← Chapters

တာအိုတစ်

Vol. 60 Ch. 791

တာအိုတစ်

Vol. 60 Ch. 791

‘တာအိုတစ်၊ တာအိုနှစ်၊ တာအိုနှစ်ဆယ့်သုံးတဲ့လား’

အတွေးများ ချင်မူ့ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ ယန်ချီလင်း ပြောခဲ့သည့် တာအိုတစ်နှင့် တာအိုနှစ်တို့ ဆိုသည်မှာ မဟာတာအိုအမျိုးမျိုးအတွက် သတ်မှတ်ထားသော နံပါတ်များ ဖြစ်ဟန်တူ၏။ အမှန်တကယ် ထူးဆန်းပေသည်။

ထို့အပြင် ဤနံပါတ်များက မဟာတာအိုအမျိုးအစားအလိုက် ကွဲပြားနေခြင်းဖြစ်မည်။ ဥပမာ - သိုင်းတာအို၏ တာအိုတစ်၊ ဓားတာအို၏ တာအိုတစ်၊ ယိုတု၏ တာအိုနှစ်ဆယ့်၊ ရွှမ်တု၏ တာအိုနှစ်တို့ပင်။

ကျန်ရှိသည်များကို ချင်မူ နားမလည်သော်လည်း ရွှမ်တု၏ တာအိုနှစ်က သူ ကောင်းကင်မီးလျှံမဟာတာအိုဖြင့် ဖန်တီးထားသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်နေသည်။

ယန်ချီလင်း၏ အပြောအရ ကောင်းကင်မီးလျှံ၏ မဟာတာအိုသည် တာအိုနှစ်ဖြစ်လျှင် အမျိုးအစား မည်မျှရှိနေဦးမည်နည်း။

မည်သူက ဤမဟာတာအိုများကို နံပါတ်သတ်မှတ်ထားသနည်း။

ယန်ချီလင်းသည် ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် အဘယ်ကြောင့် များစွာ သိနေသနည်း။

သူမ ယခု ‌မေးနေသည့် တာအိုတစ်က မည်သည့်မဟာတာအို၏ တာအိုတစ် ဖြစ်နေမည်နည်း။

ဤအချိန်တွင် တောင်၏တစ်ဖက်ခြမ်းဆီမှ အလွန်တရာ အန္တရာယ်များသော အားလှိုင်းတစ်လှိုင်းကို ချင်မူ ခံစားလိုက်ရသည်။ ယန်ချီလင်း၏ အသုံးပြုနေသည့် ဤကောင်းကင်နတ်သိုင်းက သူနှင့် စိမ်းနေသည်။ မရင်းနှီးသော မဟာတာအို၊ မရင်းနှီးသော ကောင်းကင်နတ်သိုင်း ဖြစ်သော်လည်း ဩဇာအာဏာကြီးမားသည့် အငွေ့အသက်တစ်ခု ကိန်းဝပ်နေ၏။

‘ဒါက ယိုတုက မဟုတ်ဘူး... ရွှမ်တုကလည်း မဟုတ်ဘူး... ယွမ်တုဆီကလည်း မဖြစ်နိုင်ဘူး’

ချင်မူ တမုဟုတ်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ လက်ခလယ်နှင့် လက်ညိုးကို အတူပူးကပ်လိုက်သည့်အခါ ဓားစက်လုံးက ‌တောင်၏အခြားတစ်ဖက်ရှိ ယန်ချီလင်းကို တိုက်ခိုက်ရန် ပျံထွက်သွားသည်။

ယန်ချီလင်းကို သူ မမြင်ရသော်လည်း သူမ၏အသက်ရှူသံမှတစ်ဆင့် တည်နေရာကို အာရုံခံနိုင်သည်။

ချင်မူက သွက်လက်ဖြတ်လတ်စွာ လှုပ်ရှားနေသဖြင့် သူ၏အဝတ်စများမှာ လေထဲတွင် လှုပ်ခတ်လျက် ရှိ၏။ သူ၏ဓားလက်ချောင်း ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ ထိုးဓားဖြစ်ပြီး လက်ချောင်းကို အပေါ်ကော့လိုက်လျှင် ကော်ဓား ဖွဲ့တည်လာမည်။ လက်ချောင်းများကို မလှုပ်ဘဲ လက်ကောက်ဝတ်ကို လှည့်လိုက်ပါက လှုပ်ရမ်းဓား ထွက်လာ၏။ ဓားလက်‌ချောင်းဖြင့် အလျားလိုက် ပိုင်းဖြတ်လိုက်လျှင် ပိုင်းဓား ဖြစ်ပြီး ဒေါင်လိုက် ခုတ်ချလိုက်ပါက ခုတ်ဓား ဖြစ်သည်။

အခြေခံဓားချက် ဆယ့်ခုနစ်ချက်လုံး သေသပ်လှပစွာ ‌ပေါ်လွင်လာ၏။

ယန်ချီလင်းကို သူ မမြင်ရသော်လည်း သူ၏ဓားချက်တိုင်းတွင် အာရုံစူးစိုက်မှုအပြည့်ပါသည်။ ဓားသိုင်းသည် ချင်မူ အားအသာဆုံး စွမ်းရည်ဖြစ်ပြီး အကောင်းဆုံး ခံစစ်လည်း ဖြစ်၏။ သူက အခြေခံဓားချက်များဖြင့် ရန်သူကို အင်အားအကုန် ထုတ်သုံးရအောင် ခြိမ်းခြောက်နိုင်လေသည်။

တောင်၏အခြားတစ်ဖက်တွင် ယန်ချီလင်းက ဓားရောင်များကို ရှောင်ရင်းတိမ်းရင်း ပျံသန်းနေသည်။ ရုတ်တရက် သူမ၏ကောင်းကင်နတ်သိုင်းက တောင်ကို ဝင်တိုက်သွားသည်။

ချင်မူအနေဖြင့် သူမထုတ်လွှတ်လိုက်သော ကောင်းကင်နတ်သိုင်းအား တောင်ကိုဖြတ်၍ မမြင်ရပေ။ ပြိုင်ဘက်ကင်း တာအိုအလှတရားကိုသာ ခံစားလိုက်ရပြီး ရှေးဟောင်းနတ်ဘုရားများ ဟစ်အော်နေသကဲ့သို့ တာအိုအသံများကိုသာ ကြားလိုက်ရသည်။

သူ၏မျက်လုံးအရှေ့၌ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကျယ်ဝန်းသော ရှေးဟောင်းကောင်းကင်နတ်ဘုံတစ်ဘုံ ဖွဲ့တည်လာသယောင် ထင်ရ၏။

ကောင်းကင်ထက်ရှိ ကြယ်တာရာများအ‌ပေါ်တွင် ကြယ်တာရာအရှင်သခင် အယောက် သုံးရာ့ခြောက်ဆယ်၊ မြေနတ်ဘုရား အယောက်ခုနစ်ဆယ်၊ ကောင်းကင်နတ်ဘုရား သုံးဆယ့်ခြောက်ဦး၊ ဓာတ်ကြီးငါးပါး နတ်ဘုရားများ၊ နေနတ်ဘုရားတစ်ပါးနှင့် လနတ်ဘုရားတစ်ပါးတို့ ရပ်နေကြသည်။ သူတို့က မလွတ်မြောက်နိုင်သော ပိုက်ကွန်ကြီးတစ်ခုကို ဖော်‌ဆောင်ထားကြလေသည်။

နတ်ဘုရားများ၏အ‌ပေါ်မှ အုပ်စိုးနေသော ဧရာမအလင်းခန္ဓာကိုယ်ကြီးကိုပင် ‘မြင်’လိုက်ရသည်။ ထိုသူကား ကောင်းကင်နယ်စားမင်းဖြစ်၏။

နတ်နဂါးများ၊ ဇာမဏီငှက်များ တောင်တန်းမြစ်ချောင်းများနှင့် ကောင်းကင်ယံတွင် ကခုန်နေကြသည်ကိုလည်း ခံစားနေရသည်။ ရှေးဟောင်းနတ်ဘုရားတို့သည် မတ်မတ်ရပ်နေကြပြီး ကောင်းကင်နှင့်မြေကြီးအား ထောက်ကန်ပေးထားသည့် ဧရာမကမ္ဘာဦးသစ်ပင်ကြီးအောက်ရှိ နတ်ဘုရားမတစ်ပါးကို ဝန်းရံထားကြ၏။

ထိုသူက အမိကမ္ဘာမြေပင်။

ထို့အပြင် မြေကြီး၏အောက်၊ အမှောင်ထုစိုးမိုးနေသော နေရာတွင် အကွေ့အကောက်ကိုးသွယ် ချိုများသည် အောက်သို့ စီးကျနေသည့် အဝါရောင်စမ်းချောင်းများကို ဖန်တီးထား၏။ ကျွဲခေါင်း၊ ကျားမျက်နှာ၊ လူခန္ဓာနှင့် ဧရာမဖြစ်တည်မှုကြီးတစ်ခုက ယိုတုကို ဖန်ဆင်းနေသည်။

ထိုသူက မြေအောက်ဘုံအရှင်သခင် ဖြစ်သည်။

အရပ်မျက်နှာနတ်မင်းလေးပါး ဖြစ်သော လိပ်နက်၊ မီးငှက်၊ နဂါးစိမ်းနှင့် ကျားဖြူတို့ကိုပင် ‘မြင်’ နေရသည်။

ကြောက်စရာအကောင်းဆုံးမှာ နတ်ကောင်းကင်ခန်းမအတွင်းတွင် ထိုင်လျက် ရှေးဟောင်းကောင်းကင်နတ်ဘုံကို အုပ်ချုပ်နေသော ခပ်ဝါးဝါး ဧကရာဇ်တစ်ပါးဖြစ်သည်။

ဤမြင်ကွင်းမှာ ချင်မူ၏မျက်လုံးဖြင့် မြင်နေရသော မြင်ကွင်းမဟုတ်၊ ယန်ချီလင်း၏ ကောင်းကင်နတ်သိုင်းကို မမြင်ရသော်လည်း ယန်ချီလင်း၏ အသက်ရှူသံမှတစ်ဆင့် ထိုမျှ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်ယောင်နေရခြင်း ဖြစ်သည်။

ယင်းက တာအိုမှ ပုံရိပ်ဖွဲ့တည်လာသည်ဟု ခေါ်သည်။

ကြယ်တာရာအရှင်သခင်များသည် ကြယ်ဆွဲအားမဟာတာအိုကို ကိုယ်စားပြုပြီး နေ၊ လ၊ ဓာတ်ကြီးငါးပါးနှင့် အရပ်မျက်နှာနတ်မင်းက မတူညီသော မဟာတာအိုတစ်ခုကို ကိုယ်စားပြု၏။

ထို့အပြင် ယွမ်တု၏ အမိကမ္ဘာမြေ၊ ရွှမ်တု၏ ကောင်းကင်နယ်စားမင်း၊ ယိုတု၏ မြေအောက်ဘုံအရှင်သခင်တို့ကလည်း သက်ဆိုင်ရာမဟာတာအိုတစ်ခုစီကို ကိုယ်စားပြုကြသည်။

‘ဒီမြင်ကွင်းတွေ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းက ယန်ချီလင်းက သူ့ကောင်းကင်နတ်သိုင်းထဲမှာ ဒီမဟာတာအိုအားလုံး ထည့်ထားပြီး ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို ဖော်ဆောင်ထားတာကြောင့်ပဲ”

“သူပြောတဲ့ တာအိုတစ်က ယိုတုရဲ့ တာအိုတစ်လည်း မဟုတ်ဘူး... ရွှမ်တုရဲ့ တာအိုတစ်လည်း မဟုတ်ဘူး... မဟာတာအိုအားလုံးရဲ့ တာအိုတစ်"

ချင်မူ သဘောပေါက်သွားသည်နှင့် ခန္ဓာကိုယ်ကို လှုပ်ခါကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်၏။

“ယား.....”

သူ့ခေါင်းသုံးလုံးက ပါးစပ်ဖွင့်ကာ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။ ဆံပင်ကို ထုံးဖွဲ့ချည်ထားသည့် ခေါင်းစည်းကြိုးများ ပြတ်တောက်သွားသဖြင့် သူ့ဆံပင်များ မြောက်တက်သွား၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ လှည့်ပတ်မှုမှာ တစ်ခဏလေးအတွင်း အဆုံးစွန်အထိ မြှင့်တင်ခံလိုက်ရတော့သည်။

ချင်မူကား နတ်ဘုရားတစ်ပါး၊ မိစ္ဆာတစ်ပါးသဖွယ် ထင်ရသည်။ သူအရှေ့ရှိ တောင်ကြီးမှာ ယန်ချီလင်း၏ ကောင်းကင်နတ်သိုင်းအောက်၌ တုန်ခါအက်ကွဲနေပြီဖြစ်သည်။ ကျောက်တုံးကျောက်ခဲများမှ ချော်ရည်ပူများသဖွယ် တောင်သားနံရံထဲမှ ပျံထွက်လာကြကာ မှုန့်မှုန့်ညက်ညက် ကြေကုန်ကြ၏။

ဤတောင်ကြီးမှာ နိမ့်ဆင်းသွားသော်လည်း မြေကြီးထဲသို့ နစ်ဝင်သွားခြင်းမဟုတ်။ တောင်၏အောက်ခြေမှာ လုံးလုံးလျားလျား ပြိုကွဲကြေမွသွားပြီ ဖြစ်ချေသည်။

တောင်ထိပ်၏ သုံးပုံတစ်ပုံမှာလည်း တစ်စက္ကန့်လေးအတွင်း မရှိတော့ပေ။

ယန်ချီလင်း၏ ကောင်းကင်နတ်သိုင်းဆီမှ စွမ်းအားသည် နည်းနည်းလေးမှ အားနည်းသွားပုံမပေါ်။ စွမ်းအားက တောင်၏ တစ်ဖက်ခြမ်းမှ အင်အားအလုံးအရင်းဖြင့် လိမ့်ဆင်းလာပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်နှင့်အတူ ချင်မူ့အပေါ် ဖိချလိုက်သည်။

တထောင်းထောင်း ထနေသော ဖုန်လုံးများအကြား၌ လက်ဝါးကြီး မြှောက်၍ သူ့ဆီသို့ လှမ်းရိုက်လိုက်သည့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ချင်မူ မြင်လိုက်ရသယောင် ခံစားလိုက်ရ၏။

ဖုန်များက သူ့ကို လွှမ်းခြုံထားသောကြောင့် ရိုက်ချနေသော လက်ကြီးအပြင် တခြားမည်သည်ကိုမှ မမြင်ရပေ။

“ယန်ချီလင်း၊ မင်းရဲ့ ဇစ်မြစ်ကို ငါ သိပြီ”

ချင်မူက မာန်သွင်းအော်ဟစ်လိုက်သည်။ သူ၏ဓားလက်ချောင်းသည် လျင်မြန်စွာ ပြောင်းလဲသွားရင်း ဓားချက်များစွာ ထုတ်လွှတ်နေ၏။ တစ်ချိန်တည်းမှာပင် သူ၏ကျန်လက်လေးဖက်က အလွန်အမင်း ကြီးထွားတုတ်ခိုင်လာသည်။

ကြီးမားလာသော ကြွက်သားစိုင်များ၊ အရေပြားအောက်၌ နဂါးစိမ်းများသဖွယ် ဖောင်းကြွနေသော သွေးကြောများနှင့်အတူ သူက လက်သီးချက်ပေါင်း မရေမတွက်နိုင်အောင် ထိုးသွင်းလိုက်သည်။ လက်သီးချက်တိုင်းတွင် ခွန်အားအပြည့် ပါ၏။ ချင်မူကား ဖျက်စီးချေမှုန်းလိုစိတ်ဖြင့် စိတ်တိုင်းကျ သောင်းကျန်းနေချေပြီ။

ဆန်းကြယ်တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန်လက်ဝါးတစ်ထောင်

သိုင်းတာအို၏ ကောင်းကင်နတ်သိုင်းက တရှိန်ထိုး ထွက်ပေါ်လာကာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ လက်ဝါးကြီးအား ထိပ်တိုက် ရင်ဆိုင်သည်။ သို့သော် မယှဉ်နိုင်ဘဲ ပြိုကွဲသွားသည်။

သိုင်းပညာကောင်းကင်ဆရာသခင် တည်ထောင်ခဲ့သည့် သိုင်းတာအိုမှာ အဆုံးမဲ့သော ကောင်းကင်နတ်စွမ်းအားတို့ ကိန်းဝပ်နေသည့် လက်ဝါးကြီး၏ရှေ့မှောက်တွင် အသုံးမတည့်တော့ပေ။

ချင်မူ နောက်သို့ လွင့်ထွက်သွားပြီး သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာသည်။ ယိုတုမိစ္ဆာနတ်ဆိုးချီများက သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးဆီသို့ တဝေါဝေါ စီးဆင်းနေ၏။ ထို့နောက် တတိယမျက်လုံး ပွင့်လာကာ မည်သည့်ရုပ်ခန္ဓာ၊ မည်သည့်ဝိညာဉ်ကိုမဆို သုတ်သင်ချေမှုန်းနိုင်သော အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်သည်။ ကောင်းကင်ထက်တွင် အနက်ရောင်အမှတ်အသားများ ဖွဲ့တည်လာ၏။

သို့တိုင်အောင် ထိုလက်ဝါးကြီးကို မတားနိုင်သေးပေ။

ချင်မူ့နှုတ်မှ တာအိုအသံ တုန်ခါလာပြီး သူ့လက်များက လျင်မြန်စွာ လွှဲယမ်းနေသည်။ သံလိုက်ဆွဲအား သင်္ကေတများက နဂါးငွေ့တန်းတစ်ခုကို ဖွဲ့တည်ပေးလိုက်သည့်အခါ သူက လက်လေးဖက်ဖြင့် ရှေ့သို့ တွန်းထုတ်လိုက်သည်။ ပြင်းထန်အားကောင်းလှသည့် တုန်ခါမှုများကြောင့် သူ၏လက်မောင်းလေးဖက်လုံး ပြတ်ထွက်သွား၏။ အသားများ၊ သွေးစက်များနှင့် အရိုးစများမှာ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားတော့သည်။

သို့သော် ပြိုင်ဘက်ကင်း နတ်စွမ်းအားက တုန်လှုပ်ချောက်ချားဖွယ် အမြန်နှုန်းဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။

ချင်မူ့ပါးစပ်သုံးပေါက်မှ သွေးများ အန်လိုက်ရပြီး ပြတ်ထွက်သွားသော လက်လေးဖက်စလုံး အလျင်အမြန် ပြန်ပေါက်လာသည်။ သူက လက်ဝါးကို အကြိမ်ပေါင်းများစွာ လှန်မှောက်၍ အပေါ်မှ ကျဆင်းလာနေသော လက်ဝါးကြီးဆီသို့ ဖိနှိပ်လိုက်၏။

မရေမတွက်နိုင်သော ကောင်းကင်မီးလျှံသလင်းကျောက်များ ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်လှိုင်းဂယက်များ အရပ်မျက်နှာတစ်ခွင်သို့ ဖြာထွက်သွားသည်။ မီးလျှံများသည် ရေလှိုင်းလုံးများသဖွယ် မြေပြင်တစ်လျှောက် ဖြာဆင်းလာသဖြင့် မိုင်ပေါင်းရာချီသော ဧရိယာတွင် မီးတောက်မီးလျှံများ တဟဲဟဲ ထနေတော့၏။

ထို့အပြင် ကောင်းကင်မီးလျှံ သလင်းကျောက်များ ပေါက်ကွဲသွားတုန်းက လေဆင်နှာမောင်းတစ်လုံး ဖွဲ့တည်လာ၏။ လေဆင်နှာမောင်းက မီးတောက်များကို ပင့်သယ်သွားပြီး တောအုပ်တစ်အုပ်လုံး မီးစွဲ‌လောင်သွားစေသည်။ ပတ်ပတ်လည် မိုင်တစ်ထောင်မှာ မီးပင်လယ်ထဲ၌ နစ်မြုပ်သွားလေသည်။

ဘုန်း

ဧရာမလက်ဝါးကြီးက ချင်မူ့ကို ဖုံးအုပ်သွားသည်။ ထိုအခိုက်အတန့်တွင် ချင်မူမှာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်နေဆဲ ရှိသေး၏။ နေရာ‌ရွှေ့ပြောင်းသင်္ကေတများက သူ့ကို ဝန်းရံလှည့်ပတ်နေကြသော်လည်း နောက်တခဏတွင် ကောင်းကင်နတ်စွမ်းအားကြောင့် ပျက်စီးသွားတော့သည်။

သူ၏နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှာ တမုဟုတ်ချင်း ပြိုကွဲသွားချေပြီ။

လက်ကြီးသည် အောက်သို့ ဖိချလိုက်သဖြင့် မီးစွဲလောင်နေသော တောင်တန်းများ လှုပ်ခါယိမ်းယိုင်သွားသည်။ ဖိအားက အံ့ဩတုန်လှုပ်ဖွယ်ကောင်းသဖြင့် မငြိမ်းသေနိုင်သော ကောင်းကင်မီးလျှံပင် လေအဟုန်ကြောင့် ငြိမ်းသွားသည်။

ဝုန်း ဝုန်း

ချောက်နက်ကြီးများ ကွဲထွက်လာသည်နှင့်အမျှ မြေပြင်မှာ သွက်သွက်ခါ တုန်ယင်နေသည်။

ထိုအချိန်တွင် ချင်မူနှင့် ယန်ချီလင်းအကြားရှိ တောင်မှာ ကောင်းကင်နတ်သိုင်းစွမ်းအားအောက်၌ ရစရာမရှိအောင် ကြေမွသွားပြီဖြစ်သည်။ အလိပ်လိပ်ထနေသော ဖုန်လုံးများအကြားမှ ယန်ချီလင်း၏ ညည်းညူသံ ထွက်လာ၏။

ဤမိန်းကလေး၏ တာအိုတစ် ထွက်ပေါ်လာတုန်းက ချင်မူသည် ဓားကွက်များ အဆက်မပြတ် ထုတ်ဖော်ခဲ့၏။ ဆယ့်ခုနစ်ချက်မြောက် ဓားကွက်မှ ဆယ့်ရှစ်ချက်မြောက် ဓားကွက်အထိ... ချင်မူက ဆန်းပြားသော ဓားသိုင်းဖြင့် သူမ၏အကာအကွယ်ကို ခုတ်ဖြတ်လိုက်သည်။ ဆယ့်ရှစ်ချက်မြောက် ဓားကွက်က ဆယ့်ကိုးချက်မြောက် ဓားကွက်အဖြစ် ပြောင်းလဲသွား၏။

ကပ်ဘေးဓား၏ ဒုတိယဓားကွက်၊ ဆယ့်ကိုးချက်မြောက် ဓားကွက်... ကပ်ဘေးပင့်မြှောက်ဓား ထွက်လာသည့်အခါ ယန်ချီလင်း၏ ခန္ဓာကိုယ်က ကြော့ရှင်းသော ငန်းမလေးသဖွယ်၊ ကူးခတ်နေသော နဂါးသဖွယ်၊ တောင်ပံခတ်နေသော ဇာမဏီသဖွယ် လှုပ်ရှားသွားသည်။ သူမ၏ခန္ဓာကိုယ်လှုပ်ရှားမှုများက အလွန်ဆန်းကြယ်နက်နဲနေသဖြင့် သူမ၏တည်နေရာကို အခြားသူများ ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။

သို့သော် ဆယ့်ကိုးချက်မြောက် ဓားကွက်သည် ကောင်းကင်နတ်အရှင်ယွီအတွက် ကလဲ့စားချေရန် ချင်မူ ဖန်တီးခဲ့သော ဓားကွက်ဖြစ်၏။ ဓားရောင်များက မိန်းကလေးကို ဝန်းရံလိုက်ကာ နိမ့်ချည်မြင့်ချည် ကခုန်သွားသည်။ ပြောင်းလဲမှုတိုင်းက ကပ်ဘေးဖြစ်၍ သူမအနေဖြင့် ကပ်ဘေးကို တုံ့ပြန်လျှင် တုံ့ပြန်၊ မတုံ့ပြန်လျှင် ရှောင်ရလိမ့်မည်။

သို့တိုင်အောင် ရှောင်လေလေ၊ ကပ်‌ဘေးသည် တိုးပွားလာလေလေ ဖြစ်မည်။

ကခုန်နေသော ဓားများက ထွက်‌ပေါက်မှန်သမျှ ပိတ်ထားသည့်အတွက် သူမမှာ တုံ့ပြန်ရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။

သူမ၏လက်ဝါးကြီး ချင်မူ့ကို ဖုံးအုပ်သွားသည့် တစ်ချိန်တည်းမှာပင် ဓားများက ယန်ချီလင်းကို ထိမှန်သွားပြီး ဓားအလက်တစ်ထောင်ကျော် သူမကိုယ်ထဲသို့ တစ်ပြိုင်တည်း စိုက်ဝင်သွားချေပြီ။

ယန်ချီလင်းမှာ လေထဲတွင် ထိုးချိတ်ခံထားရသော ဖြူကောင်ပမာ ဖြစ်နေသည်။ ဓားပျံများက သူမပါးစပ်ထဲသို့လည်း စိုက်ဝင်နေသဖြင့် သူမနှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ ဓားရိုးများသာ အပြင်၌ ကျန်ခဲ့လေသည်။

မိန်းကလေးမှာ နာကျင်မှုကြောင့် တုန်ရီနေပြီး ဓားပျံများ သူမကိုယ်ထဲမှ ကျွတ်ကျသွားသည်။ သူမက သွေးများစွာ မဆုံးရှုံးအောင် ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ချုပ်လိုက်၏။

ဓားပျံအားလုံး ထုတ်ပြီးသည့်အချိန်တွင် ယန်ချီလင်း သွေးအန်လိုက်ရသည်။ သို့သော် သွေးက အနီရောင်မဟုတ်၊ ရွှေရောင်ဖြစ်သည့်အပြင် သွေးဆီမှ နေအလင်းတန်းများပင် ဖြာထွက်လာသည်။

“နင့်ဇစ်မြစ်ကို ငါ သိပြီ...”

ယန်ချီလင်းမှာ ဒူးအပေါ် လက်တင်၍ အဆက်မပြတ် သွေးအန်နေရင်း ချင်မူ့ဆီသို့ ‌လှမ်းကြည့်သည်။

သူမက မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရပြီး သူမအနားတွင် ဓားပျံများ ပြန့်ကြဲနေသည်။ သူမဆီမှ တိုးညှင်းသော အသံတစ်သံ ထွက်လာသည်။ “နင် ဘာကြောင့် ကောင်းကင်နတ်အရှင်ယွီကို ကာကွယ်ပေးဖို့ လိုနေတာလဲ သိပြီ... ငါ တောင်းပန်တယ်... ဒီလောက်အင်အားများများ မသုံးခဲ့သင့်ဘူး”

“အဟွတ် အဟွတ် အဟွတ်”

ဖုန်များ ပြည့်နေသော လေထဲမှ ခပ်ပြင်းပြင်း ချောင်းဆိုးသံများ ထွက်လာသည်။ ယန်ချီလင်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး အသံလာရာသို့ ကြည့်လိုက်သည့်အခါ တုန်ရီစွာ ထလာသော လူတစ်ယောက်ကို မြင်လိုက်ရ၏။

ထိုလူမှာ အလွန်အခြေအနေ ဆိုးဝါးနေသည်။ လက်ခြောက်ဖက်မှ လက်တစ်ဖက်သာ ကျန်တော့သည့်အပြင် ခေါင်းသုံးခေါင်းစလုံးလည်း ကွေးလိမ်နေကြပြီး ပဲ့ရွဲ့နေကြသည်။

ထိုလူ၏ရင်ဘတ်မှာ ပုပ်ပွနေသည့်အလား ထင်ရပြီး သူ့ကျောရိုးသည် ကျိုးနေပုံရ၏။ သို့သော် သူက တစ်လှမ်းချင်း လှမ်းလျက် သူမဆီ လျှောက်လာနေလေသည်။

သူ လျှောက်လာနေစဉ် အသားများက သူ့ကိုယ်ပေါ်မှ ကွာကျနေသည်။

ယန်ချီလင်း၏မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ အသားများ ကွာကျနေသည်ကို ကြည့်ရခြင်းအရ ချင်မူသည် သေလုမျောပါး အရိုက်ခံခဲ့ရသော်လည်း သူ့ကိုယ်ပေါ်၌ အသားများ ပြန်ထွက်လာနေသည်ဟု ဆိုလို၏။ သူကား သူ့ကိုယ်သူ ပြန်ကုစားနေပြီဖြစ်သည်။

“ချိဧကရာဇ် မင်ဧကရာဇ်ရဲ့ တာအိုတစ်...”

ယန်ချီလင်းက ခါးမတ်၍ နောက်ဆုတ်သည်။ “ဂိုဏ်းသခင်ချင်၊ ရပ်လိုက်... နင်နဲ့ငါက ရန်သူတွေ မဟုတ်ဘူး... ကောင်းကင်နတ်အရှင်ယွီကိုလည်း နင်ပဲ ဆက်စောင့်ရှောက်ထားလို့ရတယ်... ငါတို့ သူသေကိုယ်သေ တိုက်စရာမလိုဘူး... နင် ဘယ်သူမှန်း ငါ သိပြီးပြီ”

ဝှမ် ဝှမ် ဝှမ်

မြေပြင်ပေါ်၌  ပြန့်ကြဲနေသော ဓားပျံများ တုန်ခါလာ၍ ‌ယန်ချီလင်း ခေါင်းပန်းကြီးသွားသည်။ သူမက နာကျင်မှုကို တောင့်ခံရင်း နောက်ဆုတ်သွား၏။ “ရပ်လိုက်... ကောင်းကင်နတ်အရှင်မူ၊ ငါ နင့်ကို ကြောက်မယ်မထင်နဲ့”

All Chapters