏ အမူအရာက အလွန် သုန်မှုန်နေတာကို သတိထားမိသော အခိုက်၌ ဝေ့ဝူယင် ရယ်မောနေရာမှ ရပ်တန့် လိုက်သည်။
“ဘာလို့လဲ...”
သူက တိုက်ရိုက်ပင် မေးလိုက်ရင်း ထိုင်နေရာမှ ထရပ်လိုက်၏။ ဝမ်မင်ယာမှာလည်း အလားတူပင် လိုက်လံ လုပ်ဆောင် လိုက်သည်။ သို့သော်လည်း... ကောင်းကင်ကို မော့ကြည့်လိုက်သော အခိုက်၌ သူမ၏ မျက်လုံးများက ရွှေရောင် အလင်းတန်းများနှင့် ပြည့်နှက် သွားခဲ့လေ၏။
“အင်ပါယာ မျိုးနွယ် ရောက်လာပြီ...”
ဝူယုက လေးနက်သည့် လေသံဖြင့် ပြောလိုက်လေတော့၏။
...
နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါ၏ နယ်နိမိတ် အဆုံးနား၌...
ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှာ စစ်ပွဲ အတွက် ပြင်ဆင်လာဟန် ရသည့် အလွန် ကြီးမားသော စစ်သင်္ဘောကြီး သုံးစင်းကို ငေးကြည့် နေခဲ့ကြလေသည်။ ထိုသင်္ဘောကြီးများ၏ ကိုယ်ထည်ထက်၌ “အဆုံးမဲ့” နှင့် “ကောင်းကင်” ဆိုသည့် စကားလုံးကြီးများကို ရွှေရောင် စကားလုံးဖြင့် ဝံ့ကြွားစွာ ရေးထိုးထားသည်။
အင်ပါယာ မျိုးနွယ်...
သူတို့က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အကြွင်းမဲ့ အုပ်စိုးသူများ ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အသန်မာဆုံးသော အင်အားစုကြီး ဖြစ်သည်။ မှတ်ကျောက်တင် သမိုင်း တစ်လျှောက် အကြီးကျယ် အခမ်းနားဆုံးသော တန်ခိုးရှင် အင်အားစုကြီး ဖြစ်သည်။
ယနေ့တွင်ကား ထိုအင်ပါယာ ထျန်းမျိုးနွယ်မှာ ဒြပ်စင်နယ်မြေ၏ နယ်စပ်ကို ရောက်ရှိလာကာ တံခါးခေါက် နေခဲ့ချေပြီ ဖြစ်လေသည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လက်ကျန် မြေကြီး ရှန့်ထို နှစ်ယောက် ဖြစ်သည့် ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့၏ မျက်လုံးများမှာ အလွန် ကြီးမားလှသည့် စစ်သင်္ဘောကြီးများကို ကြည့်ရင်း အလွန်ပင် သုန်မှုန်နေ၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်လွှား၌ ထိုသင်္ဘောကြီးများမှာ ကောင်းကင် ဖျက်ဆီးသူများ အဖြစ် အလွန် ကျော်ကြားပေသည်။ ယင်းတို့မှာ ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကာ သာမန် မြေကြီး ရှန့်ထိုများကို သတ်ဖြတ်နိုင်သည်။
“တို့ ဘာလုပ်ကြမလဲ...”
ကျန်းကျိရီက ဖြူရော်စွာဖြင့် မေးလိုက်၏။ လက်ရှိ၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အစီအရင် သော့ချက်များမှာ သူတို့ထံ၌ ရှိမနေတော့ချေ။ အားလုံးမှာ ဝူယု၏ ထိန်းချုပ်မှုအောက်၌ ကျရောက် နေပေသည်။
ကံကောင်းထောက်မတာ တစ်ခုက သူတို့နှင့် ထျန်းမျိုးနွယ် အကြားတွင် လျှို့ဝှက် ကျိန်စာများ ကျိန်ဆိုထားခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ငြင်းဆိုပါက ထျန်းမျိုးနွယ်မှာ နယ်မြေပြင်ပတွင်သာ စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်
ဟန်ယုဟိုင်၏ မျက်လုံးများက အန္တရာယ်များစွာဖြင့် ကျဉ်းမြောင်း သွား၏။
“သူတို့ ဘာလိုချင်လဲ ဆိုတာ အရင်ဆုံး ကြည့်ကြတာပေါ့...”
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ကာကွယ်သူ တစ်ယောက် အနေဖြင့် သူ ဒြပ်စင် နယ်မြေကို နှစ်ပေါင်း တစ်ထောင်ကျော် ကာကွယ်ခဲ့ပြီး ဖြစ်သည်။ သူ့လက်ထဲ၌ နယ်မြေတစ်ခုလုံး ဆုံးရှုံးသွားရမည့် အဖြစ်မျိုးကို ခွင့်မပြုနိုင်ပါချေ။
ဝမ်... ဝမ်... ဝမ်...
ကောင်းကင် ဖျက်ဆီးသူ သင်္ဘောကြီး သုံးစင်းမှာ ဒြပ်စင် နယ်မြေ အပြင်ဘက်တွင် ဖြည်းညင်းစွာပင် ရပ်တန့် သွားကြ၏။
ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့၏ အမူအရာများက ပိုမို၍ သုန်မှုန်လာကြသည်။ သူတို့က ဘာလုပ်ရန် ကြံစည်နေကြသနည်း။
***