← Chapters

ဂရုမစိုက်ဘူး

Vol. 60 Ch. 792

ဂရုမစိုက်ဘူး

Vol. 60 Ch. 792

ချင်မူက တုန်ရီစွာ လမ်းလျှောက်နေသည်။ ခြေတစ်လှမ်းတိုင်းက သူ့ကို ညှင်းဆဲနေသောကြောင့် သူ့မျက်နှာမှာ ရှုံ့မဲ့နေသည်။ နီရဲနေသော သွေးများသည် သူ့ခြေထောက်များမှ စီးကျနေပြီး ခြေရာတိုင်းတွင် သွေးအိုင်ထွန်းလျက် ကျန်ခဲ့၏။

သို့သော် သူ မရပ်ဘဲ ဆက်လျှောက်လာနေသည်နှင့်အမျှ ခြေလှမ်းများက တစတစ တည်ငြိမ်လာသည်။

ဖျောက် ဖျောက်

အရိုးများ ရွေ့လျားနေသည့်အသံများ ထွက်လာသည်။ ချင်မူ၏ ကျိုးနေသည့် လည်ပင်းများက အလိုအလျောက် ပြန်ဆက်သွားကြပြီး လိမ်ဖယ်နေသော ခေါင်းများလည်း ပြန်,လည်လာကာ ပုံမှန်အတိုင်း ဖြစ်လာကြသည်။

ကျိုးနေသည့်အရိုးများက အတက်ပြန်ပေါက်လာသည့်အပြင် ပေါက်ပြဲနေသော ဒဏ်ရာများနေရာရှိ အသွေးအသားတို့မှာ လူးလွန့်လှုပ်ရှားလျက် ပြန်ဆက်နေကြသည်။ သူ၏လက်များလည်း ပြန်ပေါ်လာ၏။

မြေပြင်ပေါ်ရှိ ဓားပျံများလည်း တစ်လက်ပြီးတစ်လက် မြောက်တက်လာကြသည်။

ယန်ချီလင်း ခေါင်းမွှေးများ ထောင်နေသည်။ ထိုမျှမြန်မြန်ဆန်ဆန် သက်သာလာနိုင်သော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ကို သူမ မတွေ့ခဲ့ဖူးပေ။

ဖန်ဆင်းပညာ ကျွမ်းကျင်သော နတ်ဘုရားတစ်ပါး၊ သို့မဟုတ် အင်အားကြီးမားသော မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းဆိုလျှင် ဤသို့ လုပ်နိုင်လောက်သော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ဖန်ဆင်းပညာတွင် ဤအဆင့်အထိ ရောက်နိုင်မည်မဟုတ်‌ပေ။

ဤသည်ကား အမှန်တကယ်ပင် မသေနိုင်သော ထာဝရခန္ဓာဖြစ်သွားပြီ မဟုတ်ပါလော။

သူမ စောစောက ထုတ်လွှတ်လိုက်သော မဟာကောင်းကင်နတ်သိုင်းက ချင်မူ့ကို ဖယ်ရှားပစ်ရန် လုံလောက်ခဲ့၏။ သို့သော် ချင်မူက ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ နာကျင်မှုကို တောင့်ခံရင်း လမ်းလျှောက်လာနေသည်။

သူ၏ဒဏ်ရာများတွင် သင်္ကေတအမှတ်အသားအသေးလေးများ နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်ကိုပင် ယန်ချီလင်း တွေ့မြင်ရသည်။ ၎င်းတို့က အလွန်ထက်သော အပ်များသဖွယ် သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများအား ချုပ်ပေးနေသည်။ ဆဲလ်သေသွားသည့် အရေပြားများမှာ ကွာကျသွားပြီး အသစ်များဖြင့် အစားထိုးခံရ၏။ ကျိုးပဲ့နေသည့် အရိုးစများလည်း ညှစ်ထုတ်ခံလိုက်ရသည်။

သူမ၏ကောင်းကင်နတ်သိုင်းက ချင်မူ့ကို ရုပ်ခန္ဓာအပေါ်တွင် ဒဏ်ရာရစေခဲ့ရုံသာမက မူလဝိညာဉ်ကိုလည်း ထိခိုက်စေခဲ့သည်။ ထိုလက်ဝါးရိုက်ချက်ကို တောင့်ခံပြီးနောက် ချင်မူ၏ မူလဝိညာဉ်မှာ ပျက်စီးပြိုကွဲတော့မလို ဖြစ်နေသော်လည်း ဖန်ဆင်းပညာက သူ၏မူလဝိညာဉ်ကိုလည်း ပြန်လည်တည်ဆောက်ပေးနေသည်။

ချိမင်ခေတ်သည် ဖန်ဆင်းပညာတွင် ထူးခြားအောင်မြင်ခဲ့၏။ ချိဧကရာဇ်က မူလဝိညာဉ်နယ်ပယ်၌ ကျွမ်းကျင်ပြီး မင်ဧကရာဇ်က ရုပ်ခန္ဓာအပိုင်းတွင် ကျွမ်းကျင်သည်။ သူတို့နှစ်ယောက်၏ ကျင့်စဉ်များကို ပေါင်းစည်းလိုက်လျှင် အဆင့်မြင့် ဖန်ဆင်းပညာ ဖြစ်လာလိမ့်မည်။

မသေနိုင်သော ထာဝရခန္ဓာနှင့် မပျက်စီးနိုင်သော မူလဝိညာဉ်။

ချင်မူက အဆင့်မြင့်သော စံနှုန်းနှင့် ဝေးကွာနေသေးသော်လည်း သိပ်မလှမ်းတော့ပေ။

ယန်ချီလင်းမှာ ချီစွမ်းအင်အကုန်လုံး အတင်းအဓမ္မ ထုတ်လွှတ်ပြီးနောက် ညည်းတွားလိုက်ရသည်။ သူမကိုယ်ပေါ်တွင် ဒဏ်ရာပေါင်းထောင်နှင့်ချီ ရှိသည့်အတွက် အတင်းအကြပ် ချုပ်လျှင်ပင် ဒဏ်ရာများမှာ သက်သာဦးမည်မဟုတ်ပေ။ ချီစွမ်းအင်ကို အတင်းအဓမ္မ သုံးလိုက်ခြင်းကြောင့် သူမ၏ဒဏ်ရာများ ပြန်ပွင့်ထွက်လုဆဲဆဲ ဖြစ်သွားခဲ့သည်။

ထို့အပြင် သူမတွင် အသုံးပြုနိုင်သော မှော်စွမ်းအင်များစွာ မရှိတော့ပေ။

ထိုလက်ဝါးရိုက်ချက် ကောင်းကင်နတ်သိုင်းက တာအိုတစ်၏ မဟာကောင်းကင်နတ်သိုင်း ဖြစ်သည်။ စွမ်းအား ပြင်းထန်သလို သုံးစွဲမှုလည်း ကြောက်စရာကောင်း၏။ ချီစွမ်းအင်တစ်ဝက်ကျော် ကုန်ခမ်းသွားပြီဖြစ်၍ ကျန်ရှိသော အနည်းငယ်ဖြင့်သာ သူမ၏ဒဏ်ရာများကို ဖိနှိပ်နေရရာ အခက်တွေ့နေတော့သည်။

သို့သော် သူမကို အနည်းငယ် စိတ်အေးစေသည်က မြေပြင်ပေါ်ရှိ ဓားပျံများစွာ မြောက်တက်မလာခြင်းဖြစ်သည်။ ဤအခြင်းအရာအရ ချင်မူ၏ အင်အားကုန်ခမ်းမှုလည်း အလားတူ ကြီးမားလိမ့်မည်။

သူမ၏ မဟာကောင်းကင်နတ်သိုင်းအောက်တွင် ချင်မူအနေဖြင့် အသက်ချမ်းသာရသွားလျှင်တောင်မှ သူမထက်ပို၍ ချီစွမ်းအင် ကုန်ခမ်းရလိမ့်မည်။

မသေနိုင်သော ထာဝရခန္ဓာနှင့် မပျက်စီးနိုင်သော မူလဝိညာဉ်ကို အသက်သွင်းရန်မှာလည်း ချီစွမ်းအင်အမြောက်အမြား လိုအပ်သည်။ ချင်မူ၏ချီစွမ်းအင်သည် ယခုအချိန်တွင် သူမလောက် သိပ်သည်းလောက်မည် မဟုတ်‌ပေ။

“ကောင်းကင်နတ်အရှင်မူ၊ နင် ငါ့ဇစ်မြစ်ကို သိသွားပြီမဟုတ်လား.. ငါတို့ သူသေကိုယ်သေ တိုက်ခိုက်စရာမလိုမှန်း နားလည်သင့်တယ်”

ယန်ချီလင်းက နောက်သို့ ဆက်ဆုတ်နေပြီး ကျောက်စိမ်းပုလင်းတစ်ပုလင်း အလျင်အမြန် ထုတ်သည်။ သူမသည် ဆေးလုံးများ စား၍ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ကုသနေ၏။ “ငါ ကောင်းကင်နတ်အရှင်မူကိုလည်း အင်မတန် လေးစားပါတယ်... ကောင်းကင်နတ်အရှင်မူက ရှေးဟောင်းခေတ်တုန်းက နဂါးသွဲ့ရေကန်တိုက်ပွဲမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့မှန်း ငါ သိထားတယ်... ဒါပေမဲ့ နင့်ကို ကောင်းကင်နတ်အရှင်မူဘွဲ့ ဘယ်သူ ပေးခဲ့တာလဲ မမေ့နဲ့”

