တာအိုကောင်းကင် မျိုးနွယ်စု
Vol. 104 Ch. 1089
အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လေးငါးဆယ်ရက် တိုက်ခိုက်ပြီးနောက် ဟန်ကျွယ်ရဲ့ စိတ်ဟာ ပြန်တည်ငြိမ်သွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက ထွက်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယင်ယန်ချွမ်တု နတ်မင်းကို အခုထိ ကျွန်ပြုလို့ မပြီးသေးတာကြောင့်ပါ။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်း အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်က အတူစုပြီး ကျင့်ကြံအားထုတ်နေတာကို တွေ့လိုက်ရပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှု အနိမ့်ဆုံးက မဟာတာအို အထွတ်အထိပ် အလယ်အဆင့်ပါ။
ဟန်ကျွယ်ဟာ သူတို့ကို အပြင်မှာ လေ့ကျင့်ခိုင်းရင် ကောင်းမလားလို့ တွေးမိလိုက်ပါတယ်။ သူတို့တွေကိုယ်တိုင်လည်း ပဋိပက္ခမှာ လျှောက်သွားချင်နေကြတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်ကို ပညာသင်ကြားပေးဖို့ ကိုယ်ပွားတစ်ပွား ဖန်တီးပေးလိုက်ပါတယ်။
ဒီလိုနဲ့ အချိန်ဟာပုံမှန်ကုန်ဆုံးရင်း နှစ်သန်းချီ ကြာသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ယင်ယန်ချွမ်တုနတ်မင်းကို အောင်မြင်စွာ ကျွန်ပြုနိုင်လိုက်ပါတယ်။
[ယင်ယန်ချွမ်တုနတ်မင်းသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
အန္တိမမူလဝိညာဉ်ချွေဓား ပျောက်ကွယ်သွားတဲ့အခါ ယင်ယန်ချွမ်တုနတ်မင်းဟာ သူ့ပင်မခန္ဓာကိုယ်ကို ခဲလိုက်ပါတယ်။ အဲဒီနောက် ယင်ယန်ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ရှေ့မှာ တရိုတသေ ဒူးထောက်ပြီး ခစားပါတယ်။
ဟန်ကျွယ်ဟာ မေးခွန်းတချို့ မေးမြန်းပြီး လိုအပ်တာ ညွှန်ကြားကာ ယင်ယန်ချွမ်တုနတ်မင်းကို ဗလာနယ်မြေဆီ ပြန်ပို့လိုက်ပါတယ်။
ယင်ယန်ချွမ်တုနတ်မင်းဟာ ဗလာနယ်မြေဆီ ရောက်တာနဲ့ သူ့မဟာတာအိုကမ္ဘာဆီ ပျံသန်းဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ အနန္တဖျက်ဆီးရှင်သခင်က သူ့ကို အသံလွှင့်စကား ပြောလာပါတယ်။
တာအိုဖန်တီးရှင် နှစ်ပါးဟာ လျှို့ဝှက်ဆန်းကြယ် အာကာသမှာ ပေါ်လာပါတယ်။
“စောစောတုန်းက ဘာဖြစ်တာလဲ” အနန္တဖျက်ဆီးရှင်သခင်က မေးလိုက်ပါတယ်။
“ငါ ရှုံးသွားတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တာအိုစက်ကွင်းမှာ တာအိုသွားနားထောင်တာ၊ ဒီအတောအတွင်း တာအိုဆွေးနွေးမှုက ငါ့အတွက် တော်တော်လေး အကျိုးများတယ်၊ ငါ တံခါးပိတ်ကျင့်ကြံဖို့ စိတ်ကူးထားတယ်”
“တာအိုနားထောင်ရုံပဲလား”
“ဟုတ်တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ခြိုးခြံတဲ့အကျင့် ရှိတယ်၊ ဒါပေမဲ့ သူ့ကို နောက်တစ်ခါ ပြဿနာရှာရင် ဒီလောက်လွယ်လွယ်နဲ့ မပြီးဘူးလို့ သတိပေးလိုက်တယ်၊ ငါလည်း အန္တိမမူလကမ္ဘာကို ဘာမှမလုပ်တော့ပါဘူးလို့ ကတိပေးလိုက်တယ်”
ယင်ယန်ချွမ်တုနတ်မင်းရဲ့ အဖြေကြောင့် အနန္တဖျက်ဆီးရှင်သခင်ဟာ ခေါင်းရှုပ်သွားပါတယ်။
ဟုတ်ပါတယ်။ တကယ်ကို စဉ်းစားမရတော့တာပါ။
ဟန်ကျွယ်နဲ့ ယင်ယန်ချွမ်တုနတ်မင်းရဲ့ တိုက်ပွဲက လက်ရည်စမ်းပွဲ မဟုတ်ဘူးဆိုတာကို သူတို့တွေ ကောင်းကောင်းကြီး သိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တိုက်ပွဲပြီးတာနဲ့ တာအိုဆွေးနွေးတာက ယုံနိုင်စရာကို မရှိပါဘူး။
ဒါပေမဲ့ အနန္တဖျက်ဆီးရှင်သခင်ဟာ ယင်ယန်ချွမ်တုနတ်မင်းကို ဟန်ကျွယ်က သတိပေးလိုက်တယ်ဆိုတဲ့အတွက် စိတ်ထဲမှာ ဝမ်းသာသွားပါတယ်။ သူက ယင်ယန်ချွမ်တုနတ်မင်းကို မကြည်တာ ကြာပါပြီ။ ယင်ယန်ချွမ်တုနတ်မင်းက သူ့ကို အမြဲတမ်း အနိုင်ကျင့်ခဲ့တယ် မဟုတ်ပါလား။
ယင်ယန်ချွမ်တုနတ်မင်း “ဟွန်း... ဘာကိစ္စရှိသေးလဲ၊ မင်း ငါ့ကို လာလှောင်တာဆိုရင် ငါ ဘယ်လို ခံစားခဲ့ရလဲဆိုတာ မင်းကို ခံစားခိုင်းလို့ရတယ်”
‘ဘာမှ မပြောင်းလဲသေးဘူး... အရင်အတိုင်း မောက်မာပြီး ဗိုလ်ကျတုန်းပဲ’ အနန္တဖျက်ဆီးရှင်သခင်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
အဲဒီနောက် တာအိုဖန်တီးရှင် နှစ်ပါးဟာ စကားနည်းနည်းပါးပါး ပြောပြီးမှ လမ်းခွဲလိုက်ကြပါတယ်။
အနန္တဖျက်ဆီးရှင်သခင်ဟာ တခြား လျှို့ဝှက်ဆန်းကြယ် အာကာသဆီ သွားပါတယ်။ ဒီနေရာမှာ ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းတို့ ရှိနေပါတယ်။
“အခြေအနေ ဘယ်လိုလဲ” ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ်။
“သူ အဆင်ပြေတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သူ့ကို သတိပေးလိုက်တယ်လို့တော့ ပြောတယ်”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ရန်သူကို ကျွန်ပြုနိုင်တယ်၊ သူ...”
“မဖြစ်နိုင်ဘူး၊ ငါတို့က တာအိုဖန်တီးရှင်တွေ၊ ပဋိပက္ခတောင် ငါ့ကို ဖိနှိပ်ရုံပဲ တတ်နိုင်တာ၊ သူက ငါတို့ကို ဘယ်လိုလုပ်ပြီး ကျွန်ပြုနိုင်မှာလဲ၊ ငါကြည့်ရသလောက်တော့ အဲဒီကောင်ရဲ့ စရိုက်က ဘာမှပြောင်းလဲမသွားဘူး၊ နဂိုအတိုင်းပဲ”
“ဒါလည်း ဟုတ်တာပဲ”
တာအိုဖန်တီးရှင်တစ်ပါးကို ကျွန်ပြုပြီး လုံးဝ သစ္စာရှိလာအောင် လုပ်နိုင်တယ်ဆိုတာက ယုံနိုင်ဖွယ် မရှိပါဘူး။ ယင်ယန်ချွမ်တုနတ်မင်းက အဲဒီလိုလုပ်ဖို့ ဆန္ဒရှိရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ယင်ယန်ချွမ်တုနတ်မင်းက အထူးသဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း ဒီလိုလုပ်စရာအကြောင်း တစ်စက်မှကို မရှိပါဘူး။
“ငါတို့တွေ စောင့်ကြည့်ကြတာပေါ့” သဏ္ဍာန်မဲ့နတ်မင်းက ပြောလိုက်ပါတယ်။
ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင်လည်း ခေါင်းညိတ်လိုက်ပါတယ်။
အခုအခြေအနေအရ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ပဋိပက္ခက နောက်ကျရင် တိုက်ခိုက်တော့မယ်ဆိုတာ ထင်ရှားနေပါပြီ။
ယင်ယန်ချွမ်တုနတ်မင်းရဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စွမ်းအားက တာအိုဖန်တီးရှင်သုံးပါးကို နှလုံးတုန်သွားစေပါတယ်။ ဒါ့အပြင် ပဋိပက္ခကို ခုခံနိုင်နေပြီလို့လည်း ကောက်ချက်ချလိုက်ကြပါသေးတယ်။
ပဋိပက္ခသိစိတ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... သူ ဘယ်ကနေ လာတာလဲ၊ သူက ငါတို့မတိုင်ခင် ရှေးဟောင်း တည်ရှိမှုတွေထဲက တစ်ခု ပြန်မွေးဖွားတာလား”
သဏ္ဍာန်မဲ့နတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင်ဟာ ပဋိပက္ခသိစိတ်ရဲ့ စကားကို ခေါင်းညိတ် လက်ခံကြပါတယ်။
ဒီမေးခွန်းကိုတော့ သူတို့တွေ မဖြေနိုင်ပါဘူး။ ဟန်ကျွယ်မှာ နောက်ထပ် သရုပ်တစ်ခု ရှိနေတယ်လို့ပဲ ခန့်မှန်းနိုင်ကြပါတယ်။
သာမန်လူတစ်ယောက်က ဘယ်လောက်ပဲ အရည်အချင်းရှိရှိ နှစ်သန်းသုံးရာလောက်နဲ့ ဒီလောက်ထိ စွမ်းအားကြီးလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒဏ္ဍာရီလာ လောကဦးနတ်ဘီလူးဆိုရင်တော့ မပြောတတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က သူတို့ ကြံစည်ချင်တိုင်း ကြံစည်လို့ရတဲ့လူ မဟုတ်တော့ဘူးဆိုတာကို သူတို့တွေ နားလည်သွားကြပါတယ်။ သူတို့တွေဟာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ တိုက်ပွဲကြီးတစ်ပွဲ လာနေပြီဆိုတာကို မြင်နေကြပါပြီ။
အခုအချိန်မှာ သူတို့လုပ်နိုင်တာက သူတို့ မဟာတာအိုကမ္ဘာထဲမှာရှိတဲ့ သက်ရှိတွေနဲ့ သူတို့ကိုယ်သူတို့ တတ်နိုင်သလောက် ကာကွယ်ဖို့ပါ။
ဟန်ကျွယ်ဟာ အသက် သန်း ၃၁၀ ပြည့်တဲ့အခါ ရှန်ဝေါ်နဲ့ ရှန်ရှင်းကိုးဖော်ကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။ ရှန်ဝေါ်တို့ဆယ်ယောက်ဟာ အခုလို အခေါ်ခံရတဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားနေကြပါတယ်။
သူတို့တွေ တာအိုဘုံကျောင်းထဲကနေ ထွက်သွားရတာ အတော်လေး ကြာသွားခဲ့ပြီ မဟုတ်ပါလား။
သူတို့တွေဟာ ဟန်ကျွယ်ကို သေသေချာချာ ကြည့်လိုက်ကြပါတယ်။ နှစ်တွေ ကြာသွားပေမဲ့ ဟန်ကျွယ်က အရင်အတိုင်းပါပဲ။ ဘာမှ မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့ စွမ်းအားပိုကြီးလာတယ်လို့တော့ သူတို့တွေ ခံစားလိုက်ကြရပါတယ်။
သူတို့ဘိုးဘေးက ဒီလောက်အကြာကြီး တံခါးပိတ်ကျင့်ကြံမှတော့ တစ်ခုခုမရဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
“ရှန်ရှင်းကိုးဖော်... ငါ မင်းတို့ကို တာဝန်တစ်ခုပေးမယ်၊ ပဋိပက္ခဆီသွားပြီး အန္တိမမူလနတ်ဘီလူးကို သွားဖမ်းချည်”
ဟန်ကျွယ်ပြောတဲ့ အန္တိမမူလ နတ်ဘီလူးဆိုတာက ဟန်လင်ရဲ့ ပျိုးထောင်မှုကြောင့် အန္တိမမူလကျင့်ကြံမှု စွမ်းရည်ကနေ မွေးဖွားလာတဲ့လူပါ။ အခုသူက ကောင်းကင်ရုံးတော်ထဲမှာ ရှိနေပါတယ်။ သူ အန္တိမမူလနတ်ဘီလူးဆိုတဲ့ နာမည်ကို အသုံးပြုတာက ဟန်ကျွယ်ကို စော်ကားတာနဲ့ အတူတူပါပဲ။
ဒါ့အပြင် ရှန်ရှင်းကိုးဖော်ကို လေ့ကျင့်ဖို့ အခွင့်အရေးကောင်းဆိုရင်လည်း မမှားပါဘူး။
ဟန်ကျုံတောက် “ကျွန်တော်တို့ နာမည်တွေကို ထုတ်ပြရတော့မှာလား”
ဟန်ကျွယ် “မင်းတို့တွေ ရှန်ရှင်းကိုးဖော်ဆိုတဲ့ နာမည်ကို သုံးလို့ရတယ်၊ ဒါပေမဲ့ ငါ့ကိုရော တိတ်ဆိတ်ဂိုဏ်း နာမည်ကိုရော ထုတ်မပြောနဲ့”
“နားလည်ပါပြီ”
ရှန်ရှင်းကိုးဖော်ဟာ စိတ်လှုပ်ရှားပြီး လက်ဝါးတွေကို ပွတ်သပ်လိုက်ကြပါတယ်။ နောက်ဆုံးတော့ သူတို့တွေ လှုပ်ရှားဖို့ အခွင့်အရေး ရလာခဲ့ပြီ မဟုတ်ပါလား။
ရှန်ရှင်းကိုးဖော် ထွက်သွားတဲ့အခါ ရှန်ဝေါ်ကလည်း ဟန်ကျွယ်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါတယ်။
ဟန်ကျွယ် “ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချည်၊ ကျိန်စာတာအိုက နတ်ကြယ်ကိုးစင်းနဲ့ မတူဘူး၊ နောက်ကျရင် မင်း အမှောင်ထဲမှာပဲ ပုန်းနေရမှာဆိုတော့ ငါ့ဘေးမှာပဲနေ”
ရှန်ဝေါ်ဟာ ရင်ထဲမချိ ဖြစ်သွားပေမဲ့ ဟန်ကျွယ်စကားကို မငြင်းရဲပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “နောက်ကျလို့ ငါ အားရင် မင်းကို အပြင်ခေါ်သွားပေးမယ်”
ဒီစကားကို ကြားတာနဲ့ ရှန်ဝေါ်ဟာ ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ သာလွန်တည်ရှိမှုတွေ သိပ်မလှုပ်ရှားပေမဲ့ ပဋိပက္ခထဲက တိုက်ပွဲတွေဟာ ပိုပိုတိုးလာပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တစ်စောင်ကို သတိထားမိလိုက်ပါတယ်။
[သင့်မိတ်ဆွေ တာအိုဘိုးဘေးသည် သင့်မိတ်ဆွေ ပန်ကူး၏ အကူအညီဖြင့် ချုန့်ကျန့် မျိုးနွယ်စုတစ်စုအား ဖန်တီးလိုက်သည်။]
‘ချုန့်ကျန့်မျိုးနွယ်စု’
ဟန်ကျွယ်ဟာ သိချင်သွားတာကြောင့် တွက်ချက်ကြည့်လိုက်တဲ့အခါ ပန်ကူးနဲ့ ဟုန်ကျွင်း ပူးပေါင်းပြီး လူသားမျိုးနွယ်စုတစ်စု ဖန်တီးတာကို တွေ့လိုက်ရပါတယ်။ ဒီမျိုးနွယ်စုက လူသားမျိုးနွယ်စုနဲ့ ဆင်တူပေမဲ့ ရုပ်ခန္ဓာက ကောင်းကင်တာအို လူသားမျိုးနွယ်စုထက် အများကြီး ပိုမြင့်ပါတယ်။
ဒီမျိုးနွယ်စုကို သူတို့နှစ်ယောက်က တာအိုကောင်းကင်မျိုးနွယ်စုလို့ နာမည်ပေးထားပါတယ်။
တာအိုကောင်းကင်မျိုးနွယ်စုက ကောင်းကင်တာအိုထဲမှာ မဟုတ်ပါဘူး။ ပဋိပက္ခရဲ့ ထောင့်တစ်နေရာမှာပါ။ လောလောဆယ်တော့ သူတို့တွေဟာ လူရှေ့သူရှေ့ မထွက်သေးပါဘူး။
ဒီမျိုးနွယ်စုရဲ့ အရည်အချင်းက ပဋိပက္ခ နတ်ဘီလူးတွေ နီးပါး ရှိပါတယ်။ သူတို့မှာ ပန်ကူးရဲ့ သွေးနှစ်နဲ့ တာအိုဘိုးဘေးရဲ့ မဟာတာအို သုံးသပ်နားလည်မှုတွေ ပါဝင်တာကြောင့် ဒီလောက်ထိ အရည်အချင်း ထက်မြက်နေတာပဲ ဖြစ်ပါတယ်။
တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။
ဟန်ကျွယ်ဟာ စိတ်ဝင်စားရုံပဲ စိတ်ဝင်စားတာပါ။ ဝင်ပါချင်လောက်တဲ့အထိ စိတ်မဝင်စားပါဘူး။ ပန်ကူးနဲ့ တာအိုဘိုးဘေးက သူနဲ့အဆင့်တူ မဟုတ်တော့ပါဘူး။ နောက်ပြီး သူတို့တွေက ရန်သူတွေ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ သူတို့ကို ဖိနှိပ်မှာ မဟုတ်ပါဘူး။
ဘယ်သူရဲ့ ကျင့်ကြံမှုအလျင်ကမှ သူ့ကို လိုက်မမီပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဘယ်အငယ်ကိုမှ ဖိနှိပ်မှာ မဟုတ်ပါဘူး။
ပြိုင်ဘက်ကင်းလွန်းရင်လည်း အဓိပ္ပာယ်မရှိပါဘူး။ အငယ်လေးတွေ သူတို့ကိုယ်သူတို့ အထင်ကြီးပြီး သူ့ကို မကြာမကြာ လာစိန်ခေါ်မှ စိတ်ဝင်စားဖို့ကောင်းမှာပါ။
ဟန်ကျွယ်ဟာ စွမ်းအားအလုံအလောက် မရှိသေးလို့ အနှောင့်အယှက် မခံချင်တာပါ။ ဒါပေမဲ့ သူက ပြိုင်ဘက်ကင်းခါနီးနေပြီဆိုတော့ တစ်ယောက်ယောက် နှောင့်ယှက်တာကို လိုချင်လာပါတယ်။ ဟန်ကျွယ်ဟာ ဟိတ်ဟန်ထုတ်ရတာကို မရှက်ပါဘူး။
.....
သာလွန်နယ်မြေ၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်။
ဟန်ဟွမ်ဟာ အထွတ်အထိပ် နိယာမထက် သာလွန်တဲ့ စွမ်းအားနဲ့ ပေါင်းစပ်နိုင်လိုက်တဲ့အတွက် ကျင့်ကြံမှု အများကြီး တိုးတက်သွားပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းက ဟန်ဟွမ်ကို အထွတ်အထိပ် နိယာမတွေရဲ့ စွမ်းအားအခွဲပဲ ပေးလိုက်တာပါ။ အထွတ်အထိပ် နိယာမတွေကို ပေးလိုက်တာ မဟုတ်ပါဘူး။ မဟုတ်ရင် သာလွန်နယ်မြေ ပြိုလဲသွားမှာပါ။
ဟန်ဟွမ် မျက်လုံးဖွင့်လိုက်တဲ့အခါ သတ်ဖြတ်ငွေ့တွေ ယှက်သမ်းသွားပါတယ်။ ဟန်ဟွမ်ဟာ စွမ်းအားကြီးလာတာနဲ့အမျှ စိတ်လည်း ပြောင်းလာပါတယ်။ ဟန်ဟွမ်ဟာ မွေးဖွားလာကတည်းက တခြားမျိုးနွယ်စုတွေကို အထင်သေးခဲ့တာပါ။ ဒါပေမဲ့ ဟန်ဟွမ်က သူတို့ကို အနိုင်မကျင့်ခဲ့ပါဘူး။
ဒါပေမဲ့ အခုအချိန်မှာတော့ ဟန်ဟွမ်ဟာ နည်းနည်း အထီးကျန်တယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။