အခန်း (၈၃၆)
Vol. 60 Ch. 836
သူတို့ရရှိထားသော သတင်းအချက်အလက်များအရ ကျန်းကျန်ပေါင်က ဒဏ်ရာအပြင်းအထန်ရသည်အထိ တိုက်ခိုက်ခဲ့ပြီး မြို့နှင့်အတူ သေဆုံးသွားရန်ပင် ဆန္ဒရှိခဲ့သည်။
သူက နယ်မြေကို ကာကွယ်ရန် တာဝန်ကျေခဲ့သည်။
ထို့အပြင် သူက အန္တရာယ်များသောအခြေအနေတွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သောကြောင့် စွမ်းရည်ရှိသည်ဟု ပြောရမည်။
“အကြီးအကဲက ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ။ ကျွန်တော်က ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မှီခိုခဲ့ရုံပါပဲ”
ကျန်းကျန်ပေါင်က ဖြောင့်မတ်သောမျက်နှာထားဖြင့် ခေါင်းမော့ကြည့်သည်။
“ပြီးတော့ အစ်ကိုဟန်က ကျွန်တော်တို့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါပဲ။ သူ့ရဲ့ အပြုအမူက ကျွန်တော်တို့ဂိုဏ်းရဲ့အင်အားကို ထုတ်ပြနိုင်ပါတယ်”
သူက စကားပြောကောင်းသည်။
မြို့ကို ကာကွယ်ခြင်းဖြစ်စေ၊ ဟန်မူယဲ့ကို ထုတ်ပြောခြင်းဖြစ်စေ ဂိုဏ်းနှင့် တစ်ဖက်တည်း ရပ်တည်ခဲ့သည်။
နယ်မြေတစ်ခုကို စောင့်ကြပ်ထားသော တပည့်တစ်ယောက် ဖြစ်သင့်သည်။
ရှုံးခယ်က ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။
“ဟန်မျိုးရိုးနဲ့ကျင့်ကြံသူက ဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက် မဖြစ်သေးဘူး။ အကျိုးဆောင်မှုတွေအားလုံးကို မင်းယူထားလိုက်တာပဲ ပိုကောင်းလိမ့်မယ်”
“လေပြင်းဓားပြတွေရဲ့ တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်၊ ရာချီနေတဲ့ မြင်းစီးဓားပြတွေနဲ့ ကျားမိစ္ဆာတစ်ရာကို ဖမ်းဆီးနိုင်ခဲ့တဲ့ အကျိုးဆောင်မှုကြောင့် မင်းက ဓားသူတော်စင်အဆင့်ကို ရောက်သွားအောင် အရင်းအမြစ်တွေ လဲလှယ်နိုင်တယ်”
ထိုအရာသည် အောင်မြင်မှုကြီးတစ်ခုပင် ဖြစ်သည်။
ပတ်ဝန်းကျင်တွင်ရှိနေသော တပည့်များက အားကျနေကြသည်။
ဟန်မူယဲ့၏ အကျိုးဆောင်ချက်ကို ပယ်ဖျက်လိုက်လျှင် ကျန်းကျန်ပေါင်က ဆုလာဘ်အားလုံးကို ရရှိလိမ့်မည်။
ကျန်းကျန်ပေါင်၏မျက်လုံးထဲတွင် မျှော်လင့်ချက်တချို့ ပေါ်လာသော်လည်း ခေါင်းခါလိုက်သည်။
“အကြီးအကဲ၊ အစ်ကိုဟန်ရဲ့အကျိုးဆောင်မှုကို ဘယ်တော့မှ ပယ်ဖျက်ပစ်မှာမဟုတ်ပါဘူး”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ရှုံးခယ်၏မျက်နှာက မည်းမှောင်သွားသည်။
“မင်းက သေချာတွေးပြီးပြီလား။ လုံလောက်တဲ့အကျိုးဆောင်မှု မရှိရင် မင်းရဲ့ပြစ်ဒဏ်က လျော့နည်းသွားမှာမဟုတ်ဘူး”
ကျန်းကျန်ပေါင်က ရယ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ပြောသည်။
“အကြီးအကဲ စိတ်ချပါ။ ကျွန်တော်တို့ ကျန်းဟွမ်ခန်းဆောင်က ဂိုဏ်းတူအစ်ကိုရောက်လာရင် ကျွန်တော့်ရဲ့ပြစ်ဒဏ်ကို ခံယူဖို့အတွက် ကျန်းဟွမ်ခန်းဆောင်ကို ပြန်သွားလိုက်ပါ့မယ်”
ထို့နောက် သူက အသာအယာ ဦးညွတ်လိုက်သည်။
“ကျွန်တော်က ဒဏ်ရာရထားတဲ့အတွက် ပြန်ပြီး ကုသလိုက်ပါအုံးမယ်”
သူက လှည့်ထွက်သွားသည်။
ရှုံးခယ်၏မျက်နှာထားက ပြောင်းလဲသွားသည်။
တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တပည့်တစ်ယောက်က ဒူးထောက်နေသော ဖန်းမင်ကို ထွက်သွားနိုင်အောင် ကူညီပေးလိုက်သည်။
“အကြီးအကဲ၊ ဟန်မျိုးရိုးနဲ့ကျင့်ကြံသူရဲ့ အကျိုးဆောင်မှုကို ဘာဖြစ်လို့ ပယ်ဖျက်ပစ်ချင်တာလဲ”
အစောပိုင်းတွင် သတင်းပို့ခဲ့သော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက တီးတိုးမေးသည်။
တခြားလူများကလည်း သိချင်နေကြသည်။
သူတို့က မြို့ထဲတွင် သတင်းအချက်အလက်များကို စုဆောင်းထားခဲ့သည်။
ဟန်မျိုးရိုးနှင့် ကျင့်ကြံသူသည် အလွန်အားကောင်းပြီး ဓားတစ်ချက်တည်းဖြင့် ရန်သူကို သတ်ဖြတ်နိုင်သည်။ မြို့ထဲတွင် သူနှင့်ပတ်သတ်ပြီး ကောလဟာလများ ပျံ့နှံ့နေကြသည်။
ထိုလူမျိုးသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဂုဏ်သတင်းကို တိုးမြင့်စေလိမ့်မည်။
ထို့အပြင် ထိုလူက ဂိုဏ်း၏ တရားဝင်တပည့်တစ်ယောက် ဖြစ်လာလျှင် သေချာပေါက် လက်ရွေးစင်တစ်ယောက် ဖြစ်နေလိမ့်မည်။
“မင်းတို့ ဘာသိလို့လဲ”
ရှုံးခယ်က မည်းမှောင်နေသော မျက်နှာထားဖြင့် တီးတိုးပြောသည်။
“အဲဒီလူက ကျန်းကျန်ပေါင်နဲ့ ရင်းနှီးတယ်။ သူက ဓားဂိုဏ်းကို ဝင်ရောက်ပြီးတဲ့အခါမှာ ကျန်းဟွမ်ခန်းဆောင်နဲ့ တစ်ဖက်တည်းဖြစ်သွားလိမ့်မယ်”
“ငါတို့ ကျန်းရွှမ်ခန်းဆောင်နဲ့ ကျန်းဟွမ်ခန်းဆောင်က ဆက်ဆံရေး အဆင်မပြေဘူး။ သူတို့ဆီမှာ ကျွမ်းကျင်သူတွေပိုတိုးလာအောင် ဘာဖြစ်လို့ ခွင့်ပြုပေးရမှာလဲ”
သူ့စကားကြောင့် လူတိုင်း၏ မျက်နှာထားက တောင့်တင်းသွားသည်။
ရှုံးခယ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းခါသည်။
“မင်းတို့က ဒီကိစ္စကို ဂရုစိုက်နေစရာမလိုဘူး။ ဒီမြို့မှာဖြစ်သွားတဲ့ကိစ္စက သတင်းပြန့်သွားမှာပဲ။ ကျန်းကျန်ပေါင်က အကျိုးဆောင်မှုနဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်မှာမဟုတ်ဘူး”
“ဟန်မျိုးရိုးနဲ့ကျင့်ကြံသူကတော့ ဂိုဏ်းစမ်းသပ်ပွဲမှာ ကျရှုံးသွားခဲ့ရင် ....”
....
ထိုအချိန်တွင် ဟန်မူယဲ့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါဖြင့် ယွင်လုမြို့သို့ တိတ်ဆိတ်စွာ ရောက်လာသည်။
“အစ်ကိုဟန်၊ ကျွန်တော်တို့ ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့နဲ့ ရင်းနှီးတဲ့ ဓားကျင့်ကြံသူတစ်ယောက်ကို သွားရှာလိုက်အုံးမယ်”
ဇောင်ပိုင်ချွမ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဟန်မူယဲ့ကို တီးတိုးပြောသည်။
“ကျွန်တော်တို့ ကုန်သွယ်ရေးအဖွဲ့က ဒီဖြစ်ရပ်အတွက် တာဝန်ယူပေးမှာပါ”
စန္ဒကူးနီအူတိုင်ကို ဇောင်ပိုင်ချွမ်က ယူလာခဲ့သည်။ အကယ်၍ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက သေချာမစစ်ဆေးလျှင် အဆင်ပြေမည်ဖြစ်သော်လည်း သေချာစစ်ဆေးခဲ့လျှင် ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့က အပြစ်တင်ခံရလိမ့်မည်။
ဇောင်ပိုင်ချွမ်က ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့ကို ကာကွယ်ရန်အတွက် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက မစစ်ဆေးခင် အရာအားလုံးကို ဖြေရှင်းထားရမည်။
ကပ်ဘေးရှောင်ရှားရန်အတွက် ကမ်းပါးဖြိုချခြင်းကို စီးပွားရေးသမားများ လုပ်ဆောင်ကြသည်။
“အစ်ကိုဟန်၊ အရှုပ်အထွေးတွေကို ရှောင်တိမ်းဖို့အတွက် ဖြစ်နိုင်သမျှမြန်မြန် အထောက်အထားခိုင်မာအောင်လုပ်တာ အကောင်းဆုံးပဲ”
ဇောင်ပိုင်ချွမ်က ဟန်မူယဲ့ကို တီးတိုးပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်သည်။
“ကောင်းပြီ။ စစ်ဆေးခြင်းခန်းဆောင်ကိုသွားပြီး အထောက်အထားခိုင်မာအောင် လုပ်လိုက်မယ်”
ဇောင်ပိုင်ချွမ် ထွက်သွားသောအခါတွင် ဟန်မူယဲ့၊ ကျောက်ချန်နှင့် တုစန်ကျန်းတို့က တုံ့ဆိုင်းမနေဘဲ ယွင်လုမြို့၏ စစ်ဆေးခြင်းခန်းဆောင်သို့ တိုက်ရိုက်သွားလိုက်ကြသည်။
တုစန်ကျန်းနှင့် တခြားလူများက ယွင်လုမြို့သို့ ပထမဆုံးရောက်ဖူးခြင်း ဖြစ်သောကြောင့် ရွှေအလင်းရောင်ဖြင့် တောက်ပနေသော ပတ်ဝန်းကျင်ရှိ ခန်းဆောင်နှင့် စံအိမ်များကို ကြည့်လိုက်ပြီး အံ့အားသင့်နေကြသည်။
“ကျင့်ကြံခြင်းလောကရဲ့ အဓိကမြို့ကြီးတစ်မြို့က ဒီလိုမျိုးပဲ ဖြစ်သင့်တယ်”
တုစန်ကျန်း၏ဘေးတွင်ရှိသော လူတစ်ယောက်က ရေရွတ်လိုက်သည်။
ယွင်လုမြို့သည် ချင်းယွင်မြို့နှင့် မိုင်ပေါင်းများစွာကွာဝေးပြီး တောရိုင်းမြေမှ ကျင့်ကြံသူအများစုသည် ယွင်လုမြို့သို့ မရောက်ဖူးကြပေ။
တောရိုင်းမြေသည် ဖြတ်သန်းရန်ခက်ခဲပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါသည် ဈေးကြီးသည်။
ယွင်လုမြို့၏ အလယ်ပိုင်းသည် မြင့်မားသောအဆောက်အအုံများဖြင့် ပြည့်နှက်နေသည်။
ထိုအဆောက်အအုံများသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သည်။
“အဲဒါက ဓားဂိုဏ်းရဲ့ စမ်းသပ်ခြင်းခန်းဆောင်ပဲ”
ကျောက်ချန်က စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် သုံးလွှာခန်းဆောင်တစ်ခုကို ညွှန်ပြသည်။ သူက ဟန်မူယဲ့ကို လှည့်ကြည့်ပြီး ဦးညွတ်လိုက်သည်။
“ကျောက်ချန်က အစ်ကိုဟန် အောင်မြင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်”
တုစန်ကျန်းနှင့် တခြားလူများကလည်း ဦးညွတ်လိုက်ကြပြီး ညင်သာစွာပြောသည်။
“ကောင်းကင်အထိ တက်သွားမယ့် သခင်လေးအတွက် ဂုဏ်ပြုပါတယ်”
ဟန်မူယဲ့က ခန်းဆောင်အတွင်းသို့ ဝင်ရောက်ပြီး စမ်းသပ်မှုကို ကျော်ဖြတ်ပြီးလျှင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တရားဝင်တပည့်တစ်ယောက် ဖြစ်လာလိမ့်မည်။
ထိုအထောက်အထားနှင့်ဆိုလျှင် သူက အင်မော်တယ်ကမ္ဘာတွင် တည်ငြိမ်စွာ အခြေချနိုင်သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။
ထိုအရာသည် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိလူများက ဟန်မူယဲ့တို့ကို ကြည့်လိုက်ကြသည်။
စမ်းသပ်ခြင်းခန်းဆောင်သို့ ရောက်လာသောလူများ ရှိနေကြသည်။ တချို့က ယုံကြည်ချက်ရှိပြီး တချို့က ရည်မှန်းချက်ကြီးသည်။ တချို့က စိုးရိမ်ပြီး စိတ်လှုပ်ရှားနေကြသည်။
ကြိုတင်ဂုဏ်ပြုပေးနေသောလူများလည်း ရှိကြသည်။ သို့သော် ထိုလူများက အနည်းငယ်သာ ဖြစ်ကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တရားဝင်တပည့်တစ်ယောက် ဖြစ်မလာခင် အင်အားစုတစ်ခုကို စုစည်းထားနိုင်သောလူများ သိပ်မရှိကြပေ။
လွှမ်းမိုးနိုင်စွမ်းရှိသော လူများသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသို့ ဝင်ရောက်သွားကြပြီဖြစ်သည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် သန်မာသူများကို လိုအပ်သည်။
ခန်းဆောင်၏အပြင်ဘက်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အပြင်စည်းတပည့်အဝတ်အစားကို ဝတ်ဆင်ထားသော ဒါဇင်ချီနေသည့်တပည့်များ ရှိကြသည်။
“နာမည်ကျောက်စိမ်းပြား၊ နည်းစနစ်မှတ်တမ်း၊ အမွေအနှစ်သက်သေနဲ့ စမ်းသပ်မှုအခကြေးငွေကို ပြင်ဆင်ထားကြပါ”
