ဟန်ဟွမ်နဲ့ ဟန်ကျွယ် တိုက်ခိုက်ခြင်း
Vol. 101 Ch. 1053
နှစ်ငါးသန်းဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သူ့ကျင့်ကြံမှုကို အာရုံခံကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး ကျေနပ်အားရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်း အပြင်ဘက်မှာ ရှိတဲ့ ဟန်ဟွမ်ကို အသံလွှင့်လိုက်ပါတယ်။
ဟန်ဟွမ် ပြန်ရောက်လာတာက လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော် ကတည်းကပါ။ ဒါပေမဲ့ ဟန်ကျွယ်က ဂူအောင်းကျင့်ကြံနေတဲ့အတွက် အပြင်မှာပဲ စောင့်နေရပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟန်ဟွမ်ကို အတော်လေး သဘောကျပါတယ်။ သူ့ရဲ့ ဒုတိယသားက စွမ်းအားကြီးလာပေမဲ့ မောက်မာခြင်းမရှိဘဲ သူ့ကို ရိုရိုသေသေ ဆက်ဆံတယ် မဟုတ်ပါလား။
ဟန်ဟွမ်ဟာ တာအိုဘုံကျောင်းထဲကို ခပ်သုတ်သုတ် ရောက်လာပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။ တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ရှန်ဝေါ်လည်း နိုးသွားပါတယ်။
ဟန်ဟွမ်လည်း ရှန်ဝေါ်ကို သတိထားမိသွားပြီး စပ်စုချင်စိတ် ပေါက်သွားပါတယ် ‘အဖေက နောက်ထပ် ပါရမီရှင်တစ်ပါးကို ပျိုးထောင်နေတာလား...’
ဒါပေမဲ့ ဟန်ဟွမ်ဟာ ရှန်ဝေါ်ရဲ့ ရောင်ဝါက အားနည်းလွန်းပြီး သူ့ကို မြင်တဲ့အခါ ကြောက်ရွံ့သွားတာ တွေ့လိုက်ရတဲ့အတွက် ထိပ်သီးကျင့်ကြံသူရဲ့ စိတ်ဓာတ်မျိုး မရှိဘူးလို့ ကောက်ချက်ချလိုက်ပါတယ်။ စိတ်ထဲမှာလည်း အထင်သေးသွားပါတယ်။
ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ဟွမ်အာ... သား ပြန်မလာတာ ဘယ်လောက်ကြာသွားပြီလဲ၊ နှစ်သန်း ၁၀၀ လောက်ရှိသွားပြီးနော်၊ ဟုတ်တယ်မလား၊ သားက အဖေ့ကို မေ့သွားပြီလို့တောင် ထင်နေတာ”
ဟန်ဟွမ်ဟာ ရှက်ရှက်နဲ့ “သား စွမ်းအားကြီးလာအောင် ကြိုးစားရင်း အလုပ်ရှုပ်နေလို့ ကျေးဇူးမသိတတ်နိုင်ခဲ့ဘူး၊ အဖေ... သားကို အပြစ်ပေးပါ”
“အို... ဘယ်လိုပေးရမှာလဲ” ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ဟွမ်က သူ့တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်ထားတယ်ဆိုတာ ဘယ်လိုလုပ်ပြီး မမြင်ဘဲနေမှာလဲ။
‘ကောင်စုတ်လေး... မင်းက ငါ့ကို တကယ်တမ်း စိန်ခေါ်ချင်တာပဲ၊ မင်းရဲ့ တာအိုနှလုံးသားလေး ကျိုးပျက်သွားဦးမယ်’
ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ တောက်လောင်လာပါတယ် “သားကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အပြစ်ပေးပါလား”
ဟန်ကျွယ်ဟာ ရယ်လိုက်ပါတယ်။
ရှန်ဝေါ်ကလည်း ဟန်ဟွမ်ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ရှန်ဝေါ်ဟာ ဟန်ကျွယ်နဲ့ လက်ရည်စမ်းပြီးကတည်းက ဒီလိုအတွေးမျိုး ထပ်မရှိတော့ပါဘူး။ ဟန်ကျွယ်က စွမ်းအားအကြီးဆုံး တည်ရှိမှုပဲလို့ ခံယူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆို အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ကြမယ်”
ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ သူနဲ့ ဟန်ဟွမ် နှစ်ယောက်စလုံး အသွင်တူ လက်ရည်စမ်းပွဲထဲ ချက်ချင်း ရောက်သွားပါတယ်။
အသွင်တူ လက်ရည်စမ်းပွဲ၊ ဟင်းလင်းပြင်။
သားအဖနှစ်ယောက်ဟာ ပေတစ်ထောင် ခြားပြီး ရပ်နေကြပါတယ်။ ဒီအကွာအဝေး သူတို့တွေရဲ့ ကျင့်ကြံမှုနဲ့ ခြေတစ်လှမ်းစာတောင် မရှိပါဘူး။
ဟန်ဟွမ်ဟာ သူ့အဖေကို ကြည့်ပြီး သွေးတွေ ဆူပွက်သွားပါတယ် “အဖေ... သား ဒီနေ့ကို စောင့်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာ အဖေသိလား၊ သားက ပဋိပက္ခထဲမှာ ပြိုင်ဘက်ကင်းပေမဲ့ အဖေက စွမ်းအားပိုကြီးတယ်ဆိုတာကို သားသိတယ်၊ အဖေက သားရောက်ချင်တဲ့ ထိပ်ဆုံးနေရာပဲ”
“အန္တိမဒဏ်ခတ်နတ်မင်းက သားကို မယှဉ်နိုင်ဘူး၊ အဲဒီ ရှီထျန် သာလွန် သိစိတ်မဲ့ မဟာတာအိုကမ္ဘာတွေထဲက တည်ရှိမှု အကုန်လုံးလည်း သားကို မယှဉ်နိုင်ဘူး၊ အခု သားအတွက် အဖေ့ကို စိန်ခေါ်ဖို့ အချိန်ကျပြီ... သားက အဖေ့ကို သစ္စာဖောက်တာ မဟုတ်ပါဘူး၊ အစွမ်းအထက်ဆုံး ဖြစ်ချင်ရုံတင်ပါ” ဟန်ဟွမ်က ထက်သန်စွာ ပြောလိုက်ပါတယ်။
လောကဦး ခရမ်းရောင်ချီဟာ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကနေ မီးတိုင်လို ထွက်ပေါ်လာပါတယ်။ ပဋိပက္ခ၊ သိစိတ်မဲ့၊ သာလွန်၊ ရှီထျန် မဟာတာအိုကမ္ဘာလေးပါးရဲ့ အထွတ်အထိပ် နိယာမတွေက ခရမ်းရောင် နဂါးလေးကောင် ဖြစ်ပေါ်လာပြီး ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပါတယ်။ နဂါးကြေးခွံတွေကလည်း မဟာတာအို ကြေးခွံတွေပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
ဟန်ဟွမ်ဟာ ချက်ချင်း တိုက်ခိုက်ပါတယ်။ ဟန်ဟွမ်ဟာ လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်တဲ့အခါ တန်ခိုးကြီးမား မဟာလက်ဝါး ထွက်ပေါ်လာပြီး ဟန်ကျွယ်ကို တရကြမ်း ဝင်တိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ပေါ်က အကောင်းစား ရတနာဟာ အားကောင်းတဲ့ အလင်းရောင်ကို ထုတ်လွှတ်ပြီး ဟန်ဟွမ်ရဲ့ တိုက်ခိုက်မှုကို အသာလေး ဟန့်တားလိုက်ပါတယ်။
ဟန်ဟွမ်ဟာ မျက်နှာအမူအရာ ပြောင်းသွားပြီး ဆက်တိုက်ပါတယ်။ ဒါပေမဲ့ သူ ဘယ်ဆန်းကြယ်စွမ်းအားပဲ ထုတ်ထုတ်၊ ဘယ်လို နည်းလမ်းပဲ သုံးသုံး၊ ဘယ်လိုနေရာပဲ တိုက်တိုက် ဟန်ကျွယ်ရဲ့ ဆံခြည်တစ်မျှင်တောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး။
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’ ဟန်ဟွမ်ဟာ သူ့အဖေနဲ့ တိုက်ခိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အခြေအနေပေါင်း မြောက်မြားစွာကို စိတ်ကူးကြည့်ပြီးပါပြီ။ ရှုံးမယ်ဆိုတာကို သိပေမဲ့ သူ့အဖေရဲ့ ဓမ္မရတနာ ခံစစ်ကိုတောင် မချိုးဖျက်နိုင်လောက်တဲ့အထိ အပြတ်အသတ် ရှုံးနိမ့်လိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
‘မဖြစ်နိုင်ဘူး... မဟာတာအိုကမ္ဘာလေးပါးရဲ့ ဘယ်နေရာကနေ ဒီလောက် စွမ်းအားကြီးတဲ့ အကောင်းစား ရတနာ ပေါ်လာရတာလဲ၊ ငါ တစ်ခါမှ မကြားဖူးဘူး’
ဟန်ဟွမ်ဟာ အံကြိတ်ပြီး မတိုးမကျယ် ပြောလိုက်ပါတယ် “အဖေ... အဖေက သားကို တကယ် အံ့အားသင့်စေတာပဲ၊ ဒီလိုဆိုမှတော့ သား တကယ် တိုက်တော့မယ်”
“ဝုန်း...”
ဟန်ဟွမ်ဟာ အန္တိမမူလစွမ်းအားကို စပြီးတော့ ထုတ်သုံးပါတယ်။
ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲက အန္တိမမူလစွမ်းအား ငှားယူခံရတာကို ရှင်းရှင်းလင်းလင်း ခံစားမိပါတယ်။ ဒီခံစားချက်က တော်တော်လေး အားနည်းတယ်ဆိုပေမဲ့ အလွန်တရာမှ ထူးဆန်းတဲ့ ခံစားချက်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့စွမ်းအားကို ငှားယူလိုက်တဲ့လူက သူ့ရှေ့မှာ ရှိနေလို့ပါပဲ။
‘ဒီလိုဆိုမှတော့ မင်း ဘယ်တုန်းကမှ မခံစားဖူးတဲ့ စွမ်းအားကို ပေးခံစားမယ်’
ဟန်ကျွယ် စိတ်လျှော့လိုက်ပါတယ်။
အတောမသတ်နိုင်အောင် များပြားလှတဲ့ အန္တိမမူလစွမ်းအားဟာ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာတဲ့အတွက် ဟန်ဟွမ်ဟာ အံ့ဩ တုန်လှုပ်သွားပါတယ်။
‘ဒါက...’ ဟန်ဟွမ်ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ် ‘ငါ့အဖေကို ရင်ဆိုင်ရလို့ ဖိအားများပြီး အကန့်အသတ်ကို ချိုးဖျက်နိုင်လိုက်တာလား’
တစ်ခါမှ မရရှိခဲ့ဖူးတဲ့ ကျယ်ပြောလှတဲ့ စွမ်းအားကို ခံစားမိလိုက်တာကြောင့် ဟန်ဟွမ်ဟာ သွေးနားထင်ရောက်ပြီး စိတ်ကြီးဝင်သွားပါတယ်။
ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး ရယ်မောလိုက်ပါတယ် “အဖေ... ခံစားမိလား... ဒါက သားရဲ့ စွမ်းအားပဲ၊ ဒါက လွန်ခဲ့တဲ့ နှစ်သန်းတစ်ရာအတွင်း သား ရလာခဲ့တဲ့ စွမ်းအားပဲ၊ သားသာ အဖေ့လို ဂူအောင်းကျင့်ကြံရင် ဒီလိုစွမ်းအားကို ရဖို့ ခက်လိမ့်မယ်၊ လောကဦး နတ်ဘီလူးက တိုက်ခိုက်ဖို့ မွေးဖွားလာတာ၊ အဲဒီ ပဋိပက္ခ နတ်ဘီလူးတွေ နှိုင်းယှဉ်လို့မရတဲ့ အရာပဲ”
တတ်ကြွတဲ့ ကြက်ဖဖြစ်နေတဲ့ သူ့သားကို ကြည့်ပြီး ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “လောကဦး နတ်ဘီလူးက ပဋိက္ခနတ်ဘီလူးထက် စွမ်းအားကြီးတာ အမှန်ပဲ၊ အရည်အချင်းရော စွမ်းအားရော အပြတ်အသတ် သာတယ်”
ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ထဲက အန္တိမမူလစွမ်းအားဟာ ဆက်ပြီးတော့ တိုးနေတုန်းပါ။ ဟန်ဟွမ်ဟာ ဒီစွမ်းအားကို တမ်းတမ်းစွဲ ဖြစ်နေပါတယ်။ ဟန်ဟွမ်ဟာ ပြုံးပြီး “အဖေ... နောက်ဆုံးတော့ ဝန်ခံပြီလား၊ ဒါဆို သားက အဖေ့ကို ကျော်လွန်နိုင်ပြီလို့ ထင်လား”
ဟန်ကျွယ်က ထူးဆန်းတဲ့မျက်နှာနဲ့ မေးလိုက်ပါတယ် “ပဋိပက္ခ နတ်ဘီလူးကနေ လောကဦးနတ်ဘီလူးကို မွေးဖွားလာနိုင်တယ်လို့ သားက တကယ်ကြီး ထင်နေတာလား”
ဒီမေးခွန်းကြောင့် ဟန်ဟွမ်ဟာ နှလုံးလှုပ်သွားပါတယ် “အဖေက...”
ဟန်ကျွယ်ရဲ့ မျက်နှာဟာ ရုတ်ခြည်း ကြောက်စရာ ကောင်းသွားပါတယ် “ဟွမ်အာ... ဒီနေ့... အဖေ သားကို မဟာတာအို အထွတ်အထိပ်အဆင့် အထက်က စွမ်းအားကို ခံစားခွင့်ပေးမယ်၊ အဖေက သနားညှာတာမှာ မဟုတ်တော့ တာအိုနှလုံးသား မပြိုလဲအောင် ဂရုစိုက်ချည်၊ ဒါက သားအတွက် အစွမ်းအထက်ဆုံး လမ်းကြောင်းပဲ”
ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်ကာ အဆုံးမဲ့သွားပါတယ်။
ဟန်ဟွမ်ဟာ မော့ကြည့်ပြီး နတ်အာရုံကို အဆုံးစွန်ထိ ဖြန့်ကြက်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နတ်အာရုံ ဖြန့်ကြက်နှုန်းက အန္တိမမူလ ကောင်းကင်တံဆိပ်တော် ကျယ်ပြန့်နှုန်းကို လိုက်မမီပါဘူး။
မကြာခင်မှာပဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က ပဋိပက္ခအရွယ်အစားထက် ကျော်လွန်သွားပြီး ဆက်လက် ကျယ်ပြန့်နေသေးတာကို ဟန်ဟွမ် ရှာတွေ့သွားပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲ တစ်ခုလုံးကို နှစ်ခြမ်းဖြစ်အောင် ခွဲလိုက်သလိုပါပဲ။
ဟန်ဟွမ်ဟာ သူ့အာရုံကိုတောင် မယုံနိုင်အောင် ဖြစ်သွားပါတယ် ‘ဒါ ဘယ်လိုစွမ်းအားမျိုးလဲ’
“ဝုန်း...”
အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ကြောက်မက်ဖွယ် တန်ခိုးစွမ်းအားနဲ့ ဆင်းသက်လာပါတယ်။ ဟန်ဟွမ်ဟာ ရှောင်တိမ်းချင်ပေမဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကနေ လွတ်အောင် ခုန်မထွက်နိုင်တာကို ရှာတွေ့သွားပါတယ်။ အဲဒါကြောင့် ဟန်ဟွမ်ဟာ ဆက်တိုက် နေရာရွှေ့ပါတယ်။
‘ဒါ ဘာကြီးလဲ... ဒါ အနန္တအထိတော့ မကြီးနိုင်ပါဘူး၊ အဆုံးမရှိတာတော့ မဖြစ်နိုင်ဘူး... အာကာသ နိယာမများလား... အာကာသ နိယာမဆိုရင် ဘယ်လို နိယာမမျိုးလဲ... အထွတ်အထိပ် နိယာမလား...’
ဟန်ဟွမ်ဟာ လုံးဝကို ထိတ်လန့်သွားပါတယ်။ ဟန်ဟွမ်ဟာ တစ်ခါမှာ ဒီလိုမျိုး အထိတ်တလန့် မဖြစ်ခဲ့ပါဘူး။ ဒီအခြေအနေမျိုးထိ ရောက်အောင်လည်း တစ်ခါမှ ဖိအားပေး မခံခဲ့ရပါဘူး။
သူ့အဖေရဲ့ စွမ်းအားက ဟန်ဟွမ်ကို မျှော်လင့်ချက် ကင်းမဲ့သွားစေပြီး မလွဲမသွေ ရှုံးနိမ့်မှာပဲလို့ ခံစားလိုက်ရပါတယ်။
ဒီအချိန်မှာပဲ...
ဟန်ဟွမ် ခန္ဓာကိုယ်ထဲက အန္တိမမူလ စွမ်းအားဟာ ထပ်တိုးလာပါတယ်။ ဒီတစ်ကြိမ် အန္တိမမူလ စွမ်းအားက အားကောင်းလွန်းတဲ့အတွက် ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကို စုတ်ပြဲသွားပြီး ဝိညာဉ်တောင် ခုန်ထွက်လုနီး ဖြစ်သွားပါတယ်။
‘လောကဦး နတ်ဘီလူးတောင် တောင့်မခံနိုင်တဲ့ စွမ်းအား... ဒီစွမ်းအားနဲ့ ငါ ဒီတံဆိပ်ကို မချိုးဖျက်နိုင်ဘူးဆိုတာ မယုံဘူး’
ဟန်ဟွမ်ရဲ့ အမူအရာဟာ အသူရာလို ပြောင်းလဲသွားပြီး ဒေါသတကြီး ဟိန်းဟောက်ကာ ကောင်းကင်ကို လက်သီးနဲ့ ထိုးလိုက်ပါတယ်။ အန္တိမမူလစွမ်းအားဟာ အထွတ်အထိပ် နိယာမလေးပါးကနေ ဖြစ်တည်လာတဲ့ ခရမ်းရောင်နဂါးလေးကောင်ကို သယ်ဆောင်ပြီး ကောင်းကင်ယံ ထိုးတက်သွားပါတယ်။
ဒီစွမ်းအားက အချိန်နဲ့ ပဋိပက္ခကို ထိုးဖောက်ပြီး အချိန်နောက်ပြန်သွားကာ အင်မော်တယ်တွေကို ပြာအတိကျစေနိုင်တဲ့အထိ ကြီးမားပါတယ်။
“ဝုန်း...”
ဒီစွမ်းအားဟာ အဆုံးမဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ တိုက်မိတဲ့အခါ နေမင်းနဲ့ ယှဉ်ပြိုင်တဲ့ ပိုးစုန်းကြူးလိုမျိုး အရောင်အဝါ ကွယ်ပျောက်ပြီး လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
သူ့လျှို့ဝှက်ဆန်းကြယ် စွမ်းအားက အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရဲ့ ချေဖျက်မှုကြောင့် အစအနမကျန်အောင် ပျောက်ကွယ်သွားတဲ့အခါ ဟန်ဟွမ်ဟာ လုံးဝကို မျှော်လင့်ချက် မဲ့သွားပါတယ်။
“မဟုတ်ဘူး”
ဟန်ဟွမ် ဒေါသတကြီး အော်ဟစ်လိုက်တုန်းမှာပဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ဆင်းသက်လာပါတယ်။
ဟန်ဟွမ်ဟာ ရုတ်တရက် နိုးသွားပြီး ဟန်ကျွယ်နဲ့ ရှန်ဝေါ်ကို မြင်လိုက်ရပါတယ်။
အသွင်တူ လက်ရည်စမ်းပွဲက ပြီးသွားပါပြီ။
သူရှုံးသွားပါတယ်။ ရှုံးတာမှ အပြတ်အသတ်ကို ရှုံးတာပါ။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရဲ့ ပုံရိပ်က စိတ်ထဲမှာ စွဲကျန်နေတာမလို့ ဟန်ဟွမ်ဟာ ဒါကို ပြန်တွေးမိတိုင်း ချောက်ချားသွားပါတယ်။ မျက်လုံးတွေက သွေးလိုနီရဲပြီး လက်တွေက တဆတ်ဆတ် တုန်သွားပါတယ်။
ရှန်ဝေါ်ဟာ သူ့ရဲ့ ဒီဘိုးဘေးကို ကြည့်ပြီး စိတ်ထဲမှာ ပြောလိုက်ပါတယ် ‘ဘိုးဘေးက ငယ်လွန်းသေးတယ်၊ ယုတ္တိကျကျဆိုရင် ဒီလိုမဖြစ်သင့်ဘူး... ကနဦးဘိုးဘေးက ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို ဒီဘိုးဘေးက ငါ့ထက် ပိုသိသင့်တယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။