“ကောင်းကင်နတ်အရှင်ဘွဲ့ ဟုတ်လား... ငါက ဂရုစိုက်ရမှာလား”

ချင်မူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ပထမဆုံးစကားလုံးကို သူ ပြောလိုက်စဉ်တုန်းက ယန်ချီလင်းဆီမှ ကိုက်သုံးရာဝေးကွာနေသေးသော်လည်း တတိယစာလုံးဆီသို့ အရောက်တွင် သူမမျက်နှာရှေ့တည့်တည့်သို့ ရောက်နေချေပြီ။

ချင်မူ့အမြန်နှုန်းမှာ ယခင်ထက် အမှန်တကယ် လျော့ကျသွားသည်။ သူ့တွင် ချိဧကရာဇ်နှင့် မင်ဧကရာဇ်၏ ဖန်ဆင်းပညာကျင့်စဉ် ရှိထားသော်လည်း ဒဏ်ရာအပြင်းထန် ရထားသည် မဟုတ်ပါလော။

ယန်ချီလင်း၏ မဟာကောင်းကင်နတ်သိုင်းက သူ့ကို ဒဏ်ရာအပြင်းထန် ရစေခဲ့သည့်အပြင် သူ၏ကောင်းကင်ရတနာများကိုလည်း ထိခိုက်သွားစေခဲ့သည်။

ထိုမျှသာမက သူ့ရုပ်ခန္ဓာ၏ လုပ်ဆောင်နိုင်စွမ်းလည်း ကန့်သတ်ခံလိုက်ရကြောင်း ချင်မူ ခံစားရသည်။ အားအင်ကုန်ခမ်းမှုက ကြီးမားလွန်းသောကြောင့် သူ့တွင် အားအကောင်းဆုံး ဖန်ဆင်းပညာ ရှိနေသည့်တိုင် ကျင့်စဉ်စွမ်းအင်မှ လိုက်မမှီနိုင်လျှင် သူ မည်သို့မျှတတ်နိုင်မည်မဟုတ်ပေ။

သို့သော် ယန်ချီလင်း၏ ဒဏ်ရာများလည်း အလားတူ ပြင်းထန်သည်။ ပထမဓားချက်မှ ဆယ့်ကိုးချက်မြောက် ဓားချက်အထိ၊ ကပ်ဘေးပင့်မြှောက်ဓားကြောင့် ရလိုက်သည့် ဒဏ်ရာများက သူမအသက်အန္တရာယ်ကို ပထမဆုံး ခြိမ်းခြောက်နိုင်ခဲ့၏။

အရိုးဖြူဖြူများပင် မြင်နေရသည်အထိ ပေါက်ပြဲနေသော ချင်မူ၏လက်သီးက ယန်ချီလင်းဆီသို့ ထိုးချလိုက်သည်။

“ဂရုစိုက်စရာလား”

သူ၏အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာသည်။

ယန်ချီလင်းက လက်မြှောက်၍ သံလိုက်ဆွဲအား သင်္ကေတများ ထုတ်လွှတ်လိုက်သည်။ သံလိုက်ဆွဲအားက တမုဟုတ်ချင်း ချင်မူ့အပေါ် ဖိချလိုက်၏။

သူမအနေဖြင့် ကျင့်စဉ်စွမ်းအင် မသုံးနိုင်သောကြောင့် ချင်မူနှင့် ထိပ်တိုက်တွေ့လျှင် ဦးနှောက်မရှိရာ ကျလိမ့်မည်။ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို အသုံးပြုခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းသည် ချင်မူ၏ရုပ်ခန္ဓာကို တောင်တစ်လုံးပမာ လေးလံလာစေနိုင်သည်။ သူ၏ကန်ချက်၊ လက်သီးချက်များနှင့် တိကျမှုများ အကုန်လေးလံသွားလိမ့်မည့်အပြင် သူ၏သိုင်းကွက်များပင် မြေပြင်ဆီသို့ ဆွဲငင်ခံရလိမ့်မည်။

သို့သော် သူမ ထင်ထားသကဲ့သို့ မဟုတ်ဘဲ ချင်မူက လက်သီးဖြင့် ထိုးချနိုင်လိုက်၏။ သံလိုက်ဆွဲအားက သူ့အပေါ် သက်ရောက်မှုမရှိသည့်အလားပင်။

‘ယွမ်တုရဲ့ တာအိုခုနစ်က သူ့အပေါ် မသက်ရောက်နိုင်ဘူးလား... ဟုတ်သား၊ သူ့ရုပ်ခန္ဓာက အင်မတန် သန်မာတယ်... ငါ့ရဲ့ မဟာကောင်းကင်နတ်သိုင်းနဲ့တောင် သူ့ကို သေအောင် ရိုက်သတ်လို့ မရခဲ့ဘူး’

ယန်ချီလင်းမှာ အံ့အားသင့်သွားပြီး ချင်မူ၏လက်သီးချက်အား လက်တစ်ဖက်ဖြင့် ကားဆီးလိုက်သည်။ ရုတ်တရက် ချင်မူ၏ ကျန်လက်သီးငါးချက်က သူမဆီသို့ မုန်တိုင်းသဖွယ် ကျဆင်းလာတော့သည်။

ယန်ချီလင်းသည် အသည်းအသန် ခုခံနေသော်လည်း ချင်မူ၏ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကြောင့် မလူးလာ၊ မလွန့်သာ ဖြစ်နေတာ့သည်။ သူမမှာ လက်သီးချက်  အကြိမ်တစ်ရာကျော်ဖြင့် ထိုးနှက်ခံလိုက်ရပြီး နောက်ဆုတ်လိုက်ရသည်။ ဒဏ်ရာအားလုံး ပြန်ပွင့်သွား၍ သူမခန္ဓာကိုယ်မှာ ဇာကောက်ပေါက်သဖွယ် သွေးများ စီးကျနေသည်။

ယန်ချီလင်း ဒဏ်ရာများကို ကပျာကယာ ချုပ်နေသည့်အချိန် ချင်မူက ရုတ်တရက် ဆောင့်ကြောင့်ထိုင်ကာ အရှိန်ယူသည်။ သူက တစ်ချက်ခုန်လိုက်ပြီးနောက် လက်ခြောက်ဖက်လုံး မြှောက်ကာ သူမအပေါ်၌ ပေါ်လာသည်။

“ယိုတုရဲ့ တာအိုသုံး”

ယန်ချီလင်း ကောင်းကင်နတ်သိုင်းကို ကမန်းကတန်း အသက်သွင်းလိုက်သဖြင့် သူမအရှေ့၌ အမှောင်အလွှာတစ်ခု ပွင့်လာသည်။ ချင်မူ၏ပုံရိပ်က အထူအပါးမရှိသော အမှောင်အလွှာထဲ ဝင်ရောက်သွာကာ ပျောက်ချင်းမလှ ပျောက်သွားတော့၏။ ယန်ချီလင်းကား သူ့ကို ယိုတုသို့ ပို့လိုက်ချေပြီ။

သို့သော် ယန်ချီလင်း သက်ပြင်းပင် မချနိုင်ခင် အမှောင်အလွှာထဲမှ ချင်မူ့ခြေထောက် ထွက်လာသည်။ သူက လက်သီးဆုပ်၍ သူမရင်ဘတ်အပေါ်သို့ ရက်ရက်စက်စက် ထိုးနှက်လိုက်၏။

တစ်ချက် နှစ်ချက် သုံးချက်

ယန်ချီလင်း နံရိုးများ ကြေမွသွားသည်ကို ခံစားလိုက်ရသည်။ အုန်းခနဲ မြည်သံကြီးနှင့်အတူ သူမမှာ မြေကြီးထဲ နစ်မြုပ်သွားကာ အပေါက်ကြီးတစ်ပေါက် ချန်ရစ်ခဲ့၏။

‘ဒီတိုင်း ဆက်သွားလို့ မဖြစ်ဘူး.. ငါ သေအောင် အရိုက်ခံရလိမ့်မယ်’

ယန်ချီလင်းမှာ တွင်းကြီးထဲ၌ လဲရင်း နောက်ဆုံးလက်ကျန်ချီစွမ်းအင်ဖြင့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်လိုက်သည်။ ‘ငါ့သိုင်းအဆင့်ကို ဖိနှိပ်ထားလို့ မဖြစ်တော့ဘူး... သူ့ကို တားဖို့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ချိုးဖျက်ဖို့ လိုအပ်တယ်’

သေခြင်းရှင်ခြင်းအဆင့်ကို ဖွင့်လှစ်လိုက်သည်နှင့် သေခြင်းရှင်ခြင်းစွမ်းအား သူမဆီ လွင့်မျောလာသည်ကို ခံစားလိုက်ရ၏။ စွမ်းအားက သူမခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့လာကာ အားဖြည့်ပေးနေသည်။

ထိပ်ဆုံးအခြေအနေသို့ ပြန်မရောက်‌သေးသော်လည်း သေခြင်းရှင်ခြင်းကောင်းကင်ရတနာ၏ မှော်စွမ်းအင် ပွင့်လာပြီဖြစ်၍ ချင်မူ့ကို ကြောက်စရာမလိုတော့ပေ။

ယန်ချီလင်း ဝမ်းသာသွားပြီး လေထဲမှ ကျဆင်းလာနေသော ချင်မူဆီသို့ မော့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က မြေပြင်အတိုင်း အလျားလိုက်ဖြစ်နေသော်လည်း ကြိုးတစ်ချောင်းဖြင့် ဆွဲချခံနေရသကဲ့သို့ လူးလိမ့်နေ၏။

“ဒါ ဘာသိုင်းကွက်လဲ”

ယန်ချီလင်းမှာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ချုပ်နေရင်း ရုတ်တရက် သဘောပေါက်သွားသည်။ ‘ဓားကွက်ပဲ... ဆယ့်ရှစ်ချက်မြောက် အခြေခံဓားကွက်... သေစမ်း’

သူမ ကပျာကယာ နောက်ဆုတ်ပြီး တွင်းကြီးထဲမှ ခုန်ထွက်လိုက်သည့်အချိန် ချင်မူက ရေပြင်ညီအတိုင်း လှိမ့်လျက် သူမဆီ လာနေကြောင်း မြင်လိုက်ရသည်။ သူမကို စောင့်ကြိုနေသည်မှာ လှည့်ပတ်ရင်း ခုတ်ပြတ်နေသော ဓားပျံများသာ ဖြစ်ချေသည်။

ယန်ချီလင်းက လက်နှစ်ဖက်ကို ကြက်ခြေခတ်ထားလိုက်သည့်အခါ သံလိုက်ဆွဲအား ကောင်းကင်ဓားမများ ဖွဲ့တည်လာသည်။ ဓားမနှစ်ဖက်က လှည့်၍ ဆယ့်ရှစ်ချက်မြောက် အခြေခံဓားချက်ကို ပိတ်ဆို့လိုက်၏။ တချွင်ချွင် ထိခတ်သံများ တရစပ် ထွက်ပေါ်လာသည်။

နှစ်ယောက်စလုံး ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တိုက်ခိုက်နေကြသည်။ ယန်ချီလင်းမှာ လက်ဦးမှုမရယူနိုင်ခဲ့သဖြင့် ဆက်တိုက် နောက်ဆုတ်နေရ၏။

‘သူက ဓားဆယ့်ရှစ်ကို သုံးနိုင်သေးတယ်လား... သူ့ချီစွမ်းအင်က အင်မတန် အားနည်းနေသင့်တာလေ... ဘယ်လိုလုပ်ပြီး အင်အားသုံးစွဲမှုများတဲ့ ဓားကွက်ကို သုံးနိုင်မှာလဲ’

သူမအတွေး ဤနေရာသို့ ရောက်သည့်အချိန်တွင် ချင်မူ၏ဦး‌ခေါင်း‌နောက်ရှိ ရောင်ခြည်စက်ဝန်းထဲ၌ ကမ္ဘာမြေမှုန်တာအိုသစ်သီးကို မြင်လိုက်ရသည်။ သူမ တမုဟုတ်ချင်း နားလည်သွား၏။ ‘အမိကမ္ဘာမြေ ကမ္ဘာမြေမှုန်တာအိုသစ်သီးထဲက စွမ်းအင်က အင်မတန် အားကောင်းတယ်... သူက တာအိုသစ်သီးထဲက စွမ်းအင်ကို သူ့ကျင့်စဉ်စွမ်းအင်အဖြစ် ပြောင်းလဲနေတာကိုး’

ရုတ်တရက် ချင်မူက လှိမ့်နေခြင်း ရပ်လိုက်ပြီး မြေပြင်ပေါ်သို့ ခြေစုံရပ်ကာ ဆင်းသက်လိုက်သည်။ ထို့နောက် မုဒြာလက်ဟန်တစ်ခုဖြင့် ရိုက်ထုတ်လိုက်၏။

‘ရွှမ်တုရဲ့ တာအိုနှစ်’

ယန်ချီလင်း ကျောရိုးထဲ စိမ့်အေးသွားကာ လက်ထဲရှိ သံလိုက်ဆွဲအား ကောင်းကင်ဓားမများကို အလျင်အမြန် ခါယမ်းလိုက်သည်။ ကောင်းကင်ဓားမနှစ်လက်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သံလိုက်ဆွဲအားနံရံ အလွှာအထပ်ထပ် ဖွဲ့တည်ပေးလိုက်သည်။

ဘုန်း

ကောင်းကင်မီးလျှံက ကြောက်လန့်စရာစွမ်းအားနှင့်အတူ နံရံတစ်ခုပြီးတစ်ခု ဖျက်စီးသွားသည်။ ၎င်းသည် အလွှာတစ်ရာ ‌ဖောက်ထွက်လာပြီးနောက် နောက်ဆုံးအလွှာ၌ ရပ်တန့်သွား၏။

ယန်ချီလင်း စိတ်သက်သာရာသွားသည့်အချိန် ဓားမရောင်တစ်ချက်က နောက်ဆုံးတံတိုင်းမှ ဖြာထွက်လာသည်။ လက်ခြောက်ဖက် ပင့်မြှောက်လိုက်ခြင်းနှင့်အတူ ဓားပျံများ ပျံဝဲသွား၏။ ‌စောစောက ဓားပျံရာဂဏန်းမျှသာ ရှိခဲ့သော်လည်း ယခုတွင် ဓားပျံနှစ်ထောင်ကျော်နေချေပြီ။ ၎င်းတို့က ကောင်းကင်ဓားမတစ်လက်အသွင် ဖွဲ့တည်လိုက်သည်။

ရွှစ်

နောက်ဆုံးသော သံလိုက်ဆွဲအားနံရံမှာ ဓားမချက်ကြောင့် နှစ်ပိုင်းကွဲထွက်သွားသည်။ ကောင်းကင်ဓားမက ခြောက်လက်ကွဲသွားပြီး ယန်ချီလင်း၏ မျက်လုံးအရှေ့တွင် အလျားလိုက်နှင့် ဒေါင်လိုက်ဓားမရောင်များသာ ရှိတော့သည်။

တိမ်တိုက်တိုင်းတွင် ငွေရောင်အနားသတ် ရှိသည်။

ရွှေရောင် သွေးစက်များ ဖွားခနဲ လွင့်စင်ပြန့်ကြဲသွားပြီး ယန်ချီလင်းမှာ အပိုင်းပိုင်း ခုတ်ဖြတ်ခံရလုဆဲဆဲ ဖြစ်သွားသည်။ သူမက အလျင်အမြန် နောက်ဆုတ်ကာ အလေးအနက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင့်ဘွဲ့နင် မလိုချင်တော့ဘူးလား”

ချင်မူ၏ရုပ်ခန္ဓာအပေါ်ရှိ ဒဏ်ရာများသည် အနည်းနှင့်အများ ပျောက်ကင်းနေပြီဖြစ်၍ လျှပ်စီးလို လျင်မြန်စွာ ပြေးနိုင်လာသည်။ သူ့ခြေထောက် မြေပြင်ပေါ် ကျသွားတိုင်း မြေကြီးမှာ ပေါက်ကွဲသွားတတ်ပြီး မိုးခြိမ်းသံများ ကျန်ရစ်ခဲ့တတ်သည်။ သူက သရော်တော်တော် ပြောလိုက်၏။ “ဘာအတွက် လိုချင်ရမှာလဲ... သူ့မှာ ပြန်ရုတ်သိမ်းရဲတဲ့ သတ္တိရှိရင် ကိုယ်တိုင် လာသိမ်းခိုင်းလိုက်”

ယန်ချီလင်း ဒေါသထွက်သွားသည်။ သူမမှာ ချီစွမ်းအင်ကို အတင်းအကြပ် ထုတ်လွှတ်လိုက်ရသဖြင့် ဒဏ်ရာများ ပြန်ပွင့်ထွက်သွား၏။ “နင်လိုကောင်က‌များ ရိုင်းပျရတယ်လို့... ငါ့ကို အဆိုးမဆိုနဲ့... တာအိုတစ်”

သူမက မဟာကောင်းကင်နတ်သိုင်းကို အတင်းအကြပ် ထုတ်လွှတ်လိုက်၍ ကြောက်မက်ဖွယ် လှိုင်းဂယက်များ ထပ်မံဖြာဆင်းလာသည်။ ရှေးဟောင်းကောင်းကင်နတ်ဘုံ၏ ပုံရိပ်က ချင်မူ့အရှေ့တွင် ထပ်မံဖွဲ့တည်လာ၏။ ကောင်းကင်နန်းဆောင်များ၊ ခန်းမများ၊ ကျောက်စိမ်းမြို့တော်နှင့် မြင့်မားလှသော မြို့တံတိုင်းများက မတ်စောက်နေပြီး ကောင်းကင်နတ်မြစ်က စီးဆင်းလျက်ရှိသည်။

ကြယ်တာရာအရှင်သခင်များ၏ ပုံရိပ်က မလွတ်မြောက်နိုင်သည့် ပိုက်ကွန်တစ်ခုကို ဖော်ဆောင်ရန် ပေါ်ထွက်လာကြသည်။ ကောင်းကင်နတ်မြစ်အပေါ်တွင် ကောင်းကင်နတ်မြစ်တပ်ဖွဲ့က ရေလှိုင်းများကို ထိန်းချုပ်နေ၏။ ကောင်းကင်ထဲတွင် နေနှင့်လကား ထိန်လင်းနေသည်။

ကောင်းကင်နတ်ဘုံ၏အောက်၌ ကမ္ဘာဦးသစ်ပင်နှင့် အမိကမ္ဘာမြေ တစတစ ဖွဲ့တည်လာနေသော ယွမ်တု ရှိသည်။ ပိုက်ကွန်၏အထက်၌ ကောင်းကင်နယ်စားမင်းလည်း တဖြည်းဖြည်း ပေါ်လွင်လာနေသည်။ ယွမ်တုအောက်တွင် ယိုတုနှင့် မြေအောက်ဘုံအရှင်သခင်သည်လည်း ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာနေ၏။

ဤအခိုက်အတန့်တွင် ချင်မူကား ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်ပြီး တောင်ကောင်းကင်မုခ်ဝဆီ ဦးတည်လာပြီဖြစ်သည်။ သူက ဤမုခ်ဝကို အားကုန်ထိုးခွဲ၍ ကောင်းကင်နတ်မြစ်တစ်လျှောက် ဖြတ်ပြေးကာ နဂါးသွဲ့ရေကန်ဆီ သွားပြီး ခုန်ကျော်လိုက်သည်။

ဘုန်း

သူက ကျောက်စိမ်းမြို့တော်၏ မြို့ဂိတ်တံခါးကို စိစိညက်ညက် ဖြိုခွင်းလိုက်ပြီး သူ ဖြတ်ကျော်လာသော ကေင်းကင်နန်းဆောင်ပုံရိပ်အားလုံး ပြိုကွဲလျက် ကျန်ခဲ့သည်။ ကြေမွနေသော ကြမ်းခင်းများ၊ အုတ်ခဲများ အရပ်လေးမျက်နှာသို့ ဖြာထွက်နေတော့၏။

နတ်ကောင်းကင်ခန်းမ၏ ပုံရိပ်ထဲတွင် ယန်ချီလင်းသည် ဧကရာဇ်ပလ္လင်အရှေ့၌ ရပ်နေ၏။ ချင်မူက အလွန်မြန်လွန်းသဖြင့် ဒဏ်ရာရထားသော လူတစ်ယောက်နှင့် မတူပေ။ သူမ ကောင်းကင်နတ်သိုင်းကို အပြည့်အစုံပင် မဖော်‌ဆောင်ရသေးခင် ချင်မူ နတ်ကောင်းကင်ခန်းမအထိ တိုးဝင်လာသည်ကို မြင်လိုက်ရပြီဖြစ်၏။

‘သူ့ကျင့်စဉ်စွမ်းအင် ပြန်ပြည့်သွားတာလား... မဟုတ်သေးဘူး သူက သေခြင်းရှင်ခြင်းအဆင့် ရောက်နေပြီပဲ’

ယန်ချီလင်း၏ ဆံပင်မွှေးများ ထောင်သွားသည်။ နတ်ကောင်းကင်ခန်းမမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ချင်မူ၏ လက်သီးက ဤအထွတ်အမြတ်ခန်းမကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲလိုက်ချေပြီ။

နောက်တခဏတွင် သူ့လက်သီးက ယန်ချီလင်း၏ မျက်နှာလှလှလေးအပေါ် ကျရောက်လာပြီး ပြင်းထန်အားကောင်းသော စွမ်းအား ထုတ်လွှတ်လိုက်တော့သည်။

သူတို့နှစ်ယောက်၏ အရိပ်များက ပျက်စီးနေသော ရှေးဟောင်းကောင်းကင်နတ်ဘုံတစ်လျှောက် ဖြတ်ပြေးနေကြသည်။ တောင်တန်းများ ပေါက်ကွဲ၍ ကျောက်တုံးများ လွင့်စင်ကုန်၏။ ကျောက်တုံးများမှာ လေတွင် ပျံဝဲလှည့်လည်နေပြီးနောက်မှ မြေပြင်ပေါ် ပြုတ်ကျကြလေသည်။

နောက်တခဏတွင် နားကွဲလုမတတ် ပေါက်ကွဲသံကြီး ဟိန်းထွက်လာပြီး ထိုအခါမှ ရှေးဟောင်းကောင်းကင်နတ်ဘုံ၏ ပုံရိပ် ပျောက်ကွယ်သွားသည်။

ယန်ချီလင်းမှာ မြေပြင်ပေါ်၌ လိမ့်ထွက်သွားရင် သစ်ပင်များ၊ ကျောက်တုံးများကို တိုက်ချသွား၏။ ဆယ်မိုင်ကျော် လျှောတိုက်လိမ့်သွားပြီးနောက်မှ သူမ ရပ်သွားပြီး မလှုပ်မယှက် လဲနေတော့သည်။

သူမဘေးတွင် ဖိနပ်မပါသော ခြေထောက်တစ်စုံ ပေါ်လာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ ချင်မူကား သူမ၏အရှေ့တည့်တည့်၌ ရပ်နေချေပြီ။

“အဘိုးကြီး ကောင်းကင်နတ်ဧကရာဇ်ပေးခဲ့တဲ့ ကောင်းကင်နတ်အရှင်မူဘွဲ့ကို ငါ ဂရုမစိုက်ဘူး”

ချင်မူက သွေးအကျိအချွဲများ ထွေးထုတ်လိုက်သည်။ “ငါ့လက်နဲ့ငါ ကောင်းကင်နတ်အရှင်မူဘွဲ့ကို ရယူခဲ့တာ... အဘိုးကြီးကောင်းကင်နတ်ဧကရာဇ် ချီးမြှင့်လို့ ရခဲ့တာမဟုတ်ဘူး”

ယန်ချီလင်း၏ပါးစပ်မှ နတ်ဘုရားသွေးများ ပန်းထွက်လာပြီး သူမက အသက်မဲ့နေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည်။

ချင်မူက ကုစားနေဆဲဖြစ်သည့် လက်တစ်ဖက်ကို မြှောက်ကာ လက်ငါးချောင်းကို ဖြန့်ကားလိုက်သည်။ လေကို ထိုးခွင်းလာသည့် ဓားသံများ ထွက်ပေါ်လာ၏။

ဓာပျံများက သူ့လက်ထဲသို့ ဝင်ရောက်ပြီး ဓားတစ်လက်အဖြစ် အချင်းချင်း ပူးကပ်သွားကြသည်။ အမြန်နှုန်းက အလွန်လျင်လှသဖြင့် ပုံရိပ်များကိုသာ မြင်ရလေသည်။

ချင်မူက ဓားထိပ်သို့ အောက်စိုက်၍ ယန်ချီလင်း၏မေးစေ့ကို ပင့်လိုက်သည်။ သူက သူမနှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပေးရင် အပြုံးတစ်ခုဖြင့် မေးလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီ ဘယ်မှာလဲ”

ယန်ချီလင်းမှာ ပါးစပ်ထဲရှိ သွေးများကို မြိုချပြီးနောက် အက်ကွဲနေသောအသံဖြင့် ပြောလိုက်သည်။ “သူတို့ကို ခေါ်လာခဲ့”

“ဂိုဏ်းသခင် ကျွန်တော်တို့ ဒီမှာ‌ဗျ” နဂါးချီလင်၏ ကြောက်လန့်နေသည့်အသံ ထွက်လာသည်။

ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်သည့်အခါ ယန်ချီလင်း၏ နောက်လိုက်မိန်းကလေးများ ကောင်းကင်နတ်အရှင်ယွီ၊ ကုန်းစွန်းယန်နှင့် ကျန်ရှိသူများကို ဝန်းရံလျက် ရောက်လာသည်ကို မြင်လိုက်ရသည်။ နဂါးချီလင်မှ စိတ်ပျက်အား‌လျော့စွာ ခေါင်းငိုက်စိုက်ကျနေ၏။ “ဂိုဏ်းသခင်၊ ကျွန်တော်တို့ ဝေးဝေးတောင် မသွားလိုက်ရဘူး... အဖမ်းခံလိုက်ရတယ်...”

“သိတယ်”

ချင်မူက မထူးခြားသလို ပြောသည်။ “မင်းတို့တွေက သူတို့ကို မျှားထုတ်သွားဖို့ပဲ... ဒါမှ ဒီမိန်းကလေးကို ငါ ဖမ်းရလွယ်မှာ... ကျားဂူထဲက ကျားတွေကို မျှားထုတ်သလိုပေါ့”

နဂါးချီလင်မှာ မှင်သက်သွားပြီး အော်ဟစ်ငိုယိုတော့သည်။ “ဂိုဏ်းသခင်၊ ဒါဆို ဂိုဏ်းသခင်ရဲ့ ရည်ရွယ်ချက်က ဒီမိန်းကလေးတွေကို အာရုံလွဲပြီး ကျွန်တော်တို့ လွတ်အောင် လုပ်ပေးဖို့ မဟုတ်ဘူးပေါ့...”

ချင်မူ မည်သို့ပြောရမည်မှန်း မသိသဖြင့် ‌ခေါင်းကုတ်လိုက်မိသည်။ သူက အရိပ်အခြည်ကြည့်ကာ ဖြေလိုက်လေသည်။ “ဟုတ်တာပေါ့ ဖက်တီးနဂါးရ... အဲဒါ ငါ့ရည်ရွယ်ချက်ပဲလေ... မင်း ကောင်းကောင်းနားလည်တာပဲ... အမ်း သိပ်တော်တယ်....”

၎

င

၎

၎

၎

င

၎

၎

All Chapters