သက်ရှိအားလုံးနဲ့ တိုက်ခိုက်ခြင်း1
Vol. 102 Ch. 1061
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်ပြီး စိတ်မရှည် ဖြစ်သွားပါတယ် “အဲဒါဆို ငါ မင်းကို ဂရုမစိုက်တော့ဘူး၊ တစ်ခုခုဖြစ်ရင်လည်း မင်းထိုက်နဲ့ မင်းကံပဲ၊ တိုက်ပွဲစရင် ငါ မင်းကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး”
ဟန်ဟွမ်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပြီး သူ့ရှေ့က ပစ္စည်းတွေကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ဟွမ် မန္တန်သုံးလိုက်တဲ့အခါ ဒီပစ္စည်းတွေဟာ စပြီးတော့ ပေါင်းစပ်လာပါတယ်။ ဟန်ဟွမ်ဟာ သူ့ဓမ္မစွမ်းအားကို ဆေးဖိုအဖြစ်သုံးပြီး တစ်စုံတစ်ခုကို ဖိုထိုးယူနေတာပါ။
အင်မော်တယ် အဝတ်အစားနဲ့ အမျိုးသမီးဟာ ဘာမှထပ်မပြောတော့ဘဲ ဘေးနားက ဥက္ကာခဲဆီ ပျံသွားပြီး တရားထိုင်နေပါတယ်။
ဟင်းလင်းပြင်ဟာ ပြန်ပြီး တည်ငြိမ် အေးချမ်းသွားပါတယ်။
ဟန်ဟွမ်ဟာ လုပ်စရာရှိတာကို လုပ်နေပြီး အင်မော်တယ် အဝတ်အစားနဲ့ အမျိုးသမီးကတော့ ဟန်ဟွမ်ကို မကြာမကြာ လှမ်းလှမ်းကြည့်ကာ ရင်ခုန်နေပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်တစ်သန်းက မျက်တောင်တစ်ခတ်ပါပဲ။
သူတို့နှစ်ယောက်ဟာ အဲဒီမှာပဲ ဆက်ထိုင်နေကြပါတယ်။ ဟန်ဟွမ်ဟာ ဖိုဆက်မထိုးတော့ဘဲ ဒီအတိုင်း တရားထိုင်နေပါတယ်။
ဒီနေ့မှာတော့...
ဟန်ဟွမ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ မျက်လုံးထဲမှာ ရက်စက်တဲ့ အလင်းရောင် တောက်ပသွားပါတယ်။
ဟန်ဟွမ်ဟာ မတ်တတ်ရပ်ပြီး လူဆိုးပြုံး ပြုံးလိုက်ပါတယ် “နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ၊ မင်းက တော်တော်စောင့်ရတယ်”
အင်မော်တယ် အဝတ်အစားနဲ့ အမျိုးသမီးဟာလည်း မျက်လုံးဖွင့်ပြီး မတ်တတ်ရပ်ကာ ရင်ဖိုဖိုနဲ့ မေးလိုက်ပါတယ် “ကျေးဇူးရှင် သွားတော့မှာလား”
ဟန်ဟွမ်ဟာ တစ်ချက်လှည့်ကြည့်လိုက်ပါတယ် “ဟုတ်တယ်၊ ငါ အရမ်းစွမ်းအားကြီးတဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်ရမှာ၊ မင်း သေချင်လို့လား၊ မင်း အဲဒီလောက် သေချင်နေရင် ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်၊ ငါတို့တိုက်ခိုက်ရင် တိုက်ပွဲအရှိန်က မင်းကို ပြာအတိကျစေလိမ့်မယ်”
အင်မော်တယ် အဝတ်အစားနဲ့ အမျိုးသမီးဟာ နှုတ်ခမ်းကိုက်ပြီး နောက်ဆုံးမှာတော့ ဟန်ဟွမ်နောက် လိုက်မသွားပါဘူး။ သူမဟာ ထွက်ခွာသွားတဲ့ ဟန်ဟွမ်ကို ကြည့်ရင်း မသိမသာ သက်ပြင်းချလိုက်ပါတယ် “ရှင်က ဘာဖြစ်လို့ ကျွန်မကို ဒီလောက်တောင် မကြိုက်ရတာလဲ၊ ကျွန်မက ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့လား”
.....
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ စူးရှတဲ့အငွေ့အသက်တွေ မျက်လုံးထဲမှာ ယှက်သမ်းသွားပါတယ်။
နှစ်သန်းချီ ကြာညောင်းပြီးနောက် ဟန်ကျွယ်ဟာ အသက် သန်း ၁၄၀ ပြည့်သွားပါပြီ။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးကို ရလိုက်တာအပြင် ကျင့်ကြံမှုကလည်း ပုံမှန် တိုးတက်နေတဲ့အတွက် ဟန်ကျွယ်ကို အတော်လေး ကျေနပ်အားရစေပါတယ်။
ဟန်ကျွယ် နိုးလာချင်းချင်း ပထမဆုံးလုပ်တာက စာစောင်တွေကို စစ်ဆေးတာပါ။
[သင့်သား ဟန်ဟွမ်သည် သင့်ရန်သူ ဟွမ်ဇွမ်တျန်၏ ကျိန်စာတိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၂၃၇
[သင့်သား ဟန်ဟွမ်သည် ပဋိပက္ခ ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၈၀၉၈၃၂၃
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]
[သင့်သား ဟန်ဟွမ်သည် အမင်္ဂလာ မကောင်းဆိုးဝါးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၆၃၃၂၁၁၀
[သင့်မျိုးဆက် ဟန်ယဲ့သည် ပဋိပက္ခ ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၄၃၉၀၀၄၁၈
[သင့်မျိုးဆက် ဟန်ယဲ့သည် အမင်္ဂလာ မကောင်းဆိုးဝါးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၀၀၆၆၈
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တန်ပြန်မှုကြောင့် ဝိညာဉ် ထိခိုက်သွား၏။]
[သင့်မိတ်ဆွေ ကျောက်ရွှမ်ကွမ်းသည် ရှီထျန် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] ×၂၀၉၈၆၉၇၂
‘တိုက်ခိုက်ခံရတာ များလှချည်လား... မဟာတာအို အနန္တကပ်ဘေး ရောက်လာတာလား...’
ဟန်ကျွယ်ဟာ ဟန်ဟွမ် အန္တိမမူလစွမ်းအား ငှားယူတာကို မခံစားမိတာကြောင့် ကျင့်ကြံတာကနေ စောစောစီးစီး မထွက်ပါဘူး။ ဒါပေမဲ့ ဟန်ဟွမ် သူများတွေ ဝိုင်းတိုက်တာကို ခံရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ် တွက်ချက်ကြည့်တဲ့အခါ ဟွမ်ဇွမ်တျန် ပေါ်မလာသေးတာကို တွေ့လိုက်ရပါတယ်။ အခုအချိန်မှာ ဟန်ဟွမ်က ပဋိပက္ခတစ်ခုလုံး ဝိုင်းတိုက်ခိုက်တာကို ခံနေရပါတယ်။ သူ့ကို ကူညီဖို့ ဟန်ယဲ့က ဟန်ဟွမ်နောက် လိုက်ပါတယ်။
အကုန်လုံးက လောကဦးနတ်ဘီလူးဆိုတဲ့ နာမည်ကြောင့်ပါ။ အကုန်လုံးက လောကဦးနတ်ဘီလူး လုပ်ပြီး မဟာတာအို အနန္တကပ်ဘေးရဲ့ သားတော် ဖြစ်ချင်နေကြပါတယ်။
ဟန်ဟွမ်က သက်ရှိအားလုံးရဲ့ ရန်သူ ဖြစ်လာပေမဲ့ အခြေခိုင်နေပါသေးတယ်။ အန္တိမမူလစွမ်းအားကိုတောင် ငှားမယူဘဲ ကိုယ့်အားကိုယ်ကိုးပါတယ်။ ဒဏ်ရာလည်း မရပါဘူး။ ဒီအတောအတွင်း တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရင်းတွေ အများကြီး ဟန်ဟွမ်ကို ရှုံးနိမ့်သွားပါတယ်။
ဟန်ဟွမ်ရဲ့ တိုက်ပွဲအောင်မြင်မှုတွေက ပဋိပက္ခ၊ သာလွန်၊ သိစိတ်မဲ့နဲ့ ရှီထျန် မဟာတာအိုကမ္ဘာတွေမှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျံ့နှံ့ပြီး လူတိုင်းကို အံ့ဩတုန်လှုပ် သွားစေပါတယ်။
သက်ရှိအကုန်လုံး ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ပါး မွေးဖွားလာတာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတယ်။ သူက တစ်ဟုန်ထိုး ထိုးတက်ပြီး တားဆီးမရပါဘူး။
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ဟွမ်ကို ပျိုးထောင်ရတာ အလကားမဖြစ်ပါဘူး။ နောက်ဆုံးတော့ သွေးခင်းလမ်းကို လျှောက်ပြီ မဟုတ်ပါလား။
“ကနဦးဘိုးဘေး နိုးလာပြီလား... ဘိုးဘေးဟန်ဟွမ် ဝိုင်းတိုက်ခံရတာကို သိပြီးပြီလား” ရှန်ဝေါ်က ဂရုတစိုက် မေးလိုက်ပါတယ်။
ရှန်ဝေါ်ဟာ မဟာတာအိုပညာရှိ ဖြစ်နေပြီမလို့ ပဋိပက္ခရဲ့ အခြေအနေကို မြင်နိုင်ပါတယ်။ ဒီနှစ်တွေမှာ ရှန်ဝေါ်ဟာ ကျင့်ကြံတာ သိပ်မရှိဘဲ ဒီတိုက်ပွဲကိုသာ ထိုင်ကြည့်နေပါတယ်။
ဒီလိုထိုင်ကြည့်တာ ရှန်ဝေါ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ရှင်းဟုန်ရွှမ်နဲ့ တခြားလူတွေလည်း ပါပါတယ်။ သူတို့အကုန်လုံး ဟန်ဟွမ်အတွက် စိုးရိမ်ကြပေမဲ့ တစ်ချိန်တည်းမှာလည်း ဟန်ဟွမ်အပေါ် ယုံကြည်မှုအပြည့် ရှိပါတယ်။
ဟန်ဟွမ်က စွမ်းအားကြီးလွန်းပါတယ်။ လောကဦးနတ်ဘီလူးလို့ မပြောရပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ သိတယ်”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ နေရာကနေ ပျောက်ကွယ်ပြီး ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းဆီ ရောက်သွားပါတယ်။ ဒီအချိန်မှာ ချင်းလွမ်အာ၊ ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့လည်း ဒီနေရာကို ရောက်နေကြပါတယ်။ သူတို့ရှေ့မှာ အလင်းမျက်နှာပြင်တစ်ခု ရှိနေပြီး ဟန်ဟွမ်ရဲ့ ရုပ်သွင် ပေါ်နေပါတယ်။
ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ဟာ သွေးချီတွေ အလောင်းကောင်တွေနဲ့ ပြည့်နှက်နေပါတယ်။ မြောက်မြားလှစွာသော စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ပဋိပက္ခရဲ့ နေရာတိုင်းကနေ အပြေးရောက်လာပြီး ဟန်ဟွမ်ကို တိုက်ခိုက်ကြပါတယ်။ တစ်ယောက်ပြီး တစ်ယောက် မီးပုံထဲ တိုးဝင်တဲ့ ပိုးဖလံလိုပါပဲ။
ဟန်ဟွမ်ဟာ ဖန်တီးရှင် နတ်ဘုရားလို လောကဦးနတ်ဘီလူးရဲ့ မူလခန္ဓာကို ကိုယ်ထင်ပြပါတယ်။ ပေပေါင်း ဘီလီယံချီ မြင့်မားတဲ့ ဟန်ဟွမ်ရဲ့ ဆံပင်ဖြူတွေဟာ လေထဲမှာ လူးလွန့်နေပါတယ်။ ခန္ဓာကိုယ် အထက်ပိုင်းက ကြွက်သားတွေဟာ ဖုထစ်နေပြီး အောက်ပိုင်းခန္ဓာကိုယ်နဲ့ ဘောင်းဘီတိုဟာ သွေးတွေ နီရဲနေပါတယ်။ ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ သွေးရောင်နီကို ထုတ်လွှတ်နေပြီး လောကဦးချီကနေ ဖြစ်ပေါ်လာတဲ့ မြောက်မြားလှတဲ့ ခရမ်းရောင် နဂါးတွေဟာ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ကို ရစ်ခွေကာ စွမ်းအားကြီးရန်သူတွေကို ခုခံတိုက်ခိုက်ပါတယ်။
ဒီမြင်ကွင်းက ပန်ကူးနဲ့ ပဋိပက္ခနတ်ဘီလူးတွေ တိုက်ခိုက်နေသလိုပါပဲ။
ဟန်ဟွမ်ရဲ့နောက်မှာတော့ ဟန်ယဲ့ဟာ လောကခွင်းလေးကို ကိုင်ပြီး မြားအစင်းပေါင်း ထောင်သောင်းချီ ပစ်လွှတ်နေပါတယ်။ သူလည်း စွမ်းအားကြီးပါတယ်။
ဟန်ဟွမ်နဲ့ ဟန်ယဲ့ဟာ ပဋိပက္ခက သက်ရှိအားလုံးကို ရင်ဆိုင်ရပေမဲ့ ပျော်ပျော်ရွှင်ရွှင် တိုက်ခိုက်ကြပါတယ်။
ဟန်ယဲ့ရဲ့ ခန္ဓာကိုယ်ဟာ သွေးချီနဲ့ အကုသိုလ်ကံတွေကို ဆက်တိုက် စုပ်ယူတဲ့အတွက် ရောင်ဝါက ပုံမှန်တိုးလာပါတယ်။ ရှေ့မှာ ဟန်ဟွမ် ရှိနေတာတောင် သူ့ကို လျစ်လျူရှုထားလို့ မရပါဘူး။ နေအကြီးကြီးနဲ့ နေသေးသေးလိုပါပဲ။
ရုတ်တရက် ပေါ်လာတဲ့ ဟန်ကျွယ်ကြောင့် ရှင်းဟုန်ရွှမ်တို့ လန့်သွားကြပါတယ်။
“ယောက်ျား ဘာဖြစ်လို့ ထွက်လာတာလဲ” ရှင်းဟုန်ရွှမ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာဖြစ်ရမှာလဲ၊ ငါတို့သားကို ကြည့်ဖို့ပေါ့”
ချန်ယွီအာက စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “မောင်လေးဟန်... ဟွမ်အာက စွမ်းအားကြီးလွန်းတယ်၊ ဟန်ယဲ့ရောပဲ၊ အစ်မ သူ့ကို ပဋိပက္ခ အစည်းအဝေးမှာ တွေ့တုန်းက အမြင်ကြည်ခဲ့တာ မဟုတ်ဘူး၊ အဲဒီကောင်လေးက တော်တော် မောက်မာတယ်၊ ဒါပေမဲ့ ဟွမ်အာကို ကူညီရဲလိမ့်မယ်လို့ ထင်မထားမိဘူး”
ဟွမ်အာကို တိုက်ခိုက်တဲ့ ကျင့်ကြံသူတွေက အနည်းဆုံး လောကဦးပဋိပက္ခအဆင့် ရှိပါတယ်။ သာမန် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေက အဝေးကနေ လှမ်းကြည့်ရင်ကြည့် မဟုတ်ရင်လည်း အစီအမံသုံးပြီး ဟန်ဟွမ်ကို နှောင့်ယှက်ရုံပဲ တတ်နိုင်ပါတယ်။
ဟန်ဟွမ်နဲ့ အနီးဆုံးက မဟာတာအိုပညာရှိချုပ်တွေပါ။ တည်ရှိမှု အများကြီးက မဟာတာအိုကမ္ဘာ စွမ်းအားကိုသုံးပြီး ခုခံကြပေမဲ့ ဟန်ဟွမ် ဖိနှိပ်တာကို ခံရတုန်းပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒီလိုပဲ ဖြစ်ရမယ်လေ၊ သူ့လေးကို တွေ့လား၊ အဲဒါ ပဋိပက္ခ အကောင်းစားရတနာထက် အဆင့်မြင့်တဲ့ အကောင်းစား ရတနာတစ်ပါးပဲ၊ ငါ သူ့ကို ပေးလိုက်တာ၊ ငါ တစ်ခါမှ လူကဲခတ် မမှားဘူး”
အန္တိမသတ်ဖြတ်ကြယ်နဲ့ လောကဦး နတ်ဘီလူး အတူတိုက်ခိုက်တဲ့ မြင်ကွင်းက တကယ်ကို လှပပါတယ်။ တခြားလူတွေတော့ မသိပေမဲ့ အနည်းဆုံး ဟန်ကျွယ်အတွက်တော့ တော်တော် လှပါတယ်။
ရွှမ်ချင်းကျွင်းက မေးလိုက်ပါတယ် “ပဋိပက္ခ အကောင်းစား ရတနာရဲ့အထက်မှာ ဘာအဆင့်ရှိတာလဲ”
“အန္တိမတာအိုရတနာ... ဒီရတနာက စိတ်ကူးနဲ့တောင် မျှော်မှန်းလို့မရတဲ့ စွမ်းအားတွေ ပါဝင်တယ်၊ ဟန်ယဲ့ရဲ့လေးက မဟာတာအိုကမ္ဘာကို ဖျက်ဆီးနိုင်တယ်၊ သူ့မှာ စွမ်းအား အလုံအလောက်ရှိရင် ပဋိပက္ခကို မြားတစ်စင်းတည်းနဲ့ ဖြိုခွဲနိုင်တယ်”
ဟန်ကျွယ်ရဲ့ အဖြေက ရှင်းဟုန်ရွှမ်တို့ကို အံဩတကြီး ဖြစ်သွားစေပါတယ် ‘ဒီလောက်စွမ်းတဲ့ ရတနာ ရှိသေးတာလား’
ချင်းလွမ်အာဟာ သက်ပြင်းချလိုက်ပါတယ် “သူနဲ့ ထိုက်တန်ပါတယ်၊ ဟန်မိသားစုရဲ့ မျိုးဆက်တွေက ယောက်ျားရဲ့ ကလေးတွေထက် မနိမ့်ကျလောက်ဘူး”
ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်၊ ရွှမ်ချင်းကျွင်းနဲ့ ချန်ယွီအာတို့ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ယဲ့ဟာ ဒီတိုက်ပွဲမှာ သူ့ကိုယ်သူ သက်သေပြလိုက်ပါတယ်။ သတ်ဖြတ်ခြင်း နတ်ဘုရားဆိုတဲ့ နာမည်က ပဋိပက္ခမှာ ပျံ့နှံ့သွားခဲ့ပါပြီ။ သူတို့တိုက်ခိုက်တာက နှစ်ပေါင်း တစ်သန်းကျော် ကြာခဲ့ပြီ မဟုတ်ပါလား။
ဟန်ဟွမ်နဲ့ ဟန်ယဲ့ဟာ တိုက်ခိုက်လေလေ စွမ်းအားကြီးလာလေလေပါပဲ။ သူတို့ရဲ့ သတ်ဖြတ်ငွေ့ကို ကြယ်စကြဝဠာကနေတောင် အာရုံခံနိုင်ပါတယ်။ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။
“ယောက်ျား... ဟွမ်အာနဲ့ ယဲ့အာ နိုင်မှာလား” ရှင်းဟုန်ရွှမ်က ရင်ဖိုဖိုနဲ့ မေးလိုက်ပါတယ်။ ဟန်ဟွမ်နဲ့ ဟန်ယဲ့က စွမ်းအားကြီးပေမဲ့ ရန်သူတွေက ကုန်သွားတယ် မရှိပါဘူး။ တခြားမဟာတာအိုကမ္ဘာတွေက ကျင့်ကြံသူတွေပါ တဖွဲဖွဲ ရောက်လာကြပါတယ်။
ဒီအတိုင်းဆို အခြေအနေက သိပ်မကောင်းလှပါဘူး။ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ထာဝရ တိုက်ခိုက်နိုင်မှာလား။
ဟန်ကျွယ် “သူတို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုပေါ် မူတည်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။