အမှောင်သခင်ကြီး ရေစီးကြောင်း
Vol. 104 Ch. 1081
ရှည်လျားလှတဲ့ နှစ်တွေဟာ ဘယ်တော့မှ နောက်ပြန်မစီးတဲ့ မြစ်တစ်စင်းလိုပါပဲ။
ဘာလိုလိုနဲ့ ဟန်ကျွယ်ရဲ့ အသက်တောင် သန်း ၂၄၀ ပြည့်သွားပါပြီ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုလည်း ထပ်တိုးသွားပါတယ်။ ဒီခံစားချက်က တကယ်ကို ခံစားလို့ ကောင်းပါတယ်။ ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် စုချီသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၂
[သင့်မိတ်ဆွေ ကျောက်ရွှမ်ကွမ်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်ရန်သူ နဝမပဋိပက္ခ၏ ဝိညာဉ်အပိုင်းအစ ထိခိုက်သွား၏။]
[သင့်သား ဟန်ဟွမ်သည် အထွတ်အထိပ် နိယာမများကို စုပ်ယူပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်တပည့် ဂျိရှင်းရှန်သည် ကာလဒေသမြစ်ထဲ၌ ပျောက်ဆုံးသွား၏။]
[သင့်မိတ်ဆွေ သဏ္ဍာန်မဲ့နတ်မင်းသည် သာလွန်တည်ရှိမှုတစ်ခု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ဝိုးတိုးဝါးတား လောကဦးချီကို စုပ်ယူသောကြောင့် ဝိညာဉ် အသွင်ပြောင်းလဲလာသည်။]
[သင့်တပည့် ကျန်းကျွယ်ရှီသည် မဟာဖန်တီးမှုအား သုံးသပ်နားလည်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ပဋိပက္ခသိစိတ်သည် မဟာဖန်တီးမှုတစ်ခုအား ဖန်တီးလိုက်သဖြင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
ဒီနှစ်တွေမှာ အရင်လို ဝရုန်းသုန်းကား မဖြစ်ပါဘူး။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး ကပ်ဘေးပြီးတဲ့နောက် ပဋိပက္ခက အနားယူနေတာကြောင့်ပါ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ပြန်စတင်တဲ့ အချိန်ကို ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ရှည်လက်ရှည် ဖတ်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်း အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ တပည့်တချို့ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားတာကို တွေ့လိုက်ရပါတယ်။ သူတို့အတွက် ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုက တန်လွန်းပါတယ်။
ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်ကတော့ တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး အတော်လေး ကျေနပ်အားရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ အန္တိမမူလကမ္ဘာဆီ ရောက်သွားပါတယ်။ တခြား မဟာတာအိုကမ္ဘာတွေက သူလျှိုတွေ စိမ့်ဝင်လာပေမဲ့ အန္တိမမူကမ္ဘာက အမြဲတမ်း တည်ငြိမ်နေပါတယ်။
ပဋိပက္ခ နတ်ဘီလူးသုံးထောင်ကလည်း အန္တိမမူလ နတ်ဘီလူးတွေ ဖြစ်လာခါနီးနေပါပြီ။ သူတို့ရဲ့ အရည်အချင်းက အန္တိမမူလနတ်ဘီလူး စစ်စစ်ဖြစ်တဲ့ ဟန်ကျွယ်ကို မမီပေမဲ့ ပဋိပက္ခ နတ်ဘီလူးတွေထက်တော့ သာပါသေးတယ်။
အန္တိမမူလကမ္ဘာက ယာယီတော့ လုံခြုံနေပါသေးတယ်။ တာအိုဖန်တီးရှင်တွေက အန္တိမမူလကမ္ဘာရဲ့ အလားအလာကို မြင်ရင်တောင် အန္တိမမူလကမ္ဘာက ပဋိပက္ခကို မီဖို့ အများကြီး လိုပါသေးတယ်။ အများဆုံး ပဋိပက္ခနား နီးသွားရုံပါ။
အန္တိမမူလကမ္ဘာက ပဋိပက္ခနဲ့ ဝင်တိုက်မိတာနဲ့ သိစိတ်မဲ့၊ သာလွန်၊ ရှီထျန် မဟတာအိုကမ္ဘာတွေလိုမျိုး ဖြစ်သွားမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခကို ပြန်ကြည့်လိုက်တဲ့အခါ မျက်ခုံးပင့်တက်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခထဲမှာ အမှောင်သခင်ကြီးတွေ အမြောက်အမြား ပေါ်လာတာကြောင့်ပါ။
အမှောင်သခင်ကြီးလို့ ကြော်ငြာတဲ့ အင်အားစုတွေ အများကြီးပါပဲ။ ပျောက်ချင်းမလှ ပျောက်နေတဲ့ ကောင်းကင်တာအိုက အမှောင်ဂိုဏ်းလည်း ပြန်ပေါ်လာပါတယ််။
‘ဘာတွေ ဖြစ်ကုန်တာလဲ’
ဟန်ကျွယ်ဟာ တွက်ချက်ကြည့်လိုက်တဲ့အခါ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားခံက ကျို့ကဲ့ဂျိသွမ် ဖြစ်နေတာကြောင့်ပါ။
အဋ္ဌမပဋိပက္ခရဲ့ မှတ်ဉာဏ်တွေ နိုးထသွားတဲ့ ကျောက်ရွှမ်ကွမ်း၊ ပထမပဋိပက္ခ စိတ်ဆန္ဒရဲ့ အမွေခံ ယွီယွမ်နဲ့ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်တို့က အမှောင်သခင်ကြီးကို ယုံကြည်တယ်လို့ ကြော်ငြာချက်ထုတ်ပြီး အမှောင်သခင်ကြီးက ကယ်တင်ရှင်လို့တောင် ဝါဒဖြန့်ကြပါတယ်။
ဟန်ကျွယ်ဟာ ဒါကို သိလိုက်ရတဲ့အခါ ကြက်သေသေသွားပါတယ်။
‘ဒါက ဘယ်လိုနည်းမျိုးလဲ... ဘယ်လိုအကြံဉာဏ်မျိုးလဲဟ’
ဟန်ကျွယ်ဟာ လေးလေးနက်နက် တွက်ချက်ကြည့်လေလေ ပိုပြီးတော့ ထူးထူးဆန်းဆန်း ဖြစ်လေပါပဲ။ ကျောက်ရွှမ်ကွမ်းတို့က သူ့ကို ခုခံဖို့ အမှောင်သခင်ကြီးနဲ့ ပူးပေါင်းချင်နေတယ် မဟုတ်ပါလား။
ကျောက်ရွှမ်ကွမ်းက သူ့အပေါ် အကောင်းမြင်စိတ် ရှိနေသေးတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ကွမ်းကို သတိထားလာပါပြီ။
ဟန်ကျွယ်ဟာ ကျောက်ရွှမ်ကွမ်းရဲ့ နေရာကနေပြီးတောင် စဉ်းစားပါတယ်။ ငါ ဟန်ဟွမ်နဲ့ သူသေကိုယ်သေ တိုက်ရင် ဟန်ကျွယ် လှုပ်ရှားမလားဆိုပြီးတော့ပေါ့။ ဟန်ကျွယ်ဟာ ဒီလောက်ထိကို သတိထားတာပါ။ ဟန်ကျွယ်သာဆိုရင် တစ်ဖက်လူက အငယ်တွေကို မတိုက်ခိုက်ဘူးလို့ မျှော်လင့်ချက်ထားမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ နဝမပဋိပက္ခက ကျောက်ရွှမ်ကွမ်းကို ဘာမှ မညွှန်ကြားထားပါဘူး။ ကြည့်ရတာ သူက အမှောင်သခင်ကြီးကို ကြောက်နေပြီနဲ့ တူပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စမှာ ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ သူ့နာမည်ကို ကောင်းအောင်လုပ်တာ ဘာလို့ တားရမှာလဲ။
ဟန်ကျွယ် ဂရုမစိုက်ရင် ကျောက်ရွှမ်ကွမ်းရဲ့ ကြိုးစားအားထုတ်မှုတွေ သဲထဲရေသွန် ဖြစ်သွားမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ သာလွန်နယ်မြေက ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို ကြည့်လိုက်ပါတယ်။ ဟန်ဟွမ်နဲ့ ဟန်လင်က ဒီအတောအတွင်း တော်တော်လေး လိမ္မာနေပါတယ်။ အထူးသဖြင့် ဟန်ဟွမ်ပါ။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက သူ့ကို တော်တော်လေး လှုံ့ဆော်ပေးလိုက်ပုံပါပဲ။
သဏ္ဍာန်မဲ့နတ်မင်းကလည်း ဟန်ကျွယ်အတွက် အလုပ်စလုပ်လာပါတယ်။ သူက ဟန်ဟွမ်ကို သူ့ရဲ့ အထွတ်အထိပ် နိယာမတွေ သုံးသပ်နားလည်ခွင့် ပေးလိုက်ပါတယ်။ ဟန်ဟွမ်ဆီမှာ ရင်းနှီးမြှုပ်နှံတာက ဟန်ကျွယ်ဆီမှာ နာမည်ကောင်း ယူလိုက်တာပါ။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို အကဲခတ်လိုက်ပါတယ်။ ဟန်ဟွမ်က တာအိုဖန်တီးရှင်အောက်မှာ တစ်မူထူးခြားတဲ့ တည်ရှိမှုဆိုပေမဲ့ တာအိုဖန်တီးရှင် ဖြစ်လာဖို့တော့ အလှမ်းဝေးနေပါသေးတယ်။
မဟာတာအိုကမ္ဘာကို ဖန်တီးပြီး တည်ဆောက်ရတာက အချိန်အများကြီး ယူရပါတယ်။ ဒါကြောင့်လည်း ရှေးကတည်းကစလို့ အခုအချိန်ထိ တာအိုဖန်တီးရှင်ငါးပါးပဲ ရှိတာပါ။
ဟန်ကျွယ်ကတော့ တစ်မူထူးခြားတဲ့ တည်ရှိမှုပါ။ ဟန်ကျွယ်ရဲ့ စနစ်က အကြီးမားဆုံး ဖန်တီးမှုပါ။ သူ့မဟာတာအိုကမ္ဘာက အစောကြီးကတည်းက ဖြစ်တည်လာတာ ဖြစ်ပြီး သူ့ရုပ်ခန္ဓာကလည်း လောကဦးနတ်ဘီလူးထက် သာလွန်ပါတယ်။
‘နောက်ပေါ်လာတဲ့ တာအိုဖန်တီးရှင်က ဘယ်သူများ ဖြစ်မလဲ မသိဘူး’
ဟန်ကျွယ်ဟာ ဒီမေးခွန်းရဲ့ အဖြေကို တော်တော်လေး သိချင်ပေမဲ့ စနစ်ကို သုံးပြီး မတွက်ချက်ပါဘူး။ မသိတာ တချို့ ချန်ထားတာက ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်ပါလား။
တာအိုဖန်တီးရှင်အသစ်က သူ့ကို ဘယ်နည်းနဲ့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ အသက် သန်း ၃၀၀ မပြည့်ခင် တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်ကို ရောက်နိုင်မလားဆိုတာ စမ်းကြည့်ချင်ပါတယ်။
…..
အပြောကျယ်လှတဲ့ လောကတစ်ခုမှာ ကောင်းကင်ပြင်က ကျောက်စိမ်းရောင် တောက်နေပါတယ်။ မို့မောက်နိမ့်ဝှမ်းနေတဲ့ တောင်တန်းတွေဟာ သဘာဝရဲ့ ရှုမငြီးတဲ့ အလှတရားတစ်ခုအဖြစ် တည်ရှိနေပါတယ်။
ကြီးမားတဲ့ တောင်ထိပ်တစ်ထိပ်ပေါ်မှာတော့ တာအိုနန်းတော်တစ်ဆောင် တည်ရှိနေပါတယ်။ ဒီနန်းတော်ရဲ့ မုခ်ဦးမှာ ခရမ်းရောင် မိုးကောင်းကင်နန်းတော်ဆိုပြီး ဆိုင်းဘုတ်ချိတ်ထားပါတယ်။
နန်းတော်ထဲမှာ တာအိုဝတ်ရုံ ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူ ထောင်ချီဟာ တစ်ဘက်တည်းကို မျက်နှာမူထားကြပါတယ်။
ဟုန်ကျွင်းဟာ ထိပ်ဆုံးမှာ ထိုင်နေပါတယ်။ ဟုန်ကျွင်းဟာ ဆံပင်တွေဖြူပြီး ကျောက်တောင်လို တည်ငြိမ်နေပါတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကနေလည်း တစ်မူထူးခြားတဲ့ရောင်ဝါတစ်မျိုးကို ထုတ်လွှတ်နေပါတယ်။
တာအိုကျင့်ကြံသူတစ်ဦးက မေးလိုက်ပါတယ် “ဆရာ... အခု မဟာတာအို အနန္တကမ္ဘာက ရောက်လာတော့မယ်၊ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကလည်း ပဋိပက္ခထဲမှာ လူပေါင်း မြောက်မြားစွာကို သတ်ဖြတ်ခဲ့တယ်၊ ဒါနဲ့တင် ကပ်ဘေးဖြစ်နေပြီ၊ မဟာတာအို အနန္တကပ်ဘေးအစစ်က ဘယ်လိုမျိုးလဲ”
ခရမ်းရောင် မိုးကောင်းကင် နန်းတော်ထဲက တာအိုရှာဖွေသူတိုင်း ဟုန်ကျွင်းကို ကြည့်လိုက်ပါတယ်။
ဟုန်ကျွင်းက တာအိုဘိုးဘေး ပြန်ဝင်စားသူပါ။ ဟုန်ကျွင်းဟာ နှစ်သန်းတစ်ရာကြာအောင် တာအိုဟောကြားခဲ့တဲ့အတွက် နာမည်ကြီးနေပါပြီ။ ဒီတာအိုရှာဖွေသူတွေရဲ့ မျက်လုံးထဲမှာ ဟုန်ကျွင်းက တာအိုရယူပြီး ပဋိပက္ခရဲ့ ထိပ်ဆုံးမှာ ရပ်နေတဲ့ တည်ရှိမှုတစ်ခုပါ။
ဟုန်ကျွင်းက ပြန်ဖြေပါတယ် “မဟာတာအို အနန္တကပ်ဘေးက ခန့်မှန်းလို့ မရဘူး၊ ဒါပေမဲ့ အခက်ခဲဆုံး ကပ်ဘေး ဖြစ်မှာတော့ သေချာတယ်၊ ဘယ်တော့ရောက်လာမလဲပဲ တွေးနေရင် စိုးရိမ်သောကပဲ ရောက်နေလိမ့်မယ်”
ဟုန်ကျွင်းရဲ့ စကားက တာအိုရှာဖွေသူတွေကြားထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။
“ငါတို့ရဲ့ အရည်အချင်းနဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို လိုက်မီဖို့ အချိန်ဘယ်လောက်တောင် ယူရမလဲ”
“ပဋိပက္ခတစ်ခုလုံးနီးပါး ဖျက်ဆီးခံရရင် ငါတို့တွေ ဘာလုပ်နိုင်မှာလဲ”
“ပဋိပက္ခမှာ ကျို့ကဲ့ဂျိသွမ်၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်၊ မြောက်ပိုင်းပဋိပက္ခနဲ့ တောက်ဟိုထိုဂိုဏ်းက အင်အားအကြီးဆုံးပဲ၊ ငါတို့တွေ အဲဒီအင်အားစုတွေထဲ ဝင်နိုင်ဖို့ဆိုတာ တော်တော်ခက်လိမ့်မယ်”
“ဟင်း... ရုတ်တရက်ကြီး ကျင့်ကြံရတာ အဓိပ္ပာယ်မရှိတော့ပါလား၊ ငါတို့တွေ ဘာမှ မပြောင်းလဲနိုင်ဘူး”
“မဟုတ်သေးဘူး... မဟုတ်သေးဘူး... တာအိုရောင်းရင်း.... တာအိုရောင်းရင်းအနေနဲ့ ယုံကြည်မှုရှိဖို့ လိုတယ်၊ တစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုရင်တောင် တစ်သောင်း တစ်သန်း ဒါမှမဟုတ် ဘီလီယံဆိုရင်ရော...”
ဟုန်ကျွင်းဟာ သူတို့တွေ ဆွေးနွေးတာကို ဘာမှ ဝင်မပြောပါဘူး။
အချိန်အတန် ကြာသွားတဲ့အခါမှာတော့ တာအိုရှာဖွေသူ အကုန်လုံး စိတ်ဝင်စားမှု မရှိတော့တဲ့အတွက် ခရမ်းရောင် မိုးကောင်းကင်နန်းတော်ဟာ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ သူတို့ရဲ့ အကြည့်တွေဟာ ဟုန်ကျွင်းဆီ ထပ်ရောက်သွားပါတယ်။
သူတို့တွေဟာ သူတို့ရှေ့မှာ ရှိနေတဲ့လူကိုပဲ အားကိုးလို့ရပါတယ်။ အဲဒီဒဏ္ဍာရီထဲက ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့နဲ့ အလှမ်းဝေးကွာလွန်းပါတယ်။
ဟုန်ကျွင်းက တစ်လုံးချင်း ပြောလိုက်ပါတယ် “ငါ မဟာတာအို အနန္တကပ်ဘေးကို သုံးလေးကြိမ် ရင်ဆိုင်ဖူးတယ်၊ ဒီအနန္တကပ်ဘေးက အရင်ကထက် ပိုကြမ်းမယ်ဆိုပေမဲ့ စိုးရိမ်စရာ မလိုပါဘူး၊ အချိန်ကျလာရင် ငါ လှုပ်ရှားမယ်၊ မင်းတို့တွေ ခရမ်းရောင် မိုးကောင်းကင် နန်းတော်ထဲမှာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်လို့ရတယ်၊ ဒါက မင်းတို့အတွက် အခွင့်အရေးတစ်ခုတောင် ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်”
တာအိုရှာဖွေသူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ တော်တော်များများက ပြုံးသွားကြပါတယ်။ ဟုန်ကျွင်းက ကာကွယ်ပေးမယ်လို့ အာမခံချက် ပေးလိုက်တယ် မဟုတ်ပါလား။
“ခုပ်... ခုပ်...”
ဒီအချိန်မှာပဲ လက်ခုပ်သံ ထွက်ပေါ်လာပါတယ်။ တာအိုရှာဖွေသူ အကုန်လုံး လှည့်ကြည့်လိုက်တဲ့အခါ လူတစ်ယောက်က ခရမ်းရောင် မိုးကောင်းကင် နန်းတော်ထဲ လမ်းလျှောက်ဝင်လာတာကို တွေ့လိုက်ရပါတယ်။ ဒီလူက တန်ခိုးအရှိန်အဝါရှိပြီး ဆံပင်တွေက ဖွာလန်ကြဲနေပါတယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ကနေ ကြီးမားတဲ့ အင်အားတစ်ခုကိုလည်း ထုတ်လွှတ်နေပါတယ်။
ဟုန်ကျွင်းဟာ မျက်လုံးကျဉ်းပြီး မေးလိုက်ပါတယ် “မင်း ဘာလို့ ဒီကို ရောက်လာတာလဲ”
“ဟားဟား... ငါပိုင်တာကို ပြန်လာယူတာ”
ဒီလူက ပန်ကူးပါ။
ဟုန်ကျွင်းဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “မင်းတို့အားလုံး ထွက်သွားကြတော့၊ ငါ ဒီမိတ်ဆွေဟောင်းနဲ့ စကားပြောစရာရှိတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။