← Chapters

လောကဦးပဋိပက္ခရဲ့ ရည်မှန်းချက်

Vol. 103 Ch. 1079

လောကဦးပဋိပက္ခရဲ့ ရည်မှန်းချက်

Vol. 103 Ch. 1079

မိစ္ဆာနတ်ဆိုးတွေ ပေါ်လာနှုန်းက အရင်တုန်းကထက်စာရင် အများကြီး လျော့နည်းသွားပါတယ်။ ဒါပေမဲ့ သာလွန်တည်ရှိမှုတွေရဲ့ လှုပ်ရှားမှုက အများကြီး တိုးလာပါတယ်။ ကြည့်ရတာ တာအိုဖန်တီးရှင်တွေ ထိုင်မနေနိုင်တော့ဘူးနဲ့ တူပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေဖတ်ရင်း တိတ်တိတ်လေး စဉ်းစားလိုက်ပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို သူ နှင်ထုတ်လိုက်တဲ့အတွက် နဝမပဋိပက္ခ ဘာတွေးနေတယ်ဆိုတာကို ဟန်ကျွယ် မသိပါဘူး။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို အသုံးချပြီး တာအိုဖန်တီးရှင်တွေကို သတ်ချင်တာပဲဖြစ်ဖြစ် ကျောက်ရွှမ်ကွမ်းရဲ့ ဆန္ဒကို ဖြည့်ဆည်းချင်တာပဲ ဖြစ်ဖြစ် အခုအချိန်မှာ သူ့ရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ တော်တော်လေး ခက်ခဲသွားပါပြီ။ ဒါပေမဲ့ နဝမပဋိပက္ခ သေချာပေါက် နောက်ထပ် အစီအစဉ်တစ်ခု ဆွဲလောက်ပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးနောက် အပြင်မထွက်ဘဲ ဆက်ပြီးတော့ တံခါးပိတ် ကျင့်ကြံပါတယ်။

ပဋိပက္ခက အားပြန်ဖြည့်နေပါတယ်။ မိစ္ဆာနတ်ဆိုးတွေဟာ လျှောက်သွားနေတုန်း ဖြစ်ပြီး အင်အားစု အသီးသီးကလည်း မျိုးဆက်တွေကို ပျိုးထောင်နေဆဲပါ။

ရှေးဟောင်း လောကဦးကမ္ဘာ။

ဟွမ်ဇွမ်တျန်ဟာ အဆုံးမဲ့ လောကဦးချီထဲမှာ ခွေနေပါတယ်။ သူ့ဝိညာဉ်ကို ခရမ်းရောင် သင်္ကေတတွေကနေ ဖြစ်တည်လာတဲ့ ချိန်းကြိုးတွေက ချုပ်နှောင်ထားတာကြောင့် ဟွမ်ဇွမ်တျန်ဟာ မလှုပ်ရှားနိုင်ပါဘူး။

သူ့ရှေ့မှာ ကြံ့ခိုင်တောင့်တင်းတဲ့ လူတစ်ယောက် ပေါ်လာပါတယ်။ မူလလောကဦးကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

မူလလောကဦးဟာ ဟွမ်ဇွမ်တျန်ကို ကြည့်ပြီး မေးခွန်းထုတ်လိုက်ပါတယ် “အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး ပဋိပက္ခထဲကနေ နှင်ထုတ်ခံလိုက်ရပြီ၊ ဘယ်သူ့လက်ချက်လို့ ထင်လဲ”

“ဟန်ဟွမ်လား”

အချိန်အကြာကြီး ဖိနှိပ်ခံထားရတဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ ဒေါသထွက်တဲ့ အဆင့်ကို ကျော်လွန်ပြီး မူလလောကဦးနဲ့ စကားပြန်ပြောလာပါတယ်။

မူလလောကဦး “ဟန်ဟွမ်ရဲ့ အဖေ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ၊ ပဋိပက္ခတစ်ခုလုံးကို ဖိနှိပ်နိုင်တဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက သူ့ရှေ့မှာ ဘာမှမလုပ်နိုင်ဘူး”

ဟွမ်ဇွမ်တျန်ဟာ တိတ်ဆိတ်သွားပါတယ်။

မူလလောကဦးက ဆက်ပြောပါတယ် “တော်သေးတယ်၊ ငါ ဘဝင်မြင့်ပြီး အောက်ခြေလွတ်မသွားလို့၊ မဟုတ်လို့ အစောကြီး ထွက်သွားရင် သေခြင်းတရားကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး၊ ငါတို့တွေ ရှေးဟောင်း လောကဦးကမ္ဘာမှာ တံခါးပိတ် ကျင့်ကြံသင့်တယ်၊ ငါ မဟာတာအို အထွတ်အထိပ် အဆင့်ကို ကျော်လွန်သွားရင် မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ပေးမယ်”

ဟွမ်ဇွမ်တျန်ဟာ ပြုံးလိုက်ပါတယ် “ငါ့ခန္ဓာကိုယ်ကို ပြန်ပေးမှာလား၊ ဒါမှမဟုတ် ခန္ဓာအသစ်လား”

“အတူတူပဲလေ၊ ငါ့ကြောင့်သာ မဟုတ်ရင် မင်း ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး၊ မင်းငါ့ကို ပြန်ပေးဆပ်သင့်တယ်”

“ဒါပေမဲ့ မင်းက ရည်မှန်းချက် ကြီးမားလွန်းတယ်၊ မင်းက စွမ်းအားကြီးချင်ရုံပဲ မဟုတ်ဘူး”

“ဟမ်... ငါက လောကဦး နတ်ဘီလူးဆိုတော့ လောကဦးပဋိပက္ခကို ဖန်တီးရမှာပဲ၊ လောကဦး ပဋိပက္ခကို ဖန်တီးဖို့ လိုအပ်ချက်က ပဋိပက္ခကို ဖျက်ဆီးဖို့ပဲ၊ ပဋိပက္ခက လောကဦးပဋိပက္ခကို အစားထိုးလိုက်သလိုမျိုးပေါ့၊ အဲဒါကြောင့် ဒီအချိန်ကစပြီး ငါက လောကဦးနတ်ဘီလူး၊ ဟန်ဟွမ်က သူခိုးပဲ၊ သူ့မှာ လောကဦးနတ်ဘီလူးရဲ့ ရည်မှန်းချက် မရှိဘူး”

ဟွမ်ဇွမ်တျန်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ သူ မူလလောကဦးကို မဖျောင်းဖျနိုင်ဘူးဆိုတာ သိပါတယ်။ မူလလောကဦးက ရူးသွားပါပြီ။

ဒါပေမဲ့ တစ်ခါတလေမှာတော့ မူလောကဦးရဲ့ စကားတွေက အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ ပဋိပက္ခက လောကဦးပဋိပက္ခ နေရာကို အစားထိုးနိုင်တယ်ဆိုရင် လောကဦးနတ်ဘီလူးက ဘာဖြစ်လို့ ပြန်မတိုက်နိုင်ရမှာလဲ။

သူက ပဋိပက္ခ သက်ရှိဖြစ်လို့ လောကဦးပဋိပက္ခနဲ့ ခံစားချက်ဝေးနေတာ ဖြစ်လိမ့်မယ်လို့ ဟွမ်ဇွမ်တျန် တွေးလိုက်ပါတယ်။

မူလလောကဦးဟာ စကားတစ်ခွန်းပြောပြီးနောက် ပျောက်ကွယ်သွားပါတယ်။

“ငါ လောကဦးပဋိပက္ခကို ဖန်တီးရင် ငါ့ရဲ့ အကြီးမားဆုံး ရန်သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ၊ ငါ သူ့ကို ပစ်မှတ်ထားပြီး ကျင့်ကြံအားထုတ်မယ်”

ဟွမ်ဇွမ်တျန်ဟာ ဘာမှ ပြန်မပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ မူလောကဦးကို အထင်သေးသွားပါတယ်။

‘မင်းကများ သခင့်ကို အမီလိုက်ချင်သေးတယ်၊ မင်း ဘယ်လောက် ကျင့်ကြံကျင့်ကြံ သခင့်ကို လိုက်မီမှာ မဟုတ်ဘူး’

‘ငါ နည်းလမ်းရှာရမယ်၊ ငါက ဖိနှိပ်ခံထားရတယ်ဆိုပေမဲ့ ဒီဝိုးတိုးဝါးတား လောကဦးချီက ငါ့ဝိညာဉ်ကို အာဟာရပေးနိုင်တယ်၊ ဒါက ငါစွမ်းအားပိုကြီးလာဖို့ အခွင့်အရေး ဖြစ်လောက်တယ်’ ဟွမ်ဇွမ်တျန်ဟာ တွေးရင်း စိတ်လှုပ်ရှားသွားပါတယ်။

.....

တတိယ တာအိုစက်ကွင်းထဲမှာ တာအိုအရှင်သခင်၊ ကျန်းယီ၊ ကျောက်ရွှမ်ယွမ်၊ ဟန်ထော်၊ ယီတျန်၊ ငရဲကြက်နက်၊ ရန်တျန်ကုန်း၊ မုရုံချီ စတဲ့လူတွေ စုဝေးနေကြပါတယ်။ ဒါက တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်ရင်း အများစုပါ။

ဟန်ကျွယ်ကိုယ်ပွားရဲ့ သဘောတူညီမှုကြောင့် ဟန်ထော်ဟာ တခြားဒဏ်ခတ်သမားသုံးဖော်ကိုလည်း တာအိုစက်ကွင်းထဲ ခေါ်လာပါတယ်။ သူတို့တွေ အကုန်လုံး အထဲရောက်တာနဲ့ အကြွင်းမဲ့ သန့်စင်ခြင်းနဲ့ သန့်စင်ခံလိုက်ရပါတယ်။

တာအိုအရှင်သခင်ကို အဖော်ပြုပေးနေတဲ့ လောင်တန်ကတော့ ရောက်မလာပါဘူး။ လောင်တန်ဟာ သူ့အကန့်အသတ်ကို သူ သိတဲ့အတွက် ပင်မခန္ဓာကိုယ်ကို သွားပြန်တွေ့ပါတယ်။

တတိယ တာအိုစက်ကွင်းဟာ ဘယ်တုန်းကမှ ဒီလောက်ထိ မစည်ကားခဲ့ပါဘူး။ ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်လည်း စီနီယာတွေကို ကြိုဆိုလက်ခံဖို့ ပေါ်လာကြပါတယ်။

တပည့်ရင်းတွေဟာ ဟန်ကျွယ်ဘေးမှာ ကျင့်ကြံအားထုတ်နေတဲ့ ရှန်ဝေါ်တို့ ဆယ်ယောက်ကို အထင်မသေးရဲကြပါဘူး။ ဟန်ကျွယ်ဘေးနားမှာ ကျင့်ကြံနိုင်တယ်ဆိုကတည်းက သေချာပေါက် ပါရမီရှင်တွေထဲက ပါရမီရှင်တွေပါ။

“ဟန်ထော်... ဒီကောင်လေးတွေရဲ့ အရည်အချင်းက ငါတို့ထက် မနိမ့်ကျဘူးလားလို့” ယီတျန်ဟာ မျက်စိတစ်ဖက်နဲ့ အချက်ပြပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။

“အဖေ... ငါ့ကို မွေးတုန်းက တာအိုရယူပြီးရုံပဲ ရှိသေးတာ၊ အဖေ ဟန်ယွင်ကျင်းကို မွေးတော့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ သူ့အရည်အချင်းက ငါ့ထက် မြင့်တာ ဖြစ်သင့်ပါတယ်”

ဟန်မိသားစုရဲ့ မျိုးဆက်အများစုက ဟန်ယွင်ကျင်းကနေ ဆင်းသက်လာတာပါ။ ဟန်ကျွယ်မှာ သားသမီး ငါးယောက် ရှိပါတယ်။ ဟန်ထော်၊ ဟန်ဟွမ်၊ ဟန်ချင်းအာနဲ့ ဟန်လင်တို့က ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်နေကြပါတယ်။ ဟန်ယွင်ကျင်းပဲ ကျင့်ကြံတာကို သိပ်ဂရုမစိုက်ဘဲ ဟန်မိသားစု ကြီးမားလာအောင် ကူညီပေးပါတယ်။

ဒီတစ်ခါ ဟန်ယွင်ကျင်း ပြန်လာတာက သူ့အမေ လီယောင်နဲ့ တွေ့ချင်လို့ပါ။ ဟန်ကျွယ်နဲ့ လီယောင် နှစ်ယောက်စလုံး ကျင့်ကြံတာကို ဝါသနာထုံကြပါတယ်။ သူတို့နှစ်ယောက်ကနေ ကျင့်ကြံတာကို စိတ်မဝင်စားတဲ့ ဟန်ယွင်ကျင်း မွေးဖွားလာတာက တကယ်ကို အံ့ဩစရာကောင်းလှပါတယ်။

တပည့်ရင်းတွေဟာ အတိတ်က အကြောင်းတွေကို ပြန်ပြောင်း ပြောဆိုကြပါတယ်။ အတော်အတန် ကြာသွားတဲ့အခါမှာတော့ ကျန်းယီက အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လက်ရည်စမ်းဖို့ ရုတ်တရက် အဆိုပြုလိုက်ပါတယ်။ ကျန်တဲ့လူတွေလည်း သဘောတူတာကြောင့် အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အုပ်စုလိုက် တိုက်ခိုက်ကြပါတယ်။

အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နောက်ထပ် နှစ်ဆယ်သန်း ကြာသွားပါတယ်။ အခုဆို ဟန်ကျွယ်မှာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးက ကိုးကြိမ် ရှိသွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒါတွေကို သုံးဖို့ အစီအစဉ် မရှိသေးပါဘူး။

နှစ်သန်း ၉၀ ကြာပြီးနောက် ရှန်ရှင်းကိုးဖော်စလုံး မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားကြပါပြီ။ အသွင်တူ လက်ရည်စမ်းပွဲ ရှိနေတာကြောင့် သူတို့ရဲ့ တိုက်ရည်ခိုက်ရည်ကလည်း နောက်ကောက် ကျန်မနေခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ပထမဆုံး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ တပည့်ရင်းတွေ ပြန်လာကြတဲ့အတွက် သူ့မိတ်ဆွေ အသိုင်းအဝိုင်းဟာ အတော်လေး တိတ်ဆိတ်နေပါတယ်။

ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေဟာ နှစ်ကြာလာတာနဲ့အမျှ လျော့နည်းလာပါတယ်။ သက်တမ်း အဆုံးသတ်ကို ရောက်သွားတာအပြင် တခြား ကျင့်ကြံမှု နိမ့်ပါးတဲ့လူတွေက ဟန်ကျွယ်ကို လုံးလုံးလျားလျား မေ့သွားကြပါတယ်။

ဟန်ကျွယ်ဟာ သူ့နာမည်ကို ခေါ်လို့မရတဲ့အဆင့်အထိ မလုပ်ထားပေမဲ့ ကျင့်ကြံမှုချင်းက ကွာခြားလွန်းတဲ့ မသိမသာနဲ့ သူတို့ကြားက ကံရေစက်ဟာ တဖြည်းဖြည်း ပြတ်တောက်လာပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးနောက် မတ်တတ်ရပ်ကာ တာအိုဘုံကျောင်း အပြင်ဘက် ထွက်လိုက်ပါတယ်။

တပည့်တွေ အကုန်လုံး ကျင့်ကြံအားထုတ်နေတဲ့အတွက် တာအိုစက်ကွင်းက တိတ်ဆိတ်နေပါတယ်။

ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပြီး အားလုံးကို တာအိုသုံးသပ်နားလည်တဲ့ အခြေအနေထဲ ဆွဲသွင်းလိုက်ပါတယ်။ ဟန်ထော်နဲ့ တာအိုအရှင်သခင်လို စွမ်းအားကြီးတဲ့လူတွေတောင် ခဏပဲ ဟာလာဟင်းလင်း ဖြစ်သွားပြီး တာအိုသုံးသပ်နားလည်တဲ့ အခြေအနေထဲ ဝင်ရောက်သွားကြပါတယ်။

ဟန်ကျွယ်ရဲ့ တာအိုအသံဟာ တာအိုစက်ကွင်းထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

ဒုတိယ တာအိုစက်ကွင်းနဲ့ ပင်မတာအိုစက်ကွင်းမှာရှိတဲ့ တပည့်တွေလည်း ဟန်ကျွယ်ရဲ့ တာအိုအသံကို ကြားနိုင်ပါတယ်။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ တပည့်ပေါင်း သန်းတစ်ရာကျော် ရှိပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက လူတိုင်း အသံ ဆုံးရှုံးသွားသလိုမျိုး ရုတ်ခြည်း တိတ်ကြသွားပါတယ်။

ဒီတာအိုဟောကြားမှုက နှစ်ငါးထောင် ကြာပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ တာအိုလက်တွဲဖော်တွေနဲ့ စကားပြောပြီး သူတို့ရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။ ဟန်ကျွယ်ရဲ့ စကားတစ်လုံးနှစ်လုံးက သူတို့ကို အများကြီး အကျိုးဖြစ်ထွန်းစေပါတယ်။

ရှင်းဟုန်ရွှမ် “ယောက်ျား... မိန်းမ မကြာသေးခင်က အိပ်မက်တစ်ခု မက်တယ်၊ ဒီအိပ်မက်က တစ်ခါတည်း မဟုတ်ဘူး၊ ဆက်တိုက်ကို မက်နေတာ”

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာအိပ်မက်လဲ”

ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုနဲ့ အိပ်မက်မက်တယ် ဆိုကတည်းက ထူးဆန်းနေပါပြီ။

ရှင်းဟုန်ရွှမ်ဟာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားပါတယ်။

“ပြောမှာသာ ပြောပါ” ဟန်ကျွယ်က တိုက်တွန်းလိုက်ပါတယ်။

ချင်းလွမ်အာ၊ ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်၊ လီယောင်၊ ဝူတောက်ကျန့်နဲ့ ချန်ယွီအာတို့လည်း ရှင်းဟုန်ရွှမ်ကို တအံ့တဩ ကြည့်လိုက်ပြီး ရှင်းဟုန်ရွှမ်ရဲ့ အိပ်မက်ကို သိချင်သွားပါတယ်။

ရှင်းဟုန်ရွှမ် “ယောက်ျားက သေမျိုးကမ္ဘာမှာ ယောက်ျားရဲ့ဘဝကို ထပ်ခါထပ်ခါ ပြန်ဝင်စားနေတယ်လို့ မိန်းမ အိပ်မက်မက်တယ်”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “အသေးစိတ် ပြောပြချည်”

“ဟုတ်တယ်၊ မိန်းမ သေမျိုးကမ္ဘာမှာ မွေးဖွားတဲ့ လူငယ်လေးတစ်ယောက်ကို အိပ်မက်မက်တယ်၊ သူကလည်း ယွီဂျင်ဂိုဏ်းတော်ကြီးကပဲ၊ သူ့ရဲ့ အတွေ့အကြုံက ယောက်ျားနဲ့ အတူတူပဲ၊ သူက ဆက်တိုက် စွမ်းအားကြီးလာတယ်၊ ဒါပေမဲ့ မိန်းမ သူ့ရဲ့ မျက်နှာကို သေချာ မမြင်ရဘူး၊ ဒါပေမဲ့ သူ လုပ်တာတွေက ယောက်ျားနဲ့ မတူဘူး၊ အတွေ့အကြုံချင်း တူပေမဲ့ သူက ယောက်ျားထက် ပိုမောက်မာပြီး စွမ်းအားပိုကြီးတယ်” ရှင်းဟုန်ရွှမ်ဟာ အိပ်မက်အသေးစိတ်ကို ခေါင်းခြောက်မတတ် ပြန်တွေးယူပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ရှင်းဟုန်ရွှမ် ဘယ်သူ့ကို အိပ်မက်မက်နေတာလဲ”

[ဤကံတရားအား တွက်ချက်၍ မရပါ။ ဤကံတရားမျိုး ရှိခဲ့လျှင်လည်း တစ်ဖက်လူ၌ အန္တိမတာအိုရတနာ ရှိနိုင်သည်။]

‘ဘာလဲဟ... အန္တိမ တာအိုရတနာက ဟင်းရွက်ကန်စွန်းလား’

ဟန်ကျွယ် “မင်းရဲ့ အိပ်မက်ကို ပြပါဦး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters