အခန်း (၈၃၃)
Vol. 60 Ch. 833
ကျန်းကျန်ပေါင်က အသံနှိမ့်လိုက်ပြီး တီးတိုးပြောသည်။
“တကယ်လို့ ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ပျိုးထောင်ပေးချင်တယ်ဆိုရင် ဒီအင်မော်တယ်ကျောက်တုံးတွေကို သုံးလို့ရတယ်”
ပြန်လည်မွေးဖွားခြင်းပုတီးစေ့ ....
ကျန်းကျန်ပေါင်၏ ပြောစကားအရ ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ဖန်းမင်က တိတ်တဆိတ်ယူဆောင်လာပြီး စန်းဟော်မြို့မှ ကမ္ဘာမြေမီးတောက်များ၏အောက်တွင် နှစ်ပေါင်းထောင်ချီကြာမြင့်သည်အထိ ဖုံးကွယ်ထားခဲ့သည်။
ပြန်လည်မွေးဖွားခြင်းပုတီးစေ့က စန်းဟော်မြို့၏ ကမ္ဘာမြေမီးတောက်စွမ်းအားကို ဖြည်းဖြည်းချင်းစုပ်ယူပြီး ပြန်လည်မွေးဖွားခြင်းစွမ်းအားကို စုစည်းနေခဲ့သည်။
ဖန်းမင်က ခါးသီးအင်မော်တယ်နယ်မြေသို့ အလည်သွားပြီး ပြန်လည်မွေးဖွားခြင်းပုတီးစေ့ ပါဝင်နေသော အားကောင်းသည့်ကိုယ်ပွားတစ်ခုကို ရရှိခဲ့သည်ဟု ပြောသည်။
သူက ပုတီးစေ့ဖြင့် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို ကျော်ဖြတ်ပြီး နတ်ဘုရားသားရဲ ဖီးနှစ်ငှက်၏စွမ်းအားကို ရရှိချင်ခဲ့သည်။
ဖန်းမင်က မသေမျိုးကိုယ်ပွားကို ရရှိလျှင် အင်မော်တယ်ကမ္ဘာကို လွှမ်းမိုးနိုင်လိမ့်မည်။
“အရင်မျိုးဆက်ရဲ့ အင်မော်တယ်မိစ္ဆာဘုရင်က ကျွမ်းကျင်သူတစ်ယောက်နဲ့ ရင်ဆိုင်မိပြီး ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်နဲ့ ထွက်ပြေးခဲ့ရတယ်”
“ဒီပြန်လည်မွေးဖွားခြင်းပုတီးစေ့က သူ့ဆီကနေ ကျန်ခဲ့တာပဲ”
ပြန်လည်မွေးဖွားခြင်းပုတီးစေ့တိုင်းသည် ပြန်လည်မွေးဖွားရန် ပြင်ဆင်နေသည့် ဖီးနစ်ငှက်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။
ယူဆချက်များအရ ပြန်လည်မွေးဖွားခြင်းပုတီးစေ့တိုင်းသည် ဖီးနစ်တစ်ကောင်ကို မွေးထုတ်ပေးနိုင်သည်။
သို့သော် ပုတီးစေ့တစ်လုံးက ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို အောင်မြင်သွားလျှင် တခြားပုတီးစေ့များအတွက် အခွင့်အရေး အလွန်နည်းသွားလိမ့်မည်။
“အခုလက်ရှိ အင်မော်တယ်မိစ္ဆာဘုရင်က ပြန်လည်မွေးဖွားခြင်းပုတီးစေ့တွေကို စုဆောင်းနေတယ်။ ရန်သူတွေဖြစ်တဲ့ ကျားမိစ္ဆာတွေက ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး”
“ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ ယူလာတဲ့ စန္ဒကူးနီအူတိုင်တွေက ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ဆွဲဆောင်ဖို့အတွက်ပဲ”
“လေပြင်းဓားပြတွေနဲ့ ကျားမိစ္ဆာတွေက ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို လုယူဖို့အတွက်ပဲ”
ဖန်မင်၏ မိစ္ဆာကိုယ်ပွားသည် တက်လှမ်းအင်မော်တယ်မိစ္ဆာဘုရင်၏ လက်အောက်တွင်ရှိသော မိစ္ဆာများနှင့် ပတ်သတ်နေသောကြောင့် ကျားမိစ္ဆာများနှင့် ပူးပေါင်းခဲ့သည်။
ဖီးနစ်သွေး အင်မော်တယ်မိစ္ဆာဘုရင်က ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို ရရှိပြီး ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို ကျော်ဖြတ်နိုင်လျှင် တက်လှမ်းအင်မော်တယ်မိစ္ဆာဘုရင်နှင့် ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရလိမ့်မည်။
ကျန်းကျန်ပေါင်၏ မျက်လုံးများက လေးနက်သောအလင်းကို ထုတ်လွှတ်နေသည်။ သူ၏ ဓားဆန္ဒသည် တိတ်ဆိတ်စွာ လှုပ်ရှားနေသည်။
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ နယ်မြေကို ဝင်ရောက်ပြီး သောင်းကျန်းရဲတယ်။ ဒီကိစ္စကို ဒီအတိုင်းချန်ထားခဲ့မှာမဟုတ်ဘူး”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဂုဏ်သိက္ခာသည် စော်ကားစရာ မဟုတ်ပေ။
“ညီလေးကျန်း၊ တခြားကိစ္စတစ်ခုကို ဆွေးနွေးရအောင်”
ဟန်မူယဲ့က ကျန်းကျန်ပေါင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ကျန်းကျန်ပေါင်က မျက်တောင်ခတ်လိုက်ပြီး ခေါင်းညိတ်လျက် လျင်မြန်စွာပြောသည်။
“ကျေးဇူးပြုပြီး ပြောပါအစ်ကိုဟန်”
ဟန်မူယဲ့က ကျင့်ကြံဆင့်မြင့်မားပြီး သန်မာသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူက ကျန်းကျန်ပေါင်၏အသက်ကိုလည်း ကယ်တင်ခဲ့သည်။ ထို့ကြောင့် တောင်းဆိုချက်က လွန်ကဲမနေလျှင် ကျန်းကျန်ပေါင်က သဘောတူလိမ့်မည်။
ကျန်းကျန်ပေါင်က ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ကျေးဇူးနှင့်ရန်ငြိုးကို ခွဲခြားသိနိုင်သည်။
ထို့အပြင် သူက နယ်မြေတစ်ခုကို စောင့်ကြပ်ထားသောကြောင့် လုံလောက်သောစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့က ညင်သာစွာပြောသည်။
“ညီလေးကျန်းက ငါ့အကြောင်းကို သတင်းမဖြန့်ဘူးလို့ မျှော်လင့်တယ်”
ကျန်းကျန်ပေါင်က အံ့အားသင့်သွားသည်။
ဟန်မူယဲ့က ပြုံးလိုက်သည်။
“တရားဝင်တပည့်တစ်ယောက် မဖြစ်သေးတဲ့ ကျင့်ကြံသူက တိုက်ပွဲကို ပြောင်းလဲလိုက်တယ်ဆိုတဲ့ သတင်း ပျံ့သွားရင် ညီလေးကျန်းရဲ့ ဂုဏ်သတင်းအတွက် ကောင်းမှာမဟုတ်ဘူး။
ထိုစကားကြောင့် ကျန်းကျန်ပေါင်က ရှက်သွားသည်။
သို့သော် ဟန်မူယဲ့၏ စကားသည် မှန်ကန်သည်။
သူက နယ်မြေတစ်ခု၏ အစောင့်အရှောက်ဖြစ်သော်လည်း စန်းဟော်မြို့ကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။ ထို့အပြင် တရားဝင်တပည့် မဖြစ်သေးသော လူတစ်ယောက်၏အကူအညီကို လိုအပ်ခဲ့သည်။
“တကယ်လို့ အစ်ကိုဟန်က ....”
သူက ဆက်ပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။
“လှုပ်ရှားလိုက်တဲ့လူက မင်းနဲ့ရင်းနှီးတဲ့ ဂိုဏ်းတူတပည့်တစ်ယောက်လို့ ပြောလိုက်ပါ။ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြောနေစရာမလိုဘူး”
တရားဝင်တပည့်တစ်ယောက် မဖြစ်သေးသော ဟန်မူယဲ့၏နာမည်ကို ထုတ်ပြောခြင်းထက် ရင်းနှီးသော ဂိုဏ်းတူတပည့်တစ်ယောက်ဟု ပြောလိုက်လျှင် ပိုကောင်းသည်။
ထို့အပြင် ထိုအချက်သည် ကျန်းကျန်ပေါင်၏ သန်မာသောနောက်ခံနှင့် အဆက်အသွယ်ကိုလည်း ဖော်ပြနိုင်လိမ့်မည်။
ဟန်မူယဲ့က သူ့အတွက် စဉ်းစားပေးပြီး တောင်းဆိုထားသည်။
ကျန်းကျန်ပေါင်က ပျော်ရွှင်မှုကို ဖိနှိပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဒါက အစ်ကိုဟန်အတွက် မမျှမတ ဖြစ်မနေဘူးလား”
ဟန်မူယဲ့က လှုပ်ရှားခဲ့ပြီး နာမည်မပြောဘဲ ထွက်သွားသောကြောင့် ကျန်းကျန်ပေါင်က သူ့အကြောင်းကို သိပ်မပြောခဲ့ပေ။
သူက ကိုယ်ပိုင်ဂုဏ်သတင်းကို အလွန်အမင်း ပျက်စီးမသွားစေချင်ပေ။
“ဒါက အရေးမကြီးပါဘူး။ ဓားတစ်လက်က တစ်ချိန်မှာတော့ ပေါ်ထွက်လာမှာပါ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။ သူ့အကြည့်က အလွန်နက်ရှိုင်းနေသည်။
ဓားတစ်လက်က တစ်ချိန်တွင် ပေါ်ထွက်လာမည်။
ထိုအရာသည် ဓားသမားတစ်ယောက်၏ အစစ်အမှန်အကျင့်စရိုက် ဖြစ်သည်။
ထိုစကားမျိုးကို တခြားလူများက ပြောခဲ့လျှင် မောက်မာသည်ဟု ထင်ရလိမ့်မည်။
သို့သော် ဟန်မူယဲ့ပြောလိုက်သောအခါတွင် သဘာဝကျနေသည်။
သူက ကျားမိစ္ဆာခေါင်းဆောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သောကြောင့် ထိုစကားမျိုးကို ပြောပိုင်ခွင့်ရှိသည်။
ကျန်းကျန်ပေါင်က ကျားမိစ္ဆာခေါင်းဆောင်အကြောင်းကို တွေးမိသောအခါတွင် အနည်းငယ်ရင်တုန်သွားသည်။
‘ဟန်မူယဲ့က ကျားမိစ္ဆာခေါင်းဆောင်ကို သတ်ဖြတ်လိုက်တာ ဖုံးကွယ်ထားပြီး ခါးသီးအင်မော်တယ်နယ်မြေရဲ့ လက်စားချေမှုကို ရှောင်တိမ်းချင်တာလား’
‘ပြီးတော့ ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို သူက ယူထားတယ်’
‘ဒီအကြောင်းကို တခြားလူတွေ မသိစေချင်တာလား’
ဟန်မူယဲ့က ကျန်းကျန်ပေါင်၏ခြံဝိုင်းမှ ထွက်လာသောအခါတွင် ကျောက်ချန်နှင့် ဇောင်ပိုင်ချွမ်တို့က သူဆီသို့ ရောက်လာကြသည်။
သူတို့သုံးယောက်က အဆောက်အအုံလေးတစ်ခု၏ ခေါင်မိုးပေါ်တွင် ထိုင်နေကြသည်။
“အစ်ကိုဟန်၊ နောက်တစ်ရက်ဆိုရင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက ပြင်ဆင်ပြီးပြီ။ ကျွန်တော်တို့က စန်းဟော်မြို့ကနေ ယွင်လုမြို့ကို တိုက်ရိုက်ထွက်သွားလို့ရပြီ”
ကျောက်ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
ထို့နောက် သူက နောင်တများဖြင့် ဆက်ပြောသည်။
“စန်းဟော်မြို့ရဲ့ မြေအောက်မီးတောက်က ကုန်ဆုံးသွားတာ နှမြောစရာပဲ။ အရင်အတိုင်း ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး”
“ပြီးတော့ ရွှေနက်သတ္တုရိုင်းတွေကိုလည်း သန့်စင်ဖို့ မဖြစ်နိုင်တော့ဘူး”
အင်မော်တယ်ကမ္ဘာနှင့် လူသားလောကသည် အတူတူပင်ဖြစ်သည်။
အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းကြားတွင် မျဉ်းလေးတစ်ခုသာ ကွာခြားသည်။
ထာဝရကြီးပွားခြင်းကို မည်သူက အာမခံပေးနိုင်မည်နည်း။
“ဒါက ကြိုတင်သန့်စင်ထားတဲ့ ရွှေနက်သတ္တုပါ။ ဒါက အစ်ကိုဟန်အတွက်ပါ”
ကျောက်ချန်က လက်မြှောက်လိုက်ပြီး ဖရဲသီးအရွယ်အစားသတ္တုတုံးကို ထုတ်ယူ၍ စားပွဲပေါ်တွင် တင်ထားသည်။
သတ္တုရိုင်းလှည်းတစ်စီးကို သန့်စင်လိုက်သောအခါတွင် ထိုပမာဏသာ ကျန်တော့သည်။
ဟန်မူယဲ့က တွန့်ဆုတ်မနေပေ။
သူက ရွှေနက်သတ္တုအတွက် စန်းဟော်မြို့သို့ ပြန်လာမည်မဟုတ်ပေ။ သို့သော် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ဤနေရာတွင် ဌာနခွဲတစ်ခု ရှိသည်။ သူတို့က အချိန်မရွေး ရယူနိုင်သည်။
“အစ်ကိုဟန်၊ ကျွန်တော်က လုပ်စရာမရှိသေးဘူး။ ယွင်လုမြို့ကို အလည်လိုက်ချင်တယ်”
ဇောင်ပိုင်ချွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“အစ်ကိုဟန်ကို အဖော်ပြုပေးလို့ရမလား”
စန်းဟော်မြို့၏ တိုက်ပွဲသည် ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့နှင့် သိပ်မဆိုင်သော်လည်း အနည်းငယ် ပတ်သတ်နေဆဲဖြစ်သည်။
သေခြင်းကိုးပါးအင်းဆက်များကို ဆွဲဆောင်နိုင်သည့် စန္ဒကူးနီအူတိုင်ကို သူတို့က သယ်လာခဲ့ကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ထိုကိစ္စကို စစ်ဆေးလျှင် ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ဆီသို့ ရောက်လာလိမ့်မည်။
ဇောင်ပိုင်ချွမ်က ကုန်သွယ်ရေးအဖွဲ့၏နာမည်ကို ရှင်းလင်းရန်အတွက် ယွင်လုမြို့တွင် အားကောင်းသောဂိုဏ်းသားတစ်ယောက်ကို ရှာဖွေပြီး အကူအညီတောင်းရမည်။
သို့သော် ဟန်မူယဲ့နှင့် အတူခရီးသွားခြင်းအတွက် ကိုယ်ပိုင်ရည်ရွယ်ချက် ရှိနေသည်။
ဟန်မူယဲ့၏ခွန်အားကို သူက စိတ်ဝင်စားသွားသည်။
ထိုကျွမ်းကျင်သူမျိုးနှင့် မိတ်ဆွေဖွဲ့ထားလျှင် အနာဂတ်တွင် အားကိုးစရာတစ်ခု ရလာလိမ့်မည်။
“အတူတူခရီးသွားတာက ပြဿနာမဟုတ်ပါဘူး”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့သည် ဟန်မူယဲ့အတွက် အသုံးဝင်သည်။
ဇောင်ပိုင်ချွမ်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ကျေးဇူးတင်လိုက်ပြီး အင်မော်တယ်သေရည်နှင့် ဝိညာဉ်သစ်သီးများကို ထုတ်ယူသည်။
ထိုပစ္စည်းများသည် အပြင်လူများအတွက် တန်ဖိုးကြီးသော်လည်း သူတို့က အင်မော်တယ်ကမ္ဘာ၏ ဇာတ်လမ်းများကို ပြောပြပြီး ပုံမှန်အတိုင်း အရသာခံနေကြသည်။
ဟန်မူယဲ့က ကျန်းကျန်ပေါင်၏ ဓားမျှော်စင်ထဲမှ ဓားများကို ကြည့်ရှုခဲ့သောကြောင့် အများအပြား သိနေသည်။
သူက စကားဝိုင်းထဲတွင် ဝင်ပါနိုင်သည်။
ကျောက်ချန်၏ ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် မိုင်သန်းချီပတ်ဝန်းကျင်ကိုသာ လွှမ်းခြုံထားသော်လည်း သူက ငယ်စဉ်ကတည်းက ခရီးသွားခဲ့ပြီး အတွေ့အကြုံအလွန်များသည်။
ဇောင်ပိုင်ချွမ်က ဗဟုသုတပိုများသည်။ သူက ဒေသသုံးခုလုံးကို သွားလာဖူးပြီး သက်ဆိုင်ရာအင်အားစုနှင့် ကျွမ်းကျင်သူများ၏အကြောင်းကို ပြောပြနိုင်သည်။
ခါးသီးအင်မော်တယ်နယ်မြေ၏ ရှောင်ရှားသင့်သော ကျွမ်းကျင်သူများ၊ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်အောက်တွင်ရှိသော အစစ်အမှန်ကျွမ်းကျင်သူများ၊ နာမည်ကြီးလက်ရွေးစင်များ၏ လုပ်ဆောင်ချက်များ ....
“မင်းက သွေးစစ်ပွဲဂိုဏ်းကို ရောက်ဖူးတာလား”
ဇောင်ပိုင်ချွမ်က သွေးစစ်ပွဲဂိုဏ်းနှင့် စီးပွားရေးလုပ်ရန် ခက်ခဲကြောင်း ညည်းလိုက်သောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲသွားပြီး မေးလိုက်သည်။
ဇောင်ပိုင်ချွမ်က ခေါင်းညိတ်သည်။
“သွေးစစ်ပွဲဂိုဏ်းက များသောအားဖြင့် အကျိုးအကြောင်းမသိတဲ့ တိုက်ပွဲရူးတွေနဲ့ ပြည့်နေတယ်”
သူက အသံနှိမ့်လိုက်ပြီး တီးတိုးပြောသည်။
“ဒီနှစ်တွေမှာ သွေးစစ်ပွဲဂိုဏ်းက တက်လှမ်းစင်မြင့်နဲ့ အသွင်ပြောင်းရေကန်ကို ထိန်းချုပ်ထားတယ်။ ဖူယွီအင်မော်တယ်ကမ္ဘာမှာ ပြဿနာရှာနေတဲ့ အင်မော်တယ်အတုတွေ ပိုနည်းလာတယ်”
ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ ရောက်လာပြီး ဓားများ၏မှတ်ဉာဏ်ကို ကြည့်ရှုထားသောကြောင့် အင်မော်တယ်တက်လှမ်းစင်မြင့်နှင့် အင်မော်တယ်အသွင်ပြောင်းရေကန်၏ လုပ်ဆောင်ချက်ကို နားလည်သည်။
အင်မော်တယ်ကမ္ဘာသည် အမွေအနှစ်ကို ဖြန့်ဖြူးပေးရန်အတွက် ကမ္ဘာအများအပြားကို လိုအပ်သည်။
တပည့်အများအပြားသည် အတွေ့အကြုံရှာဖွေရန်အတွက် လူသားကျင့်ကြံခြင်းလောကသို့ သွားရောက်ကြလိမ့်မည်။
အမျိုးမျိုးသော အရင်းအမြစ်များကို လူသားလောကမှ စုစည်းနိုင်သည်။
အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ခြင်းသည် အရင်းအမြစ်အများအပြားကို ထိန်းချုပ်ခြင်းနှင့် ဆင်တူသည်။
သို့သော် ထိုအရင်းအမြစ်များကို အဆုံးမဲ့ မထုတ်ယူနိုင်ပေ။
သို့သော် သွေးစစ်ပွဲဂိုဏ်းက ထိုအချက်ကို လျစ်လျူရှုထားပြီး အင်မော်တယ်အသွင်ပြောင်းရေကန်ကို အသုံးပြု၍ သက်ရှိများကို သန့်စင်သည်။ ထို့အပြင် တက်လှမ်းလာသော ကျွမ်းကျင်သူများကို အသုံးပြု၍ စစ်တပ်ဝင်္ကပါဖွဲ့စည်းပြီး နေရာတိုင်းတွင် တိုက်ခိုက်နေသည်။
သွေးစစ်ပွဲဂိုဏ်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို နှစ်ပေါင်းငါးထောင်ကြာအောင် ထိန်းချုပ်ထားပြီး အလွန်အားကောင်းလာခဲ့သည်။
ယခုအချိန်တွင် သူတို့နှင့် တခြားအင်အားစုကြီးများ၏ ဆက်ဆံရေးသည် ပျက်စီးလုနီးပါးအခြေအနေသို့ ရောက်နေသည်။
“သွေးစစ်ပွဲဂိုဏ်းက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ဖို့ နှစ်ပေါင်းသုံးဆယ်လောက်ပဲ ကျန်တော့တယ်။ သူတို့ဆင်းသွားရင် ဘယ်အင်အားစုက အခွင့်အရေးရမလဲ”
ဟန်မူယဲ့က မေးသည်။
ထိုမေးခွန်း၏အဖြေကို မည်သူမှ မသိနိုင်ပေ။
အနည်းဆုံး အဆင့်နိမ့်ကျင့်ကြံသူများက သိကြမည်မဟုတ်ပေ။
သို့သော် ဇောင်ပိုင်ချွမ်က ဒေသသုံးခုတွင် သွားလာဖူးသည်။ သူက ကောလဟာလ၊ လျှို့ဝှက်သတင်းနှင့် ကိုယ်ပိုင်အကဲဖြတ်မှုအပေါ်တွင် မူတည်၍ ခန့်မှန်းနိုင်သည်။
“အစ်ကိုဟန်၊ အင်မော်တယ်တက်လှမ်းစင်မြင့်ရဲ့ ထိန်းချုပ်မှုကို နှစ်ပေါင်းငါးထောင်မှာတစ်ကြိမ် ပြောင်းလဲတယ်။ ဒီတစ်ကြိမ်က သံမဏိချပ်ဝတ်စစ်ပွဲဂိုဏ်း ဖြစ်လိမ့်မယ်”
“ဒါပေမဲ့ သံမဏိချပ်ဝတ်စစ်ပွဲဂိုဏ်းက အဲဒီအခွင့်အရေးကို လိုချင်ရင် ယွင်လန်တာအိုဂိုဏ်း၊ တခြားဂိုဏ်းတွေနဲ့ ယှဉ်ပြိုင်ဖို့ လိုသေးတယ်”
“အရင်နှစ်ပေါင်းငါးထောင်ကို တိမ်မြူတာအိုဂိုဏ်းက ထိန်းချုပ်ထားခဲ့တယ်။ သူတို့က မိုးရေဒေသရဲ့ အကြီးမားဆုံးဂိုဏ်း ဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး”
နတ်ဘုရားဧကရာဇ် မူရုံကျန်းသည် တိမ်မြူတာအိုဂိုဏ်းမှ ဖြစ်သည်။
မိုးရေဒေသ၏ တိမ်မြူတာအိုဂိုဏ်းသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို အချိန်အကြာဆုံး တာဝန်ယူခဲ့သည်။
သံမဏိချပ်ဝတ်စစ်ပွဲဂိုဏ်းက နှစ်သိန်းချီတွင်တစ်ကြိမ်သာ ယှဉ်ပြိုင်ခွင့်ရှိသည်။
“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၊ သံမဏိချပ်ဝတ်စစ်ပွဲဂိုဏ်းနဲ့ တိမ်မြူတာအိုဂိုဏ်းတို့ အားလုံးဖြစ်နိုင်တယ်”
ဇောင်ပိုင်ချွမ်က ပြောလိုက်သည်။
“အင်အားစုတွေရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုအပေါ်မှာ မူတည်နေတာပဲ”