မွေးရာပါ မဟာ ကံတရားအထောက်အပံ့
Vol. 101 Ch. 1054
ဟန်ဟွမ်ဟာ အရင်တစ်ခါ ရှန်ဝေါ်ဖြစ်သလိုမျိုး အချိန်အကြာကြီး ငေးကြောင်ကြောင် ဖြစ်နေပါတယ်။ တော်တော်နဲ့ သတိပြန်ဝင်မလာပါဘူး။ ဟန်ကျွယ်ကလည်း သူ့ကို မနှစ်သိမ့်ပါဘူး။ ဒါက အန္တိမမူလစွမ်းအားကြောင့် ဟန်ဟွမ် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားအောင် သတိပေးလိုက်တာပါ။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို သူက အန္တိမမူလ နတ်ဘီလူးဆိုတာ မပြောနိုင်ပါဘူး။ သူ ဟန်ဟွမ်ကို ယုံကြည်ရင်တောင် နဝမပဋိပက္ခက ဟန်ဟွမ်ရဲ့ မှတ်ဉာဏ်ကို မဖတ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ အကြွင်းမဲ့ ပြိုင်ဘက် မကင်းခင်အထိ ဂရုစိုက်တာ အကောင်းဆုံးပါ။
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ရှန်ဝေါ်လည်း တရိုတသေ ဦးညွှတ်ပြီး တာအိုဘုံကျောင်းထဲက ထွက်သွားပါတယ်။
ရှန်ဝေါ် အပြင်ရောက်တာနဲ့ ရှင်းဟုန်ရွှမ်၊ ချင်းလွမ်အာနဲ့ တခြားတပည့်တွေရဲ့ အထဲက အခြေအနေအကြောင်း ဝိုင်းမေးတာကို ခံရပါတယ်။ ရှန်ဝေါ်ဟာ ဘာမှ မဖုံးကွယ်ဘဲ အမှန်တိုင်း ဖြေပါတယ်။
ဟန်ဟွမ်က ဟန်ကျွယ်ကို စိန်ခေါ်လို့ အရှုံးကြီး ရှုံးသွားတယ်ဆိုတာကို ကြားလိုက်ရတဲ့အခါ ဘယ်သူမှ မအံ့ဩကြပါဘူး။
သူတို့မျက်စိထဲမှာ ဟန်ကျွယ်က ပြိုင်ဘက်ကင်းတဲ့အတွက် ဟန်ဟွမ်ရဲ့ အရည်အချင်းက ဘယ်လောက်ပဲ ထက်မြက် ထက်မြက် ဟန်ကျွယ်ကို ကျော်တက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ရှင်းဟုန်ရွှမ်က စောဒက တက်လိုက်ပါတယ် “ဒီကောင်လေးက မိုးမြေ ဘယ်လောက် ကျယ်လဲဆိုတာကို မသိဘူး၊ အပြင်ထွက်လာရင် ငါ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်”
ချင်းလွမ်အာဟာ ခေါင်းခါလိုက်ပါတယ် “အစ်မ... ဒီလိုမလုပ်ပါနဲ့၊ ဒီကိစ္စက သူတို့သားအဖချင်းပဲ ဖြေရှင်းပါစေ၊ ဟွမ်အာက ကြီးပြင်းလာပြီ၊ အရင်လို ကလေးလေး မဟုတ်တော့ဘူး၊ ဒီအတိုင်း ဝင်မပါဘဲ နေကြရအောင်”
ရှင်းဟုန်ရွမ်ဟာ သက်ပြင်းချလိုက်ပါတယ် “သူ အပြင်ထွက်သွားတာ နှစ်သန်းတစ်ရာတောင် ရှိတော့မှာဆိုတော့ တကယ်ကြာတယ်၊ ငါတို့တွေက နေ့တိုင်း ကျင့်ကြံအားထုတ်နေတော့ ဘာမှ မခံစားမိဘူး၊ ဒါပေမဲ့ သူက အတွေ့အကြုံ အများကြီးကို တွေ့ကြုံခံစားရတာဆိုတော့ ပြောင်းလဲသွားဖို့ လုံလောက်တယ်”
ရှင်းဟုန်ရွှမ်ဟာ ငယ်ရွယ်စဉ်ကတည်းက အခက်အခဲအများကြီး ကြုံဖူးတာမလို့ လူတစ်ယောက် ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေက အဲဒီလူရဲ့ စရိုက်ကို ပြောင်းလဲပေးနိုင်မှန်း သိထားပါတယ်။
ချင်းလွမ်အာဟာ ပြုံးလိုက်ပါတယ် “အများကြီးလည်း မစိုးရိမ်ပါနဲ့၊ ယောက်ျားမှာ သေချာပေါက် အစီအစဉ်ရှိမှာပါ၊ ယောက်ျားရဲ့ အကြည့်ကာ ပဋိပက္ခတစ်ခုလုံးကို ထိုးဖောက် မြင်နိုင်တယ်၊ ဟွမ်အာရဲ့ ပြောင်းလဲမှုတွေ အကုန်လုံးက ယောက်ျားက သိပြီးတာ ဖြစ်နိုင်တယ်”
ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်ပြီး ချင်းလွမ်အာရဲ့ စကားကို သဘောတူလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ဟွမ်ကို သူမ မထိန်းချုပ်နိုင်တော့တဲ့အတွက် ဟန်ကျွယ်လက်ထဲ အပ်ထားလိုက်တာ အကောင်းဆုံးပါ။
တာအိုဘုံကျောင်းအတွင်း။
နောက်ဆုံးမှာတော့ ဟန်ဟွမ်ဟာ သတိပြန်ဝင်လာပြီး ဟန်ကျွယ်ရှေ့ ဒူးထောက်ကာ သေသေချာချာ မေးလိုက်ပါတယ် “အဖေ... အဖေ ခုနကပြောတာ ဘာအဓိပ္ပာယ်လဲ၊ အဖေကလည်း လောကဦး နတ်ဘီလူးလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ပဋိပက္ခက လောကဦး နတ်ဘီလူးတစ်ပါးပဲ ဝင်ဆံ့နိုင်တယ်၊ အဲဒါကြောင့် သားက သားအမေဗိုက်ထဲမှာ နှစ်သန်းချီအောင် နေခဲ့ရတာ”
ဟန်ဟွမ်ဟာ နှလုံးလှုပ်သွားပြီး တုန်တုန်ယင်ယင် မေးလိုက်ပါတယ် “အဲဒါဆို အဖေက...”
“ဟုတ်တယ်၊ အဖေက ပဋိပက္ခနတ်ဘီလူး သွေးစည်းနဲ့ လဲလှယ်ပြီး သားကို လောကဦး နတ်ဘီလူးသွေးစည်း ပေးခဲ့တာ” ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဟန်ဟွမ်ဟာ နောင်တရသွားပါတယ်။ သူ့အတွက် ဒီလောက် အနစ်နာခံပေးတဲ့ အဖေကို ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်ခဲ့တယ် မဟုတ်ပါလား။
‘ငါသာဆိုရင် ငါ့ရဲ့သွေးစည်းကို ငါ့သားဆီ ပေးနိုင်ပါ့မလား’ ဟန်ဟွမ်ဟာ သူ့ကိုယ်သူ ပြန်မေးကြည့်တဲ့အခါ သူမလုပ်နိုင်ဘူးဆိုတာ သိလိုက်ပါတယ် ‘အဖေ့ကို ငါ ဒီနေရာမှာ မယှဉ်နိုင်ဘူးပဲ’
“အဖေ... ကျွန်တော်...”
ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။ ရင်ထဲမှာလည်း စကားလုံးမျိုးစုံ ပေါ်လာပေမဲ့ ပြောမထွက်ပါဘူး။
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဟွမ်အာ... သားက တော်တော် စွမ်းအားကြီးနေပြီ၊ သား လုပ်ရမှာက အခြေကျဖို့ပဲ၊ သားက သားကိုယ်သား ပဋိပက္ခမှာ အစွမ်းအထက်ဆုံးလို့ ထင်နေတာလား၊ အဖေကလွဲရင် သားကို အဆင့်ကြီးတစ်ဆင့် ဖိနှိပ်နိုင်တဲ့ တည်ရှိမှုတွေ ရှိသေးတယ်၊ သူတို့ရဲ့ ကျင့်ကြံမှုတွေက မြင့်မားရုံတင် မကဘူး၊ ကျော်ကြားမှုတွေ အောင်မြင်မှုတွေကိုလည်း ဂရုမစိုက်တော့ဘူး၊ အဲဒါကြောင့် သားမှာ ပြိုင်ဘက်ကင်းဖို့ အခွင့်အရေးရှိတာ... သား မြင်တာက အပေါ်ယံပဲ ရှိသေးတယ်”
ဟန်ဟွမ်ဟာ ပိုပြီးတော့ ရှက်သွားပါတယ်။ သူဟာ အထွတ်အထိပ် နိယာမလေးပါးကို ရပြီးနောက် နေရာတကာမှာ အစွမ်းလိုက်မပြဘဲ တကယ်ကို အခြေကျသင့်တာပါ။ ကျော်ကြားလွန်းတာက နိမ့်ကျတယ်လို့ ဟန်ဟွမ်ကို ခံစားရစေပါတယ်။
ဟန်ဟွမ်ဟာ သေချာတွေးတောပြီးနောက် မျက်လုံးတွေ ပြတ်သားသွားပါတယ်။
“အဖေ... ကျွန်တော် လောကဦးပဋိပက္ခကို ဖန်တီးချင်တယ်၊ ဒါပေမဲ့ ကျွန်တော်ရဲ့ ဆဋ္ဌမအာရုံက ဘေးအန္တရာယ်ကြီး ကျရောက်မယ်လို့ ပြောနေတယ်”
“အဲဒါဆို ဗလာနယ်မြေကိုသွား... သားရဲ့ ကျင့်ကြံမှုနဲ့ အဲဒီမှာ ရှင်သန်ဖို့ လုံလောက်တယ်၊ ဒါပေမဲ့ သား လောကဦးပဋိပက္ခကို ဖွင့်လှစ်လိုက်တာနဲ့ ပဋိပက္ခဆီ ပျံသန်းပြီး ပေါင်းစပ်လိမ့်မယ်၊ အဲဒီလိုဆို သားရဲ့ လောကဦးပဋိပက္ခက ပဋိပက္ခ ဝါးမျိုတာခံရရင် ခံရ မဟုတ်ရင်လည်း တန်ပြန်ထိပြီး ဒုက္ခရောက်လိမ့်မယ်၊ လောလောဆယ် အခြေအနေအရ ပဋိပက္ခက တခြား မဟာတာအိုကမ္ဘာတွေကို ဝါးမျိုမဲ့ပုံပဲ”
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အဖေ... အဲဒါဆို သား ဘာလုပ်သင့်လဲ”
“စောင့်... အဆုံးမဲ့ခေတ်က လာနေပြီ၊ အဲဒီအချိန်ကျရင် မဟာတာအိုကမ္ဘာတွေ အတူတကွ တည်ရှိနိုင်လိမ့်မယ်”
“အဆုံးမဲ့ခေတ်... သားကို အန္တိမဒဏ်ခတ်နတ်မင်း ပြောတာတော့ မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာအောင် သားက လှုံ့ဆော်ရမယ်တဲ့၊ အဲဒီလိုဖြစ်အောင် သား ဘယ်လိုလုပ်ရမှာလဲ၊ သား သက်ရှိအကုန်လုံးကိုတော့ သတ်ပစ်လို့မရဘူးမလား၊ သားက စွမ်းအားကြီးပေမဲ့ အဲဒီလောက်ထိ မတုံးအသေးဘူး၊ သား အဲဒီလိုသာလုပ်ရင် သေချာပေါက် သေမှာ”
ဟန်ဟွမ်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ် “အဲဒါဆို နည်းနည်း ထပ်စောင့်ဦး၊ မဟာတာအို အနန္တကပ်ဘေး ရောက်လာဖို့က အချိန်တချို့ လိုသေးတယ်၊ သား တိုက်ခိုက်တာလျှော့ပြီး အနားယူသင့်တယ်၊ တခြားလူတွေကိုလည်း အခွင့်အရေး ပေးလိုက်ဦး၊ တခြားပါရမီရှင်တွေက ကပ်ဘေးရောက်လာရင် မုန်းတီးမှုတွေကို ခွဲဝေယူပေးလိမ့်မယ်”
ဟန်ဟွမ်ဟာ ဟန်ကျွယ်စကားက အဓိပ္ပာယ်ရှိတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ဟွမ်ဟာ သူ ဘယ်လိုရမှန်းမသိ ရထားတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအား အကြောင်း ပြောပါတယ်။ ဟန်ကျွယ်ဟာ ပြုံးရုံသာပြုံးပြီး ဘာမှမပြောပါဘူး။
ဟန်ဟွမ်ဟာ မျက်လုံးသွားပြီး သေချာအောင် မေးလိုက်ပါတယ် “အဖေ... အဲဒီစွမ်းအားက...”
“ဘာမှပြောစရာ မလိုဘူး၊ ဒါက သားနဲ့ အဖေကြားက လျှို့ဝှက်ချက်ပဲ၊ မဟုတ်လို့ တခြားမောင်နှမတွေ သိသွားရင် ရှင်းပြဖို့ မလွယ်ဘူး၊ နောက်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်လာလိမ့်မယ်”
ဟန်ကျွယ် မျက်လုံးမှိတ်ပြတာကို ကြည့်ပြီး ဟန်ဟွမ်ရဲ့ ခံစားချက်တွေဟာ ပိုပြီးတော့ ရှုပ်ထွေးသွားပါတယ် ‘ဒီလိုဆို ငါက အကုန်လုံး အဖေ့ပေါ် မှီခိုနေခဲ့တာပဲ’
အဲဒီနောက် ဟန်ဟွမ် စိတ်သက်သာရာ ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစွမ်းအားက တခြား အမျိုးအမည် မသိနိုင်တဲ့ တည်ရှိမှုတွေဆီက လာတာဆိုရင် ဘေးဒုက္ခဖြစ်လာနိုင်တဲ့ အလားအလာ ရှိလို့ပါပဲ။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ဆုံးမပါတယ် “ဟွမ်အာ... အဖေ သားကို အများဆုံး ကူညီခဲ့ပြီးပြီ၊ သားက သားကြီးဩရသ မဟုတ်ပေမဲ့ တာဝန်အများဆုံး ယူသင့်တယ်၊ နောက်ကျလို့ သားရဲ့ မောင်နှမတွေ ဒုက္ခရောက်ရင် ဘေးကနေ ရပ်ကြည့်မနေနဲ့... ကြားလား”
“အဖေ မစိုးရိမ်ပါနဲ့... သား အဖေ့ကို စိတ်မပျက်စေရပါဘူး” ဟန်ဟွမ်ဟာ အလေးအနက် ကတိပေးလိုက်ပါတယ်။
အဲဒီနောက် သားအဖနှစ်ယောက်ဟာ လေးငါးနာရီကြာအောင် စကားထပ်ပြောကြပါတယ်။ ပြီးတော့မှ ဟန်ဟွမ်ဟာ တရိုတသေ ထွက်ခွာသွားပါတယ်။ ဟန်ဟွမ်ဟာ ရှင်းဟုန်ရွှမ်ကို နှုတ်ဆက်ပြီးတာနဲ့ တာအိုစက်ကွင်းထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။
ဟန်ဟွမ်ဟာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်မှာ ကျင့်ကြံအားထုတ်ပြီး ဟန်လင်ကို ကူညီမယ်လို့ ဟန်ကျွယ်ကို ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ဟန်လင်ကို အလိုလိုက်ဆုံးဆိုတာ ဟန်ဟွမ် သိနေလို့ပါ။ မောင်နှမတွေထဲမှာ ဟန်လင်က ဟန်ကျွယ်ကို အရှည်ကြာဆုံး အဖော်ပြုပေးခဲ့တာ မဟုတ်ပါလား။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟန်ကျွယ်က ဘာမှ မကန့်ကွက်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ချင်းအာ၊ ဟန်ထော်နဲ့ ဟန်ယွင်ကျင်းတို့ကို ကြည့်လိုက်ပါတယ်။
ဟန်ထော်နဲ့ တခြားဒဏ်ခတ်သမားတွေဟာ အတူသွားလာပြီး နေရာစုံမှာ တိုက်ခိုက်ကြပါတယ်။ ဟန်ချင်းအာနဲ့ ကျန်းကျွယ်ရှီကတေ့ ကောင်းကင်ရုံးတော်မှာပါ။
ဟန်ယွင်ကျင်းကတော့ ကောင်းကင်တာအိုထဲမှာ အဆင့်အတန်း အမြင့်မားဆုံး တာအိုပညာရှိတစ်ပါး ဖြစ်လာပါတယ်။ အကုန်လုံးက ကောင်းကင်အရှင်ရွှမ်တုရဲ့ ဂရုစိုက်ပေးမှုကြောင့်ပါ။
သူ့မျိုးဆက်တွေက သူ့နေရာနဲ့သူ ဖြစ်နေကြပါပြီ။ ဟန်ကျွယ်အတွက်တော့ သူတို့အားလုံး ဘေးကင်းလုံခြုံနေရင် အဆင်ပြေပါတယ်။