“တန်းစီပြီး ခန်းဆောင်ထဲကို ဝင်ပါ။ ဆူညံသံပြုလုပ်လို့ မရပါဘူး”
စမ်းသပ်မှုတွင် ပါဝင်မည့် ကျင့်ကြံသူများက တန်းစီလိုက်ကြပြီး ဖြည်းဖြည်းချင်း ရှေ့တိုးသွားသည်။
အများစုသည် ဓားကျင့်ကြံသူများ ဖြစ်ကြသော်လည်း ဆေးလုံးအငွေ့အသက်၊ မီးတောက်အငွေ့အသက်ကို ထုတ်လွှတ်နေသော ကျင့်ကြံသူတချို့လည်း ရှိကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဓားကျင့်ကြံသူများကိုသာ စုဆောင်းခြင်းမဟုတ်ပေ။
ဟန်မူယဲ့က လူအုပ်ကြားတွင် သာမန်အတိုင်း ရှိနေသည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
ဟန်မူယဲ့က ကျောက်လှေကားပေါ်သို့ ရောက်သွားပြီး ကျောက်စိမ်းတံဆိပ်ပြားများကို ပေးလိုက်သည်။
ထိုအရာသည် သူ၏ နာမည်နှင့် အမျိုးမျိုးသော အမွေအနှစ်မှတ်တမ်းများ ဖြစ်ကြသည်။
ချင်းယွင်မြို့တွင် ဝမ်ကျင်းထိုက်က စီစဉ်ပေးခဲ့သည်။
ကျောက်စိမ်းတံဆိပ်များနှင့်အတူ ပေးလိုက်သော စမ်းသပ်မှုအခကြေးငွေအတွက် ရွှေရောင်တံဆိပ်ပြားလည်း ရှိသည်။
ထိုရွှေရောင်တံဆိပ်ပြားသည် ဝိညာဉ်ကျောက်တုံးတစ်ထောင် တန်ဖိုးရှိသည်။
ထိုတံဆိပ်ပြားကို မြို့အသီးသီးတွင်ရှိသော တပည့်များက ရောင်းချကြသည်။
တံဆိပ်ပြားအတွက် ပွဲစားခလည်း ရရှိသည်။
ထိုရွှေရောင်တံဆိပ်ပြားကို ဝမ်ကျင်းထိုက်က အလကားပေးလိုက်သည်။
နာမည်ခံတပည့်တစ်ယောက်သည် ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို အသုံးပြုရသည်။ ထိုစီးပွားရေးက အလွန်ကောင်းသည်။
ယနေ့တွင် အနည်းဆုံး လူတစ်ထောင်ခန့် ရှိနေသည်။
အစိမ်းရောင်ဝတ်စုံနှင့်တပည့်က ကျောက်စိမ်းပြားနှင့် စမ်းသပ်မှုအခကြေးငွေကို စစ်ဆေးကြည့်လိုက်ပြီး ဟန်မူယဲ့ကို ပြန်ပေးသည်။
“အထဲမှာရှိနေတဲ့ ဂိုဏ်းတပည့်တွေကို ပေးလိုက်ပါ။ သူတို့က စမ်းသပ်ပွဲအတွက် စီစဉ်ပေးလိမ့်မယ်”
အပြင်စည်းတပည့်များသည် ဆုံးဖြတ်ချက်ချရန် လုပ်ပိုင်ခွင့်မရှိပေ။ သူတို့က စစ်ဆေးပေးရုံသာ ဖြစ်ကြသည်။
ဟန်မူယဲ့က ကျောက်စိမ်းတံဆိပ်ပြားများကို ယူလိုက်ပြီး ခန်းဆောင်အတွင်းသို့ ဝင်သွားသည်။
သူက အထဲသို့ရောက်သွားသောအခါ စားပွဲရှည်၏နောက်တွင် ရှိနေသော အတွင်းစည်းတပည့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို မြင်လိုက်ရသည်။
ဟန်မူယဲ့က ရှေ့တက်သွားပြီး ကျောက်စိမ်းပြားများကို စားပွဲပေါ်တွင် တင်လိုက်သည်။
“ချင်းယွင်မြို့ရဲ့ ဟန်မူယဲ့၊ လေမိုးကြိုးဓားနည်းစနစ်ကို ကျွမ်းကျင်ပြီး ရေထိန်းချုပ်နည်းစနစ်ကို ကျင့်ကြံထားတယ် ....”
ထိုတပည့်က ခဏတာ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“ဝိညာဉ်သူငယ် အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်”
ထိုကျင့်ကြံဆင့်နှင့် စမ်းသပ်မှုကို သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မည်။
တခြားတပည့်များက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။
ခန်းဆောင်ထဲတွင်ရှိနေသော စမ်းသပ်မှုအတွက် စောင့်ဆိုင်းနေသည့် ကျင့်ကြံသူများကလည်း ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
‘သာမန်ပုံစံပေါက်နေတဲ့ အဲဒီလူက ကောင်းကင်အဆင့် ကျွမ်းကျင်သူတဲ့လား’
‘သူက ကောင်းကင်အဆင့်ကို ရောက်နေတာတောင် စမ်းသပ်ပွဲကို လာဖြေသေးတယ်။ တကယ်နှိမ့်ချတတ်တာပဲ’
“ချင်းယွင်မြို့လား။ ငါမှတ်မိတာမှန်ရင် ဂိုဏ်းတူအစ်ကိုဝမ်ကျင်းထိုက်က အဲဒီမှာ တာဝန်ကျနေတာမဟုတ်လား”
ရှေ့တွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ထိုဓားကျင့်ကြံသူ၏ မျက်လုံးများက တောက်ပသွားပြီး ဆက်မေးသည်။
“မင်းက ဂိုဏ်းတူအစ်ကို ဝမ်ကျင်းထိုက်ကို သိတာလား”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး စာတစ်စောင်ကို ထုတ်ပေးသည်။
“ဂိုဏ်းတူအစ်ကိုဝမ်က ထောက်ခံစာတစ်စောင် ရေးပေးလိုက်ပါတယ်”
သူက စာအိတ်ကို ထုတ်ပြလိုက်သည်။ စာအိပ်ပေါ်တွင် လေးစားစွာဖြင့် ကျင်းထိုက်ဟု ရေးထားသည်။
ထိုစာအိတ်ကို မြင်လိုက်ရသောအခါတွင် ဓားကျင့်ကြံသူက အပြုံးတစ်ခုနှင့်အတူ မတ်တပ်ရပ်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ဂိုဏ်းတူအစ်ကို ဝမ်ကျင်းထိုက်က မင်းကို ထောက်ခံပေးလိုက်မှတော့ မင်းက ငါတို့ထဲက တစ်ယောက်ပဲ”
စမ်းသပ်မှုအတွက် တာဝန်ယူထားသော တခြားတပည့်များကလည်း ပြုံးနေကြသည်။
ယွီကျစ်ဒေသကို စောင့်ရှောက်ထားသော ဝမ်မင်ဟယ်သည် ကျန်းရွှမ်ခန်းဆောင်၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ တောရိုင်းမြေတွင် တာဝန်ကျနေသော တပည့်အများစုသည် ကျန်းရွှမ်ခန်းဆောင်မှ ဖြစ်ကြသည်။
“စမ်းသပ်မှုကို မကျော်ဖြတ်ရသေးဘဲ အလျင်စလို မဆုံးဖြတ်နဲ့။ ချီယွမ်ခန်းဆောင်ကလည်း ပါရမီရှင်တွေကို ကြိုဆိုတယ်”
အစိမ်းရောင်ဝတ်စုံနှင့် တပည့်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ခန်းဆောင်အရေအတွက်ကို အတိအကျ မသိနိုင်ပေ။ ဂိုဏ်းတပည့်များကပင် မသိလောက်ပေ။
ခန်းဆောင်တစ်ခု၏ မျိုးဆက်များ ပျောက်ဆုံးသွားခဲ့လျှင် ခန်းဆောင်၏ တည်ရှိမှုက ရပ်တန့်သွားလိမ့်မည်။