← Chapters

အနန္တကပ်ဘေး နီးကပ်လာခြင်း

Vol. 101 Ch. 1058

အနန္တကပ်ဘေး နီးကပ်လာခြင်း

Vol. 101 Ch. 1058

“ဟန်ဟွမ်က လောကဦး နတ်ဘီလူး ဟုတ်မဟုတ်‌တော့ ငါလည်း သေချာမသိဘူး၊ ငါမှ လောကဦးနတ်ဘီလူး မဟုတ်တာ၊ လောကဦး နတ်ဘီလူးအကြောင်းကို ဘယ်လိုလုပ်ပြီး သေချာသိနိုင်မှာလဲ၊ ဒါပေမဲ့ ဟန်ဟွမ်ရဲ့ အရည်အချင်းက လောကဦးနတ်ဘီလူးလုပ်ဖို့ တကယ်ကို အသင့်တော်ဆုံးပဲ၊ လောကဦးနတ်ဘီလူးက သဘာဝအလျောက် မဟုတ်ဘဲ မဟာကံတရား အထောက်အပံ့ကြောင့်လည်း ဖြစ်နိုင်တာပဲ” ဟန်ကျွယ်က မတိုးမကျယ် ပြောလိုက်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောကဦးနတ်ဘီလူးက ဒဏ္ဍာရီတစ်ခုပါ။ တကယ်လို့ ဟန်ကျွယ်သာ လောကဦး နတ်ဘီလူးအကြောင်းကို ဂဃနဏသိမယ်ဆိုရင် သူ့နောက်ခံက ပဋိပက္ခတစ်ခုလုံးထက် နက်ရှိုင်းတဲ့သဘော သက်ရောက်သွားမှာပါ။

တကယ်တော့ ဟွမ်ဇွမ်တျန်ဟာ မူလလောကဦးက ခန္ဓာသိမ်းသွားပြီလို့တောင် ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ လောကဦးနတ်ဘီလူး ဖြစ်လာတယ်လို့ အိပ်မက်မက်လို့ပါ။

“သခင်... ဂရုစိုက်တာ အကောင်းဆုံးပဲ၊ ကျွန်တော် မူလလောကဦးကို မထိန်းချုပ်နိုင်ဘူး၊ သူက ပဋိပက္ခကို သေချာပေါက် ကလဲ့စားချေမှာ၊ အဲဒီအချိန်ကျရင် ပထမဆုံး ဒုက္ခရောက်မှာက ဟန်ဟွမ်ပဲ” ဟွမ်ဇွမ်တျန်က သတိပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “မင်းလည်း ဂရုစိုက်ဦး၊ ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် အသက်မဆုံးရှုံးစေနဲ့၊ မဖိနှိပ်နိုင်ရင် မလုပ်တာ အကောင်းဆုံးပဲ၊ ပဋိပက္ခက မင်းထင်သလို အားနည်းမနေဘူး”

ဟွမ်ဇွမ်တျန်ဟာ ရင်ထဲ ထိသွားပြီး လက်သီးဆုပ်ကာ ပြောလိုက်ပါတယ် “ကျွန်တော် သခင်စကားကို မြေဝယ်မကျ နားထောင်ပါ့မယ်”

ဟန်ကျွယ်နဲ့ ဟွမ်ဇွမ်တျန်ဟာ စကားနည်းနည်းပါးပါး ထပ်ပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေက စနစ်ကို မေးလိုက်ပါတယ် “မူလလောကဦးက ရှေးဟောင်း လောကဦးကမ္ဘာမှာ လောကဦးနတ်ဘီလူးအဖြစ် အသွင်ပြောင်းလဲနိုင်မှာလား”

[သက်တမ်း ၅၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ပြောင်းလဲနိုင်ပါသည်။]

ဟန်ကျွယ်ဟာ စိတ်မချမ်းမသာ ဖြစ်သွားပြီး ရှေးဟောင်း လောကဦးကမ္ဘာကို တွက်ချက်ဖို့ ကြိုးစားကြည့်ပေမဲ့ မအောင်မြင်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ စနစ်ရဲ့ တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။

[ရှေးဟောင်း လောကဦးကမ္ဘာ၏ တည်နေရာကို တွက်ချက်မရပါ။]

ဟန်ကျွယ်ဟာ ဒီအဖြေကို မြင်လိုက်ရတဲ့အခါ ပင်မတာအိုစက်ကွင်းထဲက တာအိုဘုံကျောင်းဆီ ရွှေ့ပြောင်းသွားလာပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ မူလလောကဦးကို ကျိန်စာ စတိုက်ပါတယ်။ ဒါပေမဲ့ ကြမ္မာဆိုးစာအုပ်က မူလလောကဦးကို ဘယ်လိုမှ ဖမ်းမမိပါဘူး။

တခြားစကားနဲ့ ပြောရရင် ရှေးဟောင်း လောကဦးကမ္ဘာက ပဋိပက္ခမှာရော ဗလာနယ်မြေမှာရော မဟုတ်ဘဲ ဟန်ကျွယ် စဉ်းစားလို့တောင် မရနိုင်တဲ့ အာကာသတစ်ခုမှာ ရှိနေတာပါ။

ဒါကြောင့် ဟန်ကျွယ်ဟာ မူလလောကဦးကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ဖိတ်ခေါ်တာအိုနဲ့ ပြန်ဆင့်ခေါ်ဖို့ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ ဖိတ်ခေါ်ပညာရပ် တတ်မြောက်ထားတဲ့ လူတွေထဲက ကြိုက်ရာလူတစ်ယောက်ကို ရွေးခေါ်ယူလို့ ရပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ချက်ချင်း ဆင့်ခေါ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်က သူ့အပေါ် သစ္စာရှိလှတယ် မဟုတ်ပါလား။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား ဟွမ်ဇွမ်တျန်ရဲ့ရောင်ဝါကို အာရုံမခံနိုင်တာကြောင့်ပါ။

‘ထားလိုက်ပါတော့... ငါ အေးဆေး စောင့်နေလို့ ရတာပဲ’

ဟန်ကျွယ်ဟာ နည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ အိပ်မက်ထဲကနေ သွားလည်နိုင်ပေမဲ့ မဆင့်ခေါ်နိုင်ဘူး မဟုတ်ပါလား။

‘ဒီရှေးဟောင်း လောကဦးကမ္ဘာက ဘယ်နေရာမှာ ရှိနေတာလဲ’

ဟန်ကျွယ်ဟာ စဉ်းစားလို့မရတာကြောင့် မစဉ်းစားတော့ဘဲ ကျင့်ကြံမှုကိုပဲ ပြန်ပြီး အာရုံစိုက်ပါတယ်။

‘ငါ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ကို အရင်ဆုံး ထိုးဖောက်ရမယ်’ ဒီအတွေးနဲ့ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး စကျင့်ကြံပါတယ်။

.....

ဗလာနယ်မြေမှာ နဝမပဋိပက္ခနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ စုဝေးနေပါတယ်။ နဝမပဋိပက္ခက အရိပ်နက်ပုံစံနဲ့ ဖြစ်ပြီး သူ့ရှေ့မှာ ဒူးထောက်နေတဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်လောက် အရွယ်အစား မကြီးမားပါဘူး။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ အရိပ်နက်တွေ ခဲနေတာနဲ့ တူပြီး ပုံရိပ်မှန်ကို မမြင်တွေ့နိုင်ပါဘူး။ သူ့ကိုယ်ဟန်က လူမဆန်ဘဲ စိုးမိုးခြယ်လှယ်လွန်းတဲ့ ရောင်ဝါတစ်မျိုးကို ထုတ်လွှတ်နေပါတယ်။

“အခြေအနေ ဘယ်လိုလဲ” နဝမပဋိပက္ခက မေးလိုက်ပါတယ်။

အနန္တဖျက်ဆီးရှင်သခင်က ပြန်ဖြေပါတယ် “ကျွန်တော်တို့တွေ ရှာမတွေ့ဘူး၊ ဒါပေမဲ့ မဟာတာအိုအနန္တကပ်ဘေးရဲ့ ကံကြမ္မာက တဖြည်းဖြည်း နီးလာပြီ၊ ကျွန်‌တော်တို့တွေ ကြိုတင်ပြင်ဆင်ဖို့ လိုတယ်၊ ဆရာ အဆုံးမဲ့ခေတ်ကို ဘယ်တော့စမှာလဲ”

“ငါ ပထမကတော့ မဟာတာအိုအနန္တကပ်ဘေးကို သုံးပြီး အဆုံးမဲ့ခေတ်ကို ဖွင့်လှစ်ဖို့ပဲ၊ ဒါပေမဲ့ အဲဒီလိုလုပ်ချင်ရင် တာအိုဖန်တီးရှင်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားကို လိုအပ်တယ်၊ ငါ့မှာ အဲဒီအခြေအနေရောက်ဖို့ နည်းနည်း လိုသေးတယ်၊ အခု မဟာတာအိုအနန္တကပ်ဘေးက လာနေပြီ၊ ဒါခေတ်ရေစီးကြောင်းပဲ၊ တားလို့ မရဘူး”

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ တိတ်ဆိတ်နေပါတယ်။

နဝမပဋိပက္ခက ဆက်ပြောပါတယ် “အဆုံးမဲ့ခေတ် ရောက်လာရင် ငါ အနားယူမယ်၊ မင်းက ငါ့နေရာကို လွှဲယူရလိမ့်မယ်၊ ဒါပေမဲ့ မင်း ငါ့နေရာကို လွှဲယူချင်ရင် တာအိုဖန်တီးရှင်အကုန်လုံးကို ဖိနှိပ်နိုင်တဲ့ စွမ်းအားရှိဖို့ လိုတယ်၊ ဒီမဟာတာအိုအနန္တကပ်ဘေးက အခွင့်‌ကောင်းပဲ၊ မင်း မဟာတာအိုအနန္တကပ်ဘေး တစ်ခုလုံးရဲ့ ကံတရား အထောက်အပံ့ကို ရယူနိုင်ရင် တခြား တာအိုဖန်တီးရှင်တွေကို လှုပ်ခါနိုင်လိမ့်မယ်”

အနန္တဖျက်ဆီးရှင်သခင် ရှီထျန် “ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော် အခုပဲ ပြင်ဆင်လိုက်ပါ့မယ်”

နဝမပဋိပက္ခဟာ ပျောက်ကွယ်သွားပါတယ်။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ နေရာမှာ ခဏ မတ်တတ်ရပ်နေပြီးမှ ပျောက်ကွယ်သွားပါတယ်။

.....

ခရမ်းရောင် ဟင်းလင်းပြင်မှာ သွေးချီနဲ့ လောကဦး ခရမ်းရောင်ချီတွေ ရောထွေးယှက်ငင် တည်ရှိနေပါတယ်။

နေရာတိုင်းမှာလည်း ငရဲပြည်လို အလောင်းကောင်တွေ ပြန့်ကျဲနေပါတယ်။ မြောက်မြားလှစွာသော အငြိုးမိစ္ဆာတွေ တိတ်တဆိတ် ငိုကြွေးနေသလိုမျိုး ရှိတာကြောင့် အာကာသကလည်း ရှုံ့တွနေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဧရာမအရိုးစုတစ်စုရဲ့ ခေါင်းထက်မှာထိုင်ပြီး လောကဦးပဋိပက္ခ အဆုံးက ဧရာမဥကြီးတစ်လုံးကို ကြည့်နေပါတယ်။ ဒီဥကြီးရဲ့ မျက်နှာပြင်မှာ အကြောပေါင်း မြောက်မြားစွာရှိပြီး အထဲကနေ အလင်းရောင် ဖြာထွက်နေပါတယ်။ ပုံစံက ဥကြီးအထဲမှာ ဧရာမနှလုံးကြီး ခုန်နေသလိုမျိုးပါပဲ။