ရှန်ဝေါ်ဟာ တာအိုဘုံကျောင်းထဲ ပြန်ဝင်လာပါတယ်။ ရှန်ဝေါ်ဟာ ဟန်ဟွမ်ကို စပ်စုချင်ခဲ့ပေမဲ့ မေးဖို့ သတ္တိမရှိခဲ့ပါဘူး။ အပြတ်အသတ်ရှုံးနိမ့်တာကို သိရဲ့သားနဲ့ စပ်စုတာက သူ့ဘိုးဘေးရဲ့ မျက်နှာကို ဖြတ်ရိုက်သလိုမျိုး ဖြစ်နေမှာစိုးလို့ပါ။
ရှန်ဝေါ်ဟာ ကျင့်ကြံမှု အခြေအနေထဲ ဝင်ရောက်သွားတာကို တွေ့လိုက်ရတာကြောင့် ဟန်ကျွယ်ဟာ စနစ်ရဲ့ လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ဖို့ ရွေးချယ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသက် သန်း ၁၀၀ ပြည့်မှာ စနစ်ရဲ့ လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ် ရောက်လာလို့ အခုထိ အဆင့်မမြှင့်ရသေးတာပါ။
“ငါ လောကဦး ကောင်းကင်အကျဉ်းထောင်ကို အဆင့်မြှင့်ချင်တယ်”
[လောကဦး ကောင်းကင် အကျဉ်းထောင်အား အဆင့်စမြှင့်ပါပြီ။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ကြည့်ပြီး မျက်ခုံးလှုပ်သွားပါတယ် ‘ဒီဟာက အဆင့်မြှင့်လို့ ရသေးတာလား... ဒါဆို နောက်လာမှာက အန္တိမမူလ ကောင်းကင်အကျဉ်းထောင်နဲ့ တူတယ်’
ဟန်ကျွယ်ဟာ နာမည်ကို ခန့်မှန်းနိုင်ပေမဲ့ ဒီဟာက ဘယ်လောက် စွမ်းအားကြီးမလဲဆိုတာတော့ မသိပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ ဟန်ကျွယ် မြင်ကွင်းထဲမှာ နောက်ထပ် အသိပေးချက် တစ်ချက် ပေါ်လာပါတယ်။
[မွေးရာပါ မဟာကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇာစ်မြစ်ကို စစ်ဆေးလိုပါသလား။]
ဒီစာကြောင်း ပေါ်မလာတာ အတော်ကို ကြာသွားခဲ့ပါပြီ။
အရင် မွေးရာပါ ကံတရား အထောက်အပံ့က အခု မွေးရာပါ မဟာကံတရား အထောက်အပံ့ ဖြစ်သွားပါပြီ။ အဓိပ္ပာယ်ချင်း မတူပါဘူး။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။
[ယွီယွမ်: မဟာညီညွတ်မှု ရွှေအင်မော်တယ် နောက်ဆုံးအဆင့်၊ ပဋိပက္ခ လူသားမျိုးနွယ်စု၊ ဩဇာသုံးထောင် ခန္ဓာကိုယ်၊ မဟာလောကဦး ပဋိပက္ခကံတရား။ ပဋိပက္ခသည် သာလွန်၊ သိစိတ်မဲ့နှင့် ရှီတျန် မဟာတာအိုကမ္ဘာတို့၏ ကံတရား အထောက်အပံ့ကို စုပ်ယူခဲ့သောကြောင့် ကံနှင့် ကံကြမ္မာ ဝရုန်းသုန်းကား ဖြစ်ပြီး ကံတရား အထောက်အပံ့အသစ်နှင့် ဖန်တီးမှုအသစ်အား မွေးဖွားလိုက်သည်။ ဩဇာသုံးထောင်ခန္ဓာကိုယ်သည် ထိုထဲမှာ တစ်ခုဖြစ်ပြီး မဟာတာအိုသုံးထောင်ကို ထိန်းချုပ်နိုင်သော စွမ်းအားနှင့် မွေးဖွားလာက ပထမပဋိပက္ခ၏ စိတ်ဆန္ဒကို အမွေဆက်ခံသည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။