တာအိုဖန်တီးရှင်များ လှုပ်ရှားခြင်း
Vol. 105 Ch. 1099
လျှို့ဝှက်ဆန်းကြယ်နယ်မြေမှာ ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ စုဝေးနေကြပါတယ်။
ပဋိပက္ခသိစိတ် “ယင်ယန်ချွမ်တုနတ်မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆီမှာ အညံ့ခံလိုက်ပြီနဲ့ တူတယ်၊ ငါတို့တွေ ဘာလုပ်ကြမလဲ”
ဟန်ကျွယ်နဲ့ နဝမပဋိပက္ခက မတိုက်ခိုက်ရသေးပေမဲ့ သူတို့ကြားက တိုက်ပွဲကတော့ စတင်ပါပြီ။
ဟန်ကျွယ်ရဲ့ သား ဟန်ဟွမ်က ပဋိပက္ခကို ဖျက်ဆီးချင်ပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကလည်း သူ့ကို အားပေးကူညီကြပါတယ်။ ဒါက နဝမပဋိပက္ခကို ဆန့်ကျင်တယ်ဆိုတာ အသိသာကြီးပါ။
ဟန်ကျွယ် သူ့ကို မတားဘူးဆိုတာကတည်း အလိုတူအလိုပါဆိုတာ သိသာလှပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ငါတို့တွေ ရွေးချယ်ရတော့မယ်၊ ဒီအတိုင်း ဆက်နေလို့ မဖြစ်ဘူး”
သဏ္ဍာန်မဲ့နတ်မင်းလည်း သက်ပြင်းချလိုက်ပါတယ်။
ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ် “ငါတို့တွေ အတူပူးပေါင်း ဆောင်ရွက်မှာလား၊ သီးခြား ဆောင်ရွက်မှာလား”
တာအိုဖန်တီးရှင်နှစ်ပါး တိတ်ဆိတ်သွားပါတယ်။
သူတို့တွေက တိတ်တိတ်လေး ကြံစည်နေတယ်ဆိုပေမဲ့ အခြေအနေကိုလည်း အခွင့်ကောင်း ယူချင်ကြပါတယ်။ တာအိုဖန်တီးရှင်က လက်တစ်ဆုပ်စာပဲ ရှိတဲ့အတွက် နှစ်ဖက် အရေအတွက် မညီမျှရင် အသာလေး ရလဒ် ထွက်လာမှာပါ။
ပဋိပက္ခသိစိတ် “တကယ်တော့ ငါတို့တွေ ရွေးချယ်စရာ မလိုဘူး”
ပဋိပက္ခသိစိတ် ပြောတာ မမှားပါဘူး။ သူတို့ မဟာတာအိုကမ္ဘာတွေက ပဋိပက္ခနဲ့ ပေါင်းစပ်သွားပြီမလို့ သူတို့က နဝမပဋိပက္ခရဲ့ ကျေးကျွန်တွေပါ။ နဝမပဋိပက္ခကို သူတို့တွေ ဘယ်လိုလုပ်ပြီး အာခံနိုင်မှာလဲ။
သဏ္ဍာန်မဲ့နတ်မင်း “ဒါက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ၊ ငါတို့တွေ ဒီတစ်ကြိမ် မရုန်းကန်ရင် နောက်ကျ...”
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... သစ္စာရှိနောက်လိုက်ခွေး ယင်ယန်ချွမ်တုနတ်မင်းတောင်...”
ပဋိပက္ခသိစိတ်ရဲ့ မျက်လုံးရှစ်လုံးဟာ ကျဉ်းသွားပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကူညီရမယ်... ငါတို့တွေ မအောင်မြင်ဘဲ သူ တာအိုဖန်တီးရှင်အဆင့်ကို ကျော်သွားရင်....”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ နိုင်သွားရင်ရော...”
သဏ္ဍာန်မဲ့နတ်မင်းရဲ့ မေးခွန်းကြောင့် ပဋိပက္ခသိစိတ် ပါးစပ်ပိတ်သွားရပါတယ်။
အနန္တဖျက်ဆီးရှင်သခင်လည်း ဘာမှမပြောဘဲ ကောင်းကျိုး ဆိုးကျိုးကို ချိန်ညှိပါတယ်။
အတန်ကြာတဲ့အခါမှာတော့...
ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ် “သဏ္ဍာန်မဲ့... မင်းလေသံအရ ရွေးချယ်ပြီးပုံပဲ၊ ကောင်းကင်ရုံးတော်က မင်းရဲ့ သဘောထားမဟုတ်လား”
ကောင်းကင်ရုံးတော်က စစ်မြေပြင်ကို အပြင်းချီတက်ပြီး လောကဦးပဋိပက္ခကို ကူညီတဲ့အတွက် ပဋိပက္ခ အငိုက်မိပြီး စိတ်ဓာတ်ကျဆင်းလုနီး ဖြစ်သွားခဲ့ပါတယ်။
ကောင်းကင်ရုံးတော်မှာ သူ့ကိုယ်သူ အန္တိမမူလနတ်ဘီလူးလို့ ခေါ်တဲ့ ထိပ်သီးကျင့်ကြံသူတစ်ဦးလည်း ပေါ်လာပါတယ်။ သူက တော်တော်လေး စွမ်းအားကြီးပြီး မဟာတာအိုပညာရှိချုပ် လေးငါးပါးကို တစ်ယောက်တည်းနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါတယ်။
ဒါပေမဲ့ အန္တိမမူလနတ်ဘီလူး နာမည်ကြီးလာတဲ့အချိန်မှာပဲ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကိုးခုရဲ့ ဝိုင်းတိုက်တာ ခံရပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီအဖြစ်ကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပေမဲ့ ရွေးချယ်စရာမရှိတာကြောင့် ကောင်းကင်ရုံးတော်ကို စစ်မြေပြင်က ခွာစေပြီး အန္တိမမူလနတ်ဘီလူးကို လိုက်ရှာခိုင်းပါတယ်။
ကောင်းကင်ရုံးတော်က တိုက်ပွဲမှာ တစ်ခဏပဲ ဝင်တိုက်ပေမဲ့ ပဋိပက္ခသိစိတ်ရဲ့ မျက်လုံးထဲမှာတော့ ဒါက သဏ္ဍာန်မဲ့နတ်မင်းရဲ့ သဘောထားပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်၊ သဏ္ဍာန်မဲ့နတ်မင်းတို့နဲ့ အရင်းနှီးဆုံးပါ။ ဟန်ကျွယ်နဲ့ သဏ္ဍာန်မဲ့နတ်မင်း နှစ်ယောက်ကြားက တံတားလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ် ရှိနေရင် သူတို့နှစ်ယောက်က မဟာမိတ် ဖြစ်လာနိုင်ခြေ ရှိပါတယ်။
သဏ္ဍာန်မဲ့နတ်မင်း “ငါ တာအိုဖန်တီးရှင်အစစ် ဖြစ်ချင်တယ်”
“တာအိုဖန်တီးရှင်အစစ်...”
ဒီစကားကြောင့် ပဋိပက္ခသိစိတ်ဟာ တုန်လှုပ်သွားပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန် “ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မင်းကို အဲဒီလိုလုပ်ခွင့်ပေးမယ်လို့ ဘာဖြစ်လို့ သေချာရတာလဲ”
သဏ္ဍာန်မဲ့နတ်မင်း “ရန်သူကလွဲရင် သူ့တပည့်တွေနဲ့ ကလေးတွေကို သူ ဘယ်လိုသဘောထားလဲဆိုတာ မင်းတို့လည်း သိမှာပါ”
ဟန်ကျွယ်က သူ့ကလေးတွေနဲ့ တပည့်တွေကို ဘာအကန့်အသတ်မှ မထားပါဘူး။ သူ့လိုမျိုး ကျင့်ကြံမှုကိုပဲ အာရုံစိုက်တဲ့လူက တကယ်ကို ရှားပါတယ်။
သူတို့တွေဟာ အန္တိမမူလကမ္ဘာကိုလည်း လေ့လာကြည့်ပြီးပါပြီ။ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကိုလည်း ကန့်သတ်မထားဘဲ လွတ်လွတ်လပ်လပ် ထားပါတယ်။
သူတိုတွေဟာ တွေးလေလေ ပိုပြီး စိတ်ပါလေလေ ဖြစ်လာပါတယ်။ သေချာတွေးကြည့်ရင် သူတို့နဲ့ ဟန်ကျွယ်က ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ ဟန်ကျွယ်က သူတို့ကို တစ်ခါမှ ရန်မစဖူးပါဘူး။
အစကနေ အဆုံးအထိ သူတို့တွေဟာ ဟန်ကျွယ်ကို စမ်းသပ်ချင်ရုံပါ။
သဏ္ဍာန်မဲ့နတ်မင်း “တကယ်တော့ ဒီလောက်အများကြီး ပြောစရာ မလိုဘူး၊ ဒီလောကမှာ ငါတို့ထက် အသက်ကြီးတဲ့လူ မရှိဘူး၊ ကိုယ့်စိတ်ထဲကအတိုင်း ရွေးချယ်ကြ၊ ရွေးချယ်ပြီးရင်တော့ နောင်တမရကြနဲ့”
စကားဆုံးတာနဲ့ သဏ္ဍာန်မဲ့နတ်မင်းဟာ ပျောက်ကွယ်သွားပါတယ်။
ပဋိပက္ခသိစိတ်ဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းကရော...”
အနန္တဖျက်ဆီးရှင်သခင် “ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အကောင်းမြင်တယ် ဆိုပေမဲ့ ပဋိပက္ခကို ယုံကြည်သေးတယ်၊ ဟိုးအရင်ကတည်းက သူရှုံးတာ မင်း တွေ့ဖူးလို့လား၊ နောက်ပြီး အမှောင်သခင်ကြီးဆိုတဲ့ မသိကိန်း ရှိသေးတယ်”
“ပဋိပက္ခသိစိတ်... ငါတို့တွေ ပဋိပက္ခထက် နိမ့်ကျတာ အမှန်ပဲ၊ ဒါပေမဲ့ ငါတို့အမှားတွေ ဘယ်လောက်တောင် လုပ်ခဲ့ပြီးပြီလဲ၊ ပဋိပက္ခက ငါတို့ကို ဒီလောက်တောင် သည်းခံခဲ့ပြီးပြီ၊ ငါတို့တွေ ပြိုင်ဘက်ကင်း ဖြစ်သွားရင် ငါတို့တွေလည်း စိတ်မပြောင်းဘူးလို့ မင်း အာမခံနိုင်လို့လား”
“သူ စိတ်ဓာတ်ကျလေလေ သူ အကြီးအကျယ် ပြောင်းလဲသွားမှာကို ငါ စိုးရိမ်လေလေပဲ”
အနန္တဖျက်ဆီးရှင်သခင်ရဲ့ စကားကြောင့် ပဋိပက္ခသိစိတ်ဟာ တွေးတွေးဆဆ ဖြစ်သွားပါတယ်။
.....
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးပါတယ်။
ပဋိပက္ခရဲ့ စစ်ပွဲဟာ ခပ်မြန်မြန်ပဲ ခရီးပေါက်ပါတယ်။ တိုက်ပွဲချိန် ကြာမြင့်လာတာနဲ့အမျှ စစ်မီးလျှံဟာ မဟာတာအိုကမ္ဘာ နယ်မြေအသီးသီးကို ပျံ့နှံ့သွားတာကြောင့် စနစ်ကျမှု ပြိုလဲပြီး ယင်ယန် ပြောင်းလဲကုန်ပါတယ်။
မဟာတာအိုသုံးထောင်လည်း ဖရိုဖရဲ ဖြစ်တာကြောင့် အချိန်-အာကာသ ဝရုန်းသုန်းကားဖြစ်ကာ အတိတ်နဲ့ အနာဂတ်က သက်ရှိတွေ ပစ္စုပ္ပန်ကို ရောက်လာကြပါတယ်။ ဒါက မဟာတာအို အနန္တကပ်ဘေးကို သိပ်ပြီးတော့ မသက်ရောက်ပေမဲ့ သက်ရှိအားလုံးကို မျှော်လင့်ချက် ကင်းမဲ့စေပါတယ်။
ဒီလို ဝရုန်းသုန်းကား အခြေအနေက ဘယ်တော့မှ ပြီးမှာလဲ။ ဒါက သက်ရှိတိုင်းရဲ့ စိတ်ထဲမှာ မေးနေတဲ့ မေးခွန်းတစ်ခုပါ။
မဟာာတာအို အနန္တကပ်ဘေးရဲ့ အကုသိုလ်ကံဟာ တစ်စတစ်စ အားကောင်းလာပါတယ်။ ဟင်းလင်းပြင်မှာ အတောမသတ်နိုင်တဲ့ အငြိုးအတွေးတွေနဲ့ ပြည့်နှက်ပြီး ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ မိစ္ဆာနတ်ဆိုးတွေ မွေးဖွားလာပါတယ်။
မဟာတာအိုပညာရှိကစလို့ သေမျိုးအထိ ကပ်ဘေးကံရဲ့ လွှမ်းမိုးမှုကြောင့် မရပ်မနား တိုက်ခိုက်ကြပါတယ်။
လောကဦးပဋိပက္ခနဲ့ ပဋိပက္ခက စစ်မြေပြင် အသီးသီးမှာ နိုင်တာလည်း ရှိသလို ရှုံးတာလည်း ရှိပါတယ်။ တာအိုပညာရှိနဲ့ လွတ်လပ် တာအိုပညာရှိတွေ တစ်ပါးပြီးတစ်ပါး သေကျေပျက်စီးပေမဲ့ မဟာတာအိုပညာရှိကတော့ သေခဲပါတယ်။ မဟာတာအိုပညာရှိချုပ်ကတော့ တစ်ပါးမှ မသေသေးပါဘူး။
ဒါက မဟာတာအိုပညာရှိအောက်မှာရှိတဲ့ သက်ရှိအားလုံး မမြင်တွေ့နိုင်တဲ့အရာပါ။ သူတို့တွေဟာ အနှိုင်းမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဦးဆောင်တိုက်ခိုက်တာကိုပဲ မြင်ကြပါတယ်။ သူတို့တွေကတော့ သွေးရန်ငြိုးအတွက် သူ့တို့အသက်ကို စတေးကြပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်အားလုံးနီးပါး မဟာတာအို အနန္တကပ်ဘေးထဲ ဝင်ကြပါတယ်။ ဟန်မိသားစုမျိုးဆက်တွေလည်း ပါပါတယ်။
အခုအချိန်မှာ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခရဲ့ ရန်ငြိုးက ကမ္ဘာမကျေအဆင့်ကို ကျော်ပြီး ပဋိပက္ခမကျေ အဆင့်ကို ရောက်သွားပါပြီ။
ဟန်ကျွယ်ကတော့ ကျင့်ကြံမှုကို အာရုံစိုက်တုန်းပါ။ တော်တော်လေး နေနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ တဖြည်းဖြည်းနဲ့ ပိုနီးကပ်လာပါတယ်။
ဒီနေ့မှာတော့ အသက် သန်း ၄၅၀ ပြည့်ရုံရှိသေးတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ဒါက မင်းရဲ့ ရွေးချယ်မှုလား၊ ဒီလိုဆိုရင်တော့ မင်းတို့တွေ တန်ရာတန်ကြေး ပေးရလိမ့်မယ်” ဟန်ကျွယ်ဟာ အေးစက်စွာ ရေရွတ်လိုက်ပါတယ်။
စွမ်းအားကြီးမားတဲ့ တာအိုဖန်တီးရှင်နှစ်ပါးက ပဋိပက္ခဆီ ဆင်းသက်လာပါတယ်။ သူတို့တွေက စွမ်းအားအပြည့် မသုံးပေမဲ့ မဟာတာအို အနန္တကပ်ဘေးရဲ့ အခြေအနေကို ပြောင်းလဲစေဖို့ လုံလောက်ပါတယ်။ ဒါကြောင့် ဟန်ဟွမ်လည်း ထိုင်ကြည့်မနေနိုင်တော့ဘဲ ကိုယ်တိုင် လှုပ်ရှားရပါတော့တယ်။
ပဋိပက္ခသိစိတ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်။
သူတို့နှစ်ယောက်က သူတို့ရဲ့ စွမ်းအားကို သူတို့ရဲ့ လက်အောက်ငယ်သားတွေဆီ ခွဲပေးပြီး လောကဦးပဋိပက္ခကို အားသုံးတိုက်ခိုက်ပါတယ်။ သူတို့တွေက ပြိုင်ဘက်ကင်းပြီး တားဆီးမရပါဘူး။
ဟန်ကျွယ်ဟာ သဏ္ဍာမဲ့နတ်မင်းရဲ့ ယင်ယန်ချွမ်တုနတ်မင်းကို အသံလွှင့်ပြီး ညွှန်ကြားလိုက်ပါတယ်။ နှစ်ယောက် နှစ်ယောက်က တော်တော်လေး တရားမျှတပါတယ်။
ဟန်ကျွယ်ရဲ့ အမိန့်ကြောင့် တာအိုဖန်တီးရှင်နှစ်ပါးဟာ ချက်ချင်း လှုပ်ရှားပါတယ်။ တစ်ရက်တောင် မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ထက် ကျော်လွန်တဲ့ ထိပ်သီးကျင့်ကြံသူကို ဖန်တီးပြီး စစ်မြေပြင်ဆီ အပြေးသွားစေပါတယ်။
တာအိုဖန်တီးရှင်စွမ်းအား ရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်လေးပါးက ပဋိပက္ခတစ်ခုလုံးကို မှေးမှိန်သွားစေပါတယ်။ သူတို့တွေက စွမ်းအားကြီးမားပေမဲ့ တာအိုဖန်တီးရှင်အစစ်တော့ မဟုတ်သေးပါဘူး။
ဟန်ဟွမ်က သူတို့ထက် စွမ်းအားပိုကြီးတာကြောင့် လောလောဆယ်မှာ ဟန်ကျွယ်အတွက် ဘာမှစိုးရိမ်စရာ မရှိပါဘူး။
“ငါတို့ရဲ့ ငယ်သားတွေက လှုပ်ရှားကြပြီ၊ ဘယ်သူက ဘယ်သူ့ကို အရင်ဆုံး အနိုင်ရမလဲဆိုတာ ကြည့်ကြတာပေါ့ကွာ” ဟန်ကျွယ်ဟာ စိတ်လှုပ်တရှား ရေရွတ်လိုက်ပါတယ်။
အဆင့်မတူရင် တိုက်ပွဲကလည်း မတူပါဘူး။ မဟာတာအို အနန္တကပ်ဘေးရဲ့ နောက်ကွယ်မှာ ဟန်ကျွယ်နဲ့ နဝမပဋိပက္ခတို့ ရပ်နေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကြောင့် မဟာတာအို အနန္တကပ်ဘေးရဲ့ အဓိပ္ပာယ်ဟာ ပြောင်းလဲသွားခဲ့ပါပြီ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
ဒီအချိန်မှာ ကြယ်စကြဝဠာမှာ သက်တန့်တစ်စင်း ပျံသန်းလာပါတယ်။ သက်တန့်ပေါ်မှာတော့ လူတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ ဒီလူက တာအိုဘိုးဘေး ပြန်ဝင်စားတဲ့ ဟုန်ကျွင်းပါ။ ဟုန်ကျွင်းဟာ အောက်ငုံ့ကြည့်ပေမဲ့ သူ့ဆရာသခင် လျူပေ့ကို မတွေ့ရပါဘူး။ ဒါပေမဲ့ ဟုန်ကျွင်းဟာ မရပ်ဘဲ လောကဦးပဋိပက္ခဆီ ဆက်ခရီးနှင်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။