← Chapters

တာအိုဖန်တီးရှင်များ ပူးပေါင်းခြင်း

Vol. 102 Ch. 1067

တာအိုဖန်တီးရှင်များ ပူးပေါင်းခြင်း

Vol. 102 Ch. 1067

“ဗလာနယ်မြေကို လာခဲ့ချည်၊ ငါ မင်းကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်” အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်ကျွယ်ကို ခဏကြည့်ပြီးနောက် ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သတိကြီးသွားပါတယ် “ဘယ်နေရာကို ခေါ်သွားမှာလဲ”

“မင်းလာရင် သိလိမ့်မယ်”

စကားဆုံးတာနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ အိပ်မက်ကို အားသုံးချိုးဖျက်ပြီး ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “အခုအချိန်မှာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ တွေ့တာက အန္တရာယ်ရှိနိုင်လား”

[သက်တမ်း ၂ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ ထောင်ချောက်မဟုတ်တဲ့အတွက် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ တကယ်တော့ ဟန်ကျွယ်ဟာ မကြောက်ပါဘူး။ ပိတ်လှောင်ခံရရင်တောင် သူ့မှာ ထွက်ပြေးဖို့ နည်းလမ်း ရှိပါတယ်။

ဟန်ကျွယ်ဟာ သူ့သာလွန်နိယာမကို အပိုင်း အမြောက်အမြားခွဲပြီး လျှောက်ဖြန့်ကြက်ပြီးပါပြီ။ အဲဒါကြောင့် သေသွားမယ်ဆိုရင်တောင် ချက်ချင်း ပြန်ရှင်သန်လာနိုင်ပါတယ်။

ပြောရရင် တာအိုဖန်တီးရှင်တစ်ပါးကို သတ်ဖို့က မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်း ဗလာနယ်မြေဆီ ဦးတည် ခရီးနှင်ပါတယ်။ အဲဒီ‌နောက် ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ရဲ့ စွမ်းအား လွှမ်းခြုံတာကို ခံလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မခုခံဘဲ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နောက် လိုက်သွားပါတယ်။

ဟန်ကျွယ်ရဲ့ မြင်ကွင်းဟာ ဝေဝါးပြီး ပြန်ကြည်လင်သွားတဲ့အခါ လျှို့ဝှက်ဆန်းကြယ် အမှောင် အာကာသတစ်ခုဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ စိတ်ဆန္ဒကို ဖြန့်ကြက်လိုက်တဲ့အခါ ဒီအာကာသ အဆုံးမဲ့တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒီနေရာက ပဋိပက္ခတစ်ခုလုံးထက် ကြီးမားကျယ်ပြန့်ပြီး ဘာသက်ရှိမှ မရှိပါဘူး။ အကြွင်းမဲ့ ဗလာကျနေပါတယ်။

အဲဒီနောက် အပြောကျယ်တဲ့ ရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။ သူတို့က အနန္တဖျက်ဆီးရှင်သခင် ရှီထျန်၊ ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းတို့ ဖြစ်ပါတယ်။

‘ဒါ...’ ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ် ‘ဒါ ငါ့ကို ဝိုင်းတိုက်မှာတော့ မဟုတ်လောက်ပါဘူး... ငါ့ကို သတ်ပစ်ဖို့က ဖြစ်မှမဖြစ်နိုင်တာ... တာအိုဖန်တီးရှင်တွေက ဒီလောက်တောင် မတုံးလောက်ပါဘူး’

ပဋိပက္ခသိစိတ် “တာအိုရောင်းရင်းဟန်... တာအိုရောင်းရင်းဟန်က တကယ်ကို ခြိုးခြုံကျင့်ကြံတာပဲ၊ ငါတို့တွေ အိပ်မက်ထဲ လာလည်ဖို့ ကြိုးစားတာကိုတောင် လျစ်လျူရှုထားတယ်”

ဟန်ကျွယ် “ကျင့်ကြံတာကို အာရုံစိုက်ဖို့လိုတယ်လေ”

သဏ္ဍာန်မဲ့နတ်မင်း “ပဋိပက္ခက လတ်တလောမှာ လှိုင်းတော်တော် ထန်နေတယ်၊ မိစ္ဆာနတ်ဆိုးတွေ အများကြီး ပေါ်လာတယ်၊ ငါတို့တွေ ဒီနေရာမှာ စုဝေးတာက ဒီကိစ္စအတွက်ပဲ၊ အခု မဟာတာအိုကမ္ဘာတွေက ပဋိပက္ခနဲ့ ပေါင်းစပ်သွားပြီဆိုတော့ ပဋိပက္ခ တစ်ခုခုဖြစ်ရင် ငါတို့ကိုလည်း လာသက်ရောက်လိမ့်မယ်”

‘ဒီကိစ္စလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါလည်း မိစ္ဆာနတ်ဆိုးတွေကို အာရုံခံမိတယ်၊ မဟာတာအို အနန္တကပ်ဘေးရဲ့ နိမိတ်ထင်လို့ ဒီအတိုင်း ကြည့်နေတာ၊ တခြားအကြောင်းရင်း ရှိနေသေးတာလား”

ပဋိပက္ခသိစိတ်က သူတို့ရဲ့ ခန့်မှန်းချက်အကြောင်း ပြောပြလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်း မျက်နှာ ပျက်သွားပါတယ်။

“အဲဒါဆို ငါတို့ ဘာလုပ်ကြမလဲ...”

ဟန်ကျွယ်ဟာ ဘေးကျပ်နံကျပ် အခြေအနေထဲ ရောက်သွားသလိုမျိုး မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။

သဏ္ဍာန်မဲ့နတ်မင်း “လက်ရှိမှာ ငါတို့တွေ ပူးပေါင်းပြီး ငါတို့ရဲ့ မဟာတာအိုကမ္ဘာတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ရမယ်”

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် “မင်းရဲ့ မဟာတာအိုကမ္ဘာက ပဋိပက္ခနဲ့ မနီးသေးဘူးဆိုပေမဲ့ နောက်ကျ ရောက်လာမှာပဲ၊ အဲဒါကြောင့် ငါတို့တွေ ပူးပေါင်းကြရအောင်၊ ငါတို့ကို အဲဒီတည်ရှိမှု ရှာတွေ့မှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “နဝမပဋိပက္ခက ဒီနေရာကို တကယ်မသိဘူးလား”

[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသိပါ။]

‘ကောင်းတယ်’ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် သုံးပါးကို ကြည့်ပြီး မေးလိုက်ပါတယ် “အဲဒါဆို ငါတို့တွေ ဘယ်လို ပြင်ဆင်ကြမှာလဲ”

ပဋိပက္ခသိစိတ် “ငါတို့တွေ ကိုယ်ပွားဖန်တီးပြီး တာအိုပညာရပ်တွေ လိုက်သင်ပေးမယ်၊ ဒီလိုဆို မဟာတာအိုကမ္ဘာတွေ အင်အားကြီးလာပြီး ပဋိပက္ခ မိစ္ဆာနတ်ဆိုးတွေကို ခုခံနိုင်လိမ့်မယ်”

‘ဒါပဲလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“ငါတို့တွေ ပဋိပက္ခရဲ့ အရေးကိစ္စတွေမှာ တိုက်ရိုက်ဝင်ပါလို့ မရဘူး၊ မဟုတ်ရင် သူ့ကို လှန့်မိလိမ့်မယ်၊ ပဋိပက္ခ မိစ္ဆာနတ်ဆိုး အရေအတွက်က တိုးနေတယ်၊ ငါတို့ရဲ့ သက်ရှိတွေကို ကာကွယ်မှ နောက်ခြေလှမ်းအတွက် ပြင်ဆင်နိုင်မှာ”

ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ရဲ့ စကားကို ခေါင်းညိတ် သဘောတူလိုက်ပါတယ်။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန် “နောက်ကျလို့ မင်း တစ်ခုခုကို စဉ်းစားမိရင် ဒီနေရာကို လာခဲ့ချည်၊ ဒီနေရာကို မင်းအတွက် ဖွင့်ပေးပြီးပြီ၊ ဒီကနေ ဘာသတင်းမှ မပြန့်နိုင်ဘူး”

ဟန်ကျွယ် “ဘာလုပ်ရမယ်ဆိုတာ ငါ သိပါတယ်’

တာအိုဖန်တီးရှင်တွေဟာ စကားခဏ ပြောပြီးမှ ထွက်ခွာသွားကြပါတယ်။

ဟန်ကျွယ်လည်း တတိယ တာအိုစက်ကွင်းဆီ ပြန်ပြီး စတွေးပါတယ်။ လက်ရှိမှာ တာအိုဖန်တီးရှင်တွေက အလျှို့ဝှက်ဆုံး တာအိုဖန်တီးရှင်ကို အမှောင်သခင်ကြီးလို့ သံသယဝင်နေတယ်ဆိုတာ ဟန်ကျွယ် သိလိုက်ရပါတယ်။ ဟန်ကျွယ် အမှောင်သခင်ကြီး နာမည်ကို ဘယ်လို အသုံးချရမလဲဆိုတာ စဉ်းစားပါတယ်။

ဟန်ကျွယ်ဟာ ပန်းတိုင်တစ်ခုပဲ ရှိပါတယ်။ အဲဒါက နဝမပဋိပက္ခကို ဖန်တီးရှင်သခင် အရင်ဆုံး မဖြစ်အောင် အနှောင့်အယှက် ပေးချင်တာပါ။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို တော်လှန်နိုင်အောင် တခြား တာအိုဖန်တီးရှင်တွေကို မကူညီချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတာအိုဖန်တီးရှင်တွေကိုလည်း ကြည့်မရတာကြောင့်ပါ။ ဟန်ကျွယ်ဟာ မျှခြေ အခြေအနေကို ထိန်းထားချင်တာပါ။

ဒီအချိန်မှာပဲ ရှန်ရှင်းကိုးဖော်ရဲ့ ခေါင်းဆောင် ဟန်ကျုံးတောက် နိုးလာပါတယ် “ကနဦးဘိုးဘေး... စိုးရိမ်စရာ တစ်ခုခုရှိလို့လား၊ ကျွန်တော်တို့တွေ ကနဦးဘိုးဘေးရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဆန္ဒရှိပါတယ်”

တခြားမျိုးဆက်တွေလည်း နိုးလာပါတယ်။ ရှန်ဝေါ်လည်း ပါပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှ မဟုတ်ပါဘူး၊ ပဋိပက္ခမှာ မိစ္ဆာနတ်ဆိုးတွေ ပိုပိုများလာလို့၊ ငါ သူတို့ရဲ့ ရင်းမြစ်ကို တွက်ချက်လို့ မရဘူး၊ ဒါပေမဲ့ လောလောဆယ်တော့ သူတို့တွေက ပဋိပက္ခကို မခြိမ်းခြောက်နိုင်သေးဘူး၊ ကျင့်ကြံတာပဲ အာရုံစိုက်၊ မင်းတို့တွေ ငါ့ဆီမှာ အမှုထမ်းချင်ရင် အနည်းဆုံး မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ လိုတယ်”

‘မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်...’ ရှန်ရှင်းကိုးဖော်ဟာ မျက်နှာ အကြီးကျယ် ပြောင်းသွားကြပါတယ်။ ရှန်ဝေါ်လည်း အတူတူပါပဲ။

မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်က ကျင့်ကြံမှုထိပ်ဆုံးလို့ ပြောလို့ရပါတယ်။

‘ငါတို့တွေက အဆုံးထိရောက်အောင် ကျင့်ကြံအားထုတ်ပြီးမှ ကနဦးဘိုးဘေးအတွက် တစ်ခုခု လုပ်ပေးနိုင်မှာလား... ဒါ တော်တော် လန့်စရာပဲ’

သူတို့အကုန်လုံးဟာ ဒီကို မလာခင်တုန်းက သေမျိုးတွေပါ။ သူတို့တွေဟာ နောက်ကျ ဘယ်လောက်တောင် ဂူအောင်းကျင့်ကြံရမလဲဆိုတာကို တွေးပြီး ချောက်ချားသွားကြပါတယ်။

ဟန်ကျွယ်ဟာ သူတို့အတွေးကို မြင်ပေမဲ့ နှစ်သိမ့်မပေးပါဘူး။ သူတို့တွေ ဒီကိစ္စကို မဖြစ်မနေ တောင့်ခံရမှာ မဟုတ်ပါလား။

ဒီအချိန်မှာပဲ အပြင်ကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

“ဆရာသခင်... ကျွန်တော် အလည်လာတာပါ”

ဒီအသံပိုင်ရှင်က စုချီပါ။ စုချီဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ပထမဆုံးဝင်ပြီး ဟန်ကျွယ်ရဲ့ ကိုယ်ပွားကိုရှာကာ အကျိုးအကြောင်း ပြောပြီးမှ တတိယ တာအိုစက်ကွင်းဆီ ရောက်လာတာပါ။

ဟန်ကျွယ်ဟာ စုချီကို အတော်လေး အလိုလိုက်ပါတယ်။ ဒါကြောင့် သူ့ကိုယ်ပွားကလည်း စုချီကို အလိုလိုက်ပြီး ပင်မခန္ဓာကိုယ်ဆီက ခွင့်ပြုချက်မတောင်းဘဲ တတိယ တာအိုစက်ကွင်းဆီ တစ်ခါတည်း ပို့လိုက်တာပါ။

တတိယ တာအိုစက်ကွင်းဆီ မပို့ခင် ဟန်ကျွယ်ရဲ့ ကိုယ်ပွားက စုချီကို စစ်ဆေးပြီးပါပြီ။ တခြားဘာစွမ်းအား ဘာသဲလွန်စမှ စုချီဆီမှာ ရှိမနေပါဘူး။

“ဝင်လာခဲ့ချည်”

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ တာအိုဘုံကျောင်း တံခါးပွင့်သွားပြီး စုချီ ဝင်လာပါတယ်။

အရင်က ကြမ္မာဆိုးကောင်လေးဟာ အခုတော့ ကောင်းကင်တာအိုထဲမှာ အဆင့်အတန်း အမြင့်မားဆုံး တာအိုပညာရှိတွေထဲက တစ်ပါး ဖြစ်နေပါပြီ။ သူ့ကိုယ်ဟန် အမူအရာတွေကလည်း တစ်မူထူးခြားနေပြီး ကြမ္မာဆိုးလို့ တစ်စက်ကလေးတောင် ထင်စရာ မရှိပါဘူး။

ရှန်ရှင်းကိုးဖော်နဲ့ ရှန်ဝေါ်ဟာ စုချီကို စပ်စုတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ စုချီကလည်း သူတို့ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပါတယ်။ စုချီဟာ တာအိုဘုံကျောင်းထဲမှာ ဒီလောက် လူများလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

စုချီဟာ ဟန်ကျွယ်ရှေ့ ရပ်ပြီး တရိုတသေ ဒူးထောက်လိုက်ပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာကိစ္စလဲ”

စုချီဟာ ဘေးကို ကြည့်လိုက်ပါတယ်။

“ပြောမှာသာ ပြောပါ၊ သူတို့က ငါ့မျိုးဆက်တွေပဲ၊ သူတို့တွေ နှစ်သန်းရာကျော်တောင် ဒီထဲကနေ ထွက်သွားနိုင်ဦးမှာ မဟုတ်သေးဘူး၊ သူတို့တွေ မင်းကိစ္စသိမှာကို စိုးရိမ်စရာ မလိုဘူး”

ရှန်ရှင်းကိုးဖော်ဟာ မချိပြုံး ပြုံးလိုက်ပါတယ်။ စုချီလည်း ရယ်ရမလား ငိုရမလား မသိတော့ပါဘူး။ နှစ်သန်းရာချီက ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ။

စုချီဟာ အသက်အရှည်ကြီး ရှူသွင်းပြီး “ဆရာ... ကျွန်တော် ကောင်းကင်တာအိုထဲမှာ ဆက်မနေချင်တော့ဘူး၊ ကျွန်တော် ပြန်လာပြီး ကျင့်ကြံအားထုတ်ရင်း ဆရာ့ကို အလုပ်အကျွေး ပြုချင်တယ်၊ ဆရာ့မှာ တာဝန်တစ်ခုခုရှိရင် ကျွန်တော်ကို ပေးလို့ရပါတယ်၊ ကျွန်တော့်ရဲ့ ကောင်းကင်တာအို ဘဝက တော်‌တော်လေး သက်သောင့်သက်သာ ဖြစ်လွန်းတယ်၊ သက်သောင့်သက်သာ ဖြစ်လွန်းလို့ အငယ်တွေက ကျွန်တော်ကို ကျော်တက်သွားကြပြီ”

ကောင်းကင်တာအိုထဲမှာ အစွမ်းအထက်ဆုံးက မဟာတာအိုပညာရှိအဆင့်ပဲ ရှိပါတယ်။ မဟာတာအိုပညာရှိချုပ် ဖြစ်သွားကြတဲ့ ကျောက်ရွှမ်ကွမ်း၊ ဝေ့လန်ရှန်မိတို့လို့ ပါရမီရှင်တွေက ကောင်းကင်တာအိုကနေ ထွက်ခွာပြီး သူတို့ကိုယ်ပိုင် အင်အားစုကို တည်ထောင်ကြပါတယ်။

လက်ရှိ ကောင်းကင်တာအိုက အကန့်အသတ်ကို ရောက်နေပါပြီ။ စွမ်းအားရော အင်အားစုရော ဆက်ပြီးတော့ မတိုးနိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ စုချီကို ကြည့်လိုက်ပါတယ် “ဒါဆိုလည်း ဒီမှာနေပြီး ကျင့်ကြံအားထုတ်ချည်”

စကားအဆုံးမှာ တာအိုဘုံကျောင်းဟာ ရုတ်တရက်ဆိုသလို လူ ၁၂ ယောက် ချောင်ချောင်ချိချိ နေနိုင်အောင် ကျယ်ပြန့်သွားပါတယ်။ စုချီဟာ ဟန်ကျွယ်ကို ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုပါတယ်။

ဟန်ကျွယ်ဟာ သူတို့ကို တာအိုစတင်ဟောကြားပြီး စုချီက တာအိုပညာရပ်အပေါ် ဘယ်လောက် နားလည်လဲ၊ သုံးသပ်နားလည်နိုင်စွမ်း လိုအပ်နေလားဆိုတာ စစ်ဆေးပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters