၇၀၀ ကွာဒလီယံ တန်ဖိုး
Vol. 105 Ch. 1095
ဟန်ကျွယ်ဟာ အနာဂတ် တာအိုဖန်တီးရှင်ကို ဂရုမစိုက်ပါဘူး။ သူ မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်တာက ဟန်ကျွယ်အတွက် ကောင်းတဲ့ကိစ္စပါ။ တကယ်လို့ သူက တခြားတာအိုဖန်တီးရှင်တွေကို တိုက်ခိုက်စေတဲ့အထိ တွန်းအားပေးခဲ့မယ်ဆိုရင်တော့ သူ့ထိုက်နဲ့သူကံပါ။
တာအိုဖန်တီးရှင်တစ်ပါးရဲ့ စွမ်းအားကို မှန်းဆဖို့က တော်တော်လေး ခက်ခဲပါတယ်။ ကိုယ်တိုင် တိုက်ခိုက်ကြည့်မှ သိနိုင်တဲ့ အရာမျိုးပါ။ တာအိုဖန်တီးရှင်တွေက အခုအချိန်မှာ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီး မသေနိုင်ဘူး မဟုတ်ပါလား။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမဆို ဘဝင်မြင့်လာမှာပါ။
ဟန်ကျွယ်ဟာ ဇာတ်ကားတစ်ကား ကြည့်နေသလိုမျိုး ပဋိပက္ခကို ဆက်ပြီးတော့ ကြည့်ပါတယ်။ ဟန်ကျွယ်ရဲ့ မိတ်ဆွေတိုင်းဟာ မဟာတာအို အနန္တကပ်ဘေးထဲကို ဝင်ရောက်ကြပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်တွေတောင် ကံသက်ရောက်မှုကို ခံရပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကြောင့်ပါ။
ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်တွေထဲမှာ လီယောင်က လောကဦးပဋိပက္ခကို ရောက်ဖူးပြီး မဟာတာအို အနန္တကပ်ဘေးထဲ ဝင်ချင်တဲ့ပုံ ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သူတို့ရဲ့ ဝိညာဉ်အပိုင်းအစတွေကို သိမ်းဆည်းပြီးပြီမလို့ အပြင်မှာ သေသွားခဲ့ရင်တောင် ဟန်ကျွယ်က သူတို့ကို အသက်ပြန်သွင်းနိုင်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ ကြည့်ပြီးတဲ့အခါမှာတော့ ကျင့်ကြံတာကိုပဲ ပြန်အာရုံစိုက်ပါတယ်။
ပဋိပက္ခရဲ့ အခြေအနေက ပိုပိုပြီးတော့ တင်းမာလာပါတယ်။ အထွတ်အထိပ်ကံဟာ သက်ရှိအားလုံးကို လွှမ်းမိုးလာတဲ့အတွက် ရန်လိုမှုတွေ ပိုမြင့်လာပါတယ်။ ကျင့်ကြံမှု မြင့်လေလေ ပိုပြီးတော့ သက်ရောက်လေလေပါပဲ။
အထွတ်အထိပ်ကံရဲ့ လွှမ်းမိုးမှုအောက်မှာ ဘယ်သဘောထား ကွဲလွဲမှုမဆို ဧရာမ တိုက်ပွဲကြီး ဖြစ်သွားနိုင်ပါတယ်။
မဟာတာအို အနန္တကပ်ဘေးဟာ ပေါက်ကွဲထွက်ပါတော့မယ်။
.....
လောကဦးရေအိုင်။
ရေအိုင်ရဲ့ တစ်ဖက်ကမ်းမှာ ကျင့်ကြံသူတွေ တသီတတန်းကြီး တန်းစီနေပါတယ်။ ဒီကျင့်ကြံသူတွေဟာ လောကဦးရေအိုင်ထဲကို အသက်ရှူကြိမ် ဆယ်ကြိမ်လောက်ပဲ ခြားပြီး ခုန်ဆင်းကြပါတယ်။
သူတို့ကို တစ်ဖက်ကမ်းကနေ ကြည့်နေတဲ့ ဂျိရှင်းရှန်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါတောင် ခုန်ဆင်းချင်လာပြီ”
ပဋိပက္ခ ကောင်းကင်ခွေး “ဟီးဟီး... ခုန်ဆင်းလေ၊ မင်းရဲ့ အရည်အချင်းကလည်း သာမန်ပဲ”
ဂျိရှင်းရှန်ဟာ ပဋိပက္ခ ကောင်းကင်ခွေးကို ဝါးစားမတတ် စိုက်ကြည့်လိုက်ပါတယ်။
ကျောက်ရွှမ်ယွမ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာကြက် ဘာလို့ ရောက်မလာသေးတာလဲ၊ တိတ်ဆိတ်ဂိုဏ်း အခုလိုမျိုး စုစည်းမိဖို့က လွယ်တာ မဟုတ်ဘူး”
တာအိုအရှင်သခင်က အထင်သေးတဲ့ လေသံနဲ့ “အဲဒီကောင်က ငကြောက်လေ၊ ပဋိပက္ခ အစည်းအဝေးကလွဲရင် ဘယ်တုန်းကများ အပြင်ထွက်ဖူးလို့လဲ၊ ငါတို့တွေ သူ့ကို ကာကွယ်မယ်လို့ ကတိပေးရင်တောင် ထွက်လာရဲမှာ မဟုတ်ဘူး”
တခြားလူတွေကလည်း ငရဲကြက်နက်ကို ဝိုင်းပြောကြပါတယ်။ ဒါကို ကြားရတဲ့ ပဋိပက္ခ ကောင်းကင်ခွေးဟာ မကျေမနပ် ဖြစ်ပြီး ငရဲကြက်နက်ဘက်ကနေ ခုခံပြောဆိုပါတယ်။ ဒါပေမဲ့ အများနဲ့ တစ်ယောက် ဖြစ်တဲ့အတွက် ပဋိပက္ခ ကောင်းကင်ခွေးဟာ ဘယ်လိုမှ နိုင်အောင် မပြောနိုင်ပါဘူး။
ငရဲကြက်နက်အကြောင်း ပြောပြီးတဲ့အခါမှာတော့ ကျန်းယီက မေးလိုက်ပါတယ် “ဟန်ဟွမ် ဘယ်မှာလဲ၊ သူဘယ်တော့ လှုပ်ရှားမှာလဲ၊ အခု နတ်ဆိုးစစ်သားက တစ်ထရီလီယံကျော်သွားပြီ၊ လောကဦး ကျင့်ကြံသူတွေကလည်း သန်းတစ်ရာ ကျော်သွားပြီ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ အားပေးကူညီမှုနဲ့ဆိုရင် သူ ပဋိပက္ခကို သေချာပေါက် တော်လှန်နိုင်တယ်”
ဖန်းလျန်ဟာ လက်မြှောက်လိုက်ပါတယ်။ သူ့လက်မှာ အစိမ်းရောင် မီးခိုးငွေ့တချို့ ရှိနေပါတယ်။ ဖန်းလျန်ဟာ ဒီအစိမ်းရောင် မီးခိုးငွေ့နဲ့ ကစားပြီး “ဟီးဟီး... ကပ်ဘေးကျဖို့က လိုသေးတယ်၊ မင်းတို့လည်း ဒီကံစွမ်းအားကို ခံစားမိမှာပါ၊ ဒီကံက ရှိနေပြီဆိုပေမဲ့ အားမကြီးသေးဘူး၊ အနည်းဆုံး ငါတို့ကို ရူးအောင်လုပ်ဖို့ မလုံလောက်သေးဘူး”
လူတိုင်းဟာ ဖန်းလျန်ဟာ စကားကို ခေါင်းညိတ် ထောက်ခံကြပါတယ်။
အထွတ်အထိပ်ကံ စွမ်းအားက တကယ်ကို မလုံလောက်သေးတာပါ။
ဒီအချိန်မှာပဲ လောကဦးရေအိုင်ဟာ ပြင်းထန်စွာ လှိမ့်တက်လာတဲ့အတွက် ခုန်ဆင်းတော့မဲ့ ကျင့်ကြံသူတွေကို ထိတ်လန့်သွားစေပါတယ်။
လောကဦးရေအိုင်က အလွန်တရာ ကြီးမားပါတယ်။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးထက် ကြီးမားပါတယ်။ ရေအိုင်မျက်နှာပြင် ချာချာလည်တာက အလွန်တရာမှ ကြောက်ဖို့ကောင်းသလို အန္တရာယ်လည်း များလှပါတယ်။
အဲဒီနောက် လူတိုင်းဟာ အလွန်ကြောက်စရာကောင်းတဲ့ ဧရာမ အရိပ်ကြီးတစ်ရိပ်ကို ရေအိုင်အောက်ခြေမှာ တွေ့မြင်လိုက်ရပါတယ်။
“အဲဒါဘာလဲ” ဂျိရှင်းရှန်က မေးလိုက်ပါတယ်။
လုံဟောင်က စိတ်လှုပ်တရှား ပြန်ဖြေပါတယ် “အဲဒါ ယွမ်ရှီကျယ်ဝမ်၊ ဟန်ဟွမ် ငါ့ကို ပြောဖူးတယ်၊ လောကဦးရေအိုင်က လောကဦးသက်ရှိအဖြစ် အသွင်ပြောင်းလဲတာအပြင် လူသတ်လက်နက်ကိုလည်း မွေးမြူတဲ့ နေရာတဲ့”
‘ယွမ်ရှီကျယ်ဝမ်’ လူတိုင်းဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ ရောင်ဝါက လျင်မြန်စွာ အားကောင်းလာတာကို အာရုံခံနိုင်ပါတယ်။
ယွမ်ရှီကျယ်ဝမ်ကို တွေ့လိုက်ရတဲ့ ကျင့်ကြံသူတွေဟာ ကြောက်လန့်လွန်းပြီး ရေအိုင်ထဲကို ခုန်မဆင်းရဲကြတော့ပါဘူး။
“အဲဒါ ဘာကြီးလဲ”
“ခုန်ဆင်းသွားတဲ့ ကျင့်ကြံသူ အကုန်လုံးက ဒီကောင့်ရဲ့ အစာဖြစ်သွားတာလား”
“မဟုတ်သေးပါဘူး၊ တချို့လူတွေ အသက်ရှင်လျက် ထွက်လာပါတယ်။
“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်တဲ့ သတ်ဖြတ်ငွေ့လဲ၊ ရှေးဟောင်း သားရဲတောင် သူ့ကို မမီဘူး”
“ဒီသားရဲက သေချာပေါက် ပဋိပက္ခကို ဒုက္ခပေးနိုင်တယ်”
ဒီနေရာကို ရောက်လာတဲ့လူတွေက ပဋိပက္ခနဲ့ ရန်သူဖြစ်ဖို့ ပြင်ဆင်ပြီးပါပြီ။ ဒါကြောင့် ကြောက်လန့်မှုတွေ ပြေပျောက်သွားတဲ့အခါ အလွန်တရာမှ စိတ်လှုပ်ရှားသွားကြပါတယ်။ လောကဦးပဋိပက္ခက စွမ်းအားကြီးလေလေ သူတို့ရဲ့ ရွေးချယ်မှုက မှန်ကန်တယ်ဆိုတာကို သက်သေပြလေလေပဲ မဟုတ်ပါလား။
ကျင့်ကြံသူအများစုဟာ အဆုံးမဲ့ခေတ်ကို ရောက်ချင်တာကြောင့် လောကဦးပဋိပက္ခထဲ ဝင်ခဲ့ကြတာပါ။ မဟုတ်ရင် လောကဦးပဋိပက္ခ လက်ရှိ အခြေအနေကို ရောက်လာနိုင်ဖို့က တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။
ပဋိပက္ခထဲက သက်ရှိတွေဟာ အဆုံးမဲ့ခေတ်အကြောင်းကို သိပေမဲ့ မသေချင်ကြပါဘူး။ ဒါ့အပြင် အဆုံးမဲ့ခေတ် ရောက်လာနိုင်ဖို့ ပဋိပက္ခကို မဖြစ်မနေ စတေးရမှာ မဟုတ်ပါဘူး။
တိတ်ဆိတ်ဂိုဏ်းက တပည့်ရင်းတွေဟာ ယွမ်ရှီကျယ်ဝမ်ကို ကြည့်ပြီး သက်ပြင်းချလိုက်ကြပါတယ်။ ဟန်ဟွမ်က မောက်မာပေမဲ့ စိတ်လိုက်မာန်ပါတော့ မလုပ်ပါဘူး။ အဲဒီအစား အင်အားကိုသာ အရူးအမူး စုစည်းပါတယ်။ ဒီယွမ်ရှီကျယ်ဝမ်နဲ့တင် ပဋိပက္ခထဲက သက်ရှိအားလုံးကို ကြောက်သေးပါစေနိုင်ပါတယ်။
အချိန်ဟာ ပုံမှန် ကုန်ဆုံးသွားပါတယ်။
ယွမ်ရှီကျယ်ဝမ် ငြိမ်သက်သွားတဲ့အခါ ကျင့်ကြံသူတွေဟာ လောကဦးရေအိုင်ထဲကို ဆက်ပြီးတော့ ခုန်ချကြပါတယ်။ ကျင့်ကြံသူတွေဟာ ယွမ်ရှီကျယ်ဝမ်က ရေအိုင်အောက်ခြေမှာပဲ ပုန်းနေပြီး သူတို့ကို အန္တရာယ်မပေးဘူးဆိုတာ ရှာတွေ့သွားပါတယ်။ ဒါကြောင့် ကျင့်ကြံသူတွေဟာ ပိုပြီးတော့ စိတ်သက်သာရာ ရသွားကြပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ နစ်မျောသွားပါတယ်။
ပဋိပက္ခက မဟာတာအို အနန္တကပ်ဘေးကို ရင်ဆိုင်ရခါနီးမှာ အန္တိမမူလကမ္ဘာမှာလည်း အန္တိမမူလ အနန္တကပ်ဘေး မွှေနှောက်လာပါတယ်။ အန္တိမမူလ အနန္တကပ်ဘေးက အန္တိမမူလကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
အန္တိမမူလကမ္ဘာက ဝရုန်းသုန်းကား ဖြစ်နေတယ်လို့ ထင်ရပေမဲ့ အထွတ်အထိပ် အင်အားစုတွေအတွက်တော့ ဒါက ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါသေးတယ်။ သက်ရှိအားလုံးရဲ့ ဝရုန်းသုန်းကား တိုက်ပွဲတွေက နိယာမတွေကို ဖရိုဖရဲ ဖြစ်စေပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြန်ငြိမ်းချမ်းသွားမှာပါ။
အဲဒီအချိန်ကျရင် နိယာမတွေက အရင်ကထက် ပိုပြီးတော့ ခိုင်ခံ့သွားမှာပါ။ အရင်တုန်းက လိုအပ်ချက်တွေ အားနည်းချက်တွေကို ပြန်ပြီးတော့ ပြုပြင်နိုင်ပါတယ်။ ဒါက ကပ်ဘေးရဲ့ သက်ရောက်မှုပါ။
ကပ်ဘေးက အန္တိမမူလကမ္ဘာရဲ့ အင်အားစု အသီးသီးကို ကုလားဖန်ထိုးသလို အန္တိမမူလကမ္ဘာအတွက် လမ်းမှန်ကိုလည်း ပဋိပက္ခတွေကြားမှာ ဆက်တိုက် ရှာဖွေပေးပါတယ်။ အန္တိမမူလကမ္ဘာဟာ ကံတရား အထောက်အပံ့ကို သုံးပြီး နိယာမတွေကို ပျိုးထောင်ပါတယ်။ ပြီးတဲ့အခါမှာတော့ နိယာမတွေကို သုံးပြီး ဖန်တီးမှုတွေ ဆက်တိုက်ဖန်တီးနိုင်ဖို့ ကူညီပါတယ်။ ဒါကြောင့် အန္တိမမူလကမ္ဘာဟာ ဆက်တိုက် ဖွံ့ဖြိုး တိုးတက်လာပါတယ်။
အချိန်တစ်ခု ကြာတဲ့အခါမှာတော့ အော်ဟစ်သံ တစ်သံကြောင့် ဟန်ကျွယ် နိုးလာပါတယ်။
“ငါက လောကဦးနတ်ဘီလူး ဟန်ဟွမ်ပဲ၊ ဒီနေ့ကစပြီး ပဋိပက္ခ၊ သာလွန်၊ သိစိတ်မဲ့နဲ့ ရှီထျန်ကို မဟာတာအို အနန္တကပ်ဘေး ရောက်လာပြီ၊ ငါ အောင်ပွဲလှံနဲ့ ပဋိပက္ခကို ဖျက်ဆီးပြီး အဆုံးမဲ့ခေတ်ကို ဖန်တီးမယ်၊ မင်းတို့တွေ မင်းတို့ရဲ့ တည်ရှိမှုအတွက် နောက်ဆုံးအနေနဲ့ ရုန်းကန်ချင်ရင် ရုန်းကန်လို့ရတယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ ရုန်းကန်မှုက ဘာအရာမှ ရောက်မှာ မဟုတ်ဘူး”
“လောကဦးပဋိပက္ခ နားထောင်... လောကဦးပဋိပက္ခကို ဗဟိုထားပြီး ပဋိပက္ခကို တိုက်ခိုက်မယ်၊ လူတစ်ယောက်ကို တွေ့ရင် ငါတို့တွေ လူတစ်ယောက်ကို သတ်မယ်၊ ဝိညာဉ်ကိုတွေ့ရင် ဝိညာဉ်ကို သတ်မယ်၊ ငါတို့တွေ အသက်စွန့်ပြီး အဆုံးမဲ့ခေတ်ကို ဖန်တီးကြမယ်”
ဟန်ဟွမ်ရဲ့ အသံဟာ ပဋိပက္ခတစ်ခွင် ပဲ့တပ်ထပ်ပြီး အချိန်အတော်ကြာအောင် မြည်ဟိန်းသွားပါတယ်. ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲမှာတောင် သူ့အသံက ပဲ့တင်ထပ်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်က စွမ်းအားပိုကြီးလာတာကို ခံစားနိုင်ပါတယ်။ စနစ်ရဲ့ တန်ဖိုးနဲ့ဆိုရင် ဟန်ဟွမ်ကို တွက်ချက်ဖို့က အနည်းဆုံး ၇၀၀ ထရီလီယံ သုံးရမှာပါ။ သူက တာအိုဖန်တီးရှင်ဖြစ်ဖို့ တဖြည်းဖြည်း နီးကပ်လာပါပြီ။
‘ထူးဆန်းလိုက်တာ... ဒီကောင်လေးရဲ့ လောကဦးကမ္ဘာက ဘာမှလည်း မဟုတ်ပါဘူး၊ ဖရိုဖရဲတောင် ဖြစ်နေသေးတယ်၊ ဘာဖြစ်လို သူ့စွမ်းအားက တိုးလာရတာလဲ’
‘မဟာတာအို အနန္တကပ်ဘေးရဲ့ အထွတ်အထိပ်ကံကြောင့်များလား... စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ’
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်တဲ့အခါ သူ့အသက်က သန်း ၄၃၀ ရှိသွားပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။ ပြောရရင် ဟန်ကျွယ် ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာက နှစ်သန်း ၂၀ ကြာသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစစ်ဆေးပါတယ်။
ရှန်ဝေါ်ဟာ ဟန်ကျွယ် မျက်လုံးပွင့်လာတာကို တွေ့တာနဲ့ စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ကနဦးဘိုးဘေး... ဘိုးဘေးဟန်ဟွမ်က တကယ်ကို ကြမ်းလွန်းတယ်၊ ကျွန်တော်တောင် သူ့အတွက် တိုက်ခိုက်ပေးချင်တယ်၊ အခုထိ ဘိုးဘေးဟန်ဟွမ်ကို တိုက်ခိုက်ရဲတဲ့ ရန်သူက လက်တစ်ဆုပ်စာတောင် မရှိသေးဘူး၊ ကျွန်တော် ကျိန်စာတိုက်ဖို့ ပစ်မှတ်ရှာမတွေ့သေးဘူး”
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို လျစ်လျူရှုထားလိုက်ပါတယ်။
“ဒါနဲ့ ဘိုးဘေးဟန်လင်ကလည်း ဘိုးဘေးဟန်ဟွမ်ကို တိုက်ခိုက်ချင်တယ်၊ ကျွန်တော် ဘိုးဘေးဟန်လင်ကိုလည်း ကျိန်စာတိုက်ရမှာလား”
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို တစ်ချက် ကြည့်လိုက်ပါတယ်။ ရှန်ဝေါ်ဟာ ကျောချမ်းသွားပြီး ကသိကအောက် ပြုံးလိုက်ပါတယ် “ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော် နားလည်ပါပြီ”
‘ကောင်စုတ်လေး... မင်းကများ ငါရဲ့ အဖိုးတန် သမီးလေးကို ကျိန်စာတိုက်ချင်တယ်’
ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ စာစောင်တွေကို ဆက်ပြီးတော့ စစ်ဆေးပါတယ်။
ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို ထပ်ပြီးတော့ မနှောင့်ယှက်ရဲတော့ပါဘူး။ ရှန်ဝေါ်ဟာ ပဋိပက္ခကို ဆက်ကြည့်ပြီး စိတ်လှုပ်ရှားသွားပါတယ်။
ဟန်ဟွမ်ရဲ့ စစ်ကြော်ငြာမှုနဲ့အတူ မဟာတာအို အနန္တကပ်ဘေးက တကယ် စတင်ပါပြီ။
နှစ်ဖက်စလုံးက မဟာတာအိုပညာရှိချုပ်တွေဟာ မဟာတာအိုသုံးထောင် အထက်က အာကာသမှာ ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့ကြပါတယ်။ ဂျိရှင်းရှန်၊ တာအိုအရှင်သခင်နဲ့ တခြားလူတွေ အကုန်လုံး ဒီတိုက်ပွဲကို ဝင်တိုက်ကြပါတယ်။ မဟာတာအိုပညာရှိချုပ် တစ်ရာကျော် ဝရုန်းသုန်းကား တိုက်ခိုက်တဲ့အတွက် မဟာတာအို သုံးထောင်ကို တုန်ခါသွားစေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။