အန္တိမမူလ အထွတ်အထိပ်
Vol. 103 Ch. 1075
“ဟုတ်တယ်၊ သမီးပြောတာ မှန်တယ်”
ဟန်ကျွယ်ရဲ့ အပြုံးက ဟန်ချင်းအာကို ဂွမ်းထိုးမိသလို ခံစားရသွားစေပါတယ်။
ဟန်ချင်းအာဟာ သူ့အဖေ ဆန်းကြယ်စွမ်းအား ပြတာကို မြင်ချင်နေတာပါ။ လွန်ခဲ့တဲ့ နှစ်သန်းရာကျော်မှာ ဟန်ကျွယ်က တစ်ချက်ကလေးတောင် မလှုပ်ရှားတဲ့အတွက် သက်ရှိတွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မေ့နေကြပါပြီ။
မျိုးဆက်ဟောင်း ကျင့်ကြံသူတွေပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ သိကြပါတော့တယ်။
ဟန်ချင်းအာဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ် “သမီး ဖေဖေ့ကို နားမလည်နိုင်တော့ဘူး၊ ဖေဖေက အရမ်းစွမ်းအားကြီးတာကို ဘာဖြစ်လို့ တခြားလူတွေသိမှာ ကြောက်နေရတာလဲ”
ကျန်းကျွယ်ရှီ၊ ဟန်ထော်စတဲ့ ဟန်ချင်းအာ သိတဲ့လူတိုင်း အရည်အချင်း ထက်မြက်တာနဲ့ ကျော်ကြားမှုအတွက် တိုက်ခိုက်ကြတာချည်းပါပဲ။
ဟန်ကျွယ်ဟာ ဟန်ချင်းအာနဲ့ လေးငါးဆယ်နာရီ စကားပြောပြီးမှ ဟန်ချင်းအာဆီကနေ ထွက်ခွာလာခဲ့ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ထော်ဆီ သွားပါတယ်။ ဒီနှစ်တွေမှာ ဟန်ထော်ဟာ သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။
ဟန်ထော်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အတော်စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ဦးညွှတ်ပါတယ်။ သားနဲ့အဖေက သမီးနဲ့ အဖေလောက် မရင်းနှီးကြပါဘူး။ သူတို့ကြားက အကွာအဝေးဟာ အကြီးအကဲနဲ့ နောက်လိုက်ကြားမှာရှိတဲ့ အကွာအဝေးမျိုးနဲ့ ပိုတူပါတယ်။
ဟန်ကျွယ်ဟာ စိတ်မရှိပါဘူး။ ဟန်ကျွယ်ဟာ ဟန်ထော်နဲ့ အချိန်တစ်ခုအထိ စကားပြောပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ ဟန်လင်ဆီ သွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းဆီ ပြန်ရောက်ပြီးနောက် သက်ပြင်းချလိုက်ပါတယ် ‘ဟင်း... ဒီတာအိုစက်ကွင်းက ဘာဖြစ်လို့ အဆင့်မြှင့်လို့ မပြီးသေးတာလဲ’
ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်ဟာ ဟန်ကျွယ် မကြာမကြာ ပျောက်သွားတာကို မစပ်စုကြပါဘူး။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းက ကြီးမားကျယ်ပြန့်ပြီး ဘိုးဘေး အမြောက်အမြား ရှိတယ်ဆိုတာကို သိထားကြပါတယ်။ ဒါကြောင့် ကနဦးဘိုးဘေးအနေနဲ့ သူ့ရဲ့ တခြားမျိုးဆက်တွေ မကြာမကြာ သွားလည်တာက ဖြစ်သင့်တဲ့ကိစ္စပါ။
နှစ်ထောင်ချီ ကြာတဲ့အခါမှာတော့ တာအိုစက်ကွင်းဟာ အဆင့်မြှင့်တင်လို့ ပြီးသွားပါတယ်။
[ကျေးဇူးပြု၍ ဖန်တီးရှင်သခင် အထက်ရှိ အဆင့်အား နာမည်ပေးပါ။]
‘နာမည်ပေးရမယ်... ဝိုး...’
ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီးနောက် အန္တိမမူလ အထွတ်အထိပ်လို့ နာမည်မှည့်လိုက်ပါတယ်။
[ပင်မတာအိုစက်ကွင်းအား အောင်မြင်စွာ အဆင့်မြှင့်ပြီးပါပြီ။]
[ဒုတိယ တာအိုစက်ကွင်းအား အောင်မြင်စွာ အဆင်မြှင့်ပြီးပါပြီ။]
[တတိယ တာအိုစက်ကွင်းအား အောင်မြင်စွာ အဆင့်မြှင့်ပြီးပါပြီ။]
[တာအိုစက်ကွင်းအား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။ အရံအတား အစီအမံသည် အန္တိမမူလ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပြီး တာအိုစက်ကွင်း၏ အတွင်းအာကာသ ကျယ်ပြန့်သွား၏။]
[တာအိုစက်ကွင်း အသီးသီး၏ အာကာသသည် ချိတ်ဆက်သွား၏။]
[တာအိုစက်ကွင်း၏ အင်မော်တယ်ချီနှင့် ရှန်တျန်ချီသည် ဆယ်ဆ တိုးသွား၏။]
[တာအိုစက်ကွင်းသည် အကြည့်အားလုံးအား ဟန့်တားနိုင်၏။]
ဟန်ကျွယ်ဟာ သူ့ရှေ့က အသိပေးချက်တွေကို ကြည့်ပြီး စိတ်ကောင်းဝင်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ တတိယ တာအိုစက်ကွင်းထဲက စိတ်ဝိညာဉ်ချီဟာ စတိုးလာပါတယ်။ တပည့်တွေဟာ တာအိုစက်ကွင်းထဲက အတွင်းအာကာသဟာ အလွန်လျင်မြန်စွာ ကျယ်ပြန့်သွားတာကို တွေ့လိုက်ရတဲ့အတွက် လန့်သွားကြပါတယ်။ သူတို့အကုန်လုံးဟာ ဟန်ကျွယ်ကို တွေးမိလိုက်ကြပါတယ်။
ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်လည်း စိတ်ဝိညာဉ်ချီ တိုးလာတာကို ခံစားမိတဲ့အတွက် ဟန်ကျွယ်ကို ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်က မျက်စိမှိတ်နေတဲ့အတွက် မနှောင့်ယှက်တော့ပါဘူး။ သူတို့ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကထွက်ကာ အပြင်က အခြေအနေကို သွားကြည့်ပါတယ်။
တာအိုစက်ကွင်း အဆင့်မြင့်သွားတဲ့အတွက် ဟန်ကျွယ်ဟာ လုံးဝ စိတ်ချလက်ချ ဖြစ်သွားပါတယ်။ နောက်ဆုံးတော့ သူ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်လို့ရပါပြီ။
ဟန်ကျွယ်ဟာ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
တာအိုစက်ကွင်းသုံးခုမှာ စိတ်ဝိညာဉ်ချီ တိုးတက်တာက နှစ်တစ်သောင်း ကြာပါတယ်။ တာအိုစက်ကွင်းထဲမှာ နဂိုရှိနေတဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုကပဲ အတော်လေး ကြောက်ဖို့ကောင်းနေပါပြီ။ ဒါကို ဆယ်ဆ တိုးသွားတာဆိုတော့ စဉ်းသာစဉ်းစားကြည့်ကြပါတော့။
အဲဒီနောက်ပိုင်း နှစ်တွေမှာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်၊ ဒုတိယ တာအိုစက်ကွင်းနဲ့ တတိယ တာအိုစက်ကွင်းထဲက တပည့်တွေဟာ အချင်းချင်း ထိတွေ့လို့ရတာကို ရှာတွေ့သွားပါတယ်။ သူတို့တွေဟာ အလွန်တရာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။
မြင့်မားတဲ့ တောင်တစ်လုံးပေါ်မှာ မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ငရဲကြက်နက်၊ ဟန်မင်နဲ့ တခြား ပဋိပက္ခနတ်ဘီလူးတွေ စုဝေးနေကြပါတယ်။
“ငါ့အထင် တာအိုစက်ကွင်းထဲမှာရှိတဲ့ အာကာသက ပဋိပက္ခလောက် ရှိသွားပြီ၊ တကယ်ကို မယုံနိုင်စရာပဲ... ဟင်း...”
မုရုံချီရဲ့စကားက ကျန်တဲ့နတ်ဘီလူးတွေကို အံ့ဩတုန်လှုပ်သွားစေပါတယ်။
‘ပဋိပက္ခလောက် ကြီးတာလား’
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “ငါတို့ရဲ့ တာအိုစက်ကွင်းက သခင်ရဲ့ မဟာတာအိုကမ္ဘာများလား”
ဝူတောက်ကျန့်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “ဖြစ်နိုင်တယ်၊ အဲဒါကြောင့် သခင်မရှိရင်တောင် အဲဒီစွမ်းအားကြီးရန်သူတွေ ဝင်မလာနိုင်တာ ဖြစ်ရမယ်၊ မဟာတာအိုကမ္ဘာကို သူ့အရှင်က လိုသလို ထိန်းချုပ်နိုင်တယ်လို့ ပြောကြတယ်မလား၊ ဒီလိုဆို ငါတို့ တာအိုစက်ကွင်းရဲ့ စွမ်းအားက သခင်ရဲ့ စွမ်းအားပဲ”
နတ်ဘီလူးတွေဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် သူတို့တွေဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။
အဲဒါက တာအိုစက်ကွင်းရဲ့ တည်ရှိမှု ကြာချိန်ပါ။ ဟန်ကျွယ်က တာအိုမရခင်ကတည်းက တာအိုစက်ကွင်း ရှိနေခဲ့တာ မဟုတ်ပါလား။
“ဂလု...”
ဖြစ်နိုင်ခြေတစ်ခုကို တွေးမိပြီး သူတို့တွေဟာ ဟန်ကျွယ်ကို ပိုလေးစားသွားကြပါတယ်။
သူတို့တွေ တာအိုစက်ကွင်းအကြောင်း ဆွေးနွေးနေစဉ်မှာ ပဋိပက္ခကလည်း ထပ်ပြီး ပြောင်းလဲသွားပါတယ်။ ဒီတစ်ခါ ပဋိပက္ခအစည်းအဝေးကို ထုံးစံအတိုင်း ကျင်းပပေမဲ့ နောက်ဆုံးမှာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက မိစ္ဆာနတ်ဆိုး အမြောက်အမြား ခေါ်လာပြီး အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ စောင့်ကြပ်မှု မရှိတဲ့အတွက် အန္တိမဒဏ်ခတ်နတ်မင်းဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ဦးဆောင်ပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ခုခံရပါတယ်။ ကံကောင်းထောက်မစွာပဲ ပဋိပက္ခရဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးနီးပါး ရောက်နေကြတဲ့အတွက် တစ်ဖက်သတ်တော့ မဖြစ်ပါဘူး။
“ဝုန်း...”
အတောမသတ်နိုင်အောင် ကျယ်ပြောလှတဲ့ မြေပြင် ကွဲကြေသွားပြီး ဖုန်မှုန့်လုံးကြီးတွေ လှိမ့်တက်လာပါတယ်။
အကြွင်းမဲ့ဆယ်ပါးမြို့တော်မှာ ဧရာမ အကာအကွယ် အစီအမံတစ်ခု ရှိပါတယ်။ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်သွားပြီး မိစ္ဆာနတ်ဆိုးတွေ ဘယ်လောက် တိုက်ခိုက် တိုက်ခိုက် အစီအမံကို မထိုးဖောက်နိုင်ကြပါဘူး။
မြို့ပြင်က မိုင်တစ်သောင်းကျော် အကွာမှာတော့ အလွန်ခမ်းနားထည်ဝါတဲ့ ရုပ်သွင်တစ်သွင်ကို တွေ့မြင်နိုင်ပါတယ်။ မဟာတာအို သင်္ကေတတွေဟာ သူ့ကို ပတ်လည်ဝိုင်းနေပြီး မိစ္ဆာရောင်ဝါ အမြောက်အမြားက ဖြစ်တည်လာတဲ့ အကုသိုလ်ကံတွေဟာ သူ့ကို ရစ်ပတ်ထားပါတယ်။
ဒီရုပ်သွင်က အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးပါ။ သူ့အသွင်က ကြမ်းကြုတ် ရက်စက်လွန်းပြီး ကိုယ်လုံးပြည့်ချပ်ဝတ်ကို ဝတ်ဆင်ထားတာကြောင့် မူလခန္ဓာကို ကြည့်လို့မရပါဘူး။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ လူဆိုးပြုံး ပြုံးလိုက်ပါတယ် “မင်းတို့လုပ်နိုင်တာ ဒါ အကုန်ပဲလား၊ ကျောက်ရွှမ်ကွမ်း ဘယ်ရောက်သွားလဲ... ဟား..ဟား...”
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။
အန္တိမဒဏ်ခတ်သမား ဒါဇင်ကျော်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဝိုင်းတိုက်ကြပါတယ်။ သူတို့တွေရဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားက နက်မှောင်တဲ့ ကောင်းကင်ယံကို ဆုတ်ဖြဲပစ်လိုက်ပါတယ်။
“ဝုန်း... ဝုန်း... ဝုန်း...”
ဓမ္မစွမ်းအား အမြောက်အမြားဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားပေမဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ဒီဓမ္မစွမ်းအားတွေကို စုပ်ယူလိုက်တာကြောင့် သူ့ကို ဘာဒဏ်ရာမှ မရစေပါဘူး။
ဓားအလင်းရောင်ဟာ ရုတ်တရက်ဆိုသလို ကောင်းကင်ယံကို ထိန်လင်းသွားစေပါတယ်။ ပျံသန်းလာတဲ့ ဓားချီဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို နှစ်ပိုင်း ဖြတ်ပစ်လိုက်ပါတယ်။ ဓားချီလာရာ လမ်းတစ်လျှောက်မှာရှိတဲ့ မိစ္ဆာနတ်ဆိုး အမြောက်အမြားလည်း အသတ်ခံလိုက်ရပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး နောက်ကနေ ဧရာမလက်ကြီးတစ်လက် ထွက်ပေါ်လာပြီး လေကို ဖမ်းဆုပ်လိုက်တဲ့အခါ ကောင်းကင်နဲ့ အာကာသ ကွဲကြေသွားပါတယ်။ ဒီကွဲကြေသွားတဲ့အသံက စူးရှလွန်းပြီး အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက သက်ရှိတွေရဲ့ ဝိညာဉ်တွေကို တုန်ခါသွားစေပါတယ်။
အဲဒီနောက် ကောင်းကင်ယံကနေ ဓားတာအိုမြစ် ဆင်းသက်လာပြီး လီတောက်ခုံး ပေါ်လာပါတယ်။ အဆက်မပြတ် စီးဆင်းနေတဲ့ ဓားတာအိုမြစ်ဟာ တိုင်းတာလို့ မရလောက်အောင် ရှည်လျားပြီး ကမ္ဘာထောင်ချီကို ချေမွပစ်ဖို့ လုံလောက်ပါတယ်။
“နတ်ဆိုး... အတင့်မရဲနဲ့” လီတောက်ခုံးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါတယ်။ လီတောက်ခုံးရဲ့ ဆံပင်ရှည်တွေဟာ လေထဲမှာ လှုပ်ယမ်းသွားပါတယ်။ ဓားအရိပ် အမြောက်အမြားဟာ ဓားတာအိုမြစ်ထဲကနေ ထိုးထွက်လာပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဖိနှိပ်ပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ်။
ဒီအချိန်မှာ ပဋိပက္ခကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ကျောက်ရွှမ်ကွမ်း၊ ဝေ့လန်ရှန်မိ၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ မဟာကောင်းကင် နတ်ဘုရားဘုရင်၊ စကြဝဠာဘုရင်နဲ့ တခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ပတ်လည်မှာ ရုတ်ခြည်း ပေါ်လာပြီး ချက်ချင်း မန္တန်တွေ သုံးလိုက်ပါတယ်။
အစီအမံ။
ပဋိပက္ခရဲ့ မဟာတာအိုသုံးထောင် တုန်ခါသွားပါတယ်။ မဟာတာအိုသုံးထောင် စွမ်းအား ဆင်းသက်လာပြီး ပဋိပက္ခ အောက်ခြေရဲ့ ကောင်းကင်ကို ကွဲကြေစေကာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို အလွန်တရာလျင်မြန်တဲ့ အလျင်နဲ့ ဖိနှိပ်လိုက်ပါတယ်။
အငိုက်မိသွားတဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ကြေမွသွားတဲ့ မြေပြင်မှာ ဒူးထောက်လျက်သား ဖြစ်သွားပါတယ်။
“ဟားဟား... မင်း ဘာတတ်နိုင်သေးလဲ၊ ပဋိပက္ခမှာ ငါ့ထက် မောက်မာရဲတဲ့လူ မရှိစေရဘူး” ဝေ့လန်ရှန်မိဟာ အားပါးတရ ရယ်မောလိုက်ပါတယ်။ အဲဒီနောက် သူ့လက်ထဲမှာ နတ်လှံပေါ်လာပါတယ်။ ဝေ့လန်ရှန်မိဟာ နတ်လှံကို မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနဲ့ အုပ်ပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ရင်ဘက်ကို ထိုးဖောက်လိုက်ပါတယ်။
ကျောက်ရွှမ်ကွမ်းကလည်း မဟာတာအို သုံးထောင် အစီအမံပေါ်နင်းပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနဲ့ ထိတွေ့ဖို့ ပြင်လိုက်ပါတယ်။
ဒီအချိန်မှာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ရုတ်တရက် ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ်။ ဟွန်းခနဲဆိုတဲ့ အသံဟာ ကျယ်လောင်စွာ ပေါက်ကွဲထွက်ပြီး ပျောက်ကွယ်သွားပါတယ်။
ချက်ချင်းဆိုသလို ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါတွေ ထွက်ပေါ်လာတဲ့အတွက် လူတိုင်း လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်တဲ့အခါ အရပ်ဆယ်မျက်နှာမှာ မိစ္ဆာနတ်ဆိုး အမြောက်အမြား ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ အကုန်လုံးက မြေပြင်အဆုံးကနေ လာသလိုမျိုး တန်ခိုးစွမ်းအားကြီးမားတဲ့ အသွင်တွေ ရှိကြပါတယ်။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ဒါက ကိုယ်ပွားတွေလား”
“မပြောတတ်ဘူး... သူတို့ရောင်ဝါက ကြောက်စရာကောင်းတာ အမှန်ပဲ”
“ငါ စမ်းကြည့်မယ်”
“ဂရုစိုက်ဦး... တစ်ခုခု မူမမှန်ဘူး”
ရေတွက်ဖို့ မဖြစ်နိုင်အောင် များပြားလွန်းတဲ့ မိစ္ဆာနတ်ဆိုးတွေ ရောက်လာတာက အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲက လူတွေကို တုန်လှုပ် ချောက်ချားသွားစေပါတယ်။ အဲဒီနောက် သူတို့တွေဟာ ဒီမိစ္ဆာနတ်ဆိုး အမြောက်အမြားက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကိုယ်ထဲ ဝင်ပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး စွမ်းအားကြီးလာအောင် ကူညီပေးနေတာကို တွေ့လိုက်ရပါတယ်။
ကျောက်ရွှမ်ကွမ်းဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ် “ဒါ ဘာစွမ်းအားလဲ”
ကျောက်ရွှမ်ကွမ်းဟာ ရင်ဘက်ကို လက်နဲ့ ဖိလိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ထဲ စွမ်းအားဟာ ဖောက်ထွက်တော့မယ်လို့ ကျောက်ရွှမ်ကွမ်း ခံစားလိုက်ရပါတယ်။ ဒီခံစားချက်က တော်တော်လေးကို နေရထိုင်ရ ခက်လှပါတယ်။
ဒီကိစ္စတွေ အကုန်လုံးရဲ့ တရားခံက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။