တိုက်ပွဲကြီးလာတော့မယ်
Vol. 101 Ch. 1060
ဟန်လင်ဟာ ဟန်ကျွယ့်ကို အိပ်မက်ပေးပြီး ဟန်ဟွမ် ထွက်ခွာသွားတဲ့ အခြေအနေကို ပြောပြပါတယ်။ ဟန်လင်က ဒီကိစ္စက အရမ်းအန္တရာယ်များတယ်လို့ ခံစားနေရပါတယ်။ ဟန်ဟွမ်က ပဋိပက္ခမှာ ပြိုင်ဘက်ကင်းတယ်လို့ ကျော်ကြားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရန်စရဲသေးတယ်ဆိုတော့ သေချာပေါက် ယုံကြည်ချက်ရှိတာကလွဲပြီး တခြား မဖြစ်နိုင်ပါဘူး။
ရှုံဟွာအရှင်က ပါမွှားလေး မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်လင်ကို သူ နားလည်ကြောင်း၊ မစိုးရိမ်ဖို့ နှစ်သိမ့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ကို ရောက်ပေမဲ့ အေးဆေး မနေနိုင်သေးပါဘူး။ ဒီထက် စွမ်းအားကြီးမားလာဖို့ လိုအပ်ပါသေးတယ်။ ဒါမှပဲ နဝမပဋိပက္ခကို ကျော်တက်နိုင်မှာပါ။
ဟန်ကျွယ်ဟာ မူလလောကဦးက ဟန်ဟွမ်ကို စိန်ခေါ်တာ စောင့်နေရင်း ပဋိပက္ခက လှိုင်းပြန်ထန်လာပါတယ်။
ရှီထျန်၊ သိစိတ်မဲ့နဲ့ သာလွန် မဟာတာအိုကမ္ဘာမှာ ရှိကြတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေဟာ လျင်မြန်စွာ စုစည်းပြီး မဟာတာအိုကမ္ဘာအသီးသီးကို သိမ်းပိုက်စိုးမိုးကာ ပဋိပက္ခရဲ့ အင်အားစုအသီးသီးကို ဖိနှိပ်တဲ့ ဧရာမအင်အားစုကြီးတစ်စု ဖြစ်လာပါတယ်။
ပဋိပက္ခက အင်အားကြီးမားပေမဲ့ အင်အားစုအသီးသီး ညီညွတ်ကြတာ မဟုတ်ပါဘူး။ အစွမ်းအထက်ဆုံး အင်အားစုကလည်း ပဋိပက္ခနယ်မြေရဲ့ ဆယ်ပုံတစ်ပုံကိုတောင် စိုးမိုးနိုင်ကြတာ မဟုတ်ပါဘူး။
ဒါကြောင့် ပဋိပက္ခထဲက အင်အားစုတွေဟာ မဟာတာအိုကမ္ဘာသုံးပါးရဲ့ မဟာမိတ်အင်အားစုကို မယှဉ်နိုင်ပါဘူး။ ဒီအကြောင်းကြောင့် မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းဆီ သွားကြပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ထိန်းချုပ်ပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက အင်အားစု အသီးသီးကို ကြီးကြပ်ပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ အင်အားစုအသီးသီးကို ကန့်သတ်ချက်တွေ ထားရှိပေမဲ့ ပုံမှန်ဆို သူတို့ကိစ္စတွေမှာ ဝင်ပါလေ့ မရှိပါဘူး။
ကောင်းကင်ပြာအောက်က စက်ဝိုင်းပုံ စင်မြင့်မှာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ စုဝေးနေကြပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အပြင် ဒဏ်ခတ်သမားတွေလည်း ရောက်လာပါတယ်။ အကုန်လုံးဟာ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာတာကို စောင့်ဆိုင်းနေကြပါတယ်။
သူတို့တွေဟာ ပထမဆုံး အချင်းချင်း အမြင်ဖလှယ်ကြပါတယ်။ သူတို့တွေ အကုန်လုံး မဟာတာအိုကမ္ဘာသုံးပါးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါတယ်။ သူတို့တွေဟာ တာအိုဖန်တီးရှင်တွေရဲ့ ကစားပွဲကို မသိတာကြောင့် ရှီထျန်၊ သာလွန်နဲ့ သိစိတ်မဲ့ မဟာတာအိုကမ္ဘာတွေကို အမြဲတမ်း ရန်သူတော်ကြီးအဖြစ် သတ်မှတ်ထားပါတယ်။
ဟန်ထော်ဟာ တိတ်တဆိတ် နားထောင်နေပြီး ဘာမှ မပြောပါဘူး။
ယီတျန်ဟာ ပြုံးလိုက်ပါတယ် “တော်တော် ပြဿနာများတာပဲ၊ မဟာတာအို အနန္တကပ်ဘေးက တကယ်ကြီး လာနေတာလား”
ချီဖာလည်း ပြုံးလိုက်ပါတယ် “လာပလေ့စေ၊ ငါလည်း အခြေအနေကို ထိန်းချုပ်နိုင်တဲ့ အနန္တကပ်ဘေး သားတော်က ဘယ်သူလဲဆိုတာ သိချင်နေတာ”
ကွမ်းပုပိုင်ဟာ သူတို့ဆီ လျှောက်လာပြီး မေးလိုက်ပါတယ် “ဟန်ဟွမ် ဘယ်မှာလဲ၊ သူ ဘာလို့ ဒီကို မလာတာလဲ”
အကြွင်းမဲ့ပါရမီရှင် ဆယ်ပါးစလုံးက ဒဏ်ခတ်သမားတွေ ဖြစ်လာခဲ့ပါတယ်။ တာအိုအရှင်သခင်၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ မုရုံချီ၊ ဟန်ယဲ့၊ ဟန်ယောင်နဲ့ တခြားလူတွေတောင် လာကြပါတယ်။
ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒီကောင်လေး ဘယ်မှာရှိလဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ၊ ဟန်ယဲ့တို့ကို မေးကြည့်”
ကွမ်းပုပိုင်ဟာ မလှမ်းမကမ်းက ဟန်ယဲ့ကို လှမ်းကြည့်လိုက်ပါတယ်။
ဟန်ယဲ့ “ဘိုးဘေးဟန်ဟွမ်က ဂူအောင်းကျင့်ကြံနေတာ ဖြစ်လိမ့်မယ်၊ ကျွန်တော်တို့လည်း သူ့ကို မတွေ့တာ ကြာပြီ”
‘ဂူအောင်းကျင့်ကြံတယ်’ ဒဏ်ခတ်သမားတွေ လန့်သွားကြပါတယ်။ သူတို့တွေဟာ ဟန်ဟွမ်ရဲ့ စွမ်းအားကို တွေ့ကြုံခံစားဖူးပါတယ် ‘ဒီလောက် စွမ်းအားကြီးတာတောင် ဂူအောင်းကျင့်ကြံသေးတာလား...’
“ကြည့်ရတာ သူက တကယ်ပဲ လောကဦး နတ်ဘီလူးနဲ့ တူတယ်” ယီတျန်ဟာ သက်ပြင်းချလိုက်ပါတယ်။
ဟန်ဟွမ်က သူ့ကိုယ်သူ လောကဦး နတ်ဘီလူးလို့ ခေါ်ပေမဲ့ သက်ရှိအားလုံးက လောကဦးနတ်ဘီလူးကို အစွမ်းအထက်ဆုံး နာမည်အဖြစ်ပဲ သဘောထားကြတာပါ။ ဟန်ဟွမ်က ပဋိပက္ခနတ်ဘီလူးရဲ့ သားဖြစ်ပြီး လောကဦး နတ်ဘီလူးကို ဘယ်သူမှ မတွေ့ဖူးကြဘူး မဟုတ်ပါလား။
မကြာခင်မှာပဲ အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံး ဦးညွှတ်လိုက်ကြပါတယ်။
နှစ်သန်းတစ်ရာ ကြာပြီးနောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ မဟာတာအို နတ်စိတ်ဝိညာဉ် အကုန်လုံးရဲ့ ဩဇာအာဏာ ကြီးမားတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဟောင်းကိုတော့ မေ့သွားတာ ကြာပါပြီ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်နှာတည်တည်နဲ့ လူတိုင်းကို တစ်ချက်ဝေ့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ် “မင်းတို့ လာရတဲ့ အကြောင်းရင်းကို ငါ သိပြီးပြီ၊ ဟုတ်တယ်၊ ဒါက မဟာတာအို အနန္တကပ်ဘေးရဲ့ နိမိတ်ပဲ၊ မဟာတာအိုကမ္ဘာ အသီးသီးရဲ့ သာလွန်နိယာမတွေက ရှေ့ကို စတွန်းလာပြီ”
မင်လင်းမယ်တော်က မေးလိုက်ပါတယ် “ဒါဆို ပဋိပက္ခကရော သူတို့လို လိုက်လုပ်သင့်လား”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းခါလိုက်ပါတယ် “စိုးရိမ်မနေနဲ့၊ ပဋိပက္ခက အရာအားလုံးရဲ့ ဗဟိုချက်မပဲ၊ တခြား မဟာတာအိုကမ္ဘာတွေ ပူးပေါင်းရင်တောင် ပဋိပက္ခကို မဝါးမျိုနိုင်ဘူး၊ ငါတို့လုပ်ရမှာက ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး မဟာတာအို အနန္တကပ်ဘေး ရောက်လာတာကို ကြိုဆိုဖို့ပဲ၊ မဟာတာအိုအနန္တကပ်ဘေးက အဆုံးမဲ့ခေတ်ကို သယ်ဆောင်လာလိမ့်မယ်၊ တကယ့် အဆုံးမဲ့ခေတ်၊ ဘယ်တည်ရှိမှုမဆို ထာဝရ တည်ရှိနိုင်တယ်၊ ကျင့်ကြံမှုမြင့်တဲ့လူတွေလည်း ပါတယ်”
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ သွေးဆူသွားကြပါတယ်။
“သူတို့တွေ အချင်းချင်း သတ်ဖြတ်ရင် တခြား မဟာတာအိုကမ္ဘာတွေကို အခွင့်အရေး ပေးလိုက်သလိုမျိုး ဖြစ်မသွားဘူးလား” မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးက မေးလိုက်ပါတယ်။
ဒီစည်းမျဉ်းတွေက တကယ်ကို ထူးဆန်းပါတယ်။ ပဋိပက္ခ အင်အားစု ထက်ဝက်ကျော် သေဆုံးသွားရင်တောင် ပဋိပက္ခက တကယ်ကြီး အကောင်းအတိုင်း ဆက်ရှိနေမှာလား။
အန္တိမဒဏ်ခတ်နတ်မင်း “မင်းတို့လည်း အာရုံခံမိမှာပါ၊ လွန်ခဲ့တဲ့ နှစ်သန်းတစ်ရာအတွင်း သက်ရှိ အရေအတွက်တင် တိုးလာတာ မဟုတ်ဘူး၊ ပါရမီရှင် အရေအတွက်လည်း တိုးလာတယ်၊ သူတို့ရဲ့ အရည်အချင်း အကန့်အသတ်တောင် ဆက်တိုက် တိုးလာတယ်၊ တခြားမဟာတာအိုကမ္ဘာတွေရဲ့ သက်ရှိအကုန်လုံး ပေါင်းရင်တောင် ပဋိပက္ခကို မမီသေးဘူး၊ ဒီတော့ ပဋိပက္ခအနေနဲ့ ညီညွှတ်နေစရာ မလိုဘူး၊ စည်းလုံးညီညွှတ်တာက ပဋိပက္ခရဲ့ ပြယုဂ် မဟုတ်ဘူး၊ ဒါက ပြိုင်ဆိုင်မှုကြီးမားတဲ့ အချိန်အခါပဲ၊ ဘယ်တော့မှ သက်ရှိတွေ လျော့နည်းသွားတယ်ဆိုတာ ရှိမှာ မဟုတ်ဘူး၊ နားလည်လား”
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ သဘောပေါက်သွားကြပါတယ် ‘ဒီလိုကိုး’
သေချာတွေးကြည့်ရင် ဒါက တကယ် မှန်ပါတယ်။ ပဋိပက္ခ အစည်းအဝေးကြောင့်သာ မဟုတ်ရင် ဒီလောက်များတဲ့ ပါရမီရှင်တွေ ပုန်းအောင်းနေတာကို သူတို့တွေသိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်သန်းတစ်ရာအတွင်း ပေါ်ထွက်လာတဲ့ မဟာတာအိုပညာရှိတွေက ပြီးခဲ့တဲ့ခေတ်ထက် အများကြီး ပိုများပါတယ်။ ဒါက တကယ်ကို ဘယ်တုန်းကမှ မရှိခဲ့တဲ့ ရွှေခေတ်တစ်ခေတ်ပါ။
“နောက်ပြီး လောကဦး နတ်ဘီလူးက ပဋိပက္ခကို ဖျက်ဆီးမဲ့ ကြမ္မာဆိုး မဟုတ်ဘူး၊ လောကဦးနတ်ဘီလူးက ပဋိပက္ခအတွက် အဆုံးမဲ့ခေတ်ကို ဖွင့်လှစ်မှာ၊ ဘယ်သူပဲ လောကဦးနတ်ဘီလူး ဖြစ်လာဖြစ်လာ ပဋိပက္ခကို ထိုးဖောက်ပြီး အဆုံးမဲ့ခေတ်ကို ကြိုဆိုရလိမ့်မယ်၊ ဒါက ဘယ်တုန်းကမှ မရှိခဲ့တဲ့ အခွင့်အရေးပဲ၊ အနည်းဆုံး သူတို့တွေ ငါ့ကို ယှဉ်နိုင်လိမ့်မယ်၊ ဒါမှမဟုတ် ငါ့ကို ကျော်လွန်ပြီး မဟာတာအို အထွတ်အထိပ်အဆင့်ထက် မြင့်မားတဲ့ လျှို့ဝှက်ဆန်းကြယ် အထွတ်အထိပ် အဆင့်ဆီ ရောက်ရှိသွားလိမ့်မယ်” အန္တိမဒဏ်ခတ်နတ်မင်းက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံး မျက်လုံး အရောင်တောက်သွားကြပါတယ် ‘ဒီအခွင့်အရေးက ဒီလောက်တောင် ကြီးမားတာလား’
ဟန်ထော်၊ ကွမ်းပုပိုင်၊ မုရုံချီနဲ့ တခြားပါရမီရှင်တွေလည်း လိုချင်သွားကြပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုက အကန့်အသတ်ကို ရောက်နေပါပြီ။ ပဋိပက္ခ နတ်ဘီလူး အရည်အချင်းနဲ့တောင် ရှေ့ဆက် မတိုးတော့ပါဘူး။ ဒါကြောင့် သူတို့တွေဟာ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းဟာ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပါတယ် “မင်းတို့အကုန်လုံး ငါပြောတာကို သက်ရှိအားလုံးဆီ ဖြန့်ဝေကြ၊ ဒါက သက်ရှိအားလုံးအတွက် အခွင့်အရေးပဲ၊ မင်းတို့ဘာသာ သိမ်းမထားကြနဲ့”
စကားဆုံးတာနဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဒီစကားတွေက ပဋိပက္ခဟာ ပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်စေမှာပါ။ တိတိကျကျ ပြောရရင် ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလာမှာပါ။ ထိပ်သီးကျင့်ကြံသူတွေနဲ့ ပါရမီရှင်တွေအတွက်တော့ ဒါက ဘယ်တုန်းကမှ မရှိခဲ့တဲ့ နောက်လည်း ရှိမလာနိုင်မဲ့ ပွဲတော်တစ်ပွဲပါ။
.....
ပဋိပက္ခရဲ့ ဗဟိုမှာ ဥက္ကာခဲပေါင်း မြောက်မြားစွာ ပေါလောမျောနေပါတယ်။ မြူခိုးနက်တွေကလည်း မကြာမကြာ မျောပါလာပြီး ဒီထဲမှာ အမင်္ဂလာ မကောင်းဆိုးဝါးတွေ ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှ မသိပါဘူး။
ချပ်ဝတ်အပြည့်နဲ့ ဟန်ဟွမ်ဟာ အကြီးမားဆုံး ဥက္ကာခဲပေါ်မှာ ကျောက်ရုပ်လို ထိုင်နေပါတယ်။
ဒီအချိန်မှာ အဝေးကနေ ရုပ်သွင်တစ်သွင် ပျံသန်းလာပါတယ်။ ဒီရုပ်သွင်က ခုနစ်ရောင်ခြယ် အလင်းဖြာထွက်နေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ နတ်မိမယ်တစ်ပါးပါ။ သူမဟာ အလွန်တရာ ချောမောလှပပြီး အားနည်းပြီး သနားဖို့ကောင်းတဲ့အသွင် ရှိပါတယ်။
သူမဟာ ဟန်ဟွမ်ရှေ့ရပ်ပြီး “ကျေးဇူးရှင်... ကျွန်မ ကျေးဇူးရှင် လိုချင်တာ အကုန်လုံး ရှာတွေ့ပြီ”
အဲဒီနောက် မြောက်များလှစွာသော ကျောက်တုံးတွေ၊ သလင်းကျောက်စိမ်းတွေ၊ ထူးဆန်းတဲ့ အကြောတွေ နတ်မိမယ်ရဲ့ ညာလက်မှာ ပေါ်လာပါတယ်။ ဒီအရာတွေဟာ ကြယ်တစ်စင်းရဲ့ ကွင်းလိုမျိုး ဟန်ဟွမ်ကို ပတ်လည်ဝိုင်းသွားပါတယ်။
ဟန်ဟွမ်ဟာ မျက်လုံးဖွင့်ကြည့်ပြီး လက်မြှောက်ကာ မန္တန်သုံးလိုက်ပါတယ်။ တစ်ချိန်တည်းမှာလည်း “ကျေးဇူးပဲ... မင်း သွားလို့ရပြီ”
“မသွားဘူး... ကျွန်မ ကျေးဇူးရှင်ကို ထာဝရ လုပ်ကျွေးပြုစုပါရစေ”
“ငါ ဘယ်သူလဲဆိုတာ မင်း သိတာပဲ၊ သူအများ လုပ်ကျွေးပြုစုတာကို ငါ မလိုဘူး”
“ကျွန်မ သိပါတယ်၊ ကျေးဇူးရှင်က အစွမ်းအထက်ဆုံး ဒဏ်ခတ်သမား၊ ပဋိပက္ခထဲမှာ နံပါတ်တစ် စွမ်းအားကြီးပုဂ္ဂိုလ်၊ ဟန်ဟွမ်၊ လောကဦးနတ်ဘီလူးလို့တောင် ခေါ်ကြတယ်၊ ကျေးဇူးရှင်က ကျွန်မအသက်ကို ကယ်ခဲ့တော့ ကျွန်မ ကျေးဇူးရှင်ဘေးမှာ နေချင်ပါတယ်” အင်မော်တယ် အဝတ်အစားနဲ့ မိန်းမပျိုဟာ တလေးတစား ပြောလိုက်ပါတယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါက တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်တော့မှာ၊ မင်းရဲ့ လွတ်လပ်မှုအဆင့် ကျင့်ကြံမှုနဲ့ ပြာအတိကျသွားလိမ့်မယ်၊ ပြန်သွားပါ... မင်းက မင်းရဲ့ကမ္ဘာမှာ သက်ရှိအားလုံးအထက်က တာအိုပညာရှိတစ်ပါး၊ ဒါပေမဲ့ မင်း ငါ့နောက်ကိုလိုက်ရင် ဘာမှမဟုတ်တော့ဘူး၊ မတန်ပါဘူးကွာ”
“ကျွန်မရဲ့ ရုပ်နာမ်နှစ်ပါး ပြာအတိကျရင်တောင် ကျေးဇူးရှင်နောက်ကို လိုက်ချင်ပါတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။