← Chapters

တာအိုစက်ကွင်းဆီ ပြန်လာကြခြင်း

Vol. 103 Ch. 1078

တာအိုစက်ကွင်းဆီ ပြန်လာကြခြင်း

Vol. 103 Ch. 1078

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ပေါ်လာတာနဲ့ ပဋိပက္ခအောက်ခြေကို ဖုံးအုပ်သွားပါတယ်။ ဒါက ပဋိပက္ခတစ်ခုလုံးစာနဲ့ ညီမျှတဲ့အတွက် ပဋိပက္ခ အောက်ခြေမှာရှိတဲ့ သက်ရှိအကုန်လုံးကို အံ့ဩတုန်လှုပ်သွားစေပါတယ်။

အောက်ကနေကြည့်ရင် အန္တိမမူလ‌ ကောင်းကင်တံဆိပ်တော်ဟာ လျှို့ဝှက် သင်္ကေတ အမြောက်အမြား ပါဝင်ပါတယ်။ သက်ရှိတွေဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို သေချာကြည့်တဲ့အခါ သက်ရှိတွေရဲ့ အသွင်မျိုးစုံကို တွေ့မြင်လိုက်ရတဲ့အတွက် နည်းနည်း မှင်တက်သွားကြပါတယ်။ မြောက်မြားလှတဲ့ ပုံရိပ်တွေဟာ သက်ရှိတွေရဲ့ မျက်လုံးထဲမှာ ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့နှလုံးသားနဲ့ ပဲ့တင်ထပ်လာပါတယ်။

သေမျိုးက အင်မော်တယ်ကို ရင်ဆိုင်ကြည့်နေသလိုပါပဲ။ ကြည်ညိုလေးစားစိတ်က အလိုလို ဖြစ်ပေါ်လာပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ကျယ်ပြောပြီး ခမ်းနားထည်ဝါတဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ကြည့်ပြီး အလန့်တကြား ဖြစ်သွားပါတယ်။

“မင်း... ဒါ ဘာစွမ်းအားလဲ” အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ ထင်ထားခဲ့တာပါ။ အခုတော့ ဒီစွမ်းအားရှေ့မှာ ဘာမှမလုပ်နိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။

“ဘယ်တည်ရှိမှုမဆို အဓိပ္ပာယ်ရှိတယ်၊ ဒါပေမဲ့ မင်း တခြားတည်ရှိမှုတွေကို ဖျက်ဆီးပစ်ချင်ရင် တန်ရာတန်ကြေးတော့ ပေးရလိမ့်မယ်”

“အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး... ပဋိပက္ခကနေ ထွက်သွားပါ၊ ဒီနေရာက မင်းနေရာ မဟုတ်ဘူး”

ဟန်ကျွယ်ရဲ့ အသံဟာ မိုးခြိမ်းသံလိုပါပဲ။ သူ့အသံက ဩဇာအာဏာ အပြည့်ပါဝင်တဲ့အတွက် စကားလုံးတိုင်းဟာ ကောင်းကင်ရဲ့ အမိန့်ဥပဒေလို အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိုက်ပါတယ်။

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ရုတ်တရက်ကျုံ့ပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရှေ့ ရုတ်ခြည်း ရောက်သွားပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးခမျာ တုံ့ပြန်ချိန်လေးတောင် မရလိုက်ပါဘူး။

“ဝုန်း...”

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဝင်တိုက်ပြီး သူ့ကိုယ်ပေါ်က မိစ္ဆာရောင်ဝါတွေကို ဖယ်ရှားလိုက်ပါတယ်။ မိစ္ဆာနတ်ဆိုး အမြောက်အမြား သူ့ကိုယ်ထဲက ထွက်ပေါ်လာပြီး မီးခိုးအဖြစ် လွင့်ပြယ်သွားပါတယ်။

မြေပြင်တုန်လှုပ်ပြီး ကောင်းကင်ပြောင်းလဲသွားပါတယ်။

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရဲ့ ဖိနှိပ်မှုကြောင့် အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ မြေပြင်ရဲ့အဆုံးသတ်ဆီ ပြုတ်ကျသွားပါတယ်။

“မဟုတ်ဘူး”

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အစွန်းကုန် ကြိုးစားရုန်းကန်ပေမဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရဲ့ အလွန်တရာ အားကောင်းလှတဲ့ စုပ်အားက သူ့ကို အသေချိပ်ပိတ်ထားပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ လှုပ်လည်း မလှုပ်နိုင်သလို ဝိညာဉ်လည်း ထွက်မပြေးနိုင်ပါဘူး။

ကျက်သရေရှိပြီး ဗိုလ်ကျလွန်းတဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်က အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဖယ်ရှားပြီး သက်ရှိတွေဆီ အလင်းရောင် ဆောင်ကြဉ်းလာပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ် အားလုံးရဲ့ မယုံနိုင်တဲ့ အကြည့်အောက်မှာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ပဋိပက္ခထဲကနေ အလွန်တရာလျင်မြန်စွာ ပြေးထွက်ပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဗလာနယ်မြေဆီ တွန်းထုတ်လိုက်ပါတယ်။

အရာအားလုံး တိတ်ဆိတ်သွားပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ပါးစပ်ဟလိုက်ပေမဲ့ ဘာမှ မပြောနိုင်ပါဘူး။ သူတို့နားထဲမှာ မိုးခြိမ်းသံလို ကျယ်လောင်တဲ့ လေပြင်းတိုက်သံကိုပဲ ကြားနေရပါတယ်။

ဟန်ကျွယ်ဟာ ဟန်ဟွမ်ဘက်လှည့်ပြီး တစ်ချက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် တခြားတပည့်တွေကို ဂရုမစိုက်ဘဲ ဝဲကတော့နက်ထဲ လှမ်းဝင်လိုက်ပါတယ်။

ဝဲကတော့နက် ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားမှ တပည့်တွေဟာ သတိပြန်ဝင်လာကြပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက စွမ်းအားကြီးလာလေလေ သူတို့တွေ မျှော်လင့်ချက် ကင်းမဲ့လာလေလေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့တွေ ပိုလို့တောင် အံ့အားသင့်သွားရပါတယ်။

ဟန်ချင်းအာဟာ သက်ပြင်းချလိုက်ပါတယ် “ဖေဖေက တကယ်ကို စွမ်းအားကြီးတာပဲ၊ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ဘာမှမဟုတ်ဘူးလို့ ခံစားနေရတာ ငါ တစ်ယောက်တည်းလား”

ဟန်ချင်းအာက စိတ်ညစ်မှုတွေ ပြေလျော့သွားအောင် ပြောလိုက်တာပါ။

ကျောက်ရွှမ်ယွမ်ကလည်း သက်ပြင်းချလိုက်ပါတယ် “ဟုတ်တယ်၊ တကယ်ကို အဆင့်တူ မဟုတ်ဘူး၊ ဒီတိုက်ပွဲက ဆရာသခင်နဲ့ ပဋိပက္ခ အများကြီး ကွာဟနေပြီဆိုတာကို ပြလိုက်တာပဲ”

တာအိုအရှင်သခင်ဟာလည်း ဒီနှစ်တွေမှာ လျှောက်သွားခဲ့တဲ့ စွန့်စားခရီးတွေကို ပြန်တွေးမိလိုက်ပါတယ်။ တာအိုအရှင်သခင်ဟာ သူ့ကိုယ်သူ သံသယ ဝင်သွားပါတယ်။ အရင်တုန်းက သူဟာ ဟန်ကျွယ်ထက် စွမ်းအား ပိုကြီးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်နောက်မှာ အများကြီး ကျန်နေခဲ့ပါပြီ။

‘တံခါးပိတ် ကျင့်ကြံတာက မှန်ကန်တဲ့ လမ်းစဉ်လား...’

တာအိုအရှင်သခင်ဟာ သေချာပြန်စဉ်းစားကြည့်တော့ သူ အဆင့်မထိုးဖောက်တာ အတော်ကြာပြီဆိုတာကို သွားတွေ့ပါတယ်။ သူဟာ အခွင့်အရေးတွေရှာရင်း အလုပ်များနေတဲ့အတွက် တာအိုနှလုံးသားကလည်း မငြိမ်သက်နေပါဘူး။ တကယ်ကို အချိန်တွေ အများကြီး ပြုန်းတီးနေတာပါ။

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “လျှောက်တွေးမနေကြနဲ့၊ ဆရာသခင်ရဲ့ အရည်အချင်းက မှန်းဆလို့ရတာ မဟုတ်ဘူး၊ ဒါက တံခါးပိတ် ကျင့်ကြံရုံနဲ့ ရနိုင်တဲ့အရာ မဟုတ်ဘူး”

ကျန်းကျွယ်ရှီဟာ ပညာသင် ညီအစ်ကိုတွေ တုံ့ဆိုင်းနေတာကို တွေ့လိုက်ရတဲ့အတွက် အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ကျန်းကျွယ်ရှီဟာ သူ့အကန့်အသတ်ကို သူသိပါတယ်။ သူက တခြားလူတွေနဲ့ နှိုင်းယှဉ်လို့ရပေမဲ့ ဟန်ကျွယ်နဲ့ နှိုင်းယှဉ်လို့ မရဘူးဆိုတာကို သေချာပေါက် သိပါတယ်။

ဟန်ကျွယ်ရဲ့ တည်ရှိမှုက အဓိပ္ပာယ်ကို မရှိတာပါ။

တစ်ချိန်တည်းမှာပဲ ပဋိပက္ခအောက်ခြေမှာ ကောင်းချီးဩဘာသံတွေ ဆူညံသွားပါတယ်။

“ငါတို့နိုင်သွားပြီ... ပဋိပက္ခ နိုင်သွားပြီ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို့ မပြောရဘူး”

“ငါ သူ့အသွင်ကို ဘာဖြစ်လို့ သေချာ မမှတ်မိရတာလဲ”

“ပဋိပက္ခမှာ အမျိုးအမည်မသိ တည်ရှိမှုတွေ ရှိတယ်လို့ ပြောကြတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အဲဒီလို တည်ရှိမှုမျိုးလား”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပထမအကြိမ် ပဋိပက္ခ အစည်းအဝေး ပြီးကတည်းက ပေါ်မလာခဲ့တာ၊ သူက ပဋိပက္ခကို တကယ် ဂရုမစိုက်တော့တဲ့ပုံပဲ”

“အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ပြန်လာနိုင်လောက်လား”

.....

ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ရောက်တဲ့နောက် ကြာပလ္လင်ပေါ်ထိုင်ပြီး ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။

ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ အတူပူးပေါင်းပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို လျှို့ဝှက်ဆန်းကြယ် နယ်မြေတစ်ခုဆီ ပို့ပစ်လိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းလည်း ပေါ်လာပါတယ်။ တာအိုဖန်တီးရှင်သုံးပါးရဲ့ သာလွန်နိယာမသုံးပါးက အတူပူးပေါင်းယှက်နွယ်ပြီး အကျဉ်းထောင် ဖြစ်တည်ကာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ချုပ်နှောင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒါကို ကြည့်ပြီး လုံးဝ စိတ်ချသွားပါတယ်။

ဒီတာအိုဖန်တီးရှင်တွေက စကားတော့ တည်ပါတယ်။ သူတို့တွေက ဒီလိုအခြေအနေမျိုး လက်လွှတ်ခံတဲ့အထိ မတုံးအပါဘူး။

ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်ဟာ တာအိုဘုံကျောင်းထဲ ပြန်ဝင်လာပြီး ဟန်ကျွယ်ကို တလေးတစား ကြည့်လိုက်ပါတယ်။ ဟန်ကျုံးတောက်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး “ကနဦးဘိုးဘေး... အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ရင်ဆိုင်ဖို့ စွမ်းအား ဘယ်လောက်သုံးလိုက်လဲ”

ဟန်ကျွယ် “အကုန်သုံးတာပေါ့”

“မဖြစ်နိုင်ဘူး... ကနဦးဘိုးဘေးက အပန်းဖြေခရီး ထွက်နေသလိုပဲ”

ဟန်ဖန်ဟာ ကနဦးဘိုးဘေးက နှိမ့်ချလွန်းတယ်လို့ ခံစားရတာကြောင့် ခေါင်းခါလိုက်ပါတယ်။

လုံမင်ကူကတော့ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ကနဦးဘိုးဘေးရဲ့ တိုက်ချက်တစ်ချက်တောင် မခံနိုင်ရှာဘူး၊ သူ သေသွားပြီလား”

ဟန်ကျွယ် “သူ မသေသေးဘူး၊ နှင်ထုတ်ခံရရုံပဲ၊ သူလို စွမ်းအားကြီးတဲ့လူက သတ်လို့မရဘူး၊ သူ့ခန္ဓာကိုယ်မှာ ပဋိပက္ခကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတယ်၊ အဲဒါကြောင့်လည်း ငါတို့လို သာလွန်တည်ရှိမှုတွေကို အလျင်စလို မလှုပ်ရှားရဲကြတာ၊ သူ့ကို ပြေးပေါက်မရှိအောင် တွန်းပို့လိုက်ရင် ဒီစွမ်းအား ပေါက်ကွဲထွက်ပြီး ပဋိပက္ခတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်”

ရှန်ရှင်းကိုးဖော်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ပဋိပက္ခကို ထိုးဖောက် မြင်နိုင်ပြီလို့ ထင်ထားခဲ့တာပါ။ အခုတော့ သူတို့မသိသေးတဲ့ သာလွန်တည်ရှိမှုတွေ ရှိနေသေးတယ်ဆိုတာကို သိလိုက်ရပါတယ်။

ဟန်ရွှမ်အောက် “ကနဦးဘိုးဘေး... ကနဦးဘိုးဘေးရဲ့ အကြောင်းကို ထပ်ပြောပြပါလား၊ ကျွန်တော်တို့တွေ ကနဦးဘိုးဘေးက ဘယ်လို စွမ်းအားကြီးလာလဲဆိုတာ သိချင်တယ်”

တခြားမျိုးဆက်တွေကလည်း ကြက်အစာကောက်သလို ခေါင်းညိတ်ပြီး ဟန်ကျွယ်ကို မျှော်လင့်ချက်နဲ့ စိုက်ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကြင်နာစွာ ပြုံးလိုက်ပါတယ် “ကောင်းပြီ၊ ပြီးခဲ့တဲ့တစ်ခေါက် ငါ ရှေးပျက်သုန်းနယ်မြေ အကြောင်းကို ပြောခဲ့တယ်၊ ဒီတော့ ရှေးပျက်သုန်းနယ်မြေနဲ့ ကောင်းကင်တာအိုရဲ့ အရှုပ်အရှင်းကနေ စပြောပြမယ်...”

ဟန်ကျွယ် အတိတ်ကို ပြန်ပြောင်း ပြောပြနေစဉ်မှာ ပဋိပက္ခ အောက်ခြေက အဖြစ်အပျက်ဟာ နေရာတိုင်းကို တောမီးလို ပျံ့နှံ့သွားပါတယ်။ ဒီတိုက်ပွဲမှာ ကျင့်ကြံသူ အများကြီး သေဆုံးသွားပါတယ်။ ဒီကျင့်ကြံသူတွေက ပဋိပက္ခရဲ့ အင်အားစု အသီးသီးနဲ့ တခြား မဟာတာအိုကမ္ဘာ နယ်မြေတွေကပါ လာတာ ဖြစ်ပါတယ်။

ပဋိပက္ခ အရင်လို ပြန်ဖြစ်ဖို့က အချိန်အများကြီး ယူရမှာပါ။

ဒီတိုက်ပွဲကြောင့် မဟာတာအိုကမ္ဘာအသီးသီးက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့တွေ စွမ်းအားမကြီးသေးဘူးဆိုတာကို သဘောပေါက်သွားကြပါတယ်။ သူတို့တွေ ပဋိပက္ခကို စိုးမိုးဖို့ အခွင့်အရေး မရှိဘူးဆိုတာကိုလည်း နားလည်သွားကြပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ တည်ရှိမှုက သူတို့ကို စိတ်ဒဏ်ရာ ပေးလိုက်ပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက သေသွားတာ မဟုတ်ဘဲ နှင်ပဲ နှင်ထုတ်ခံလိုက်ရတာပါ။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်တောင် အသက် သန်း ၂၂၀ ပြည့်ပြီး‌ နောက်ထပ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ် ထပ်ရရှိသွားပါတယ်။

နှစ်သန်းချီကြာတဲ့အခါ ပဋိပက္ခဟာ ပြန်ပြီးတော့ တည်ငြိမ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းကတော့ စည်ကားလာပါတယ်။

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ ဟန်ထော်၊ ဟန်ယွင်ကျင်း၊ တခြားတပည့်ရင်းတွေနဲ့ သားသမီးတွေ ပြန်ရောက်လာလို့ပါ။ သူတို့တွေ အကုန်လုံး ဟန်ကျွယ်ရဲ့ သင်ကြားမှုကို ထပ်လိုချင်နေကြပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်က ဂူအောင်းကျင့်ကြံနေတဲ့အတွက် သူတို့တွေ တာအိုစက်ကွင်းထဲမှာပဲ စောင့်ဆိုင်းနေရပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပေမဲ့ ချက်ချင်း အပြင်မထွက်ဘဲ စာစောင်တွေကို အရင်ဆုံး စစ်ဆေးပါတယ်။

[သင့်မိတ်ဆွေ သဏ္ဍာန်မဲ့နတ်မင်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ပါး၏ တန်ပြန်မှုကြောင့် ဝိညာဉ် ထိခိုက်သွား၏။]

[သင့်တပည့်စုချီ၏ ကြမ္မာဆိုး ဖြန့်ကြက်မှုကြောင့် ကမ္ဘာတစ်ခု ပြိုလဲပြီး ပြန်လည်မွေးဖွားခြင်း ပျက်စီးသွား၏။]

[သင့်သား ဟန်ဟွမ်သည် ပဋိပက္ခ မိစ္ဆာနတ်ဆိုးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၈၂၇၇၆၃

[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ မင်လင်းမယ်တော်သည် သာလွန်တည်ရှိမှုတစ်ခု၏ အိပ်မက်ပေးခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျောက်ရွှမ်ကွမ်းသည် သင့်ရန်သူ နဝမပဋိပက္ခ၏ အိပ်မက်ပေးမှုကြောင့် ကျင့်ကြံမှု တိုးတက်သွား၏။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters