ဒဏ္ဍာရီပုဂ္ဂိုလ် ပြန်ပေါ်လာခြင်း
Vol. 103 Ch. 1077
ဟန်ကျွယ် ပေါ်လာတာက အနီးအနားမှာရှိတဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်အကုန်လုံးကို စိတ်လှုပ်ရှားသွားစေပါတယ်။ လောကကြီးကို လွှမ်းမိုးထားတဲ့ အပြောကျယ်လှတဲ့ သတ်ဖြတ်ငွေ့ဟာ ဟန်ကျွယ် ကိုယ်ထင်ပြမှုကြောင့် ပျောက်ကွယ်သွားသလို ရှိပါတယ်။
ဟန်ကျွယ်ရဲ့ ကိုယ်ပေါ်က နတ်အလင်းရောင်ဟာ လူတိုင်းရဲ့ မျက်လုံးထဲမှာ အတောက်ပဆုံး အလင်းရောင် ဖြစ်သွားပါတယ်။ လူတိုင်းရဲ့ မျက်လုံးထဲမှာ ဒီနတ်အလင်းရောင်က မျှော်လင့်ချက်နဲ့ အောင်ပွဲကို ကိုယ်စားပြုပါတယ်။
တိတ်ဆိတ်ဂိုဏ်း တပည့်ရင်းတွေရဲ့ ရင်ထဲမှာ ဟန်ကျွယ်က ပြိုင်ဘက် ကင်းပါတယ်။
ရှေးကတည်းက တွန်းလှန်ဖို့ မဖြစ်နိုင်ဘူး ထင်ရတဲ့ အခြေအနေ မှန်သမျှ ဟန်ကျွယ်ရှေ့ ရောက်သွားတဲ့အခါ အကုန်လုံး တည်ငြိမ်သွားပါတယ်။ ကြုံရဖန်များလာတဲ့အခါ သူတို့တွေဟာ ဟန်ကျွယ်အပေါ် မြူတစ်မှုန်စာတောင် သံသယမရှိတော့ဘဲ ဒီလိုအခြေအနေမျိုးရောက်ဖို့ မျှော်လင့်လာကြပါတယ်။
“မင်းစကားက ကောင်းပေမဲ့ နောက်တစ်ခါ ထပ်မပြောတော့နဲ့၊ မင်းမှာ အရည်အချင်းရှိရင် ကိုယ့်စွမ်းကိုယ်စနဲ့ ကိုယ့်တာဝန်ကိုယ် ထမ်းသင့်တယ်”
ဟန်ကျွယ်ရဲ့ စကားကြောင့် ကျန်းကျွယ်ရှီနဲ့ တခြားလူတွေဟာ ရှက်ရွံ့ပြီး ခေါင်းငုံ့သွားကြပါတယ်။
ဟန်ချင်းအာဟာ ဟွန်းခနဲ နှာမှုတ်ပြီး “ဟုတ်တယ်... ရှင်တို့တွေက စွမ်းအားလည်း မကြီးဘဲနဲ့ စွမ်းအားကြီးယောင် ဆောင်နေကြသေးတယ်၊ နောက်ဆုံးကျတော့ ဖေဖေ့ကို ဒုက္ခပေးတာပဲ၊ အဲဒါများ ကျွန်မနဲ့ တာအိုစက်ကွင်းကို ပြန်ပြေးတာက ပိုမကောင်းဘူးလား”
ဟန်ချင်းအာရဲ့ သရော်စကားကြောင့် လူတိုင်းဟာ ပိုရှက်သွားပြီး ခေါင်းမဖော်ရဲကြတော့ပါဘူး။
လောင်တန်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ အရင်တုန်းက လောင်တန်ဟာ ဟန်ကျွယ်က ဒီလိုမျိုး သူ့ပင်မခန္ဓာကိုယ်တောင် နှိုင်းယှဉ်လို့မရတဲ့ သာလွန်တည်ရှိမှုအဖြစ် ကြီးပြင်းလာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အခုဟန်ကျွယ်က ပဋိပက္ခတစ်ခုလုံးကို ကျော်လွန်သွားပါပြီ။
ဟန်ကျွယ်ဟာ အဝေးတစ်နေရာက ကျောက်ရွှမ်ကွမ်းနဲ့ သူ့သား တိုက်ခိုက်နေတဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို လှမ်းကြည့်လိုက်ပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက တော်တော်လေး စွမ်းအားကြီးပါတယ်။ သူ့ခန္ဓာကိုယ်ထဲက ပိုပြီးကြီးမားတဲ့ စွမ်းအားကလည်း ဆက်တိုက် ထွက်ပေါ်လာပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ရောင်ဝါကို တိုးစေပါတယ်။
“ရောက်လာပြီလား”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ဘေးမှာ ပေါ်လာပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို လှည့်မကြည့်ပါဘူး “မင်းနားလို့ရပြီ”
“ငါ့အထင် ဒီကောင်က မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်ပြီး ဒီထက်မြင့်မားတဲ့အဆင့်ကို ရောက်သွားလောက်ပြီ၊ ဂရုစိုက်ဦး”
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ဘာမှ ပြန်မပြောပါဘူး။ ဟန်ကျွယ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ချက်ချင်း မတိုက်ခိုက်ဘဲ ဟန်ဟွမ်နဲ့ ကျောက်ရွှမ်ကွမ်းရဲ့ လုပ်နိုင်စွမ်းကို စောင့်ကြည့်ပါတယ်။
ဟန်ထော်၊ ဟန်ချင်းအာနဲ့ ဟန်ယွင်ကျင်းဆီကို အမြန်ရောက်လာကြပါတယ်။
“အဖေ... အမြန် လှုပ်ရှားတော့လေ၊ သူတို့တွေ ကြာကြာ မခံနိုင်လောက်တော့ဘူး”
“ဖေဖေ ဘာစောင့်နေတာလဲ”
ဟန်ကျွယ်ဟာ သူ့သားသမီးတွေရဲ့ စကားကို ကြားပေမဲ့ မလှုပ်ပါဘူး။
ဟန်ကျွယ် ပေါ်လာတာကို သတိထားမိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပိုပိုများလာပါတယ်။ နတ်အလင်းရောင်က အကြည့်အကုန်လုံးကို ကာထားပေမဲ့ အန္တိမဒဏ်ခတ်နတ်မင်း ဘယ်လောက် တလေးတစား ရှိနေတယ်ဆိုတာကို ကြည့်ပြီး မျိုးဆက်ဟောင်းတွေက ဟန်ကျွယ် ဘယ်သူလဲဆိုတာကို ခန့်မှန်းနိုင်တာကြောင့် စိတ်သက်သာရာ ရသွားကြပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ် အသစ်တွေကတော့ သိချင်စိတ် များသွားပါတယ် ‘ဒီလူက ဘယ်သူလဲ’
တစ်ချိန်တည်းမှာပဲ တတိယ တာအိုစက်ကွင်းထဲမှာ...
“ကနဦးဘိုးဘေးက အဲဒီ့ကို ရောက်သွားပြီ” ရှန်ဝေါ်ဟာ သူပဲ အခြေအနေ တစ်ရပ်လုံးကို ကယ်တင်နေသယောင် စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။
ရှန်ရှင်းကိုးဖော်လည်း သိပ်တော့ မထူးပါဘူး။ သူတို့ကိုးဖော်လည်း အလွန်တရာမှ စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့တွေဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနဲ့ ကနဦးဘိုးဘေး ဘယ်သူက စွမ်းအားပိုကြီးလဲ ဆိုတာကို သိချင်နေကြပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “အဲဒီကောင်တော့ ဒုက္ခရောက်ပြီ”
ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်၊ ချင်းလွမ်အာနဲ့ ချန်ယွီအာတို့ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ကြပါတယ်။ ဟန်ကျွယ်က နိုင်နိုင်ခြေမရှိတဲ့ တိုက်ပွဲကို မတိုက်ဘူးဆိုတာ သူတို့တွေ သိပါတယ်။ ဟန်ကျွယ်က တိုက်ပြီဆိုတာနဲ့ အပြတ်အသတ် အနိုင်ယူနိုင်ပြီဆိုတာ သေချာပါတယ်။
ဟန်ဟွမ်ဟာ အန္တိမမူလစွမ်းအားကို စုစည်းပေမဲ့ ဆန်းကြယ်စွမ်းအား ထုတ်သုံးမယ်လုပ်တိုင်း အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးလက်ချက်နဲ့ လွင့်ပြယ်သွားရပါတယ်။
‘သေစမ်း... ဒါ ဘယ်လိုဆန်းကြယ်စွမ်းအားမျိုးလဲ’ ဟန်ဟွမ်ဟာ ဒေါသထွက်လွန်းလို့ မျက်လုံးတွေ နီရဲသွားပါတယ်။ ဟန်ဟွမ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး လှုပ်ရှားတာကို မမြင်ရပေမဲ့ အလွန်တရာ ကြောက်ဖို့ကောင်းပြီး မမြင်နိုင်တဲ့ အင်အားတစ်ခုက သူတိုက်ခိုက်ဖို့ ကြိုးစားတိုင်း ရုတ်တရက် လာထိမှန်တာကို ခံစားနေရပါတယ်။
ဟန်ဟွမ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျောက်ရွှမ်ကွမ်းလည်း အတော်လေးကိုမှ ဒေါသထွက်နေပါတယ် ‘ငခွီး... ဒါ ညီကိုးရဲ့ စွမ်းအားလား...’
ကျောက်ရွှမ်ကွမ်းဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ် ‘ဒါက ငါ့ကိုပေးတဲ့ စွမ်းအားလား... ဘာဖြစ်လို့ အနိုင်ယူဖို့ ဒီလောက်တောင် ခက်ရတာလဲ... မဟုတ်မှလွဲရော ညီကိုးက စိတ်ပြောင်းသွားတာလား...’
ဟန်ဟွမ်နဲ့ ကျောက်ရွှမ်ကွမ်းဟာ ခန္ဓာကိုယ်တွေကို တစ်ဖန်ပြန်ခဲပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို တိုက်ခိုက်ပါတယ်။ သူတို့နှစ်ယောက် လှုပ်ရှားလိုက်တာနဲ့ မမြင်နိုင်တဲ့ အင်အားတစ်ခုက သူတို့ကို ချေဖျက်ပစ်လိုက်ပါတယ်။
“ပါမွှားတွေ... မင်းတို့ကို ရုန်းကန်ချင်သေးတာလား...”
“မင်းတို့တွေက ပဋိပက္ခရဲ့ အဓိပ္ပာယ်ကို ဘာမှမသိဘူး၊ မင်းတို့ရဲ့ တည်ရှိမှုက မတော်တဆပဲ၊ ငါ မင်းတို့ကို ဝါးမျိုပြီး မူလလမ်းကြောင်းဆီ ပြန်ပို့ပေးမယ်”
“ဒါပေမဲ့ မင်းတို့က ရုန်းကန်ချင်မှတော့ မျှော်လင့်ချက် ကင်းမဲ့တယ်ဆိုတာ ဘယ်လိုအရသာမျိုးလဲဆိုတာ မင်းတို့ကို ကောင်းကောင်းကြီး ခံစားခိုင်းမယ်... ဟားဟား...”
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ရယ်သံဟာ ပဋိပက္ခအောက်ခြေမှာ ပဲ့တင်ထပ်သွားပြီး အားပြန်ဖြည့်နေတဲ့ ကျင့်ကြံသူတွေကို ဒေါသထွက်သွားစေသလို ချောက်ချောက်ချားချားလည်း ဖြစ်သွားစေပါတယ်။
အကြွင်းမဲ့ဆယ်ပါးမြို့တော် ပြားပြားဝပ်သွားပြီး သက်ရှိအမြောက်အမြား သေကျေပျက်စီးခဲ့ရပါတယ်။ ဒီသက်ရှိအကုန်လုံးက ကျင့်ကြံသူတွေမလို့ ပဋိပက္ခရဲ့ ကျောရိုးလို့ ပြောလို့ရပါတယ်။
ဒီတိုက်ပွဲပြီးရင် ပဋိပက္ခက နဂိုအခြေအနေ ပြန်ရောက်ဖို့ အချိန်ဘယ်လောက်တောင် ယူရဦးမလဲ မသိပါဘူး။
ဟန်ကျွယ်ဟာ တစ်ခဏ ကြည့်ပြီး ရှေ့ကို လျှောက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မမြင်နိုင်တဲ့ လှေကားထစ်တွေကို နင်းတက်သွားသလိုမျိုး ကောင်းကင်ယံကို တစ်လှမ်းချင်း တက်သွားပါတယ်။ ဒါကို မြင်လိုက်ရတဲ့ အနီးအနားက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ လှုပ်ရှားပြီ မဟုတ်ပါလား။
“ဟွမ်အာ... ဖယ်...”
ဟန်ဟွမ်ဟာ ဆက်တိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ ဟန်ကျွယ်ရဲ့ အသံကို ကြားလိုက်ရတဲ့အတွက် ပျံသန်းနေတာရပ်ပြီး လှည့်ကြည့်လိုက်တဲ့အခါ မှင်တက်သွားပါတယ်။
“အဖေ...”
ဟန်ဟွမ်ဟာ သူ့အဖေ ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေက ပဋိပက္ခကို ဂရုမစိုက်တာ နှစ်သန်း ၂၀၀ နီးပါး ရှိသွားလို့ပါ။ ဟန်ဟွမ်ဟာ သူ့အဖေမှာလည်း သေချာပေါက် ကိုယ်ပိုင် မဟာတာအိုကမ္ဘာ ရှိမယ်ဆိုတာကို ခန့်မှန်းမိပါတယ်။
ကျောက်ရွှမ်ကွမ်းလည်း ဟန်ကျွယ်ရဲ့ အသံကို ကြားတဲ့အတွက် လှမ်းကြည့်လိုက်ပါတယ်။
ကျောက်ရွှမ်ကွမ်းဟာ မူလမှတ်ဉာဏ်တွေ ပြန်မရခင်တုန်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အလေးစားဆုံးပါ။ အခု မှတ်ဉာဏ်တွေ ပြန်ရသွားပြီး အဋ္ဌမပဋိပက္ခ ဖြစ်သွားတာတောင် ကျောက်ရွှမ်ကွမ်းဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်လောက် အစွမ်းထက်လဲဆိုတာ တော်တော်လေး သိချင်နေပါသေးတယ်။
နဝမပဋိပက္ခကလည်း လက်ရှိ တာအိုဖန်တီးရှင်တွေထဲမှာ ဟန်ကျွယ်ပဲ သူ့ကို ခြိမ်းခြောက်နိုင်တယ်လို့ ကျောက်ရွှမ်ကွမ်းကို ပြောထားပါတယ်။
“မင်း ဘယ်သူလဲ”
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ဟန်ကျွယ်ကို လှမ်းကြည့်ပြီး မတိုးမကျယ် မေးလိုက်ပါတယ်။ သတ်ဖြတ်ငွေ့တွေ ပြည့်လျှံနေတဲ့ သူ့ရဲ့အကြည့်ဟာ မြူခိုးတွေကို ထိုးဖောက်ပြီး ဟန်ကျွယ်ဆီ ရောက်သွားပါတယ်။
ဟန်ကျွယ်နဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ အကြည့်ဟာ အချင်းချင်း တိုက်မိသွားပါတယ်။
သက်ရှိအားလုံးဟာ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။
အရာအားလုံး ခဲသွားသလိုပါပဲ။ ဟန်ကျွယ်ရဲ့ ရုပ်သွင်က ဘာမှမရှိပါဘူး။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ အသွင်နဲ့ နှိုင်းယှဉ်ရင် ပိုလို့တောင် သေးငယ်ပါသေးတယ်။ ဟန်ကျွယ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဂရုမစိုက်ဘဲ ရှေ့ကို ဆက်လျှောက်ပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ စိတ်လေးပြီး အလောသုံးဆယ် ဖြစ်လာတာကြောင့် ပါးစပ်ကို ရုတ်တရက် ဟလိုက်ပါတယ်။ ဒီအခါ အကုသိုလ်ကံ အမြောက်အများဟာ ဟာရီကိန်းမုန်တိုင်းလို ထွက်ပေါ်လာပြီး ပဋိပက္ခအောက်ခြေကို အပြင်းအထန် တိုက်ခိုက်ပါတော့တယ်။
ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်တုန်းပါ။ ဒီပြင်းထန်ကြမ်းတမ်းတဲ့ အကုသိုလ်ကံက ဟန်ကျွယ်ရဲ့ အကာအကွယ်ဒိုင်းကို မထိုးဖောက်နိုင်ပါဘူး။
ဒဏ်ရာကုသနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ဒဏ်ရာ မရကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူတို့ကို အန္တိမမူလစွမ်းအားနဲ့ ကာကွယ်ပေးလိုက်လို့ပါ။ ဒါက ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေကို အံ့အားသင့်သွားစေပါတယ်။
“သူက ဘယ်သူလဲ”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ တူတယ်”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ပါရမီရှင်ခေတ်ကို စတင်ခဲ့တဲ့ ဒဏ္ဍာရီထဲက စွမ်းအားကြီးပုဂ္ဂိုလ်လား”
“ဒီလောက်တောင် စွမ်းအားကြီးတာ... ငါ သူ့ကို ဘာလို့ မကြားဖူးတာလဲ”
“မင်းကတော့ မဟုတ်တာတွေ ပြောပြန်ပြီ၊ မင်း ဒီလောက် စွမ်းအားကြီးတာ သေမျိုးတွေ အကုန်လုံးက မင်းကို သိလို့လား”
.....
ဟန်ကျွယ်က ဖြည်းဖြည်းချင်း လျှောက်နေတယ်လို့ ထင်ရပေမဲ့ ခြေငါးလှမ်းနဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရှေ့ ရောက်သွားပါတယ်။
အကုသိုလ်ကံတွေကနေ ဖြစ်တည်ထားတဲ့ ဟာရီကိန်းမုန်တိုင်းဟာ ပေါက်ကွဲထွက်သွားပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အလန့်တကြား နောက်ကို ခြေတစ်လှမ်း ဆုပ်မိလိုက်ပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ဧရာမအသွင်နဲ့ သူ့ခြေတစ်လှမ်းက မိုင်ပေါင်းဘီလီယံချီ ရှိပါတယ်။
“မင်း ဘယ်သူလဲ”
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ လှုံ့ဆော်ခံရပြီး အရူးပမာ ဖြစ်သွားပါတယ်။
“ဝုန်း...”
ကောင်းကင်ယံက မြူခိုးတွေ လွင့်ပြယ်သွားပြီး အနက်ရောင် အလင်းတိုင်တစ်တိုင်ဟာ ကောင်းကင်ကနေ ဟန်ကျွယ်ဆီ ထိုးကျသွားပါတယ်။ ဒီအလင်းတိုင်ထဲမှာ မိစ္ဆာနတ်ဆိုးတွေ ဟိန်းဟောက်နေပါတယ်။ သူတို့ရဲ့ ဟိန်းဟောက်သံတွေ စုပေါင်းသွားတဲ့အခါ အသံက နားကွဲမတတ် စူးရှသွားပါတယ်။
မကြာခင်မှာပဲ ဒီအသံတွေက ငယ်သံပါအောင် အော်ဟစ်သံတွေ ဖြစ်သွားပါတယ်။ အနက်ရောင် အလင်းတိုင်ရဲ့ အလယ်မှာ အနီရောင် ပေါ်လာပြီး အနက်ရောင် အလင်းတိုင်ကို ဖျက်ဆီးပစ်ပါတယ်။ ဧရာမ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ပေါ်လာပြီး ပိုပိုကြီးလာကာ ပဋိပက္ခ အောက်ခြေရဲ့ ကောင်းကင်ပြင်ကို နေရာယူသွားပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးလည်း ရွေးချယ်စရာ မရှိဘဲ မော့ကြည့်လိုက်ရပါတယ်။
“ဒီအကွက်က...”
ဟန်ဟွမ်ဟာ ပြီးခဲ့တဲ့တစ်ခေါက် အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်တာကို တွေးမိပြီး မျက်ခုံးလှုပ်သွားပါတယ်။
ကျောက်ရွှမ်ကွမ်းလည်း အဆုံးမဲ့အောင် ကြီးမားလှတဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ကြည့်ပြီး နှလုံးလှုပ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။