ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ခုခံရန်
Vol. 103 Ch. 1080
ရှင်းဟုန်ရွှမ် လက်ဝှေ့ယမ်းပြီး မန္တန်သုံးလိုက်တဲ့အခါ လူတိုင်းရဲ့ရှေ့မှာ အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီအလင်းမျက်နှာပြင်နဲ့ သူ့အိပ်မက်ကို စပြပါတယ်။
အိပ်မက်ထဲမှာ လူငယ်တစ်ယောက်ဟာ ဓားစီးပြီး ခရီးနှင်နေပါတယ်။ သူ့ရှေ့မှာတော့ နတ်ဆိုးတစ်ကောင်ဟာ မီးခိုးတွေထွက်ပြီး ပျက်စီးယိုယွင်းနေတဲ့ မြို့တစ်မြို့ထဲ သောင်းကျန်းနေပါတယ်။ လူပေါင်း မြောက်မြားစွာရဲ့ ဝမ်းပန်းတနည်း ငိုကြွေးသံတွေ ငယ်သံပါအောင် အော်ဟစ်သံတွေဟာ ကောင်းကင်ထိ ရောက်ပါတယ်။
လူငယ်ဟာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ သူဟာ လက်မြှောက်ပြီး နတ်ဆိုးကို ညွှန်လိုက်ပါတယ်။ ဒါက တကယ်ကို မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းပါ။ သူ့လက်ချောင်းက ထွက်သွားတဲ့ ဓားချီဟာ မိုင်တစ်သောင်းကျော် အကွာကနေ နတ်ဆိုးရဲ့ခေါင်းကို ထိုးဖောက်ပြီး သွေးစသွေးနတွေ ပြန့်ကျဲသွားစေပါတယ်။
ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူငယ်က သူနဲ့ တူနေလို့ပါ။
“ထူးဆန်းတယ်... ကောင်းကင်တာအိုမှာ ဒီလို အဖြစ်အပျက်မျိုး မရှိပါဘူး” ချန်ယွီအာဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီး ပြောလိုက်ပါတယ်။ ကောင်းကင်တာအိုရဲ့ အခြေအနေက အိပ်မက်နဲ့ တစ်ခြားစီ ဖြစ်နေပါတယ်။
ကောင်းကင်တာအိုထဲမှာ ယွီဂျင်ဂိုဏ်းတော်ကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲနဲ့ လူငယ် ပေါင်းလိုက်ရင် ဘယ်လိုမှ တွက်ချက်လို့ မရပါဘူး။
နတ်မိမယ်ရှီရွှမ်ဟာ အလင်းမျက်နှာပြင်ကို စိုက်ကြည့်ပြီး “ဒါက အခုမဖြစ်သေးတာ နေလိမ့်မယ်”
သူတို့တွေဟာ ဆက်ပြီးတော့ ကြည့်ပါတယ်။
အိပ်မက်ဟာ ဆက်တိုက်ပြောင်းလဲပြီး တိုက်ပွဲတချို့ရဲ့ အဓိကဖြစ်ရပ်တွေကို ပြသပါတယ်။ ဒီအတွေ့အကြုံတွေက ဟန်ကျွယ်ရဲ့ တိုက်ပွဲတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။ ဆင်တူတယ်ဆိုပေမဲ့ လုံးဝ တစ်ထပ်တည်း ကျနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်တို့ဟာ အမြဲတမ်း ဟန်ကျွယ်ကိုပဲ တွေးမိပါတယ်။
