← Chapters

ကျွယ်ယီ

Vol. 104 Ch. 1085

ကျွယ်ယီ

Vol. 104 Ch. 1085

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခက သူ့ကို ဘာလို့ အိပ်မက်ပေးချင်လဲဆိုတာ သိပါတယ်။

“ငါ ယင်ယန်ချွမ်တုနတ်မင်းကို အနိုင်ယူသလိုမျိုး နဝမပဋိပက္ခကို အနိုင်ယူနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၅၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်တက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အနိုင်မယူနိုင်ပါ။]

“ငါ နဝမပဋိပက္ခကို အနိုင်ယူနိုင်လား”

[သက်တမ်း ၅၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[အနိုင်ယူနိုင်ပါသည်။]

ဟန်ကျွယ်ဟာ အံ့အားသင့်ခြင်း မရှိပါဘူး။ ဒီအဖြေကို မျှော်လင့်ထားပြီးသားပါ။ သေချာအောင် အတည်ပြုလိုက်တာပါ။

[နဝမပဋိပက္ခသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

‘နောက်တစ်ခါလား...’ ဟန်ကျွယ်ဟာ တဒင်္ဂ တုံ့ဆိုင်းသွားပြီးနောက် အိပ်မက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အိပ်မက်နယ်မြေက ဗလာနယ်မြေပါ။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို တွေ့လိုက်ရပါတယ်။ နဝမပဋိပက္ခဟာ ကျိန်စာကြောင့်‌ရော အတွင်းနတ်ဆိုးကြောင့်ရော ဘာမှဖြစ်ပုံ မပေါ်ပါဘူး။ အရင်အတိုင်း လျှို့ဝှက်ဆန်းကြယ်နေတုန်းပါ။

နဝမပဋိပက္ခက အရင်ဆုံး မေးပါတယ် “ယင်ယန်ချွမ်တုနတ်မင်း ဘယ်မှာလဲ၊ သူ့ကို လွှတ်ပေးလိုက်”

ဟန်ကျွယ် “လက်ရည်စမ်းကြည့်တော့ ကျွန်တော်တို့တွေ မိတ်ဆွေဟောင်းတွေလို့ ခံစားလိုက်ရတယ်၊ အဲဒါကြောင့် ကျွန်တော် သူ့ကို တာအိုစက်ကွင်းဆီ ဖိတ်ခေါ်လိုက်တာပါ”

‘အစွမ်းရှိရင် ငါ့ တာအိုစက်ကွင်းထဲ ဝင်လေ’ ဟန်ကျွယ်ဟာ နဝမပဋိပက္ခက သူ့တာအိုစက်ကွင်းထဲ တိုးဝင်ဖို့ မကြိုးစားကြည့်ခဲ့ဖူးဆိုတာ မယုံပါဘူး။

“အဲဒါဆို သူ့ကို အပြင်ခဏ ထွက်ခိုင်းလိုက်ဦး၊ ငါ သူနဲ့ စကားပြောစရာရှိတယ်”

“မရဘူး၊ ကျွန်တော်နဲ့ ကိစ္စပြီးမှပဲ ပြောပါ”

အိပ်မက်ဟာ လုံးဝ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ ရောင်ဝါက ပြောင်းလဲလာတာကို ခံစားမိပါတယ်။ အတွင်းနတ်ဆိုးကြောင့် နဝမပဋိပက္ခဟာ အရင်လိုမျိုး တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပုံပါပဲ။

ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ နဝမပဋိပက္ခဆီက တုံ့ပြန်လာတာကို အေးဆေး ထိုင်စောင့်ပါတယ်။

ဖိအားချင်းယှဉ်ရင် နဝမပဋိပက္ခက ပိုပြီးတော့ ဖိအားခံစားရမှာပါ။ သူ့ဩဇာအာဏာကို ဆုံးရှုံးရတော့မယ် မဟုတ်ပါလား။

နဝမပဋိပက္ခ “ကောင်းပြီလေ... သူထွက်လာရင် ငါ့ကို လာရှာဖို့ ပြောလိုက်”

အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ကြည့်ရတာ ဒီကောင် သတိရှိသေးပုံပဲ’

နဝမပဋိပက္ခက ဖန်တီးရှင်သခင်ဖြစ်ဖို့ အဆုံးမဲ့ခေတ် ရောက်လာတာကို စောင့်နေတာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို လောလောဆယ် ဘာမှမလုပ်နိုင်သေးပါဘူး။ သူ့အနေနဲ့ နဝမပဋိပက္ခကို သတ်ပစ်ဖို့ရော ဖိနှိပ်ပစ်ဖို့ရော မဖြစ်နိုင်သေးပါဘူး။ တကယ်တမ်း တိုက်ခိုက်ရင် သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက ဆုံးမှာ မဟုတ်ပါဘူး။

နောက်ဆုံး တစ်ယောက်ကို တစ်ယောက် သတိထားလွန်းပြီး အေးဆေး မကျင့်ကြံနိုင်အောင်တောင် ဖြစ်သွားမှာပါ။

လက်ရှိ အခြေအနေက နှစ်ဖက်စလုံးအတွက် အကောင်းဆုံး အခြေအနေပါ။ ဘယ်သူအနိုင်ရမလဲ ဆိုတာကတော့ ဘယ်သူအရင်ဆုံး ဖန်တီးရှင်သခင် ဖြစ်လာနိုင်လဲပေါ် မူတည်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းကတော့ အန္တိမမူလ ဝိညာဉ်ချွေဓားထဲမှာ ချိပ်ပိတ်ခံရပြီး ကျွန်ဖြစ်ဖို့ စောင့်နေရပါတယ်။

.....

ဟင်းလင်းပြင်ထဲမှာ ဧရာမ ကြက်သွေးရောင်ကြယ်တစ်စင်းဟာ အထီးတည်း တည်ရှိနေပါတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အနီရောင် မြူခိုးတွေ ပြည့်နှက်နေပါတယ်။

ကြယ်ပေါ်မှာ။

မြေပြင်က ခြောက်သွေ့ပေမဲ့ အရွယ်အစားမျိုးစုံ ရေအိုင်လေးတွေ ရှိနေပါတယ်။ ရေအိုင်ရဲ့ မျက်နှာပြင်ကတော့ အေးခဲနေပြီး ခြောက်သွေ့တဲ့ ကုန်းမြေနဲ့ တခြားစီ ဖြစ်နေပါတယ်။

ဗလာကျင်းနေတဲ့ လူငယ်တစ်ယောက်ဟာ မျောက်လို လျှောက်သွားနေပါတယ်။ သူ့မှာ အောက်ပိုင်းလုံရုံ ခါးမှာပတ်ထားတဲ့ သားရေစတစ်စပဲ ရှိပါတယ်။ သူ့ဆံပင်တွေက ဖွာလန်ကြဲပြီး မျက်နှာကလည်း ညစ်ပေနေပါတယ်။ မျက်လုံးတွေကလည်း နောက်ကျိနေပါတယ်။

ဒီလူငယ်ဟာ ကောင်းကင်ပြင်အောက်မှာ အလွန်တရာမှ သေးငယ်လှပါတယ်။ ဦးတည်ရာမရှိ လျှောက်သွားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လို အထီးကျန်ဆန်လှပါတယ်။

အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ ဒီလူငယ်ဟာ ပင်ပန်းလာတဲ့အတွက် လျှောက်သွားနေတာ ရပ်ပြီး ရေအိုင်နား ကပ်သွားကာ အေးခဲနေတဲ့ ရေမျက်နှာပြင်ကို လျှာနဲ့ယက်ပါတယ်။ မကြာခင်မှာပဲ လူငယ်ရဲ့လျှာဟာ ရေခဲစနဲ့ ထိမိပြီး ရှသွားပါတယ်။ လူငယ်ဟာ အလိုလို နောက်ဆုတ်မိလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒဏ်ရာကနေ သွေးတွေ ထွက်လာပြီး လူငယ်ဟာ နာကျင်မှုကြောင့် လူးလှိမ့်သွားပါတယ်။

သွေးစသွေးနတွေဟာ ရေခဲပြင်နဲ့ ထိမိတဲ့အခါ လောင်ပြီး တွင်းကြီးတစ်တွင်း ဖြစ်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို ရေအိုင်ရဲ့ မျက်နှာပြင်ဟာ အရည်စပျော်လာပါတယ်။ မြူခိုးတွေလည်း ထွက်ပေါ်လာပါတယ်။

လူငယ်ဟာ ဒီအခြေအနေကို သတိမထားမိပါဘူး။ သူ့ပါးစပ်ကို လက်နဲ့အုပ်ပြီး မြေပြင်မှာ လူးလှိမ့်နေပါတယ်။

နာကျင်မှု လျော့ပါးသွားလို့ လူငယ် လှည့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့က မြင်ကွင်းကြောင့် မှင်တက်သွားပါတယ်။

ရေအိုင်မျက်နှာပြင်ဟာ တလဲ့လဲ့ တောက်ပနေပြီး လေပြေအေးလေး တိုက်ခိုက်လာတာကြောင့် လူငယ်ဟာ လန်းဆန်းသွားပါတယ်။

လူငယ်ဟာ ရေရှိရာဆီ အပြေးသွားပြီး ဆံပင်တွေ ရွှဲရွှဲစိုတဲ့အထိ ရေကို အငမ်းမရ သောက်ပါတယ်။

ဒီအချိန်မှာပဲ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

“မင်းဒီနေရာကို ခြေလျင်လာတာ... ဘာလိုချင်လို့လဲ”

လူငယ်ဟာ ရုတ်တရက် မော့ကြည့်လိုက်တဲ့အခါ ဆံဖြူအဘိုးဘိုတစ်ဦးက မုတ်ဆိတ်မွေး လက်နဲ့သပ်ပြီး သူ့ဘေးမှာ အပြုံးနဲ့ ရပ်နေတာကို တွေ့လိုက်ရပါတယ်။

ဒီဆံဖြူအဘိုးအိုက ရှကျဲ့မျိုးနွယ်စု ခေါင်းဆောင် ဟန်ယိုပါ။ ဟန်ယိုဟာ အန္တိမမူလ ကံတရား အထောက်အပံ့နဲ့ ပေါင်းစပ်ပြီး လုံးလုံးလျားလျား အန္တိမမူလသက်ရှိ ဖြစ်သွားပါပြီ။

လူငယ်ဟာ တဝူးဝူးတဝါးဝါး အော်ဟစ်ပြီး စိတ်လှုပ်တရှား ခုန်ပေါက်ပါတယ်။

ဟန်ယိုက အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းက တာအိုကို ရှာဖွေချင်တာလား၊ မင်းက မြေလျှိုးမိုးပျံချင်တယ်”

လူငယ်ဟာ အသည်းအသန် ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ယိုဟာ လူငယ်ကို အကဲခတ်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟင်း... အန္တိမမူလကမ္ဘာမှာ မင်းလိုမျိုး တည်ရှိမှုတစ်ခု မွေးဖွားလာလိမ့်မယ်လို့ ထင်မထားဘူး၊ ငါမင်းကို လူသားမျိုးနွယ်စုဘိုးဘေးအဖြစ် အမည်နာမ အပ်နှင်းတယ်”

‘လူသားမျိုးနွယ်စုဘိုးဘေး’ လူငယ်ဟာ ဟန်ယိုပြောတာကို နားမလည်ပေမဲ့ ကောင်းတဲ့ကိစ္စလို့ ခံစားရတဲ့အတွက် ပိုပြီးတော့ ပျော်ရွှင်သွားပါတယ်။ လူငယ်ဟာ ပျော်ရွှင်ပြီး ဟန်ယိုကို စက်ဝိုင်းပုံ ပတ်ပါတော့တယ်။ တစ်ခါတစ်လေမှာ လူငယ်ဟာ နားကုတ်လိုက် ပါးကုတ်လိုက် လုပ်ပြီး တစ်ခါတစ်လေမှာတော့ ခါးက သားရေစကို လှန်လှောကြည့်ပါတယ်။

ဟန်ယို လက်ဝှေ့ယမ်းလိုက်တဲ့အခါ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာပြီး လူငယ်ရဲ့ နဖူးထဲကို ဝင်ရောက် ပျောက်သွားပါတယ်။ အဲဒီနောက် လူငယ်ဟာ ခဲသွားပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာပါတယ်။

လူငယ်ဟာ ဟန်ယိုကို ကြည့်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက တော်တော်လေး စွမ်းအားကြီးလား၊ ကောင်းကင်ပေါ်ပျံပြီး မြေကြီးထဲမှာ သွားလာနိုင်လား”

ဒီလူငယ်က စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေကို တွေ့ဖူးတယ်ဆိုတာ အသိသာကြီးပါ။

ဟန်ယိုဟာ ပြုံးလိုက်ပါတယ် “အေး ငါက မြေလျှိုးမိုးပျံနိုင်တယ်၊ မင်းကိုလည်း အဲဒီလိုမျိုး ဖြစ်အောင် သင်ပေးနိုင်တယ်”

“တကယ်လား”

“မင်းက ဒီနေရာကို လမ်းလျှောက်ဖို့ ဆုံးဖြတ်ချက် ပြတ်သားခဲ့တယ်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့ မင်း ကျင်ကြံတဲ့အခါ မင်းရဲ့တည်ရှိမှုကို လေးလေးနက်နက် စဉ်းစားဖို့ ငါ မျှော်လင့်တယ်” ဟန်ယိုက လေးလေးနက်နက် ပြောလိုက်ပါတယ်။

လူငယ်ဟာ ဟန်ယိုပြောတာကို နားလည်သလိုတော့ ရှိပါတယ်။

ဟန်ယိုဟာ ရိုးရှင်းလှတဲ့ လူငယ်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ဒီလူငယ်က အန္တိမမူလကမ္ဘာမှာ ပထမဆုံးလူသားပါ။

ကောင်းကင်တာအိုမှာ လူသားမျိုးနွယ်စုကို နွီဝါ ဖန်တီးခဲ့တာဆိုပေမဲ့ ဒီအန္တိမမူလကမ္ဘာမှာတော့ ဒါက သဘာဝအလျောက် မွေးဖွားလာတာပါ။

ဒီလူငယ်မှာ မိဘမရှိပါဘူး။ ရေအိုင်အောက်ခြေမှာ မွေးဖွားလာခဲ့တာ ဖြစ်ပြီး မိုးမြေတစ်ခွင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီကို နှစ်သန်းချီကြာအောင် စုပ်ယူခဲ့တာကြောင့် သူ့ခန္ဓာကိုယ်က သာမန်လူနဲ့ မတူပါဘူး။ ဒါပေမဲ့ လူငယ်ဟာ ဓမ္မစွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာ လုံးဝ မသိပါဘူး။

ဟန်ယိုဟာ လူငယ်ရဲ့လက်ကို ကိုင်ပြီး အဝေးတစ်နေရာဆီ လျှောက်သွားပါတယ် “ဒီနေ့ကစပြီး မင်းကို ကျွယ်ယီလို့ ခေါ်မယ်”

“ကောင်းတယ်၊ ကောင်းတယ်... နောက်ဆုံးတော့ ကျွန်တော့်မှာ နာမည်ရှိပြီ”

“ဒီအချိန်ကစပြီး ငါ့ကို ဆရာလို့ခေါ်”

“ဆရာ”

“လိမ္မာလိုက်တဲ့ တပည့်”

“ဆရာ... ကျွန်တော်ကို ဘယ်ခေါ်သွားမလို့လဲ၊ ကျွန်တော် ဘယ်လိုပျံရမှာလဲ”

“နောက်ကျရင် မင်း သိလာလိမ့်မယ်”

.....

နှစ်ဆယ်သန်းကြာတဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သူ့ရှေ့က အန္တိမမူလ ဝိညာဉ်ချွေဓားကို ကြည့်လိုက်ပါတယ်။ ယင်ယင်ချွမ်တုနတ်မင်းကို အခုထိ ကျွန်ပြုလို့ မပြီးသေးပါဘူး။ တာအိုဖန်တီးရှင် အလယ်အဆင့်လို့ မပြောရပါဘူး။

ဒါပေမဲ့ ဘယ်လောက်ကြာကြာ ကိစ္စမရှိပါဘူး။ ဟန်ကျွယ် စောင့်နိုင်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။

ဒီနှစ်တွေမှာ လီတောက်ခုံး၊ ကျောက်ရွှမ်ကွမ်းနဲ့ ဂျိရှင်းရှန်ဟာ တော်‌တော်လေး လှုပ်ရှားလာပါတယ်။ လီတောက်ခုံးနဲ့ ကျောက်ရွှမ်ကွမ်းကိုတော့ ဟန်ကျွယ် နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန်ကတော့ ဟန်ကျွယ်ကို အံ့အားသင့်စေပါတယ်။

ဂျိရှင်းရှန်ဟာ ဘာလိုလိုနဲ့ မဟာတာအိုပညာရှိချုပ်တောင် ဖြစ်လာခဲ့ပါပြီ။ သူဟာ ကာလဒေသနဲ့ ကံတရားမြစ်ကို ဖြတ်သန်း ခရီးနှင်ပြီး ကာလဒေသစွမ်းအားကို စုပ်ယူကာ ပဋိပက္ခဆီ ပြန်မလာသေးပါဘူး။

ဂျိရှင်းရှန်ဟာ အတိတ်နဲ့ အနာဂတ်မှာ ကျင်လည် ကျက်စားနေပါတယ်။ တစ်ခါက ဂျိရှင်းရှန်ဟာ အတိတ်က လောင်ဇီကို စိန်ခေါ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီအခါ ပစ္စုပ္ပန်မှာရှိတဲ့ လောင်ဇီက ကာလဒေသကို ဖြတ်သန်းပြီး ဂျိရှင်းရှန်ကို သတ်လုနီး ဖြစ်ခဲ့ပါတယ်။

လောင်ဇီ ဂျိရှင်းရှန်ကို မသတ်ဖြစ်တာက ဟန်ကျွယ်ရဲ့ တပည့် ဖြစ်နေတာကြောင့်ပါ။ ခွေးကိုရိုက်ချင်ရင် ခွေးပိုင်ရှင်မျက်နှာ ကြည့်ရတယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ် မဟုတ်ပါလား။

အဲဒီကတည်းက ဂျိရှင်းရှန်ဟာ အတိတ်မှာ ဘာမှမလုပ်ရဲတော့ဘဲ အများဆုံး စွမ်းအားကိုပဲ စုပ်ယူရဲပါတော့တယ်။ အနာဂတ်ကိုတော့ ဂျိရှင်းရှန် စိတ်ထင်တိုင်း မသွားရဲပါဘူး။

ဟန်ကျွယ်ဟာ နောက်ကျရင် ဂျိရှင်းရှန် ဘာတွေ ကြုံတွေရမလဲဆိုတာကို ကြည့်ချင်နေပါတယ်။

ဟန်ကျွယ်ဟာ သူ့တပည့်တွေ သူတို့ဘာသာ အားကိုးပြီး အမြင့်ကို ရောက်နိုင်မလားဆိုတာ သိချင်နေပါတယ်။

တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီက ပေါကြွယ်ဝပေမဲ့ မဟာတာအိုပညာရှိ ဖြစ်သွားရင် ကျင့်ကြံမှုက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းအပေါ်ပဲ မူတည်ပါတော့တယ်။ ဒါက ထိုင်ပြီး ကျင့်ကြံနေလို့ ရတာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ ဓမ္မစွမ်းအားက တာအိုအရှင်သခင်ကို မီခါနီးနေပြီဆိုတာ အာရုံခံမိလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters