နတ်သမီးမင်ကျိ
Vol. 104 Ch. 1087
‘ငါကို ဘယ်သူ ဆင့်ခေါ်တာလဲ’
ဟန်ကျွယ်ဟာ နည်းနည်း မပျော်မရွှင် ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါတည်း အဆင့်တက်ဖို့ ကြံရွယ်ထားတာပါ။ အခုတော့ အကြံပျက်သွားရပါပြီ။ ဒါပေမဲ့ သူ့ကို ဆင့်ခေါ်တဲ့လူက ရှင်းဟုန်ရွှမ်ဆိုတော့ ဟန်ကျွယ် မကူညီလို့ မရပါဘူး။
ဟန်ကျွယ်ဟာ ဝဲကတော့ရဲ့ တခြားတစ်ဖက်ကို ကြည့်လိုက်တဲ့အခါ ကောင်းကင်တာအို ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဒီအချိန် ကောင်းကင်တာအို အပြင်ဘက်မှာ ကျင့်ကြံသူ အမြောက်အမြား ရှိနေပြီး ဓမ္မရတနာမျိုးကို ကိုင်စွဲထားကြပါတယ်။ ပဋိပက္ခမြို့တချို့နဲ့ ပဋိပက္ခကောင်းကင်လမ်း တချို့လည်း ပျက်စီးနေပါတယ်။
ကောင်းကင်တာအိုဘက်က ကျင့်ကြံသူတွေဟာ ကောင်းကင်တာအိုကို ကျောပေးထားပါတယ်။ သူတို့တွေက ရန်သူနဲ့ ယှဉ်ရင် အရေအတွက်များပေမဲ့ အရှိန်အဝါပိုင်းမှာတော့ အများကြီး နိမ့်ပါးပါတယ်။
နှစ်ဖက်ကြားက ဟင်းလင်းပြင်မှာလည်း အလောင်း အမြောက်အမြား ပေါလောမျောနေပါတယ်။ အလောင်းအများစုက ကောင်းကင်တာအို သက်ရှိတွေပါ။
လီယောင်၊ ရှင်းဟုန်ရွှမ်နဲ့ ရွှမ်ချင်းတို့ဟာ တာအိုပညာရှိတွေကြားထဲ ရပ်နေကြပါတယ်။ တာအိုပညာရှိ အကုန်လုံးရဲ့ အကြည့်ဟာ ရှင်းဟုန်ရွှမ်ရှေ့က ဝဲကတော့နက်ဆီ ရောက်နေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်လုံးဟာလည်း မျှော်လင့်ချက်တွေ ပြည့်နေပါတယ်။
‘သူ တကယ်ပဲ လာမှာလား... ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ’ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ် ရှိတုန်းက အချိန်တွေကို သတိရမိလိုက်ပါတယ်။ အဲဒီတုန်းက ဟန်ကျွယ် ရှိနေတဲ့အတွက် ကောင်းကင်အရှင်ရွှမ်တုဟာ ဘာဖိအားမှ မခံစားခဲ့ရပါဘူး။ ကိစ္စတွေကိုလည်း သိပ်ပြီး သတိထားစရာ မလိုခဲ့ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ် မရှိတော့တဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ ကန့်သတ်မှုပေါင်းမျိုးစုံကို ရင်ဆိုင်ရပြီး စိတ်ထဲရှိသလို မလုပ်ဆောင်နိုင်တော့ပါဘူး.
“ရှင်က ဟန်ဟွမ်ကို ဆင့်ခေါ်နေတာလား၊ ကောင်းတယ်၊ ကျွန်မ စောင့်မယ်”
အသံပိုင်ရှင်က ဇရပ်ပေါ်မှာ ရပ်နေပါတယ်။ သူဟာ သားသားနားနား ဝတ်ဆင်ထားပြီး မျက်နှာကလည်း ချောမောလှပကာ သက်ရှိအားလုံးကို ငုံ့ကြည့်နေတဲ့ ဧကရီလိုမျိုး မောက်မာတဲ့ဟန် ရှိပါတယ်။
သူက နတ်သမီးမင်ကျိပါ။ နတ်သမီးမင်ကျိဟာ ပဋိပက္ခမှာ တော်တော်လေး နာမည်ကြီးပြီး အလွန်တရာမှ စွမ်းအားကြီးမားပါတယ်။
နတ်သမီးမင်ကျိရပ်နေတဲ့ ဇရပ်အောက်မှာတော့ ကြယ်တစ်လုံးစာ ကြီးမားတဲ့ ခေါင်းခုနစ်လုံးသားရဲတစ်ကောင် ရှိနေပါတယ်။ ဒီသားရဲရဲ့ ခန္ဓာကိုယ်က ဧရာမလိပ်ကြီးနဲ့တူပြီး ခေါင်းခုနစ်လုံးကတော့ နဂါး၊ ကျား၊ ချီလင် စတာတွေနဲ့ ဆင်တူပါတယ်။
ဒီခေါင်းခုနစ်လုံးသားရဲ ရှေ့မှာတော့ မဟာတာအိုပညာရှိချုပ် သုံးပါးနဲ့ မဟာတာအိုပညာရှိ ဒါဇင်ကျော် ရှိနေပါတယ်။ ဒီမဟာတာအိုပညာရှိသုံးပါးနဲ့တင် ကောင်းကင်တာအိုကို အသက်ရှူကျပ်အောင် လုပ်လို့ရပါတယ်။
သူတို့ထဲက တစ်ယောက်ဟာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီလို့ သူ့ရောင်ဝါက နေထက်တောင် တလက်လက် တောက်ပနေပါသေးတယ်။
ကောင်းကင်တာအိုမှာ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီး ရှိပေမဲ့ သူတို့တွေက ကိုယ်ပိုင်ဂိုဏ်း တည်ထောင်ကြတာမလို့ ဘယ်သူမှ လီယောင်ထက် စွမ်းအားမကြီးကြပါဘူး။
လီယောင်က မဟာတာအိုပညာရှိချုပ် သုံးပါးကို ခုခံနိုင်ပါတယ်။ ဒါပေမဲ့ မဟာတာအိုပညာရှိချင်း ယှဉ်တဲ့ တိုက်ပွဲမှာ ကောင်းကင်တာအိုက အရေးနိမ့်နေပါတယ်။
“အဲဒီစီနီယာ ဆင့်ခေါ်တာက ဒဏ်ခတ်သမား ဟန်ဟွမ်လား”
“သူတို့တွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တာအိုလက်တွဲဖော်တွေလို့ ပြောကြတယ်၊ ဆင့်ခေါ်တဲ့ ဆန်းကြယ်စွမ်းအားကို သုံးတဲ့လူက ဟန်ဟွမ်ရဲ့ အမေအရင်းပဲ”
“တော်တော် ငယ်တာပဲနော်”
“အဲဒီကောင်တွေ မကြာခင် သေတော့မှာ၊ ဟန်ဟွမ်လာတာနဲ့ အဲဒီကောင်တွေ အကုန် အလောင်းကောင် ဖြစ်ပြီ”
“သူ ဘာဖြစ်လို့ ခုထိ ထွက်မလာသေးတာလဲ”
ကောင်းကင်တာအိုပညာရှိတွေ ဆွေးနွေးကြသလို နောက်မှာရှိတဲ့ ကျင့်ကြံသူတွေကလည်း တစ်ယောက်တစ်ပေါက် ပြောကြပါတယ်။ ဒါပေမဲ့ ဒီကျင့်ကြံသူတွေရဲ့ ဗဟုသုတဟာ နည်းပါးလွန်းပြီး ဟန်ဟွမ်ကို မကြားဖူးတဲ့လူတွေ အများကြီး ပါပါတယ်။
သူတို့တွေဟာ ကောင်းကင်တာအို ကပ်ဘေးဆိုက်မှန်းပဲ သိပါတယ်။ ရက်စက်တဲ့ တိုက်ပွဲအပြီးမှာ ကောင်းကင်တာအို ရှုံးနိမ့်တော့မယ်၊ ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်ကို မဆင့်ခေါ်နိုင်ရင် သူတို့တွေ အကုန်လုံး သေရတော့မှာဆိုတာ သိလိုက်ပါတယ်။
ဝဲကတော့နက်ဟာ တိတ်ဆိတ်နေတုန်းပါ။ အာကာသ လူးလွန့်တာကလွဲရင် ဘာမှ ပေါ်မလာပါဘူး။
တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားပါတယ်။
ဝဲကတော့နက်ဟာ ဘာမှထူးခြား မလာပါဘူး။
ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရွှမ်ချင်းကျွင်း၊ လီယောင်နဲ့ တခြားမိန်းမတွေလည်း နည်းနည်း စိုးရိမ်သွားပါတယ်။
‘ဆန်းကြယ်စွမ်းအားက တစ်ခုခုမှားနေလို့ ယောက်ျားကို မဆင့်ခေါ်နိုင်တာလား၊ ဒါမှမဟုတ် ယောက်ျားက တံခါးပိတ်ကျင့်ကြံနေလို့ အနှောင့်အယှက် မခံတာလား’
ဘာပဲဖြစ်ဖြစ် တော်တော်လေး ပြဿနာတက်မှာပါ။
စောင့်နေတဲ့ နတ်သမီးမင်ကျိဟာ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အတွက် ဒေါသထွက်သွားပါတယ်။ နတ်သမီးမင်ကျိဟာ သူ့ကိုကယ်တဲ့ ယောက်ျားက သူ့ကို အထင်သေးတယ်လို့ တွေးမိလိုက်ပါတယ်။
‘သူက ငါ့ကို အာရုံခံမိလို့ တမင် မလာတာလား... ဖြစ်နိုင်တယ်... သူ့စရိုက်က ဘယ်သူ့ကိုမှ ဂရုစိုက်တာ မဟုတ်ဘူး... တကယ်လို့ သူ ဒီနေ့လာရင်လည်း ကောင်းကင်တာအိုက သူ့အားနည်းချက် ဖြစ်သွားမှာပဲ’
ဒီအတွေးကြောင့် နတ်သမီးမင်ကျိဟာ ဒေါသချောင်းချောင်း ထွက်သွားပြီး မျက်နှာတစ်ခုလုံး ရေခဲလို အေးစက်သွားပါတယ် “တိုက်... ကောင်းကင်တာအိုကို ဖျက်ဆီးပစ်”
အမိန့်ကို ကြားတာနဲ့ နတ်သမီးမင်ကျိရဲ့ လက်အောက်ငယ်သားတွေဟာ အော်ဟစ်ကြုံးဝါးလိုက်ပါတယ်။ မဟာတာအိုပညာရှိတွေကလည်း ဓမ္မစွမ်းအားကို ထပ်မံစုစည်းပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။
ဒါပေမဲ့ မဟာတာအိုပညာရှိချုပ် သုံးပါးဟာ တစ်စက်ကလေးတောင် မလှုပ်ပါဘူး။ သူတို့တွေဟာ ရှင်းဟုန်ရွှမ်ရှေ့က ဝဲကတော့နက်ကို စိုက်ကြည့်ရင်း တော်တော်လေးကိုမှ မျက်နှာပျက်နေကြပါတယ်။
အလယ်က မဟာတာအိုပညာရှိချုပ်က မတိုးမကျယ် မေးလိုက်ပါတယ် “မင်းတို့က ဘယ်သူတွေလဲ”
လှုပ်ရှားဖို့ အသင့်ဖြစ်နေတဲ့ ပဋိပက္ခစစ်တပ်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။
နတ်သမီးမင်ကျိဟာ ဝဲကတော့နက်ကို မျက်လုံးကျဉ်းကြည့်ပြီး မပျော်မရွှင် ဖြစ်သွားပါတယ် ‘သူလာမှာလား’
“ဟန်ဟွမ်... စကားတစ်ခွန်းပဲ ပြောပါ၊ ကျွန်မ ချက်ချင်း ပြန်ဆုတ်သွားမယ်” နတ်သမီးမင်ကျိရဲ့ စကားကြောင့် အားလုံးရဲ့အကြည့်ဟာ ဝဲကတော့နက်ဆီ ရောက်သွားပါတယ်။
ရှင်းဟုန်ရွှမ် “ဟွန်း... ငါက ငါ့သားကို ဆင့်ခေါ်တာ မဟုတ်ဘူး”
နတ်သမီးမင်ကျိဟာ မှင်တက်သွားပြီးနောက် ဘီလူးမ သံပရာသီးကိုက်ထားတဲ့အတိုင်း ဖြစ်သွားပါတယ်။ လှည့်စားခံရတယ်လို့လည်း ခံစားလိုက်ရပါတယ်။
“အချိန်ကုန်လိုက်တာ... ကောင်းကင်တာအိုကို ပြားပြားဝပ်အောင် လုပ်ကြ” နတ်သမီးမင်ကျိက ဒေါသပုန်ထပြီး အော်ပြောလိုက်ပါတယ်။ သူ့အသံက ရူးသွပ်ပြီး အရင်လိုမျိုး နားဝင်မချိုတော့ပါဘူး။
ပဋိပက္ခ စစ်တပ်က တိုက်ခိုက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ဟွန်းခနဲ နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပါတယ်။ ရုတ်ခြည်းဆိုသလို မဟာတာအိုပညာရှိချုပ်နဲ့ နတ်သမီးမင်ကျိကလွဲရင် ပဋိပက္ခစစ်တပ်တစ်ခုလုံး ပြာအတိကျသွားပါတယ်။
နတ်သမီးမင်ကျိရဲ့ ခြေထောက်အောက်က ခေါင်းခုနစ်လုံးသားရဲလည်း ခန္ဓာကိုယ်ရော လိပ်ပြာရော ပျက်စီးသွားပါတယ်။
ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ရဲ့ ချိန်ရွယ်မှုကြောင့် နတ်သမီးမင်ကျိဟာ လန့်ဖျပ်ပြီး တစ်လက်မတောင် မလှုပ်ရှားနိုင်တော့ပါဘူး။
မဟာတာအိုပညာရှိချုပ်သုံးပါးကတော့ ဒီထက်ပိုဆိုးပါတယ်။
ကောင်းကင်တာအိုကလူတွေဟာ ပဋိပက္ခစစ်တပ် ရုတ်ခြည်း ပျက်စီးသွားတာကို ကြည့်ပြီး ကြက်သေသေသွားကြပါတယ်။
‘ဘာတွေ ဖြစ်သွားတာလဲ’
‘ဘယ်သူလာတာလဲ’
ကောင်းကင်တာအိုပညာရှိတွေဟာ အမှန်တရားကို ခန့်မှန်းမိလိုက်ပြီး စိတ်လှုပ်ရှားသွားကြပေမဲ့ ရိုင်းတယ်လို့ အထင်ခံရမှာစိုးတဲ့အတွက် ဘယ်သူမှ စကားမပြောရဲကြပါဘူး။
ဝူတောက်ကျန့်ဟာ သက်ပြင်းရှည်ကြီးချပြီး ရင်ဘက်ကို လက်နဲ့ အသာပုတ်လိုက်ပါတယ် “ထင်တဲ့အတိုင်းပဲ... သခင်က ငါတို့ကို လျစ်လျူမရှုထားဘူး”
ရှင်းဟုန်ရွှမ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ကောင်မလေး... နင် ဆက်ပြီးတော့ မောက်မာနေဦးမှာလား”
ရှင်းဟုန်ရွှမ်ဟာ နတ်သမီးမင်ကျိကို သိပ်မကြည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်သမီးမင်ကျိက သူ့သားကို လိုက်နေတာတောင် သူ့ကို သတ်ရဲလို့ပါပဲ။ ရှင်းဟုန်ရွှမ်ဟာ ဒီလိုချွေးမမျိုးကို မလိုချင်ပါဘူး။
နတ်သမီးမင်ကျိဟာ ဘာမှ ပြန်မဖြေဘဲ ဝဲကတော့နက်ကိုသာ စိုက်ကြည့်နေပါတယ်။
ဒီအချိန်မှာ မဟာတာအိုပညာရှိချုပ်သုံးပါးဟာ စိတ်သက်သာရာ ရသွားကြပါတယ်။ ခေါင်းဆောင် မဟာတာအိုပညာရှိချုပ်က အမြန်ဦးညွှတ်ပြီး “စီနီယာရဲ့ ခွင့်လွှတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့တွေ ကောင်းကင်တာအိုကို ဘယ်တော့မှ ထပ်ပြီးတော့ မကျူးကျော်တော့ပါဘူး”
စကားဆုံးတာနဲ့ မဟာတာအိုပညာရှိချုပ်သုံးပါးဟာ ချက်ချင်း အလင်းတန်းအသွင် ပြောင်းလဲပြီး နတ်သမီးမင်ကျိကို ခေါ်ဆောင်ကာ ထွက်ခွာသွားပါတယ်။
ရှင်းဟုန်ရွှမ်ရှေ့က ဝဲကတော့နက်လည်း ကျုံ့ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်တာအိုလည်း ဩဘာပေးသံတွေနဲ့ အုတ်အုတ်ကျက်ကျက် ဖြစ်သွားပါတယ်။
“ငါတို့ ကယ်တင်ခံရပြီ”
“ခုနက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်မယ်”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အဲဒီလောက်တောင် စွမ်းအားကြီးတာလား၊ ငါ သူ့ကို မြင်တောင် မမြင်လိုက်ရဘူး”
“အဲဒါက ပဋိပက္ခထက်သာတဲ့ တည်ရှိမှုကွ... အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်လဲ၊ ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့လည်း တွေ့ရော လသားကလေးလေး ဖြစ်သွားတယ်မလား”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မိစ္ဆာမကို ဘာဖြစ်လို့ လွှတ်ပေးလိုက်တာလဲ”
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ နတ်သမီးမင်ကျိနဲ့ ဟန်ဟွမ်ရဲ့ ကံတရားကို တွက်ချက်ပါတယ်။ ဟန်ကျွယ် နတ်သမီးမင်ကျိကို မသတ်တာက ဟန်ဟွမ်ရဲ့ ကံကြမ္မာပါလာလို့ပါ။ လက်ထပ်တာကလည်း ကံနဲ့ ဆက်စပ်ပါတယ်။ ကျင့်ကြံမှု အဆင့်မြင့်လေလေ လက်ထပ်မှုကို ပိုပြီးတော့ နက်နက်နဲနဲ မြင်နိုင်လေလေပါပဲ။
ဟန်ဟွမ်ဟာ နတ်သမီးမင်ကျိအပေါ် ဘာခံစားချက်မှ မရှိပါဘူး။ ဒါက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ အရင်ကတည်းက ဟန်ဟွမ်ရဲ့ နှလုံးသားဟာ ကျောက်တောင်လိုပါပဲ။
ဟန်ကျွယ်ဟာ ဟန်ဟွမ်က ဒီအတွေ့အကြုံနဲ့ သူ့တာအိုနှလုံးသားကို ခိုင်ခံ့အောင်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဟန်ဟွမ်နဲ့ နတ်သမီးမင်ကျိက ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာတော့ ဟန်ကျွယ် ဂရုမစိုက်ပါဘူး။
“ဒီကိစ္စက ဘာအရေးကြီးလို့လဲ၊ ဆက်ပြီးတော့ ကျင့်ကြံတာပဲ ကောင်းတယ်”
ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးကာ ဟန်ကျွယ်ရဲ့ အသက် သန်း ၂၉၀ ပြည့် မွေးနေ့ကို ရောက်လာပါတယ်။ နောက်ထပ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ်ကိုလည်း ရလိုက်ပါတယ်။
ဟန်ကျွယ် ဖိအားခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ အသက် သန်း ၃၀၀ မပြည့်ခင် အဆင့်တက်ဖို့ မျှော်လင့်ထားခဲ့တာကြောင့်ပါ။ အခုသူ့မှာ နောက်ထပ် နှစ်ဆယ်သန်းပဲ ရှိပါတော့တယ်။
ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး နဝမပဋိပက္ခကို ကျိန်စာတိုက်ပါတယ်။ အဆင့်တက်မှု နှေးကွေးတာကြောင့် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ပြဿနာရှာတာ ဖြစ်ပါတယ်။ ဒါမှ နဝမပဋိပက္ခရဲ့ ကျင့်ကြံမှုက ရှေ့ကို မရောက်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။