ရှင်းဟုန်ရွှမ်ရဲ့ အိပ်မက်ကို ပြလို့ ပြီးသွားတဲ့အခါ လီယောင်က မေးလိုက်ပါတယ် “ဒါက မျိုးဆက်တစ်ယောက်များ ဖြစ်နေမလား”
ချင်းလွမ်အာက ခေါင်းညိတ်လိုက်ပါတယ် “ဖြစ်နိုင်လောက်တယ်၊ ညီမရဲ့ မျိုးဆက်အများစုက ယောက်ျားကို လေးစားအားကျကြတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “နောက်ကျရင် သိရမှာပဲ၊ ဘာပဲဖြစ်ဖြစ် လောလောဆယ် ငါလည်း တွက်ချက်လို့ မရဘူး၊ အနာဂတ်က အဖြစ်အပျက်နဲ့ တူပါတယ်၊ မင်း အိပ်မက်မက်တာဆိုတော့ ဟွမ်အာရဲ့ မျိုးဆက် ဖြစ်လောက်တယ်”
ရှင်းဟုန်ရွှမ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “ဟွမ်အာက လက်ထပ်ပြီး ကလေးတွေ ရလာမှာလား”
ဟန်ဟွမ်ရဲ့ နှလုံးသားက တကယ်ကို ကျောက်တုံးပါ။ ဒီနှစ်တွေမှာ မိန်းမတစ်ယောက်မှ သူ့နား မရှိပါဘူး။ သူက မိန်းမတွေကို အထင်သေးပုံရပါတယ်။
ဟန်ဟွမ်က သက်ရှိအားလုံးနဲ့ မျိုးရိုးမတူဘူးလို့ ခံစားရလို့ လက်မထပ်ချင်ဘူးဆိုတာ ဟန်ကျွယ်ပဲ သိပါတယ်။ လူတစ်ယောက် ခွေးတွေကြက်တွေကို လက်ထပ်ဖို့ဆိုတာက အရမ်းခက်ခဲပါတယ်။ အသွင်ပြောင်းလဲပြီးလို့ အတူတူပဲ ဖြစ်သွားရင်တောင် ဟန်ဟွမ်ရဲ့ မာနက ဒီလိုလုပ်ဖို့ ခွင့်မပြုပါဘူး။
“ဖြစ်နိုင်တယ်... လက်ထပ်တာကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ”
ဟန်ကျွယ်ဟာ ပြုံးပြီး မတ်တတ်ရပ်ကာ တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။ ရှင်းဟုန်ရွှမ်တို့ကတော့ ဒီအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးရင်း ကျန်နေခဲ့ပါတယ်။
မိန်းမတွေ အကုန်လုံးက အတင်းပြောရတာကို ကြိုက်ပါတယ်။ သူတို့တွေဟာ ဟန်ဟွမ်က ဘယ်လိုမိန်းမျိုးကို လက်ထပ်မလဲဆိုတာ သိချင်နေကြပါတယ်။
.....
သာလွန်နယ်မြေ၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်။
မှောင်မိုက်တဲ့ ခန်းမတစ်ခုမှာ ခပ်ဖျော့ဖျော့ အဖြူရောင် မီးလျှံ တောက်လောင်နေပါတယ်။ ကောင်းကင်မှာလည်း မိုးကြိုးတိမ်တိုက်တွေ ပေါ်လာပါတယ်။ ဟန်ဟွမ်ဟာ လျှို့ဝှက်ဆန်းကြယ် ရေအိုင်ထဲ ထိုင်နေပါတယ်။ သူ့ဘေးမှာတော့ လောကဦးနတ်လှံ ရှိနေပါတယ်။ ခရမ်းရောင် နဂါးတွေဟာ လောကဦးနတ်လှံကို ရစ်ခွေပြီး ရေအိုင်ထဲက စွမ်းအားကို စုပ်ယူနေပါတယ်။
“ရှပ်... ရှပ်...”
ခြေသံတွေ ထွက်ပေါ်လာပြီး ရွှေရောင်ဝတ်စုံနဲ့ ခမ်းနားလှပတဲ့ ဟန်လင် ပေါ်လာပါတယ်။ ဟန်လင်ဟာ ဖီးနစ်သရဖူကို ဆင်မြန်းထားပြီး လျှို့ဝှက်ဆန်းကြယ် ကျောက်စိမ်းကို နဖူးမှာ ဝတ်ဆင်ထားပါတယ်။ ဒီကျောက်စိမ်းက တလက်လက် တောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်ပြီး ဟန်လင်ရဲ့ အလှကို လွှမ်းမိုးထားပါတယ်။
သူ့ရဲ့ ရှည်လျားတဲ့ ဝတ်စုံနောက်မှာတော့ ဧကရာဇ်စစ်သားတချို့ လေထဲမှာ ပါလာပါတယ်။ သူတို့တွေက အစောင့်တွေလိုမျိုး ဟန်လင်ဘေးက တစ်ဖဝါးမှ မခွာကြပါဘူး။
ဟန်လင်ဟာ ရပ်ပြီး ဟန်ဟွမ်ကို အဝေးကနေ ကြည့်လိုက်ပါတယ် “အစ်ကိုနှစ်... ဆက်ပြီးတော့ ခေါင်းမမာပါတော့နဲ့၊ အဲဒီတည်ရှိမှုက အထွတ်အထိပ် နိယာမခုနစ်ပါးရဲ့ စွမ်းအားကို သုံးသပ်နားလည်ခွင့် ပေးမယ်လို့ ပြောတယ်”
ဟန်ဟွမ်ဟာ မော့တောင်မကြည့်ပါဘူး “သူ့ကြင်နာမှုအတွက် ကျေးဇူးတင်တယ်လို့ ပြန်ပြောလိုက်၊ အစ်ကို အရင်ဆုံး အစ်ကို့ရဲ့ ဆန်းကြယ်စွမ်းအားကို သုံးသပ်ဦးမယ်၊ ပြီးခဲ့တဲ့တိုက်ပွဲကနေ အစ်ကို သုံးသပ်နားလည်စရာတွေ အများကြီး ရခဲ့တယ်၊ အစ်ကိုက အဲဒီလောက်ထိ စွဲလမ်းမှု မကြီးပါဘူး၊ ညီမ,လေး... မစိုးရိမ်ပါနဲ့”
ဟန်လင်ဟာ အသာ သက်ပြင်းချလိုက်ပါတယ် “အဲဒီ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက တကယ်ကို စွမ်းအားကြီးလွန်းတယ်၊ ညီမလိုမျိုး ဆယ်ယောက် ဝိုင်းတိုက်ရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ အဓိကက ကျင့်ကြံမှုအဆင့် ကွာခြားတာပဲ၊ ဒါပေမဲ့ သူ မွေးဖွားလာတာ ဘယ်လောက်ကြာသေးလို့လဲ”
“သူ့နောက်ခံက အဲဒီလောက် မရိုးရှင်းလောက်ဘူး၊ အဖေတောင် သူ့ကို နှင်ထုတ်ရုံပဲ တတ်နိုင်တယ်၊ သူ့နောက်ခံက ဘယ်လိုပဲဖြစ်ဖြစ် သူက အစ်ကိုတို့ထက် စွမ်းအားကြီးတာ အမှန်ပဲ၊ ညီမတို့တွေ သူ့ထက်သာအောင် ကြိုးစားဖို့လိုတယ်” ဟန်ဟွမ်က ပြတ်သားစွာ ပြောလိုက်ပါတယ်။
ဟန်လင်ဟာ ထပ်ပြီးတော့ သက်ပြင်းချရုံပဲ တတ်နိုင်ပါတယ်။
ခန်းမဟာ တိတ်ဆိတ်သွားပြီး ရေအိုင်ထဲက ရေစီးသံပဲ ပဲ့တင်ထပ်နေပါတယ်။
“အစ်ကိုနှစ်... အစ်ကို ဂရုစိုက်ရမှာက လောကဦးပဋိပက္ခပဲ၊ တခြားအရာတွေ မဟုတ်ဘူး၊ အစ်ကို တခြားလူရဲ့ စွမ်းအားကို စွဲလမ်းလွန်းရင် အဓိကနဲ့ အရေးကြီးတဲ့ အရာတွေကို မေ့သွားလိမ့်မယ်၊ စွမ်းအားပိုကြီးလာတာက တခြားလူတွေကို အနိုင်ယူဖို့ နည်းလမ်းရှာတာထက် အရေးပိုကြီးတယ်”
စကားဆုံးတာနဲ့ ဟန်လင်ဟာ လှည့်ထွက်သွားပါတယ်။
ဟန်ဟွမ်ဟာ မျက်လုံးဖွင့်ပြီး ဟန်လင်ရဲ့ ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ အတွေးကြားထဲ နစ်မျောသွားပါတယ်။
.....
ပဋိပက္ခ၊ ကျို့ကဲ့ဂျိသွမ်။
ကျောက်ရွှမ်ကွမ်း၊ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်နဲ့ ယွီယွမ်ဟာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ပြီး တရားထိုင်နေပါတယ်။ ယွီယွမ်ဟာ ကျောက်ရွှမ်ကွမ်း မျက်နှာပျက်သွားတာကို တွေ့လိုက်ရတဲ့အတွက် “တာအိုအရှင်... ဘာဖြစ်လို့လဲ”
ကျောက်ရွှမ်ကွမ်းဟာ ယွီယွမ်ကို တစ်ချက်ကြည့်ပြီး အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “ကျို့ကဲ့ဂျိသွမ်က စွမ်းအားပိုကြီးလာဖို့ လိုတယ်၊ လက်ရှိအင်အားနဲ့ မလုံလောက်သေးဘူး”
အဋ္ဌမပဋိပက္ခ မှတ်ဉာဏ်တွေ နိုးထသွားတဲ့ ကျောက်ရွှမ်ကွမ်းဟာ ယွီယွမ် ဘယ်သူလဲဆိုတာကို သိပါတယ်။ ယွီယွမ်က ပထမပဋိပက္ခ စိတ်ဆန္ဒရဲ့ အမွေခံ ဖြစ်တဲ့အတွက် မကြာခင်မှာ ပထမပဋိပက္ခ ခန္ဓာသိမ်းတာကို ခံရမှာပါ။
ဒါပေမဲ့ ကျောက်ရွှမ်ကွမ်းဟာ ဒီအမှန်တရားကို ကွယ်ဝှက်ထားပါတယ်။ ဒီအကြောင်းကြောင့် ကျောက်ရွှမ်ကွမ်းဟာ ယွီယွမ်ကို အားတက်သရော ပျိုးထောင်ပါတယ်။ ယွီယွမ် ဖန်တီးရှင်ဧကရာဇ် ရုံးတော်မှာ ရခဲ့တဲ့ အခွင့်အရေးတွေထက် အများကြီး ပိုပေးပါတယ်။
“ကျို့ကဲ့ဂျိသွမ်က ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်တွေ အလိုဆုံးပဲ၊ ပြီးခဲ့တဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဟောင်းကို ငါ သိတယ်၊ သူ့နာမည်က လောကဦး ဘိုးဘေးနတ်ဘုရား၊ သူ့စွမ်းအားက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးထက် မနိမ့်ကျဘူး”
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ရဲ့ စကားကြောင့် ကျောက်ရွှမ်ကွမ်းဟာ မျက်ခုံးပင့်တက်သွားပါတယ်။
“သူ ဘယ်မှာလဲ”
“အမှောင်သခင်ကြီး ကျိန်စာတိုက်တာခံရပြီး စိတ်ဆန္ဒ တစ်စွန်းတစ်စပဲ ကျန်တော့တယ်၊ သူက ဗလာနယ်မြေထဲမှာ ရှိနေသေးတယ်၊ ငါ သူ့ကို အသက်ပြန်သွင်းဖို့ နည်းလမ်းရှာမယ်၊ သူက ငါ့ရဲ့ ညာလက်ရုံး ဖြစ်ခဲ့ဖူးတာဆိုတော့ ငါ့စကား နားထောင်လိမ့်မယ်”
“အို... ခင်ဗျားက အရင်တုန်းက အဲဒီလောက်တောင် စွမ်းအားကြီးတာလား”
“အဟွတ်..အဟွတ်... တစ်ခါတုန်းက ငါ ပဋိပက္ခကို ထိန်းချုပ်ခဲ့တယ်”
“အဲဒါဆို ဘယ်လိုဖြစ်ပြီး ဒီအခြေအနေကို ရောက်နေရတာလဲ”
ကျောက်ရွှမ်ကွမ်းနဲ့ ယွီယွမ်ဟာ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ ရှက်ပြီး ဘာမှ ပြန်မဖြေပါဘူး။
ကျောက်ရွှမ်ကွမ်းဟာ မျက်လုံးကျဉ်းပြီး မေးလိုက်ပါတယ် “ဘယ်သူလဲ”
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် “ဘုန်းတန်ခိုး... ဒါက အတိတ်မှာ ကျန်ခဲ့ပါပြီ၊ အရင်တုန်းက ငါ သတိလွတ်လို့ ခံလိုက်ရတာ”
ကျောက်ရွှမ်ကွမ်းဟာ ဆက်မမေးတော့ပါဘူး။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဖိနှိပ်တာကြည့်ပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ရှုံးနိမ့်တာက အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ ကျောက်ရွှမ်းကွမ်း သိလိုက်ပါတယ်။
ယွီယွမ်ဟာ သူတို့စကားပြောတာကို ဝင်မပြောပါဘူး။ သူ ဘာတွေးနေလဲဆိုတာ သူပဲ သိပါလိမ့်မယ်။
“တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး၊ ငါ လိုချင်တာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ခုခံနိုင်မဲ့ အင်အားကို လိုချင်တာ၊ လောကဦးဘိုးဘေးလိုမျိုး တည်ရှိမှုတွေ ပိုများလေ ပိုကောင်းလေပဲ၊ မဟာတာအို အနန္တကပ်ဘေး ရောက်လာရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကပ်ဘေးထဲ မဝင်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ” ကျောက်ရွှမ်ကွမ်းက မတိုးမကျယ် ပြောလိုက်ပါတယ်။
ကျောက်ရွှမ်ကွမ်းဟာ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားတာကို အကျင့် ဖြစ်နေပါပြီ။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ မချိဖြစ်သွားပါတယ် ‘ကောင်စုတ်လေး... လောကဦး ဘိုးဘေးနတ်ဘုရားလို တည်ရှိမှုမျိုးကို ဟင်းရွက်ကန်စွန်း ထင်နေတာာလား’
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိသာ ပေါ်မလာခဲ့ရင် လောကဦး ဘိုးဘေးနတ်ဘုရားက ပဋိပက္ခထဲမှာ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုလို့ ပြောလို့ရပါတယ်။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်ကနေ ရောက်လာလဲဆိုတာ သူ မသိပါဘူး။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စွမ်းအားကြီးနှုန်းက သူ နားမလည်နိုင်တဲ့အထိ မြန်ဆန်လွန်းပါတယ်။
“အမှောင်သခင်ကြီးကရော... သူက လောကဦး ဘိုးဘေးနတ်ဘုရားကိုတောင် သေအောင် ကျိန်စာတိုက်နိုင်တယ်မလား” ယွီယွမ်က မေးလိုက်ပါတယ်။
ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ မျက်လုံးပင့်တက်သွားပါတယ် “အမှောင်သခင်ကြီးက ဘယ်လောက်တောင် လျှို့ဝှက်ဆန်းကြယ်လဲဆိုတာ မင်းသိလား၊ သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုတောင် ကျိန်စာတိုက်ရဲတယ်၊ မင်းက ဒီလိုပုဂ္ဂိုလ်မျိုးကို သိမ်းသွင်းချင်နေတာလား”
ယွီယွမ် “အမှောင်သခင်ကြီး ကိုယ်ထင်မပြရဲတာ ကြောက်လို့နေမှာပေါ့၊ ကျွန်တော်တို့တွေ ပူးပေါင်းလိုက်ရင် သူ ပိုပြီးတော့ ယုံကြည်ချက် ရှိသွားနိုင်တယ်”
“ပြောတာတော့ လွယ်တာပေါ့၊ ငါတို့က သူ့ကို ဘယ်လိုနည်းနဲ့ စည်းရုံးမှာလဲ”
“ကျို့ကဲ့ဂျိသွမ်က အမှောင်သခင်ကြီးကို ယုံကြည်ပြီး သူ့ဘက်က အရင်ဆက်သွယ်လာတာကို စောင့်လို့ရတယ်၊ ငါတို့တွေ အမှောင်သခင်ကြီးရဲ့ ယုံကြည်သူတွေကို စုဆောင်းမယ်၊ ဖြစ်လာမဲ့ ဆိုးကျိုးကိုတော့ ငါတို့တွေ သူ့အကြောင်း အကောင်းပြောပြီး ဖယ်ရှားလို့ရတာပဲ၊ ဒီခေတ်မှာ အမှောင်သခင်ကြီးကို မုန်းတီးတဲ့လူက သိပ်ရှိတာ မဟုတ်ဘူး”
ပြောဆိုရင်းနဲ့ ကျောက်ရွှမ်ကွမ်းရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။