ယင်ယန် ချွမ်တုနတ်မင်းနဲ့ တိုက်ခိုက်ခြင်း
Vol. 104 Ch. 1083
ဟန်ကျွယ်ဟာ ယင်ယန်ချွမ်တုနတ်မင်းရဲ့ ဦးဆောင်မှုအောက်မှာ ဗလာနယ်မြေနက်ထဲကို ရောက်သွားပါတယ်။ ဒီနေရာက ပဋိပက္ခ၊ အန္တိမမူလကမ္ဘာ၊ ချွမ်တု မဟာတာအိုကမ္ဘာတို့နဲ့ အလှမ်းဝေးပါတယ်။
ဒီနေရာမှာ တာအိုဖန်တီးရှင်တွေ တိုက်ခိုက်လို့ ဖြစ်ပေါ်လာတဲ့ အရှိန်အဟုန်က မဟာတာအိုကမ္ဘာအသီးသီးကို သက်ရောက်ဖို့ ခက်ခဲလွန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းဝေးကွာလွန်းလို့ပါ။ ဘယ်လောက်ဝေးလဲဆိုရင် မဟာတာအိုပညာရှိချုပ်တွေ အပြေးလာရင်တောင် နှစ်တစ်သောင်းကျော် ကြာတဲ့အထိ ဝေးပါတယ်။
ဟန်ကျွယ်ဟာ အကောင်းစား ရတနာ အကုန်လုံးကို နှိုးပြီး ယင်ယန်ချွမ်တုနတ်မင်းနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို သဘောတူလိုက်တာက နဝမပဋပိက္ခကို ခြိမ်းခြောက်ချင်တာကြောင့်ပါ။
မကြာသေးခင်က အန္တိမမူလကမ္ဘာထဲမှာ ပဋိပက္ခသူလျှိုတွေ အများကြီး ပေါ်လာပါတယ်။ ဒီသူလျှိုတွေထဲမှာ ကျို့ကဲ့ဂျိသွမ်က သူလျှိုတွေလည်း ပါပါတယ်။ သူတို့တွေနောက်မှာ အကြံအစည်တစ်ခု ရှိနေတယ်ဆိုတာ သိသာလှပါတယ်။
အန္တိမမူလကမ္ဘာက ပဋိပက္ခကို မမီသေးဘူးဆိုပေမဲ့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မကြောက်ပါဘူး။
ဟန်ကျွယ်က တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ နဝမပဋိပက္ခကလည်း သူ့ကျိန်စာတိုက်မှုကြောင့် ဒဏ်ရာရထားပါတယ်။ ဒီလိုအခြေအနေမှာ နဝမပဋိပက္ခကို တစ်ချက်တည်း မသတ်နိုင်ဘူးဆိုရင်တောင် ခုခံနိုင်ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် နဝမပဋိပက္ခက သူ့ကို မုန်းတီးနေပါပြီ။ သူ့စွမ်းအားကို ပြသလိုက်တာက အနည်းဆုံးတော့ နဝမပဋိပက္ခကို ဟန့်တားနိုင်မှာပါ။
ယင်ယန်ချွမ်တုနတ်မင်း ပတ်လည်က ဖြူမည်းချီဟာ စပြီးတော့ ပျံ့နှံ့လာပါတယ်။ ဖြူမည်းချီဟာ စက်ဝိုင်းပုံ လျင်မြန်စွာ ပျံ့နှံ့ပြီး မဟာတာအိုကမ္ဘာ မြင်ကွင်း ပေါ်လာပါတယ်။ ပဋိပက္ခက ဒီဖျော့တော့တဲ့ ဟင်းလင်းပြင်ကို သက်ဆင်းလာသလိုမျိုးပါပဲ။
“ဒုတိယ တာအိုဖန်တီးရှင်က ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ ကြည့်ရအောင်” ယင်ယင်ချွမ်တုနတ်မင်းက အပြုံးနဲ့ ပြောလိုက်ပေမဲ့ သူ့လေသံက အထင်အမြင်သေးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
‘ဒီကောင်က မောက်မာလှချည်လား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ယုတ္တိကျကျ ပြောရရင် တာအိုဖန်တီးရှင်က ဒီလိုမျိုး ဖြစ်မနေသင့်ပါဘူး ‘ဒီကောင် ငါ့စွမ်းအားကို မြင်ချင်လို့ တမင် ရန်စနေတာလား... ဒီအတိုင်းဆို ချွမ်တုနတ်မင်းနဲ့ နဝမပဋိပက္ခက ငါထင်ထားတာထက် ပိုပြီး ရင်းနှီးပုံပဲ’
ဟန်ကျွယ် အတွေးက မှားတာတော့ မဟုတ်ပါဘူး။ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိရင် နဝမပဋိပက္ခက ဘယ်လိုလုပ်ပြီး ချွမ်တုနတ်မင်းကို တာအိုဖန်တီးရှင် အလယ်အဆင့် ရောက်ခွင့်ပေးမှာလဲ။
ဟန်ကျွယ်ဟာ အပိုစကားတွေ ပြောမနေတော့ဘဲ အန္တိမဝိညာဉ်ချွေဓားကို တစ်ခါတည်း ထုတ်သုံးလိုက်ပါတယ်။ ဒီအခါ ဟန်ကျွယ်ရဲ့ ပတ်လည်မှာ ဓားခုနစ်စင်း ပေါ်လာပါတယ်။ ဒီဓားခုနစ်စင်းက ဟန်ကျွယ်ကို ဝန်းရံပြီး တစ်ခါတစ်ခါ ရှည်သွားလိုက် တစ်ခါတစ်ခါ တိုသွားလိုက်နဲ့ ပြောင်းလဲနေပါတယ်။
ဓားခုနစ်စင်းက ထွက်ပေါ်လာတဲ့ ကြောက်စရာ ကောင်းလောက်အောင် ထက်လွန်းတဲ့ ရောင်ဝါဟာ ယင်ယန်ချွမ်တုနတ်မင်းကို ချိန်ရွယ်လိုက်ပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းဟာ တစ်ချက်ကြည့်ရုံနဲ့ ဒီဆန်းကြယ်စွမ်းအားက အလွန်တရာ ဖောက်ထွင်းနိုင်စွမ်း မြင့်မားပြီး ကာလို့မရဘူးဆိုတာကို သိလိုက်ပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် လွင့်ပါးပျောက်ကွယ်သွားပြီး ဖြူမည်းမြူခိုးတွေဟာ ဟန်ကျွယ်ဆီကို ဘက်ပေါင်းစုံကနေ လိမ့်တက်လာပါတယ်။ ဒီမြူခိုးတွေက ကမ္ဘာကို ဝါးမျိုနိုင်တဲ့ ရောင်ဝါရှိပြီး ဗိုလ်ကျလွန်းပါတယ်။
ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ သူ့ပတ်လည်က အလင်းဓားခုနစ်စင်းဟာ အရပ်ဆယ်မျက်နှာကို ရုတ်တရက် ပျံထွက်သွားပါတယ်။ ဓားခုနစ်စင်းရဲ့ အလျင်က မြန်ဆန်လွန်းတဲ့အတွက် နောက်ပုံရိပ် အမြောက်အမြား ကျန်နေခဲ့ပါတယ်။
အလင်းဓားခုနစ်စင်းဟာ ဓားပေါင်း ဘီလီယံချီ ခွဲထွက်သွားသလိုမျိုး ဖြူမည်းမြူခိုးကို အတင်း ပျောက်ကွယ်စေပါတယ်။ ဗလာနယ်မြေ ထက်ဝက်နီးပါးကို ဖုံးအုပ်ထားတဲ့ ဖြူမည်းချီတွေဟာ ရုတ်ခြည်းဆိုသလို လွင့်ပါးပျောက်ကွယ်သွားပြီး ချီလက်ကျန် တစ်စွန်းတစ်စသာ ကျန်နေခဲ့ပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ရဲ့ နောက်မှာ ရုတ်တရက် ပေါ်လာပါတယ်။ အဲဒီနောက် ထူးဆန်းတဲ့ တာအိုသင်္ကေတတွေနဲ့ လက်တစ်လက် ရှည်ထွက်လာပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ရဲ့နောက်မှာ ဖြူမည်းဝဲကတော့ ပေါ်လာပြီး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ဖို့ ကြိုးစားပါတယ်။
“ဝှစ်...”
နတ်ဝိညာဉ် အလင်းဓားတစ်စင်းဟာ ယင်ယန်ချွမ်တုနတ်မင်းနဲ့ ဖြူမည်းဝဲကတော့ကို တစ်ချက်တည်း ဆုတ်ဖြဲပစ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နောက်တောင် လှည့်မကြည့်ပါဘူး။ အန္တိမမူလဝိညာဉ်ချွေဓားကို သုံးလိုက်တာနဲ့ ဟန်ကျွယ်က ပြိုင်ဘက်ကင်းပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းဟာ ဆက်တိုက် ရွှေ့လျားပြီး နေရာအနှံ့မှာ ပေါ်လာပါတယ်။ ဒါပေမဲ့ သူပေါ်လာတိုင်း အန္တိမမူလဝိညာဉ်ချွေဓားရဲ့ တိုက်ခိုက်မှုကြောင့် တစ်ခါပြီးတစ်ခါ ဖျက်ဆီးခံရပါတယ်။ ဒီလိုဆိုပေမဲ့ ချွမ်တုနတ်မင်းဟာ ဇွဲမလျှော့ဘဲ အားနည်းချက်ကို ရှာဖွေပါတယ်။
ဒီမြင်ကွင်းက ပွဲကြည့်ပရိတ်သတ် တာအိုဖန်တီးရှင်သုံးပါးကို လန့်သွားစေပါတယ်။
“ဒါ ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ”
“ဒါက အလျင်ချည်းပဲလည်း မဟုတ်ဘူး၊ ရန်သူ ပေါ်လာတာနဲ့ ချက်ချင်း တိုက်ခိုက်ခံရတယ်၊ ကံရေစက်လိုမျိုးပဲ”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဆန်းကြယ်စွမ်းအား တော်တော်ကို စွမ်းအားကြီးတာပဲ၊ ငါ လိုက်မမီဘူး”
ဟန်ကျွယ်နဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ တာအိုဖန်တီးရှင်သုံးပါး ကြည့်နေတာကို သိပေမဲ့ ဂရုမစိုက်ပါဘူး။
ယင်ယန်ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ကို စိန်ခေါ်ကတည်းက ရှုံးနိမ့်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ ဟန်ကျွယ်ကတော့ ရှုံးမယ်လို့ မခံစားရပါဘူး။
ယင်ယန်ချွမ်တုနတ်မင်း ထပ်ပေါ်လာပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တဲ့အခါ ဖြူမည်းချီတွေ လိမ့်တက်လာပါတယ်။ ဟန်ကျွယ်ရဲ့ မြင်ကွင်းလည်း ရုတ်ခြည်း အဖြူအမည်း ဖြစ်သွားပါတယ်။
အဖြူအမည်း ရှင်းလင်းသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲမှာ အရောင်မျိုးစုံ ပေါ်လာပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲကို ဆွဲသွင်းခံလိုက်ရပါပြီ။
ပြန်လည်မွေးဖွားခြင်း အတွေ့အကြုံတွေက ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ပွဲကြည့်ပရိသတ်လိုမျိုး သူ ပြန်လည်မွေးဖွားတာကို ထိုင်ကြည့်နေပါတယ်။
ဟန်ကျွယ် “ဟွန်း... ကလေးအကွက်တွေ”
ဒီလိုနဲ့ ပြန်လည်မွေးဖွားခြင်း စက်ဝန်းဟာ ကွဲကြေသွားပြီး ဟန်ကျွယ်ရဲ့ မြင်ကွင်းဟာ ဗလာနယ်မြေ ပြန်ဖြစ်သွားပါတယ်။ ဒီအချိန် ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ရှေ့ ပေါ်လာပါတယ်။ ချွမ်တုနတ်မင်းဟာ ဘယ်လက်နဲ့ အရိုးတောင်ဝှေးတစ်ချောင်း ကိုင်ပြီး အန္တိမမူလဝိညာဉ်ချွေဓားကို အားသုံး ဟန့်တားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ညာလက်နဲ့ တံဆိပ်ဖန်တီးလိုက်ပါတယ်။
အန္တိမမူလ ကောင်းကင်တံဆိပ်တော်လိုမျိုး သိမ်မွေ့နက်နဲတဲ့ လေးထောင့်ကွက် တံဆိပ်ဟာ ဟန်ကျွယ်ကို ဝင်တိုက်ပါတယ်။ ဒီတစ်ခါတော့ ယင်ယန်ချွမ်တုနတ်မင်း အောင်မြင်သွားပါတယ်။
ဟန်ကျွယ်ဟာ လျှို့ဝှက်ဆန်းကြယ် တံဆိပ်တော်ကြောင့် ခန္ဓာကိုယ်ကနေ ဝိညာဉ်ကွာသွားပါတယ်။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်နဲ့ ပေတစ်ထောင် ကွာသွားတာကို တွေ့လိုက်ရပါတယ်။
“တော်တော်ဗိုလ်ကျလွန်းတဲ့ ဆန်းကြယ်စွမ်းအားပဲ၊ ငါ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်တောင် မခုခံနိုင်ဘူး” ဟန်ကျွယ်ဟာ တအံ့တဩ တွေးလိုက်ပါတယ်။
ဒါပေမဲ့ ဒီတစ်ချက်တည်း အထင်ကြီးဖို့ ကောင်းတာပါ။ ဝိညာဉ်နဲ့ ရုပ်ခန္ဓာ ကွဲထွက်သွားပေမဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ အန္တိမမူလဝိညာဉ်ချွေဓားကို တောင့်မခံနိုင်ပါဘူး။
လျှို့ဝှက်ဆန်းကြယ် အရိုးတောင်ဝှေးဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို တစ်ကြိမ်ပဲ ခုခံနိုင်ပြီး ဒုတိယအကြိမ်မှာ ကျိုးပြတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်းလိုက်ပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းဟာ ကိုယ်ပွားပေါင်း မြောက်မြားစွာခွဲပြီး မိုင်ပေါင်း ဘီလီယံချီ ပတ်လည်ကို လွှမ်းမိုးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ကို ဝိုင်းတိုက်ပါတယ်။
နတ်အလင်းဓား ခုနစ်စင်းဟာ ဟိုဟိုဒီဒီ ပျံသန်းပြီး ချွမ်တုနတ်မင်း ကိုယ်ပွားတွေကို တစ်ယောက်ပြီး တစ်ယောက် ဖျက်ဆီးပစ်ပါတယ်။
ဒီအချိန်မှာပဲ အဝေးတစ်နေရာက ယင်ယန်ချွမ်တုနတ်မင်းဟာ လက်မြှောက်ပြီး သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားကို လှုပ်ခါလိုက်ပါတယ်။ ချွမ်တုနတ်မင်းဟာ ဗလာနယ်မြေမှာ တွင်းပေါက်ဖြစ်အောင် တကယ်ကြီး ဆုတ်ဖြဲပစ်လိုက်ပါတယ်။
ဒီအပေါက်က နက်မှောင်ပြီး ထူးဆန်းတဲ့ လျှပ်စီးတွေ ယှက်ဖြာပါတယ်။
အာကာသ စွမ်းအား။
ဒီအာကာသအက်ကြောင်းက ဗလာနယ်မြေ စုတ်ပြဲသွားတာ မဟုတ်ပါဘူး။ တခြား အာကာသတစ်ခု ဆင်းသက်လာတာပါ။
ဟန်ကျွယ်ဟာ အမှန်တရားကို တစ်ချက်တည်းနဲ့ မြင်တာကြောင့် တိုက်ခိုက်ဖို့ ပြင်လိုက်ပေမဲ့ တွင်းပေါက်က ရုတ်တရက် ပေါက်ကွဲထွက်ပြီး သူ့ကို လျင်မြန်စွာ ဝါးမျိုသွားပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းနဲ့ ဟန်ကျွယ်ဟာ အဆုံးမဲ့ အာကာသ ဝဲကတော့ထဲကို တစ်ချိန်တည်းမှာ ကျဆင်းသွားပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းက ဟန်ကျွယ်ကို ဆက်တိုက် တိုက်ခိုက်တုန်းပါ။ အန္တိမမူလဝိညာဉ်ချွေဓားရဲ့ အကြိမ်ပေါင်း မြောက်မြားစွာ ဖျက်ဆီးတာကို ခံထားရပေမဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ အခုထိ ဇွဲကောင်းနေတုန်းပါ။
ဟန်ကျွယ်ဟာ အကောင်းစား ရတနာတွေရဲ့ အကာအကွယ်ကြောင့် ဘာဒဏ်ရာမှ မရပါဘူး။ ဒါပေမဲ့ ယင်ယန်ချွမ်တုနတ်မင်းကတော့ အန္တိမမူလ ဝိညာဉ်ချွေဓားရဲ့ တိုက်ခိုက်မှုကြောင့် အကြိမ်သန်းပေါင်းများစွာ ဖျက်ဆီးခံရပါတယ်။
ဒါပေမဲ့ တာအိုဖန်တီးရှင် ဖြစ်တာကြောင့် ယင်ယန်ချွမ်တုနတ်မင်းဟာ အကောင်းပကတိ ရှိနေပါသေးတယ်။
ပတ်ဝန်းကျင် အာကာသဟာ နောက်ပြန်သွားပြီး ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ အာကာသမုန်တိုင်း ပေါ်လာပါတယ်။ ကြယ်ပေါင်း ဘီလီယံချီကိုလည်း ဟန်ကျွယ် တွေ့မြင်လိုက်ရပါတယ်။
ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ဟာ မြေပြင်တစ်ခုပေါ် ရုတ်တရက် ဆင်းသက်မိလိုက်ပါတယ်။ ဂလက်ဆီဟာ ကောင်းကင်ယံမှာ ဇောက်ထိုးဆွဲနေပြီး ခြေထောက်အောက်မှာရှိတဲ့ မြေပြင်ကတော့ မျက်စိတစ်ဆုံး ကျတ်တီးမြေချည်းပါပဲ။
ယင်ယန်ချွမ်တုနတ်မင်းဟာ မိုးကုပ်စက်ဝိုင်းအဆုံးမှာ ဆင်းသက်လိုက်ပါတယ်။ ချွမ်တုနတ်မင်းဟာ လက်တစ်ချက် ဝှေ့ယမ်းပြီး ဖြူမည်းချီကို ကြောက်မက်ဖွယ် အလင်းတန်းအဖြစ် ခဲကာ ဟန်ကျွယ်ဆီ ပစ်လွှတ်လိုက်ပါတယ်။
အလင်းတန်း လာရာလမ်းမှာရှိတဲ့ တောင်တန်းတွေဟာ ကွဲကြေပြီး မြေပြင်ကလည်း အက်ကွဲသွားပါတယ်။
ဟန်ကျွယ်ဟာ နတ်အလင်းဓားတစ်စင်း ပစ်လွှတ်ပြီး ဖြူမည်းအလင်းတန်းကို ချေဖျက်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ယင်ယန်ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ ပေါ်လာပါတယ်။
ယင်ယင်ချွမ်တုနတ်မင်း ညာလက်ကို မြှောက်လိုက်တဲ့အခါ အရွယ်အစားစုံပြီး မရေမတွက်နိုင်အောင် များပြားလှတဲ့ ကြယ်တွေ လက်ဖဝါးထဲမှာ ပေါ်လာပါတယ်။ အဲဒီနောက် ချွမ်တုနတ်မင်းဟာ လက်ဖဝါးထဲက ကြယ်တွေကို ဟန်ကျွယ်ဆီ ပစ်ပေါက်လိုက်ပါတယ်။
ကြယ်တွေဟာ ရုတ်တရက် ကျယ်ပြန့်သွားတာနဲ့ နတ်ဝိညာဉ် အလင်းဓားတွေ ဖျက်ဆီးတာကို ခံရပါတယ်။
ကြည့်လိုက်ရင် ကြယ်မိုးစစ်စစ် ရွာနေသလိုပါပဲ။ တချို့ကြယ်တွေဆို နေထက် အဆသန်းပေါင်းများစွာ ကြီးပါတယ်။ သာမန် မဟာတာအိုပညာရှိချုပ်ဆို ဒီလောက်များတဲ့ ကြယ်တွေ ရွာကျလာတာကို ကြည့်ပြီး လန့်သေသွားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အပေါ်ကို မော့ကြည့်ပြီး မျက်လုံးနဲ့ ဓားချီတွေ ပစ်လွှတ်လိုက်ပါတယ်။ ဓားချီဟာ ကောင်းကင်ယံ ထိုးတက်သွားပါတယ်။ ရုတ်ခြည်းဆိုသလို ဓားချီပေါင်း မြောက်မြားစွာ ရောယှက်သွားပြီး ကြောက်စရာကောင်းလှတဲ့ ကြယ်မိုးကို ပြာအတိကျသွားစေပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ် ခြေထောက်အောက်က မြေပြင် ပြိုလဲသွားပါတယ်။ မြေကြီးနဲ့ ကျောက်တုံးတွေဟာ မီးခိုးလို လွင့်ပါး ပျောက်ကွယ်ကုန်ပါတယ်။ အောက်ခြေမှာ မကုန်ဆုံးနိုင်တဲ့ ချော်ရည်တွေ ပေါ်လာပါတယ်။ ပူပြင်းတောက်လောင်လှတဲ့ လေထုဟာ မြင့်တက်လာပြီး အာကာသကို ရှုံ့တွပြိုလဲစေတဲ့အထိ လောင်ကျွမ်းပါတယ်။
အဲဒီနောက် လျှို့ဝှက်ဆန်းကြယ် စုပ်အားတစ်ခုက ဟန်ကျွယ်ကို အောက်ဆွဲယူပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။