‘ဒီကောင်က ပိုပိုပြီးတော့ အန္တရာယ်များလာပြီ...’ ဟွမ်ဇွမ်တျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူ ဒီနေ့ ဒီနေရာကို ရောက်လာနိုင်တာက မူလလောကဦးရဲ့ ကူညီမှုတွေကြောင့်ဆိုပေမဲ့ မူလလောကဦးမှာ သူ့ကိုယ်ပိုင် ရည်မှန်းချက် ရှိတာကို ဟွမ်ဇွမ်တျန် သိပါတယ်။

သူ့ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် မူလလောကဦးက သူ့ကျင့်ကြံမှုကို ပြန်ရခဲ့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် အကြွေးမတင်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ မူလလောကဦးက ဟန်ဟွမ်နဲ့ ပဋိပက္ခကို မုန်းတီးနေပါတယ်။ မူလလောကဦးက ပဋိပက္ခဆီ ကပ်ဘေးဆောင်ယူပြီး ဟန်ဟွမ်ကို သတ်ချင်နေပါတယ်။ ဒါကို ဟွမ်ဇွမ်တျန်ဟာ ထိုင်ကြည့်မနေနိုင်ပါဘူး။

ပဋိပက္ခ ပျက်စီးသွားရင် ကပ်ဘေးထိန်းချုပ်သူတွေလည်း လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဟန်ဟွမ်ကလည်း သူ့သခင်ရဲ့ သားပါ။ ဟွမ်ဇွမ်တျန် ဘယ်လိုနည်းနဲ့မှ ထိုင်ကြည့်မနေနိုင်ပါဘူး။

‘ငါ သူ့ကို တိုက်ခိုက်သင့်လား...’ ဟွမ်ဇွမ်တျန်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ မူလလောကဦးရဲ့ လက်ရှိစွမ်းအားကို မခန့်မှန်းတတ်ပါဘူး။ မူလလောကဦးက သူ့ကို လိုအပ်သေးတယ်လို့တောင် ကောက်ချက် မချရဲပါဘူး။

ဒီအချိန်မှာပဲ ပင်ပန်းနွမ်းလျတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ် “ဟွမ်ဇွမ်တျန်... ငါ ဒီလောကဦးစွမ်းအားကို တစ်ယောက်တည်း တောင့်မခံနိုင်ဘူး၊ မင်း ငါနဲ့အတူ တောင့်ခံဖို့ ဆန္ဒရှိလား၊ ဒီဟာက အနည်းဆုံး နှစ်ပေါင်းဆယ်ဘီလီယံလောက် ကျင့်ကြံမှုကို ပေးစွမ်းနိုင်တယ်”

မူလလောကဦးရဲ့ အသံပါ။

ဟွမ်ဇွမ်တျန်ဟာ ဒီအသံကို ကြားပြီး ‌ထောင်ချောက်လို့ ခံစားလိုက်ရပါတယ်။ အဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းပါတယ်။ သူ မူလလောကဦးကို တိုက်ခိုက်တော့မဲ့ အချိန်မှာ မူလလောကဦးက ပင်ပန်းဟန်ဆောင်ပြီး ဒီလိုပြောလာတယ် မဟုတ်ပါလား။

‘ဒါ ငါ့ကို သတ်ချင်တာပဲ ဖြစ်ရမယ်’

ဟွမ်ဇွမ်တျန်ဟာ မတ်တတ်ရပ်ပြီး ဧရာမဥကြီးဆီ ပျံသန်းသွားပါတယ်။ သူ့ရဲ့ သတ်ဖြတ်ငွေ့ကိုလည်း ရင်ထဲမှာ ဖိနှိပ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ အတော်လေး ရင်ဖိုနေပါတယ်။ သူမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာကို သူ သိပါတယ်။ သေရင်မြေကြီး ရှင်ရင် ရွှေထီးပါ။

.....

