ရှန်ရှင်းကိုးပါး၊ ကျို့ကဲ့ဂျိသွမ်
Vol. 102 Ch. 1065
မော့ဇောင်ဟာ လူသတ်စိတ် ပေါက်နေတဲ့ ဟန်ကျွယ်ကို ရင်ဆိုင်ရတဲ့အခါ ကြောက်လန့်ပြီး ဘာလုပ်ရမလဲ မသိတော့ပါဘူး။
ဟန်ကျွယ်က အေးစက်စွာ ပြောလိုက်ပါတယ် “ငါ မင်းဆရာကို အခုသတ်မယ်” ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ်။
မော့ဇောင်ဟာ ဟန်ကျွယ်က နောက်လှည့်ပြီး သူ့ဆရာသခင်ကို တိုက်ခိုက်တာ တွေ့လိုက်ရပါတယ်။ သူ့ရဲ့ စွမ်းအားကြီးမားလှတဲ့ ဆရာသခင်ဟာ သူ့မျက်စိအောက်မှာပဲ ပြာအတိကျသွားပါတယ်။
“မဟုတ်ဘူး...” မော့ဇောင်ဟာ ဝမ်းပန်းတနည်း အော်ဟစ်လိုက်ပါတယ်။ အဲဒီနောက် ရုတ်တရက် မတ်တတ်ရပ်ပြီး ဟန်ကျွယ်ဆီ ပြေးကာ တိုက်ခိုက်ဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ မော့ဇောင်ဟာ မတ်တတ်ရပ်လိုက်တယ်ဆိုရင်ပဲ မမြင်နိုင်တဲ့ အင်အားတစ်ခုရဲ့ ချုပ်နှောင်မှုကို ခံရပြီး တစ်လက်မတောင် မရွှေ့လျားနိုင်တော့ပါဘူး။
မော့ဇောင်ဟာ ဟန်ကျွယ်ကို သွေးမျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးထဲမှာ မုန်းတီးမှုတွေ သတ်ဖြတ်ငွေ့တွေ ပြည့်လျှံနေပါတယ်။
“မစတော့နဲ့၊ သူက ကလေးပဲ ရှိသေးတယ်”
မော့ကျူရဲ့အသံ ထွက်ပေါ်လာပါတယ်။
မော့ဇောင်ဟာ အသံလာရာကို လှမ်းကြည့်မိလိုက်တဲ့အခါ စောစောက ပြာအတိကျသွားတဲ့ သူ့ဆရာသခင် ပြန်ပေါ်လာပြီး သူ့ဆီ လျှောက်လာတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ကို ထပ်ကြည့်မိလိုက်တဲ့အခါမှာတော့ အေးစက်မှုတွေ သတ်ဖြတ်ငွေ့တွေ လုံးဝ ပျောက်ကွယ်သွားပြီး ပြုံးနေတဲ့ မျက်နှာကို တွေ့လိုက်ရပါတယ်။ မြန်ဆန်လွန်းတဲ့ ပြောင်းလဲမှုနဲ့ ဟန်ကျွယ်ရဲ့ အလွန်တရာမှ ချောမောလှတဲ့ မျက်နှာကြောင့် မော့ဇောင်ဟာ နည်းနည်း ကြက်သေသေသွားပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ” မော့ဇောင်ဟာ သူ့ကို ချုပ်နှောင်ထားတဲ့ အားကြီးလှတဲ့ စွမ်းအား ပျောက်ကွယ်သွားတာကို ခံစားမိလိုက်တာကြောင့် နားမလည်နိုင်ဘဲ မေးလိုက်ပါတယ်။
မော့ဇောင်ဟာ ဘယ်လောက်ပဲ တုံးတုံး ဟန်ကျွယ်က ရန်သူ မဟုတ်ဘူးဆိုတာကို ပြောနိုင်ပါတယ်။ စောစောက သူ့ကို စ,နေတယ်ဆိုတာလည်း သိလိုက်ပါတယ်။
မော့ကျူဟာ ဟန်ကျွယ်ဘေး လျှောက်လာပြီး “ရှင် သူ့အတွက် ရောက်လာတာလား”
ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
မော့ကျူဟာ မော့ဇောင်ကို ကြည့်ပြီး “မြန်မြန် ဒူးထောက်ပြီး မင်းရဲ့ ဘိုးဘေးကို ဂါရဝပြုချည်”
‘ဘိုးဘေး...’ မော့ဇောင်ဟာ မှင်တက်သွားပေမဲ့ သူ့ဆရာစကားကို ယုံကြည်တာကြောင့် ဒူးထောက်ပြီး ဟန်ကျွယ်ကို ရှိခိုးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မော့ကျူကို ကြည့်ပြီး မေးလိုက်ပါတယ် “ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား”
မော့ကျူဟာ ဟန်ကျွယ်ကို ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ကြည့်ရင်း “မဆိုးပါဘူး၊ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပဲ”
သူတို့နှစ်ယောက်ကို တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် စိုက်ကြည့်နေကြပါတယ်။ အတိတ်က အဖြစ်အပျက်တွေဟာ သူတို့နှစ်ယောက်ရဲ့ မျက်လုံးထဲမှာ ရုတ်ခြည်း ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ သူတို့ရဲ့ အတိတ်ကို ဂရုမစိုက်တော့ပေမဲ့ မော့ကျူရဲ့ မှတ်ဉာဏ်တွေထဲမှာတော့ ထင်ထင်ရှားရှား ရှိနေပါသေးတယ်။ ဒီနှစ်တွေမှာ မော့ကျူဟာ ကျင့်ကြံအားထုတ်ရင်း ဟန်ကျွယ်ရဲ့ ဒဏ္ဍာရီတွေကို နားထောင်နေခဲ့တာပါ။ မော့ကျူဟာ ကူကယ်ရာလည်း မဲ့သလို နောင်တလည်း ရပါတယ်။ အဲဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ ပြတ်သားလာခဲ့ပါတယ်။
ဟန်ကျွယ်ဟာ မော့ကျူက သူ့မိသားစုကို ရွေးချယ်သွားလို့ အပြစ်မမြင်ပါဘူး။ လူတိုင်းမှာ ရွေးချယ်မှုကိုယ်စီ ရှိပါတယ်။ ဟန်ကျွယ်ဟာ ဘယ်တုန်းကမှ လူတိုင်းကို သူ့အလိုကျ ကြိုးဆွဲချင်ခဲ့တာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မော့ဇောင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းခန္ဓာကိုယ်ထဲက စွမ်းအားကို ခံစားမိလား”
မော့ဇောင်ဟာ တအံ့တဩနဲ့ ပြန်မေးပါတယ် “ဒီစွမ်းအားက ဘိုးဘေးရဲ့စွမ်းအားလား...”
မော့ဇောင်ဟာ သူ့ရှေ့က ဒီဘိုးဘေးဟာ သူ့ဆရာသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောနိုင်ပါတယ် ‘ဒီဆက်ဆံရေးကြောင့် ဆရာသခင်က ငါ့ကို တပည့်အဖြစ် လက်ခံတာလား’
မော့ဇောင်ရဲ့ ခံစားချက်တွေဟာ ရှုပ်ထွေးသွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းနားလည်တာ ကောင်းတယ်၊ တချို့ကိစ္စတွေက မပြောဘဲနဲ့ သိနေတာ ကောင်းတယ်”
မော့ဇောင်ဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါဒီမှာ ခဏနေပြီး မင်းကို ပညာသင်ပေးမယ်”
ဟန်ကျွယ်ဟာ မော့ကျူကို ကြည့်လိုက်တဲ့အခါ မော့ကျူက ချက်ချင်း ပြန်ပြောပါတယ် “ရှင် ဆန္ဒရှိသလောက် နေလို့ရတယ်”
မော့ကျူဟာ ရင်ဖိုသွားပါတယ်။ မော့ကျူဟာ ဒီခံစားချက်ကို မခံစားရတာ နှစ်သန်းတစ်ရာကျော်ခဲ့ပါပြီ။ မခံစားရတာ ကြာလွန်းလို့ မေ့တောင်မေ့နေပါပြီ။
အဲဒီလိုနဲ့ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ မော့ကျူရဲ့ တာအိုစက်ကွင်းမှာ ခေတ္တနေထိုင်ပါတယ်။ တခြားကိုယ်ပွားရှစ်ခုကလည်း ဒီလိုပါပဲ။ သူတို့တွေဟာ တခြားမျိုးဆက်ရှစ်ယောက်ကို တိုက်ရိုက် မကယ်တင်ပါဘူး။ တဖြည်းဖြည်း လက်ခံလာအောင် လုပ်ပါတယ်။
ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ကတော့ တတိယ တာအိုဘုံကျောင်းဆီ ပြန်ပါတယ် “အချိန်တစ်ခုကြာရင် ငါ မျိုးဆက်ကိုးယောက်ကို ခေါ်လာမယ်၊ သူတို့က မင်းရဲ့ အငယ်တွေလို့ ပြောလို့ရတယ်၊ မင်း သူတို့ကို ဂရုစိုက်ရလိမ့်မယ်”
ရှန်ဝေါ်ဟာ မျက်လုံးဖွင့်ပြီး သေချာအောင် မေးလိုက်ပါတယ် “သူတို့ကလည်း ကျွန်တော်လိုပဲ...”
“ဟုတ်တယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ရှန်ဝေါ်ဟာ ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။ အင်အားကြီးတဲ့ ပြိုင်ဘက်ကိုးယောက် ပေါ်လာပြီ မဟုတ်ပါလား ‘ကနဦးဘိုးဘေးက ငါကျင့်ကြံတာကို အားမရတာလား...’
ဟန်ကျွယ် “အများကြီး မတွေးနဲ့၊ နောက်ကျ ပိုများလာမှာ... ငါ မင်းတစ်ယောက်တည်းကို ပျိုးထောင်လို့ရမလား၊ ငါ ဒီလိုပျိုးထောင်တာက အချိန်တစ်ခုကြာတိုင်း လုပ်မှာ၊ မင်းသူတို့ကို ပညာသင်ပေး ဂရုစိုက်ပေးပြီး ရေစက်ကောင်း တည်ဆောက်ပေါ့”
ရှန်ဝေါ်ဟာ ဟန်ကျွယ်စကားကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ချက်ချင်း ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။
နှစ်တစ်ရာ ကြာတဲ့အခါ ဟန်ကျွယ်ရဲ့ ကိုယ်ပွားကိုးပွားဟာ မျိုးဆက်ကိုးယောက်နဲ့ ပြန်လာပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ မော့ကျူလည်း ပါလာပြီး တတိယ တာအိုစက်ကွင်းမှာ နေထိုင်ပါတယ်။
မော့ကျူကို တွေ့လိုက်ရတဲ့ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ဟာ ဝမ်းသာအားရ ဖြစ်သွားကြပါတယ်။ အခုလိုအချိန်မှာ မိတ်ဆွေဟောင်းနဲ့ တွေ့ဆုံဖို့က အဆင့်ထိုးဖောက်တာထက်ကို ခက်ခဲနေပြီ မဟုတ်ပါလား။
တာအိုဘုံကျောင်းအတွင်း။
ဟန်မိသားစုရဲ့ မျိုးဆက်ကိုးယောက်ဟာ ဘေးချင်းယှဉ်လျက် တရားထိုင်ပြီး ဟန်ကျွယ်ကို တလေးတစား ကြည့်နေကြပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ သူတို့နဲ့ ရင်းနှီးပြီး ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခဲ့ပါတယ်။ တတိယ တာအိုစက်ကွင်းကို ရောက်လာပြီးနောက် သူတို့တွေဟာ ကနဦးဘိုးဘေးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိမှန်း သိလိုက်ကြရပါတယ်။
ဒီနာမည်က ကောင်းကင်တာအိုမှာ အထွတ်အထိပ်ပါ။ သူတို့တွေဟာ တာအိုဘိုးဘေးနဲ့ ပန်ကူးကို မသိပါဘူး။ ကောင်းကင်တာအိုကို စောင့်ရှောက်တဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုပဲ သိကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ ကနဦးဘိုးဘေးက ဒီလိုမျိုး နောက်ခံ ရှိနေလိမ့်မယ်လို့လည်း ထင်မထားကြပါဘူး။
ရှန်ဝေါ်ဟာ လူသစ်ကိုးယောက်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ရှန်ဝေါ်ဟာ သူတို့ကိုကြည့်ပြီး ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်ကိုးပါး ပေါ်ထွန်းလာတော့မှာကို မြင်လိုက်ရပါတယ်။ သူတို့တွေက ငယ်ရွယ်ပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အကန့်အသတ်မဲ့ အရည်အချင်းနဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ရှန်ဝေါ် အာရုံခံစားနိုင်ပါတယ်။
“ငါ မင်းတို့ကို အခွင့်အရေးကြီးပေးပြီး ဘဝသစ်မွေးဖွားခွင့် ပြုထားတယ်၊ မင်းတို့ လုပ်ရမှာက ဒီနေရာမှာ အေးဆေး ကျင့်ကြံအားထုတ်ဖို့ပဲ၊ မင်းတို့တွေ ငါ့ခွင့်ပြုချက်မရှိဘဲ အပြင်မထွက်ရဘူး၊ မင်းတို့တွေ ဒီနေရာမှာ နှစ်သန်းရာချီ ဒါမှမဟုတ် ဒီထက်ကြာအောင်တောင် နေနိုင်ရနိုင်တယ်” ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဘယ်သူမှ ဟန်ကျွယ်ရဲ့ စကားကို ခွန်းတုံ့မပြန်ပါဘူး။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ တတိယတာအိုစက်ကွင်းဆီ မလာခင်ကတည်းက သူတို့ကို ဒီအကြောင်းပြောပြီးပါပြီ။
အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဟောကြားပေးပါတယ်။ နှစ်တစ်ထောင်ကြာအောင် တာအိုဟောကြားပေးပြီးတဲ့ နောက်မှာတော့ သူတို့ကိုးယောက်ရဲ့ ကျင့်ကြံမှုတွေဟာ မိုးပေါ် ထိုးတက်သွားကြပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အမြန်ဆုံး ကျင့်ကြံအားထုတ်နိုင်တဲ့ ဟန်ကျုံးတောက်ကို ခေါင်းဆောင်ခန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကိုးယောက်ကို ရှန်ရှင်းကိုးပါး - နတ်ကြယ်ကိုးစင်းလို့ နာမည်ပေးလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။
ရှန်ဝေါ်ဟာ ရှန်ရှင်းကိုးပါးနဲ့ တာအိုဘုံကျောင်းထဲက ထွက်ခွာသွားပြီး တစ်ဦးနဲ့တစ်ဦး ရင်းနှီးအောင် လုပ်ကြပါတယ်။ ရှန်ရှင်းကိုးပါးစလုံးဟာ ဟန်ကျွယ်ရဲ့ ဆောင်ရွက်ချက်တွေကို သိချင်ကြပါတယ်။ ရှန်ဝေါ်ကလည်း ဘာမှမဖုံးကွယ်ဘဲ ဟန်မိသားစုရဲ့ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုတောင် ပြောပြပါတယ်။
ရှန်ဝေါ်က ပြောလေလေ ရှန်ရှင်းကိုးပါးဟာ ပိုပြီးတော့ စိတ်လှုပ်ရှားလေလေပါပဲ။ ရှန်ရှင်းကိုးပါးဟာ ဟန်မိသားစုအကြောင်းကို နားထောင်ပြီး သွေးတွေ ဆူပွက်သွားကြပါတယ်။ သူတို့တွေဟာ ဟန်ဟွမ်လိုမျိုး ပဋိပက္ခမှာ ပြိုင်ဘက်ကင်းချင်ကြပါတယ်။
တခြားတစ်ဖက်မှာတော့...
သာလွန် မဟာတာအိုကမ္ဘာထဲဝင်တဲ့ ပဋိပက္ခ အင်အားစုတွေ ပိုပိုများလာတာနဲ့ သိစိတ်မဲ့နဲ့ ရှီထျန် မဟာတာအိုကမ္ဘာတွေကလည်း နောက်ကနေ အတုလိုက်ခိုးကြပါတယ်။ အဲဒါကြောင့် ပဋိပက္ခတစ်ခုလုံး ဂယက်ထပြီး သက်ရှိအားလုံးဟာ ပဋိပက္ခ ဝါးမျိုခံရမှာကို စိုးရိမ်သွားကြပါတယ်။
ဒီအချိန်မှာ အနှိုင်းမဲ့ပါရမီရှင်တစ်ပါး ပေါ်လာပြီး ပဋိပက္ခကို စုစည်းချင်လာပါတယ်။ ဒီအနှိုင်းမဲ့ပါရမီရှင်က ဒုတိယအကြိမ် ပဋိပက္ခအစည်းအဝေးမှာ အနှိုင်းမဲ့ပါရမီရှင်ဘွဲ့ ရရှိခဲ့တဲ့ ကျောက်ရွှမ်ကွမ်းပါ။
ကျောက်ရွှမ်ကွမ်းဟာ ကောင်းကင်တာအိုကနေ ထွက်ခွာပြီး ကျို့ကဲ့ဂျိသွမ်ကို တစ်ကိုယ်တော် တည်ထောင်ထားပါတယ်။ ကျောက်ရွှမ်ကွမ်းဟာ ပထမဆုံး ပါရမီရှင် မြောက်မြားစွာကို စုပ်ယူပြီး သူ့နယ်မြေကို ချဲ့ထွင်ပါတယ်။ အဲဒီနောက် မဟာတာအိုကမ္ဘာသုံးပါးကို ခုခံတာ အကြောင်းပြပြီး ပဋိပက္ခကို စုစည်းမယ်လို့ ကြော်ငြာတဲ့အတွက် မြောက်မြားလှတဲ့ ထိပ်သီးကျင့်ကြံသူတွေ ခိုဝင်လာပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ကျောက်ရွှမ်ကွမ်းကို မတားတဲ့အတွက် မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို စိတ်ထဲမှာ အံ့အားသင့်သွားစေပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက ပဋိပက္ခကို စုစည်းဖို့ မလိုဘူးလို့ ပြောထားခဲ့တာဆိုတော့ ကျောက်ရွှမ်ကွမ်းရဲ့ လုပ်ဆောင်ချက်တွေက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အန္တိမဒဏ်ခတ်နတ်မင်းက ဘာမှမပြောတဲ့အတွက် မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ စိတ်ထင်တိုင်း မလုပ်ရဲကြပါဘူး။ ကျောက်ရွှမ်ကွမ်းက ကြီးပြင်းလာပြီး ဒဏ်ခတ်သမားလည်း ဖြစ်တော့ သူ့အဆင့်အတန်းက မဟာတာအို နတ်စိတ်ဝိညာဉ် အများစုထက် ပိုမြင့်ပါတယ်။
.....
နှစ်ဆယ်သန်းဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ အသက် သန်း ၁၆၀ ပြည့်ပြီး မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်ကို ရရှိသွားပါတယ်။
ပဋိပက္ခ အစည်းအဝေး စတော့မှာမလို့ ပဋိပက္ခက ပြန်ပြီးတော့ ဝရုန်းသုန်းကား ဖြစ်လာပါတယ်။ ဒီတစ်ကြိမ် တခြားမဟာတာအိုကမ္ဘာက ပါရမီရှင်တွေလည်း ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ အရင်ပဋိပက္ခ အစည်းအဝေးတွေထက် စည်ကားမလားတော့ မသိနိုင်သေးပေမဲ့ ဒီတစ်ခါ ပဋိပက္ခအစည်းအဝေးက အရင်အကြိမ်တွေထက် လူသိပိုများပြီး ပိုခက်ခဲမှာပါ။
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ တရားထိုင်နေတဲ့ ရှန်ရှင်းကိုးပါးကို ကြည့်လိုက်ပါတယ်။ ကိုးယောက်စလုံးက မဟာတာအိုပညာရှိတွေ ဖြစ်နေကြပါပြီ။ သူတို့ကိုးယောက်က နှစ်ဆယ်သန်းတည်းနဲ့ မဟာတာအိုပညာရှိတွေ ဖြစ်လာတာ ဖြစ်တဲ့အတွက် လက်ရှိပဋိပက္ခမှာ ထိပ်တန်းအဆင့်လို့ ယူဆလို့ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။