နယ်ရုပ်များချထားခြင်း
Vol. 102 Ch. 1068
နှစ်တစ်ထောင် ကြာတဲ့အခါ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှု ပြီးဆုံးသွားပါတယ်။ စုချီရဲ့ ကျင့်ကြံမှုက တိုးတက်လာပေမဲ့ အတော်လေး နှေးကွေးတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ကောင်းကင်တာအိုက စုချီကို ကျင့်ကြံတာ စိတ်မဝင်စားတဲ့အထိ သက်သောင့်သက်သာ ဖြစ်စေခဲ့ပုံပါပဲ။
‘ငါ ဒီကောင်ကို ဘယ်လိုနှိုးသင့်လဲ’ ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။ အဲဒါကတော့ စုချီကို ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲ ဝင်ခိုင်းပြီး သူ့စွမ်းအားသူ မထိန်းချုပ်နိုင်တော့တဲ့အခါ သာလွန် မဟာတာအိုကမ္ဘာထဲ သွားခိုင်းဖို့ပါ။
ဟန်ကျွယ်ဟာ သူ့အတွေးကို သူကျေနပ်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပါတယ်။ သူ့မျိုးဆက်တွေကတော့ တာအိုသုံးသပ်နားလည်မှုကြားထဲ နစ်မြောနေတာမလို့ နိုးမလာသေးပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ စုချီကို ပင်မတာအိုဘုံကျောင်းဆီ ခေါ်သွားပြီး စုချီနိုးလာတဲ့အခါ ဒီတာဝန်ပေးလိုက်ပါတယ်။
“ငါ ကြည့်ရသလောက် မင်းက ဂူအောင်းကျင့်ကြံလိုစိတ် မရှိတော့ဘူး၊ အဲဒီတော့ ငါ မင်းကို ဖန်တီးရှင်ဧကရာဇ်ရုံးတော်ဆီ စေလွှတ်မယ်၊ အဲဒီမှာ အခွင့်အရေးအတွက် တိုက်ခိုက်ပေါ့၊ နောက်ကျ ငါ မင်းဆီ အိပ်မက်ထဲကနေ လာလည်ပြီး တာအိုဟောကြားပေးမယ်”
စုချီဟာ ပျော်ရွှင်သွားပါတယ် “ရှက်ရှက်နဲ့ ပြောရရင် ကျွန်တော်လည်း အဲဒီလိုလုပ်တာ အကောင်းဆုံးပဲလို့ ထင်တယ်၊ ကျွန်တော် တစ်ချိန်လုံး ဂူအောင်းကျင့်ကြံရင်တောင် ကျွန်တော် အရည်အချင်းက ညံ့ဖျင်းတော့ တခြားလူတွေကို ဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူး၊ အခွင့်အရေးတွေကို ရှာဖွေမှာပဲ သူတို့နောက်ကို လိုက်နိုင်ဖို့ အခွင့်အရေး ရှိမှာ”
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “အဆုံးမဲ့ခေတ်က ရောက်တော့မယ်၊ တကယ်ကို အခွင့်အရေး အမြောက်အမြား ပေါ်ထွက်လာလိမ့်မယ်၊ ဒါပေမဲ့ အနန္တကပ်ဘေးမှာလိုမျိုး ဓားစာခံ အဖြစ်မခံတော့နဲ့၊ ဘယ်အခြေအနေမှာမဆို ငါ့ဆီ အိပ်မက်ထဲကနေ လာလည်လို့ရတယ်”
စုချီဟာ မျက်နှာပူပူနဲ့ “ကျွန်တော် အဲဒီလိုအမှားမျိုးကို ထပ်မလုပ်တော့ပါဘူး၊ ကျွန်တော် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ့ရင် ဆရာကို သေချာပေါက် လာရှာပါ့မယ်၊ ကျွန်တော့်ကိုယ်ကျွန်တော် ဖိအားပေးပြီး မဖြေရှင်းတော့ပါဘူး”
ဟန်ကျွယ် “ငါ မင်းရဲ့ မရဏ မဟာတာအိုစွမ်းအားကို ထိန်းချုပ်မှုမဲ့အောင်လုပ်ဖို့ စီစဉ်ထားတယ်၊ ပြီးရင် မင်း သာလွန်မဟာတာအိုကမ္ဘာဆီ အလိုလိုသွားဖြစ်အောင် လုပ်မယ်၊ ငါ မင်းရဲ့ မှတ်ဉာဏ်တစ်ချို့ကို ဖျက်ပစ်လိုက်မယ်၊ မင်း အောင်မြင်မှ ပြန်ပေးမယ်”
စုချီဟာ ပထမတော့ မှင်တက်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပါတယ်။
“ပြဿနာမရှိပါဘူး၊ ဒါက ကျွန်တော် ဒုက္ခခံပြီး အရင်တုန်းကလိုမျိုး ပြန်ဖြစ်ဖို့ အခွင့်ကောင်းပဲ၊ ဒါက ကျွန်တော့်ကို ပုံသွင်းပေးလိမ့်မယ်”
ဟန်ကျွယ်ဟာ စုချီရဲ့ တိုက်ခိုက်လိုစိတ်ကို ကြည့်ပြီး အတော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ် ‘မဆိုးဘူး... မဆိုးဘူး...’
“ဒီမှာ အရင်ဆုံး ကျင့်ကြံအားထုတ်ဦး၊ ငါ မင်းကို လမ်းညွှန်ဖို့ ကိုယ်ပွားတစ်ခု ပို့ပေးမယ်၊ နှစ်တစ်သောင်းကြာရင် ငါတို့တွေ ထွက်ခွာကြမယ်” ဟန်ကျွယ်က မတိုးမကျယ် ပြောလိုက်ပါတယ်။
စုချီ ဘာကန့်ကွက်မှုမှ မရှိပါဘူး။ နှစ်တစ်သောင်းက သူ့အတွက် သိပ်ကြာတဲ့အချိန် မဟုတ်ပါဘူး။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ စုချီကို အဖော်ပြုဖို့ ကိုယ်ပွားချန်ထားခဲ့ပါတယ်။ ဟန်ကျွယ်ဟာ စုချီရဲ့ မူလကြမ္မာဆိုးစွမ်းအားကို နိုးထစေချင်တဲ့အတွက် မရဏနတ်ဘီလူးစွမ်းအားကို အန္တိမမူလစွမ်းအားနဲ့ ပေါင်းစပ်ပြီး မီးလောင်ရာ လေပင့်ပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းကို ပြန်ရောက်ပြီးနောက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ အကုန်လုံးက အရင်လိုပဲ ဝရုန်းသုန်းကား ဖြစ်နေပါတယ်။
ဒီတစ်ခါ ပဋိပက္ခအစည်းအဝေးက သိပ်ပြီးတော့ လှိုင်းမထန်ပါဘူး။ သက်ရှိအားလုံးရဲ့ အာရုံက မဟာတာအိုအနန္တကပ်ဘေးဆီ ရောက်နေတာကြောင့်ပါ။
ဟန်ကျွယ်ဟာ ပန်ကူးနဲ့ ဟုန်ကျွင်းက စပြီးတော့ လှုပ်ရှားလာတာကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကံတရား အထောက်အပံ့က သိသိသာသာကို တိုးတက်လာပါတယ်။
ဒီပုံစံအတိုင်းဆို သူတို့နှစ်ယောက်က ကပ်ဘေးထဲ ဝင်မဲ့ပုံပါပဲ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးနောက် မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံပါတယ်။
နှစ်တစ်သောင်း ကြာပြီးနောက်။
မှတ်ဉာဏ်တချို့ ဖျက်ခံလိုက်ရတဲ့ စုချီဟာ ကောင်းကင်တာအိုထဲကနေ ထွက်ခွာပြီး ဖန်တီးရှင်ဧကရာဇ်ရုံးတော်မှာ ခိုလှုံပါတယ်။
စုချီဟာ ဟန်ကျွယ်က သူ့ကြမ္မာဆိုးကို အားကောင်းအောင်လုပ်ပြီး အထိန်းအချုပ်မဲ့အောင် လုပ်လိုက်မှန်း မမှတ်မိပါဘူး။ လောလောဆယ်တော့ သူ့ကြမ္မာဆိုးက တည်ငြိမ်နေပါသေးတယ်။ ဒါပေမဲ့ စုချီ တိုက်ပွဲကြမ်းကြမ်းကို ရင်ဆိုင်ရတာနဲ့ သူ့ကိုယ်သူ ထိန်းချုပ်မှု လွတ်ကင်းပြီး စိတ်ရိုင်းဝင်သွားမှာပါ။
ဟန်ကျွယ် စုချီကို သာလွန်မဟာတာအိုကမ္ဘာဆီ တစ်ခါတည်း မသွားခိုင်းတာက သိသာလွန်းအားကြီးနေလို့ပါ။ အချိန်တစ်ခုကြာမှဆိုရင် သံသယဝင်ခံရနိုင်ခြေ နည်းသွားပါပြီ။
အခု ပဋိပက္ခတင်မကဘဲ သာလွန်မဟာတာအိုကမ္ဘာပါ ကပ်ဘေး ရင်ဆိုင်ရတော့မှာပါ။
ဝရုန်းသုန်းကား တိုက်ပွဲတွေက အဆုံးမရှိပါဘူး။ ထိပ်သီးကျင့်ကြံသူ အမြောက်အမြားဟာ ရူးသွပ်ပြီး သူသေကိုယ်သေ တိုက်ခိုက်ကုန်ကြပါတယ်။ ဒီလိုအခြေအနေမှာ ဟန်ကျွယ်ရဲ့ စီစဉ်မှုက အတော်လေး ကျိုးကြောင်းဆီလျော်ပါတယ်။
အချိန်ဟာ လျင်လျင်မြန်မြန် ကုန်ဆုံးသွားပါတယ်။
နှစ်ဆယ်သန်းက မျက်တောင်တစ်ခတ်ပါပဲ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသက် သန်း ၁၈၀ ပြည့်သွားပြီး မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်ကို အလိုအလျောက် ရရှိလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ပဋိပက္ခကို ထိုးဖောက်ပြီး ပဋိပက္ခ အက်ကြောင်းကနေ သာလွန်မဟာတာအိုကမ္ဘာကို ထောက်လှမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စုချီက မဟာတာအိုပညာရှိချုပ် ဖြစ်သွားပြီး ကြမ္မာဆိုးစွမ်းအား လုံးဝ ပေါက်ကွဲထွက်လာတာကို ရှာတွေ့သွားပါတယ်။
စုချီဟာ ဒီနှစ်ဆယ်သန်းမှာ တော်တော်လေး နာမည်ကြီးပါတယ်။ ကောင်းသတင်းတော့ မဟုတ်ပါဘူး။ မကောင်းသတင်းပါ။
စုချီဟာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲ ဝင်ရောက်ပြီးနောက် တပည့်တစ်ယောက် လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတပည့်က အပြင်မှာ တိုက်ခိုက်ရင်း သေဆုံးသွားတာကြောင့် စုချီဟာ အရမ်းဒေါသထွက်ပြီး ကြမ္မာဆိုးစွမ်းအား ပေါက်ကွဲထွက်လာခဲ့ပါတယ်။
စုချီဟာ သူ့စွမ်းအားကို မထိန်းချုပ်နိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့အတွက် ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကနေ ထွက်ခွာပြီး တစ်ကိုယ်တော် ခရီးနှင်ပါတယ်။ စုချီ ဖြတ်သွားတဲ့ နေရာမှန်သမျှ လေထဲမှာ ကြမ္မာဆိုးပြည့်ပြီး ကြယ်တွေ ခြောက်သွေ့ကုန်ပါတယ်။ စိတ်ဝိညာဉ်ချီ လွင့်ပါးပျောက်ကွယ်တာကြောင့် သက်ရှိတွေ ကျင့်ကြံရ ခက်ခဲကုန်ပါတယ်။
ဟန်လင်နဲ့ ဟန်ဟွမ်ဟာ စုချီကို ကူညီဖို့ ကြိုးစားပေမဲ့ သူတို့စွမ်းအားက ဟန်ကျွယ်ရဲ့ အန္တိမမူလစွမ်းအားကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။
စုချီဟာ မှတ်ဉာဏ်တွေ ချိပ်ပိတ်ခံထားရပေမဲ့ ဒါက သူ့ဆရာရဲ့ တကယ့်ရည်ရွယ်ချက် အမှန်ဆိုတာကို သဘောပေါက်တဲ့အတွက် ဟန်ကျွယ်ဆီ အိပ်မက်ထဲကနေ သွားမလည်ပါဘူး။
စုချီဟာ မျှော်လင့်ချက် ကင်းမဲ့တဲ့ အခြေအနေကို မရောက်သေးပါဘူး။ အခုအချိန်မှာ သူက အရင်လိုမျိုး စိတ်ရှိသလို သတ်ဖြတ်လို့ရတဲ့ နယ်ရုပ်လေး မဟုတ်တော့ပါဘူး။ မဟာတာအိုပညာရှိချုပ် တစ်ပါးအနေနဲ့ ဟင်းလင်းပြင်မှာ ကြိုက်သလို သောင်းကျန်းလို့ရပါတယ်။
‘မဆိုးဘူး...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ ကိုယ်ပွားက နေရာတကာမှာ တာအိုဟောကြားနေတာကိုလည်း တွေ့လိုက်ရပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက စုချီကို ဂရုစိုက်ပုံ မပေါ်ပါဘူး။
ဟန်ကျွယ်ဟာ တွက်ချက်ကြည့်လိုက်တဲ့အခါ သဏ္ဍာန်မဲ့နတ်မင်းက ပဋိပက္ခ ရှီထျန်နဲ့ သိစိတ်မဲ့ မဟာတာအိုကမ္ဘာတွေထဲမှာ နယ်ရုပ်တွေ အများကြီး ချထားတယ်ဆိုတာကို သိလိုက်ရပါတယ်။ သူ့နည်းလမ်းက ဟန်ကျွယ်နဲ့ ဆင်တူပါတယ်။
ဘာပဲဖြစ်ဖြစ် သူက တခြားတာအိုဖန်တီးရှင်တွေ ပြဿနာတက်အောင် လုပ်နေတာပါ။
သဏ္ဍာန်မဲ့နတ်မင်းတင် မဟုတ်ပါဘူး။ ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်မှာလည်း အစီအစဉ် ရှိပါတယ်။
‘တကယ့်ကောင်းတဲ့ ကောင်တွေ... ရှေ့မှာ မိတ်ဖွဲ့ပြီး နောက်မှာ ဓားသွေးတယ်’
ဟန်ကျွယ်ဟာ ပထမပဋိပက္ခရဲ့ စိတ်ဆန္ဒကို ဆက်ခံတဲ့ ယွီယွမ်က ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကနေ ထွက်ခွာပြီးနောက် လိုက်လံသတ်ဖြတ်ခံရတဲ့အတွက် ထွက်ပြေးရာကနေ အခွင့်အရေးတချို့ကြောင့် အန္တိမမူလကမ္ဘာကို ငရဲပြည်ကနေ ရောက်လာပါတယ်။
ယွီယွမ်ကလွဲရင် တခြားမဟာတာအိုကမ္ဘာက ကျင့်ကြံသူတွေလည်း အန္တိမမူလကမ္ဘာကို စိမ့်ဝင်လာကြပါတယ်။ အန္တိမမူလကမ္ဘာက နုငယ်သေးပေမဲ့ အန္တိမမူလချီက အပြင်ဘက်က ဝင်လာတဲ့ ကျူးကျော်သူတွေရဲ့ ကျင့်ကြံမှုကို ဖိနှိပ်တာကြောင့် ဒီကျူးကျော်သူတွေဟာ လောလောဆယ်တော့ ဘာပြဿနာမှ မရှာကြသေးပါဘူး။
သူတို့တွေဟာ ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး လိမ်လိမ်မာမာနဲ့ ကျင့်ကြံအားထုတ်နေကြပါတယ်။
သူတို့တွေဟာ သူတို့ကိုယ်သူတို့ နယ်ရုပ်မှန်း မသိကြပါဘူး။ ဒါက သူတို့ရဲ့ အခွင့်အရေးလို့ ထင်နေကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို လွှင့်ပစ်ရ ကောင်းမလား စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တခြားတာအိုဖန်တီးရှင်တွေကို အပြစ်ပြုမိမှာစိုးတဲ့အတွက် ဘာမှမလုပ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီနယ်ရုပ်တွေက အန္တိမမူလကမ္ဘာကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်ပါဘူး။ ဟန်ကျွယ်က သူတို့ကို အချိန်မရွေး ဖျက်ဆီးပစ်လို့ ရပါတယ်။
‘အန္တိမမူလကမ္ဘာရဲ့ အုတ်မြစ်ကို ဒီကောင်တွေ မကြောက်ဘူးလား...’ ဟန်ကျွယ်ဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။ သူ့ရဲ့ အန္တိမမူလကမ္ဘာက တခြားမဟာတာအိုကမ္ဘာတွေနဲ့ မတူဘဲ တစ်မူထူးခြားပါတယ်။
‘မဟုတ်သေးဘူး... သူတို့တွေ အန္တိမမူလကမ္ဘာရဲ့ အုတ်မြစ်ကို သတိထားမိလို့ ဒီလောက် သူလျှိုတွေ အများကြီး လွှတ်ထားတာ ဖြစ်ရမယ်’
‘ငါ ဒီကောင်တွေ အကုန်လုံးကို ကျိန်စာတိုက်ပြီး ငါလည်း ကျိန်စာတိုက်ခံရတယ်လို့ သရုပ်ဆောင်လိုက်ရင် ဒီကောင်တွေ ငါ့ကို ဂရုစိုက်အားမှာ မဟုတ်တော့ဘူး’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားပါတယ်။
စွမ်းအားကြီး ရန်သူကို ရင်ဆိုင်ရမှ သူတို့ရဲ့ မတည်ငြိမ်တဲ့ မဟာမိတ်က စည်းစည်းလုံးလုံး ရှိမှာပါ။
ဟန်ကျွယ်ဟာ ပထမဆုံး အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကို အိပ်မက်ပေးပြီး အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ခံရတယ်လို့ ပြောလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာထဲမှာ အက်ကြောင်းတချို့ ပေါ်လာအောင် လုပ်လိုက်ပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်ကျွယ်ကို နှစ်သိမ့်ပေးပြီး စိတ်အေးအေးထားခိုင်းပါတယ်။
ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်ပြီးနောက် ပင်မတာအိုစက်ကွင်းဆီ သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကို ကျိန်စာတိုက်ပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က အားနည်းလွန်းပါတယ်။ ဟန်ကျွယ် သက်တမ်း ၁၀ ကွာဒလီယံပဲ သုံးရပါသေးတယ်။ သူ့တာအိုနှလုံးသားက ထိခိုက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်ကိုလည်း တာအိုနှလုံးသား ထိခိုက်အောင် ကျိန်စာတိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။
နှစ်ထောင်ချီကြာတဲ့အခါ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ဟာ လျှို့ဝှက်ဆန်းကြယ် အာကာသမှာ ထပ်ပြီးတော့ စုဝေးကြပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က မတိုးမကျယ် မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက ငါတို့ကို ကျိန်စာတိုက်တယ်၊ ကျိန်စာမတိုက်ခံရတာ ဘယ်သူရှိလဲ”
ပဋိပက္ခသိစိတ် “ငါလည်း ကျိန်စာတိုက်ခံရတယ်”
သဏ္ဍာန်မဲ့နတ်မင်း “ငါရောပဲ”
‘အို ဘုရား ဘုရား... ဒီကောင်က တကယ်ကို သရုပ်ဆောင်တတ်တာပဲ၊ ငါ မင်းကိုလည်း ကျိန်စာမတိုက်မိပါဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သရော်လိုက်ပေမဲ့ မျက်နှာကတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး စကားတစ်လုံးမှ မပြောပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။