နှစ်ဆယ်သန်း ကြာတဲ့အခါမှာတော့ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီတစ်ခါ ဂူအောင်းကျင့်ကြံမှုက ဟန်ကျွယ်ကို တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်နဲ့ အလွန်တရာ နီးကပ်သွားတယ်လို့ ခံစားရစေပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်နိုင်ဖို့ အခွင့်အရေးကို အနံ့ခံနိုင်ခဲ့ပါပြီ။ ဟန်ကျွယ် အဆင့်မတက်တာက နှစ်ပေါင်း သန်း ၇၀ နီးပါး ရှိနေခဲ့ပါပြီ။ ဒီအချိန်က ဟန်ကျွယ်က သေမျိုးဘဝကနေ တာအိုဖန်တီးရှင် အလယ်အဆင့်ထိ ကျင့်ကြံအားထုတ်ခဲ့တဲ့ ကြာချိန်လောက် ရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တာအိုဖန်တီးရှင်အဆင့်မှာ ကျင့်ကြံအားထုတ်ဖို့က ဘယ်လောက်ခက်လဲဆိုတာ သိနိုင်ပါတယ်။

ဟန်ကျွယ်ဟာ အများဆုံး နောက်ထပ် နှစ်တစ်သန်းအတွင်း အဆင့်တက်နိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အခြေအနေကို သိချင်တာကြောင့် စာစောင်တွေကို ဖွင့်ဖတ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ် မျက်မှောင်ကြုတ်သွားပါတယ်။

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ခန္ဓာသိမ်းခြင်းကို ခံလိုက်ရသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လက်ကျန်ဝိညာဉ် တစ်စွန်းတစ်စသာ ကျန်ရှိတော့ပြီး လျှို့ဝှက်ဆန်းကြယ် အင်အားတစ်မျိုး၏ ချိပ်ပိတ်မှုကြောင့် စိတ်ဆန္ဒ ဆုံးရှုံးသွား၏။]

‘ဆိုးရွားလှချည်လား...’ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ ပုံရိပ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာက ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ပိုပြီးမောက်မာကာ ပိုပြီးတော့ မိစ္ဆာဆန်သွားပါတယ်။

‘ဟင်း... သနားဖို့ ကောင်းလိုက်တာ’

ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ တည်နေရာကို မတွက်ချက်နိုင်သေးပါဘူး။ ရှေးဟောင်း လောကဦးကမ္ဘာထဲမှာပဲ ရှိနေသေးတာ ဖြစ်နိုင်ပါတယ်။

‘ဒီလိုဆိုရင် ငါ အရင်ဆုံး အဆင့်တက်ရမယ်၊ အဆင့်တက်ပြီး မူလလောကဦး တံခါးလာခေါက်တာကို စောင့်ရမယ်’

ဟန်ကျွယ် “ရှန်ဝေါ်... အပြင်မှာ တစ်အောင့်လောက် နေဦး၊ ငါ ဆန်းကြယ်စွမ်းအား တစ်မျိုးကို ကျင့်ကြံမလို့၊ မင်းကို ထိခိုက်မှာစိုးရတယ်”

ကျင့်ကြံအားထုတ်နေတဲ့ ရှန်ဝေါ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ရှန်ဝေါ်ဟာ ခေါင်းညိတ်ပြီး တရိုတသေ ဂါရဝပြုကာ တာအိုဘုံကျောင်းထဲက ထွက်ခွာသွားပါတယ်။

ဘာစိုးရိမ်စရာမှ မရှိတော့တဲ့အတွက် ဟန်ကျွယ်ဟာ ချက်ချင်းပဲ အဆင့်တက်ဖို့ အစွမ်းကုန် ကြိုးစားပြင်ဆင်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို လျှို့ဝှက်ထားပါတယ်။ ဘယ်သူမှ သူ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ ဒီလို ဝှက်ထားမှပဲ နဝမပဋိပက္ခကို ကျော်တက်နိုင်မှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters