အဋ္ဌမပဋိပက္ခ နိုးထခြင်း
Vol. 103 Ch. 1072
“ဒီလိုဆိုရင် ငါတို့တွေ ဒီအတွင်းနတ်ဆိုးကို ထိလို့မရတော့ဘူးလား” ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
ပဋိပက္ခသိစိတ် “အတွင်းနတ်ဆိုး နိုးမလာခင် ထိလို့မရတာ၊ သူ နိုးလာရင် ငါတို့တွေ သူ့ကို ဗလာနယ်မြေဆီ မျှားခေါ်ပြီး ငါတို့တွေ ဝိုင်းဖိနှိပ်ကြမယ်၊ အဲဒီမတိုင်ခင် ငါတို့လုပ်ရမှာက သက်ရှိအကုန်လုံးရဲ့ အင်အားကိုသုံးပြီး ဒီအတွင်းနတ်ဆိုးကို ကန့်သတ်ဖို့ပဲ၊ ငါတို့တွေ သူ့ကို ဖိနှိပ်ဖို့ ဒါမှမဟုတ် ချိပ်ပိတ်ဖို့ နည်းလမ်း ရှာထားရမယ်၊ သူ့ကို သတ်ပစ်ဖို့က မဖြစ်နိုင်ဘူး”
သဏ္ဍာန်မဲ့နတ်မင်းရဲ့ အနန္တဖျက်ဆီးရှင်သခင်ဟာ ခေါင်းညိတ်ပြီး ထောက်ခံကြပါတယ်။ ဟန်ကျွယ်ကလည်း ဘာကန့်ကွက်ချက်မှ မရှိပါဘူး။ ဒီလိုနဲ့ တာအိုဖန်တီးရှင်လေးပါးဟာ ချက်ချင်းပဲ သဘောတူညီမှု ရသွားကြပါတယ်။
ဆွေးနွေးမှု ပြီးဆုံးတာနဲ့ တာအိုဖန်တီးရှင်တွေဟာ လျှို့ဝှက်ဆန်းကြယ် အာကာသကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းရဲ့ တာအိုဘုံကျောင်းကို ပြန်ရောက်ပြီးနောက် မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ကို တွေးမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မူလလောကဦးက ဘယ်လောက်ကြာအောင် ဆက်ပုန်းနေဦးမလဲဆိုတာ မသိပါဘူး။
လောကဦးနတ်ဘီလူးဖြစ်ဖို့ ကျရှုံးခဲ့တဲ့အတွက် စိတ်ဒဏ်ရာအကြီးကြီးရပြီး ပြင်ဆင်မှု မပြည့်စုံမချင်း မလှုပ်ရှားရဲတာလည်း ဖြစ်နိုင်ပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး။
မူလလောကဦး။
တာအိုဖန်တီးရှင်တွေ။
မဟာတာအိုအနန္တကပ်ဘေးက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းလာပါပြီ။ ဒီတစ်ခါ ကပ်ဘေးက အရင်ကပ်ဘေးတွေထက် အများကြီး ပိုရှုပ်ထွေးမှာပါ။
ဟန်ကျွယ်ဟာ ရှန်ရှင်းကိုးဖော်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှန်ရှင်းကိုးဖော်က မဟာတာအို အနန္တကပ်ဘေး မပြီးဆုံးခင် ကြီးပြင်းလာနိုင်မလားဆိုတာ မသိပါဘူး။ သူတို့တွေ ထွန်းတောက်မဲ့ခေတ်က နောက်ခေတ်မှလည်း ဖြစ်နိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။
နဝမပဋိပက္ခက တခြားတာအိုဖန်တီးရှင်တွေကို သတ်ပစ်ချင်လာပါပြီ။ ဒါကြောင့် အခုအချိန်မှာ ဟန်ကျွယ်လုပ်ရမှာက တတ်နိုင်သလောက်မြန်မြန် အဆင့်တက်ဖို့ပါ။
နဝမပဋိပက္ခက တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်မှာ ရှိမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီအဆင့်ကို ရောက်တာနဲ့ နဝမပဋိပက္ခကို အသာလေး ထိန်းချုပ်နိုင်မှာပါ။
ဟန်ကျွယ်ဟာ သူ့ထက်စွမ်းအားကြီးတဲ့ တည်ရှိမှုတွေ သနားကရုဏာသက်တာကို မလိုချင်ပါဘူး။ သူကပဲ စွမ်းအားကြီးပြီး တခြားလူတွေကို သနားကရုဏာသက်ချင်ပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ နှလုံးသားထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ကျင့်ကြံမှုအယူအဆပါ။
.....
သာလွန်မဟာတာအိုကမ္ဘာ၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်၊ မိုးကောင်းကင်ခန်းမ။
ဟန်လင်ဟာ ဧကရာဇ်ပလ္လင်ပေါ်မှာ ထိုင်နေပြီး ထိပ်သီးကျင့်ကြံသူ သောင်းချီ ခန်းမထဲမှာ စုဝေးနေကြပါတယ်။ ဟန်လင်နဲ့ နီးလေလေ ဒီကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုက မြင့်မားလေလေပါပဲ။
ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်တို့က ရှေ့ဆုံးမှာ ရပ်နေပါတယ်။ သူတို့တွေဟာ မဟာတာအိုပညာရှိချုပ်တွေ ဖြစ်နေပြီး ဒီနှစ်ဆယ်သန်းချီ တိုက်ပွဲတွေမှာ သူတို့ကိုယ်သူတို့ သက်သေပြပြီးပါပြီ။
ပညာရှိနဲ့တူတဲ့ အဘိုးအိုတစ်ဦးက လက်သီးဆုပ်ပြီး “အရှင်မင်းကြီး... ပဋိပက္ခထဲမှာ ပေါ်လာတဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက စွမ်းအားကြီး မိစ္ဆာနတ်ဆိုးတွေကိုပါ ထိန်းချုပ်နိုင်တယ်၊ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ကျွန်တော်တို့ကို မခြိမ်းခြောက်နိုင်သေးဘူး ဆိုပေမဲ့ သူတို့က ပဋိပက္ခနဲ့ ပေါင်းစပ်ပြီးပြီဆိုတော့ သူတို့ရဲ့ လက်က မကြာခင်မှာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ဆီ ရောက်လာနိုင်တယ်”
ဟန်ယဲ့ဟာ ပြုံးလိုက်ပါတယ် “အဲဒါဆို ငါတို့တွေ ဘယ်လိုလုပ်သင့်လဲ၊ ပဋိပက္ခကို ကူပြီး အဲဒီမိစ္ဆာနတ်ဆိုးတွေ ဝိုင်းနှိမ်နင်းပေးရမလား၊ ငါတို့တွေ သာလွန်မဟာတာအိုကမ္ဘာမှာရှိတဲ့ မိစ္ဆာနတ်ဆိုးတွေကိုတောင် မရှင်းပစ်နိုင်သေးဘူး”
ဟန်ယဲ့ရဲ့အသံဟာ မိုးကောင်းကင်ခန်းမမှာ ပဲ့တင်ထပ်သွားပါတယ်။ တခြားစစ်သူကြီးတွေကလည်း ဟန်ယဲ့ရဲ့စကားကို ထောက်ခံကြပါတယ်။
ဖန်တီးရှင်ဧကရာဇ်ရုံးတော်က အရပ်ဘက်နဲ့ စစ်ဘက်ဆိုပြီး နှစ်ဖွဲ့ခွဲလို့ရပါတယ်။ အရပ်ဘက် အင်အားစုက အစီအစဉ်တွေ ချမှတ်ပြီး ဧကရာဇ်ရုံးတော်ရဲ့ လက်အောက်ခံ အင်အားစုတွေကို စီမံအုပ်ချုပ်ပါတယ်။ စစ်ဘက်ကတော့ တိုက်ခိုက်တာကို ဦးဆောင်ပါတယ်။ သေမျိုး အင်ပါယာ ဖွဲ့စည်းမှုနဲ့ ဆင်တူပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနဲ့ ပတ်သက်ပြီး နှစ်ဖက်ငြင်းခုံတာကြောင့် မိုးကောင်းကင်ခန်းမဟာ ပွတ်လောရိုက်သွားပါတယ်။
ပဋိပက္ခ အင်အားစုတွေဟာ မိစ္ဆာနတ်ဆိုးတွေကို ဒီအတိုင်း ထိုင်ကြည့်နေတာတော့ မဟုတ်ပါဘူး။ တစ်လှိုင်းပြီးတစ်လှိုင်း စစ်ချီကာ မိစ္ဆာနတ်ဆိုးတွေကို နှိမ်နင်းကြပါတယ်။ ဒါပေမဲ့ ဒီအင်အားစုကြီးတွေ ရှုံးနိမ့်မှုနဲ့ ပြန်လာရတဲ့အခါ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ဂုဏ်သတင်းက နေရာအနှံ့ကို စပြီးတော့ ပျံ့နှံ့လာပါတယ်။
“ကျို့ကဲ့ဂျိသွမ်ရဲ့ ကျောက်ရွှမ်ကွမ်းက ဘာဖြစ်လို့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို မတိုက်ခိုက်တာလဲ” ဟန်လင်က ရုတ်တရက် မေးလိုက်ပါတယ်။ ဟန်လင်ရဲ့ မေးခွန်းကြောင့် မိုးကောင်းကင်ခန်းမထဲက အင်မော်တယ်တွေ အကုန်လုံး ငြိမ်ကျသွားပါတယ်။
‘ဟုတ်တယ်... ကျောက်ရွှမ်ကွမ်းက ဘာဖြစ်လို့ မိစ္ဆာနတ်ဆိုးတွေကို မတိုက်ခိုက်တာလဲ၊ ကျောက်ရွှမ်ကွမ်းက ပဋိပက္ခကို စုစည်းချင်တယ်ပြောပြီး ပဋိပက္ခ ဒုက္ခရောက်တော့ ဘာလို့ ဘာမှ မလှုပ်ရှားတာလဲ’
ကျောက်ရွှမ်ကွမ်းက နာမည်ကြီးနေတာ အတော်ကြာခဲ့ပါပြီ။ သူက မောက်မာပြီး ဟန်ဟွမ်ထပ် မနိမ့်ကျသူမလို့ တိုက်ပွဲတွေကို ကြောက်စရာ အကြောင်းမရှိပါဘူး။
‘ဒါဆို သူက...’
ဟန်ယောင်က မေးလိုက်ပါတယ် “ဒါက ပဋိပက္ခရဲ့ အကြံအစည်များလား...”
ဟန်ပါရှန်က မတိုးမကျယ် ပြောလိုက်ပါတယ် “ဖြစ်နိုင်ခြေများတယ်၊ မဟုတ်ရင် အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ပဋိပက္ခမှာပဲ ပေါ်လာပြီး ဘာဖြစ်လို့ တခြားမဟာတာအိုကမ္ဘာတွေမှာ ပေါ်မလာရတာလဲ၊ ဒါက အနည်းဆုံး အပေါ်ယံမှာ သူ အင်အားကြီးမားလာဖို့အတွက် ခက်ခဲတဲ့လမ်းပဲ”
အရပ်ဘက် အင်မော်တယ်တွေလည်း ပဋိပက္ခကို စစ်ကူပေးဖို့ မသင့်တော်ဘူးလို့ ခံစားလိုက်ရတာကြောင့် ဘက်ပြောင်းသွားကြပါတယ်။
ဟန်လင် “လောလောဆယ် အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကိစ္စကို ဒီအတိုင်း ထားလိုက်ကြရအောင်၊ ပဋိပက္ခက နက်ရှိုင်းတယ်၊ ဒီမိစ္ဆာနတ်ဆိုးတွေလောက်နဲ့ ပဋိပက္ခကို တော်လှန်နိုင်မှာ မဟုတ်ဘူး၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ပန်းတိုင်က လက်ရှိပိုင်ဆိုင်ထားတဲ့ နယ်မြေတွေကို ကျစ်လစ်အောင် စုစည်းဖို့ပဲ၊ ဖန်တီးရှင် အစီအမံကို တတ်နိုင်သလောက်မြန်မြန် တည်ဆောက်ရမယ်၊ မဟာတာအိုအနန္တကပ်ဘေးမှာ ဖန်တီးရှင်ဧကရာဇ်ရုံးတော် ရှေ့တိုးမလား နောက်ဆုတ်မလားဆိုတာက ဒီအစီအမံပေါ် မူတည်တယ်”
အင်မော်တယ်သောင်းချီဟာ လက်သီးဆုပ်ပြီး သဘောတူကြပါတယ်။
ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲမှာ ဟန်လင်ရဲ့စကးက အကြွင်းမဲ့ပါ။ မိန်းမမလို့ဆိုပြီး ဘယ်သူမှ အထင်မသေးရဲပါဘူး။ မိုးကောင်းကင်ခန်းမထဲမှာရှိတဲ့ အင်မော်တယ်တိုင်း ဟန်လင်နဲ့ တိုက်ခိုက်ဖူးတဲ့အတွက် စွမ်းအားချင်း ဘယ်လောက် ကွာခြားတယ်ဆိုတာကို သိကြပါတယ်။
ဒီလိုနဲ့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ဟာ ပဋိပက္ခကို မကူညီဖြစ်တော့ပါဘူး။ ဖန်တီးရှင်ဧကရာဇ်ရုံးတော်တင် မဟုတ်ပါဘူး။ တခြား မဟာတာအိုကမ္ဘာက အင်အားစုကြီးတွေလည်း ပဋိပက္ခကို မကူညီကြပါဘူး။ ဒါကြောင့် ပဋိပက္ခရဲ့ အခြေအနေဟာ ထူးဆန်းသွားပါတယ်။
.....
ပဋိပက္ခနက်ထဲက ကျို့ကဲ့ဂျိသွမ်ထဲမှာ တာအိုစက်ကွင်း အမြောက်အမြားဟာ ကောင်းကင်ယံက ကြယ်တွေလိုမျိုး တလက်လက် တောက်ပပြီး ဟင်းလင်းပြင်ကို အလှဆင်ထားပါတယ်။ သက်ရှိတွေက မျိုးနွယ်စုံတဲ့အတွက် ကျို့ကဲ့ဂျိသွမ်ဟာ အတော်လေး စည်ကားသိုက်မြိုက်ပါတယ်။
နန်းတော်ထဲမှာ ကျောက်ရွှမ်ကွမ်းဟာ လေပေါ် ထိုင်နေပြီး အလင်းတန်းသုံးတန်းက သူ့ကို ပတ်လည် ဝိုင်းနေပါတယ်။ ဒီအလင်းတန်းသုံးတန်းက အထွတ်အထိပ် နိယာမစွမ်းအားကို ကိုယ်စားပြုတဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာတွေပါ။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ကျောက်ရွှမ်ကွမ်းကို မော့ကြည့်နေပါတယ် ‘ကျွတ်..ကျွတ်... ဒီကောင်လေး ဘယ်ကလာတာလဲ၊ အထွတ်အထိပ် နိယာမတွေကို ထမင်းစား ရေသောက်သလိုပဲ အလွယ်တကူ ဆုပ်ကိုင်နိုင်တယ်၊ အထွတ်အထိပ် နိယာမတွေက သူ့အတွက် မွေးဖွားလာတာ ကျနေတာပဲ’
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ခံစားချက်တွေ ရောထွေးသွားပါတယ်။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ သူ့ကိုယ်သူ နဝမပဋိပက္ခရဲ့သားတော်လို့ အမြဲတမ်း ခံယူထားခဲ့တာပါ။ အခုတော့ သူနဲ့ ကျောက်ရွှမ်ကွမ်းကို ယှဉ်ကြည့်ပြီး သံသယ စဝင်လာပါတယ်။
ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။ တစ်ခါ ကျရှုံးပြီးပြီမလို့ နဝမပဋိပက္ခရဲ့ အမိန့်အတိုင်း ကျောက်ရွှမ်ကွမ်းကို ကူညီရပါတယ်။ ကျောက်ရွှမ်ကွမ်းရဲ့ အရည်အချင်းက တကယ်ကို ထက်မြက်တာပါ။ သူ့အဖေရဲ့ စွမ်းအားကလွဲရင် တခြားအားကောင်းတဲ့ စွမ်းအားတစ်မျိုးလည်း ရှိနေပါတယ်။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ရုတ်တရက် ယွီယွမ်ကို တွေးမိလိုက်ပါတယ်။ ယွီယွမ်နဲ့ ကျောက်ရွှမ်ကွမ်းက ဆင်တူလွန်းပါတယ်။ နှစ်ယောက်စလုံးက သူ့အဖေ ဂရုစိုက်တာ ခံရပါတယ်။ ကွာတာဆိုလို့ ယွီယွမ်က နောက်ကျလွန်းပြီး မွေးဖွားလာတာပါ။
ယွီယွမ် ကြီးပြင်းလာပြီး ကျောက်ရွှမ်ကွမ်းနဲ့ ပူးပေါင်းရင် မဟာတာအို အနန္တကပ်ဘေးကို သေချာပေါက် စိုးမိုးနိုင်မှာပါ။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အဲဒီနေ့ကို မျှော်ကြည့်မိလိုက်ပါတယ်။
လက်ရှိ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ပဋိပက္ခကို မထိန်းချုပ်နိုင်တော့ပါဘူး။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တခြား မဟာတာအိုကမ္ဘာတွေနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို အတော်လေး မုန်းတီးပါတယ်။
ဒီအချိန်မှာပဲ ကျောက်ရွှမ်ကွမ်းရဲ့အသံ ထွက်ပေါ်လာပါတယ် “ငါ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဒီ့ထက်လိုသေးတယ်၊ ငါ့ကို ကူရှာပေး”
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ မျက်နှာမဲ့သွားပါတယ် “အေး”
အဲဒီနောက် ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ တစ်ဖက်လှည့်ပြီး ထွက်ခွာသွားပါတယ်။ ကျောက်ရွှမ်ကွမ်းဟာ မျက်လုံးဖွင့်ပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ပျောက်ကွယ်သွားတာကို ကြည့်လိုက်ပါတယ်။
“ညီကိုး... ဒါက ပဋိပက္ခလား၊ မင်းလုပ်တာ ကောင်းတယ်၊ ကျန်တာ ငါ့တာဝန်ထား” ကျောက်ရွှမ်ကွမ်းရဲ့ ရေရွတ်သံဟာ ယုံကြည်မှု အပြည့်ပါပဲ။
နှစ်ရှစ်သန်းကြာတဲ့အခါ။
“ဝုန်း...”
ကျယ်လောင်လွန်းတဲ့အသံကြောင့် တံခါးပိတ် ကျင့်ကြံနေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် နိုးသွားပါတယ်။ ဒီအသံက ကျယ်လောင် စူးရှလွန်းပြီး ဝိညာဉ်ကို တုန်ခါစေပါတယ်။
ရှန်ရှင်းကိုးဖော်နဲ့ ရှန်ဝေါ်လည်း လန့်သွားပြီး ဘေးဘီဝန်းကျင်ကို လိုက်ကြည့်လိုက်ပါတယ်။
“ဒီအသံ ဘယ်ဘက်ကနေ လာတာလဲ”
“ပဋိပက္ခမှာ တိုက်ပွဲ ထပ်ဖြစ်ပြန်ပြီလား”
“ဟိုမှာ... ကျောက်ရွှမ်ကွမ်းနဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး တိုက်ခိုက်နေကြတာ”
“နောက်ဆုံးတော့ သူ လှုပ်ရှားပြီပဲ၊ ငါက သူကြောက်လို့ ပုန်းနေတယ် ထင်တာ”
“သူက ပဋိပက္ခကို စုစည်းချင်မှတော့ ပဋိပက္ခကို ကာကွယ်ရမှာပေါ့”
ဟန်ကျွယ်ရဲ့ အကြည့်ဟာ နေရာတစ်ခုဆီ ရောက်သွားပါတယ်။ ဒီနေရာမှာ ကျောက်ရွှမ်ကွမ်းနဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး တိုက်ခိုက်နေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အံ့အားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ရွှမ်ကွမ်းက တာအိုဖန်တီးရှင်နှစ်ပါးရဲ့ စွမ်းအား ရှိပြီး မဟာတာအိုကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ လေးပါးကို ကိုင်စွဲထားတာကြောင့်ပါ။
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ကွမ်းက ဘာဖြစ်လို့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနဲ့ တိုက်ခိုက်ချင်လဲဆိုတာ နားမလည်ပါဘူး။
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ကွမ်းရဲ့ ဝိညာဉ်က အရင်နဲ့ မတူတော့တာကို သတိထားမိလိုက်ပါတယ်။ ကြည့်ရတာ အဋ္ဌမပဋိပက္ခရဲ့ မှတ်ဉာဏ်တွေ နိုးထလာပုံပါပဲ။
‘စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ... ကျောက်ရွှမ်ကွမ်းက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို သတ်နိုင်ပါ့မလား၊ ဒါမှမဟုတ် သူက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး စိတ်ရိုင်းဝင်အောင် လုပ်နေတာလား...’
အန္တိမပဋိပက္ခသာ စိတ်ရိုင်းဝင်သွားရင် ကျောက်ရွှမ်ကွမ်းလည်း ဒီဘေးကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။