အခန်း (၈၃၄)
Vol. 60 Ch. 834
အင်မော်တယ်တက်လှမ်းစင်မြင့်ကို နှစ်ငါးထောင်ထိန်းချုပ်ရန်အတွက် အခွင့်အရေးတစ်ခုသာဖြစ်သည်။ ထိုအရာသည် အင်မော်တယ်ကမ္ဘာတစ်ခုလုံးအပေါ်တွင် မသက်ရောက်နိုင်ပေ။
ထိုအခွင့်အရေးအတွက် စွန့်စားလိုသည့်အပေါ်တွင် မူတည်နေသည်။
ဇောင်ပိုင်ချွမ်၏သုံးသပ်မှုက ဓားမှတ်ဉာဏ်များမှတစ်ဆင့် ဟန်မူယဲ့သိရှိထားသော အချက်အလက်များနှင့် တူညီနေသည်။
“လေပြင်းဓားပြ၊ ခါးသီးအင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်မိစ္ဆာဘုရင်နဲ့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေကြတယ်။ သူတို့က ခေါင်းကိုက်နေလောက်တယ်”
ကျောက်ချန်က တီးတိုးပြောသည်။
ဇောင်ပိုင်ချွမ်က ခေါင်းညိတ်သည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ရုတ်တရက်ကြည့်သည်။
“ဝီ”
အဝေးတစ်နေရာမှ ကျယ်လောင်သောမြည်သံကို ကြားနိုင်သည်။
သောင်းချီနေသောမြင်းများ ပြေးလွှားလာသည့်အသံနှင့် ဆင်တူသည်။
“လေပြင်း ....”
လေထုထဲတွင် တိုက်ပွဲခေါ်သံကို ကြားနိုင်သည်။
လေပြင်းဓားပြများ ဖြစ်ကြသည်။
မရေမတွက်နိုင်သော မြားတံများသည် မိုင်တစ်ရာအကွာမှ ပေါ်ထွက်လာပြီး ကောင်းကင်ကို လွှမ်းခြုံလိုက်သည်။
“ခုခံမယ်”
စန်းဟော်မြို့တွင် ကျန်းကျန်ပေါင်၏အသံကို ကြားနိုင်သည်။ ရွှေရောင်လေးထပ်ဓားမျှော်စင်သည် ပေထောင်ချီမြင့်မားသွားပြီး လေထုထဲတွင် လွင့်မျောနေသည်။
ဓားမျှော်စင်သည် အလင်းစီးကြောင်းများကို ထုတ်လွှတ်လိုက်ပြီး မြားတံများနှင့် ရင်ဆိုင်သည်။
မှိန်ဖျော့နေသော အလင်းလွှာတစ်ခု ပေါ်ထွက်လာပြီး ဓားမျှော်စင်နှင့် ပူးပေါင်း၍ မြားတံများကို ခုခံလိုက်သည်။
တာအိုသခင်ဖန်းမင်က ဝင်္ကပါ၏ လက်ကျန်စွမ်းအားဖြင့် ခွန်အားတချို့ ထုတ်ပြနေသည်။
သူက ကိုယ်ပိုင်ပြစ်မှုကြောင့် နောင်တရနေပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ညှာတာမှုကို အမှန်တကယ် ရရှိချင်ပုံပေါ်သည်။
“ဘန်း”
ဓားအလင်းနှင့် မြားတံတို့ ထိတွေ့သွားပြီး ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။ ဓားအလင်းကို ဖြတ်ကျော်လာသော မြားတံများသည် ဝင်္ကပါအလင်းလွှာနှင့် ထိတွေ့သွားကြသည်။
မှိန်ဖျော့နေသော အလင်းလွှာသည် မြားတံများ၏ထိုးဖောက်မှုကို ခံလိုက်ရပြီး မြားတံများက အသစ်ဆောက်လုပ်ထားသော စံအိမ်များထဲသို့ စိုက်ဝင်သွားကြသည်။
သစ်သားစံအိမ်များသည် တိုက်ရိုက်ထိုးဖောက်ခံလိုက်ရသည်။ မြားတံများသည် ခွန်အားကြီးတစ်ခုကို သယ်ဆောင်လာပုံပေါ်ပြီး မိုးကြိုးပစ်ချသကဲ့သို့ ပေါက်ကွဲသွားကြသည်။
“ဘုန်း”
မြားတစ်ချောင်းက ဟန်မူယဲ့တို့ရှိနေသော စံအိမ်၏ရှေ့တွင် ပေါက်ကွဲသွားသည်။
လူအိုကြီးချူက လေးနက်သောမျက်နှာထားဖြင့် ဓားရှည်တစ်လက်ကို ကိုင်ထားပြီး ရှေ့တက်သွားသည်။
“အဲဒါက လေပြင်းဓားပြတွေရဲ့ လေပြင်းမြားဝင်္ကပါပဲ”
အကြီးအကဲချူက ကျောက်ချန်၏ဘေးသို့ ရောက်သွားပြီး တီးတိုးပြောလိုက်သည်။
“အနည်းဆုံး လေပြင်းဓားပြတစ်သောင်းကို စုစည်းထားမှ ဒီဝင်္ကပါကို အသက်သွင်းနိုင်တယ်”
“မိုင်တစ်ရာအကွာကနေ မြားမိုးဆယ်ကြိမ် ပစ်လွှတ်မယ်ဆိုရင် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကတောင် ခုခံနိုင်မှာမဟုတ်ဘူး”
လေပြင်းများ တိုက်ခတ်သွားပြီး တိမ်တိုက်များ လှုပ်ရှားနေသည်။ ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားခဲ့သည်။
လေပြင်းဓားပြများသည် အားကောင်းသော စစ်ပွဲဝင်္ကပါနှင့် အရေအတွက်ကို အားကိုး၍ သောင်းကျန်းနိုင်ကြသည်။
သူတို့က နေရာတိုင်းတွင် လွတ်လပ်စွာ သွားလာနိုင်ကြသည်။
“လေပြင်းဓားပြတွေ၊ မင်းတို့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်အောက်ခံမြို့ကို တိုက်ခိုက်ရဲတယ်လား။ မင်းတို့က သေချင်နေတာပဲ”
ကျန်းကျန်ပေါင်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လေးထပ်ဓားမျှော်စင်တွင် ရွှေအလင်းကို စုစည်းသည်။
ပေတစ်ထောင်မြင့်မားသော မူလဝိညာဉ်သည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး လေထုထဲတွင် ပေါ်ထွက်လာသည်။
သူက လူသားအင်မော်တယ်အဆင့်၏ သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ သူ၏ ဓားနည်းစနစ်နှင့် တိုက်ခိုက်နိုင်စွမ်းကလည်း အားကောင်းသည်။
သူက လှုပ်ရှားလိုက်သောကြောင့် ဖရိုဖရဲဖြစ်နေသော စန်းဟော်မြို့က အနည်းငယ် ငြိမ်သက်သွားသည်။
ယခင်တိုက်ပွဲကြောင့် မြို့တွင်းရှိ လူအများအပြားသည် ကြောက်ရွံ့နေကြသည်။
မြားမိုးသည် ရပ်တန့်သွားခဲ့သည်။
“ရပ်တန့်လို့မရနိုင်ဘူး”
ဇောင်ပိုင်ချွမ်က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“လေပြင်းဓားပြတွေရဲ့ မြားဝင်္ကပါက နောက်တစ်ကြိမ်ပစ်လွှတ်လိုက်တိုင်းမှာ အစွမ်းပိုထက်လာတယ်”
“ဒုတိယအချီမြားတွေက စန်းဟော်မြို့ကို မဖျက်ဆီးနိုင်ရင်တောင် ကျန်းကျန်ပေါင်ကို ရှုံးနိမ့်သွားစေလိမ့်မယ်”
သူက ထိုသို့ပြောလိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။ ထို့နောက် အလျင်စလို ဆက်ပြောသည်။
“အစ်ကိုဟန်၊ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ”
မြားမိုးသည် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဖျက်ဆီးလိမ့်မည်။
ကျောက်ချန်၏မျက်နှာထားကလည်း ပြောင်းလဲသွားသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဓားဆန္ဒကို ထုတ်ဖော်သည်။
သူက ဤကိစ္စများတွင် ဝင်မပါချင်သော်လည်း ထိုင်ကြည့်နေရန် မဖြစ်နိုင်ပေ။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ မရှိလျှင် သူက ယွင်လုမြို့ကို မည်သို့သွားရမည်နည်း။
“ဝီ”
လေထုသည် တုန်ခါနေသည်။
ဒုတိယအကြိမ်မြားမိုး ဖြစ်သည်။
ရှည်လျားသောလေးကို ဆွဲတင်လိုက်သည်။ မြားတံများသည် လူတစ်ယောက်၏စိတ်ကို ထိတ်လန့်သွားစေနိုင်သည်။
ထိုစွမ်းအားကြောင့် စန်းဟော်မြို့သည် အနည်းငယ်တုန်ခါလာသည်။ မိုင်တစ်ရာအကွာတွင်ရှိသော စစ်ပွဲဝင်္ကပါက အင်မော်တယ်ချီစွမ်းအင်ကို ဆွဲယူသွားသကဲ့သို့ အင်မော်တယ်ချီကိုလည်း မစုစည်းနိုင်တော့ပေ။
လေထုထဲတွင်ရပ်နေသော ကျန်းကျန်ပေါင်က လေးနက်သောမျက်နှာထားဖြင့် အံကြိတ်ထားသည်။ သူက ခပ်အုပ်အုပ် အော်ဟစ်သည်။
“လေပြင်းဓားပြတွေ၊ မင်းတို့က ဘာကိုလိုချင်တာလဲ”
ဂိုဏ်း၏ လွှမ်းမိုးနိုင်စွမ်းရှိသော ခြိမ်းခြောက်မှုသည် ယခုအချိန်တွင် မေးခွန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဂိုဏ်း၏စွမ်းအားသည် ကိုယ်ပိုင်စွမ်းအားမဟုတ်ပေ။
သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် ကိုယ်ပိုင်စွမ်းအားအပေါ်တွင်သာ မူတည်သည်။
“ဝှစ်”
ပြေးဝင်လာသော မြားတံများက ကျန်းကျန်ပေါင်၏မေးခွန်းကို ဖြေဆိုလိုက်သည်။
စကားပြောနေခြင်း မရှိပေ။
“သတ်”
ကျန်းကျန်ပေါင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဓားမျှော်စင်၏ ရွှေအလင်းသည် အလွန်တောက်ပနေပြီး သူက ရှေ့သို့ ပြေးထွက်သွားသည်။
သူ့နောက်တွင် တာအိုသခင်ဖန်းမင်၏ ဝင်္ကပါက နီးကပ်စွာ လိုက်ပါလာသည်။
“ဘုန်း”
ပြန့်ကျဲနေသော မြားတံများသည် လေထုထဲတွင် ပေတစ်သောင်းရှည်လျားသော မြားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ကျန်းကျန်ပေါင်၏ ဓားမျှော်စင်နှင့် ရင်ဆိုင်သည်။
ရွှေရောင်ဓားမျှော်စင်သည် ရွှေရောင်အပိုင်းအစများအဖြစ် ဘန်းခနဲ ပေါက်ကွဲသွားသည်။
သုံးလက်မသာရှိသော အစိမ်းပုပ်ရောင်ဓားမျှော်စင်လေးသည် ကျန်းကျန်ပေါင်၏ မူလဝိညာဉ်ဆီသို့ ပြန်လည်ပြေးဝင်လာပြီး ကျန်းကျန်ပေါင်၏ ရုပ်ခန္ဓာနှင့်အတူ အောက်ပြုတ်ကျသွားသည်။
စန်းဟော်မြို့ကို စောင့်ကြပ်နေသော တပည့်သည် ရက်အနည်းငယ်အကြာတွင် ထပ်မံဒဏ်ရာရသွားပြန်သည်။
ပေတစ်သောင်းရှည်လျားသောမြားသည် ဓားမျှော်စင်ကို ဖျက်ဆီးပြီး အသစ်ပြုပြင်ထားသော ဗဟိုရင်ပြင်ကို ထိုးစိုက်လိုက်သည်။ ကျောက်ခဲအပိုင်းအစများ လွင့်ပျံလာကြသည်။
“ဝီ”
မြားသည် ဝိညာဉ်ကို တုန်ခါစေနိုင်သော မြည်သံနှင့်အတူ အသက်ရှူကြိမ်တစ်ရာအကြာတွင် ပျောက်ကွယ်သွားသည်။
ထိုမြားချက်သည် တစ်မြို့လုံးကို ထိတ်လန့်သွားစေခဲ့သည်။
“ငါတို့ရဲ့ လေပြင်းဓားပြညီအစ်ကိုတွေကို လွှတ်ပေးလိုက်။ ဝိညာဉ်ကျောက်တုံး သန်းတစ်သောင်းနဲ့ လျော်ကြေးပေးရမယ်”
“ပြီးတော့ လေပြင်းဓားပြညီအစ်ကိုတွေကို ဖမ်းဆီးခဲ့တဲ့လူကိုလည်း လက်လွှဲပေးရမယ်”
လေထုထဲတွင် အေးစက်ပြီး မောက်မာသောအသံကို ကြားနိုင်သည်။
ထိုအသံက သွေးပင်လယ်နှင့် အလောင်းတောင်တန်းကို သယ်ဆောင်ထားသကဲ့သို့ သတ်ဖြတ်လိုစိတ်ကိုလည်း ထုတ်လွှတ်နေသည်။
“မဖြစ်နိုင်ဘူး ....”
ကျန်းကျန်ပေါင်က ရေရွတ်သည်။ သူက ဒဏ်ရာကြောင့် သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။
“ငါက မင်းနဲ့ ညှိနှိုင်းနေတာမဟုတ်ဘူး”
ထိုအသံက ဆက်ပြောသည်။
“မင်းက ငါနဲ့ညှိနှိုင်းဖို့ အဆင့်မမီဘူး”
ထိုအသံသည် အဆင့်မြင့်လူတစ်ယောက်၏ အမိန့်အာဏာကို သယ်ဆောင်ထားသည်။
“မင်းကို အသက်ရှူကြိမ်တစ်ရာ အချိန်ပေးလိုက်မယ်”
အသက်ရှူကြိမ်တစ်ရာ ....
မြို့၏ သေခြင်းရှင်ခြင်းသည် အသက်ရှူကြိမ်တစ်ရာအပေါ်တွင် မှီခိုနေသည်။
ကျင့်ကြံသူအများအပြားသည် ထိတ်လန့်နေပြီး မြို့ထဲမှ ထွက်ပြေးသွားကြသည်။
ကျန်းကျန်ပေါင်က စန်းဟော်မြို့၏ စောင့်ရှောက်သူဖြစ်ပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်သောကြောင့် လေပြင်ဓားပြများကို အညံ့ခံမည်မဟုတ်ပေ။
စန်းဟော်မြို့သည် ကျရှုံးရန် ကံပါလာသည်။
ကျန်းကျန်ပေါင်က ဓားရှည်ကို ကိုင်ထားပြီး ပြောင်းလဲနေသော မျက်နှာထားဖြင့် အစိမ်းပုပ်ရောင်ဓားမျှော်စင်လေးကို ထောက်ပံ့သည်။
သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ငါတို့လို ကျင့်ကြံသူတွေအတွက် သေခြင်းရှင်ခြင်းက ခဏလေးပဲ”
သူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဓားဆန္ဒကို ထုတ်ဖော်သည်။ သူက အသက်စွန့်ရန် ဆုံးဖြတ်ထားသည်။
“အစ်ကိုဟန်၊ ကျန်းကျန်ပေါင်က စန်းဟော်မြို့နဲ့အတူ သေဆုံးဖို့ ဆန္ဒပြုထားတယ်။ ဂိုဏ်းသားတွေ ရောက်လာတဲ့အချိန်မှာ ကျန်းကျန်ပေါင်က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကို အရှက်မရစေခဲ့ဘူးလို့ ပြောပေးပါ”
အသက်တစ်ရာရှူကြိမ်အတွင်း၌ ကျန်းကျန်ပေါင်နှင့် ဟန်မူယဲ့က ထွက်ပြေးနိုင်ကြသည်။
သို့သော် ကျန်းကျန်ပေါင်က စန်းဟော်မြို့၏ အစောင့်အရှောက်ဖြစ်ပြီး သူထွက်ပြေးသွားလျှင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မည်။
သူ၏ သေခြင်းရှင်ခြင်းသည် စန်းဟော်မြို့နှင့် သက်ဆိုင်နေသည်။
သို့သော် ဟန်မူယဲ့က ထွက်သွားနိုင်သည်။
စံအိမ်ထဲတွင် ကျောက်ချန်နှင့် ဇောင်ပိုင်ချွမ်တို့က ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
အသက်တစ်ရာရှူကြိမ် ပြီးသွားလျှင် လေပြင်းဓားပြများက တတိယအကြိမ် မြားပစ်လိမ့်မည်။ သူတို့က ထိုအချိန်အတွင်း၌ မြို့ထဲမှ ထွက်သွားနိုင်သည်။
“အသက်တစ်ရာရှူကြိမ်လား”
ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးသွားသည်။ သူ၏ ဓားအလင်းသည် လေဟာနယ်ကို အနည်းငယ် အက်ကွဲသွားစေခဲ့သည်။
လေထုထဲတွင် ဟန်မူယဲ့က ကျန်းကျန်ပေါင်ကို ခေါင်းညိတ်ပြသည်။
“ငါ့ကို အသက်ရှူကြိမ်ဆယ်ခါပဲ စောင့်ပေးပါ”
‘အသက်ရှူကြိမ်ဆယ်ခါလား’
‘ဘာအတွက်လဲ’
ကျန်းကျန်ပေါင်က ကြောင်အသွားပြီး စကားမပြောနိုင်ခင် မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့၏နောက်တွင် ဓားစံအိမ်ထဲမှ ဓားတစ်လက်ပျံသန်းထွက်လာပြီး ဓားအလင်းနဂါးအဖြစ် ပြောင်းလဲသွားသည်။ ဓားအလင်းနဂါးက ဟန်မူယဲ့ကို သယ်ဆောင်ပြီး မိုင်တစ်ရာအကွာသို့ ချက်ချင်းရောက်သွားသည်။
လူတစ်ယောက်နှင့် ဓားတစ်လက်သည် လေထုထဲတွင် တောက်ပနေကြသည်။
“ငါက မင်းတို့အားလုံးကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”
နဂါးဓားအလင်းက ဟိန်းဟောက်လိုက်သည်။ ဟန်မူယဲ့က ဓားဖြင့် အောက်သို့ ညွှန်ပြသည်။
မရေမတွက်နိုင်သော မြင်းစီးဓားပြများက ဝင်္ကပါဖွဲ့စည်းပြီး အပြည့်အဝ လေးတင်ထားကြသည်။
“နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လေပြင်းဓားပြတွေက ဘယ်လိုစွမ်းရည်မျိုးရှိလဲ ကြည့်ရအောင်”
အောက်တွင် စစ်ပွဲဝင်္ကပါအတွင်းမှ အော်သံထွက်လာသည်။
“ပစ် ....”
မြားတစ်သောင်းသည် ကောင်းကင်ကို လွှမ်းမိုးသွားသည်။
ဟန်မူယဲ့က စိတ်လှုပ်ရှားနေသော မျက်လုံးတစ်စုံဖြင့် ဓားကို လှုပ်ရှားသည်။
ဓားအလင်းနဂါးသည် ဘန်းခနဲပေါက်ကွဲသွားသည်။
ဓားတစ်သောင်း ပေါ်ထွက်လာသည်။
ဓားတစ်သောင်းသည် မြားတစ်သောင်းနှင့် ယှဉ်ပြိုင်မည်။
သူက အဘယ်ကြောင့် ဓားပညာရပ်ကို လေ့ကျင့်ခဲ့သနည်း။
ဟန်မူယဲ့က ဓားရိုးကို ကိုင်လိုက်သောအချိန်တွင် သိခဲ့သည်။
သူက လက်ထဲတွင် ဓားကိုင်ထားလျှင် ဓားသည် သူ့နှလုံးသား ဖြစ်သည်။
သူက လက်ထဲတွင် ဓားကိုင်ထားလျှင် သူ့နှလုံးသားသည် တည်ငြိမ်နေသည်။
သူ့နှလုံးသားထဲတွင် ဓားရှိလျှင် မည်မျှအားကောင်းသော ရန်သူများဖြစ်စေ ဂရုမစိုက်ဘဲ ဓားတစ်ချက်ဖြင့် ရှင်းလင်းပစ်မည်။
လေပြင်းကဲ့သို့ လျင်မြန်သွက်လက်သောမြားမိုး ဝင်ရောက်လာသည်ဖြစ်စေ၊ ခါးသီးအင်မော်တယ်နယ်မြေတွင် သောင်းကျန်းခဲ့သော လေပြင်းဓားပြများ၏ နာမည်ကြီးမြားဝင်္ကပါပင်ဖြစ်စေ သူက ဂရုမစိုက်ဘဲ ဓားချက်ကို ထုတ်ဖော်မည်။