← Chapters

နောက်ဆုံး အနိုင်ရသူ

Vol. 60 Ch. 795

နောက်ဆုံး အနိုင်ရသူ

Vol. 60 Ch. 795

ချင်မူ ငေးကြောင်သွားသည်။

တစ်ယောက်က အမိကမ္ဘာမြေ၏ ကမ္ဘာဦးဘုံတွင် မွေးဖွားလာသော ပြိုင်ဘက်ကင်းအလှပိုင်ရှင် ကျွယ်ဝူချိန်။

တစ်ယောက်က နတ်ဘုရားတစ်ပိုင်းတို့၏ ခေါင်းဆောင်၊ နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟောင်။

တစ်ယောက်က သက်ရှိသတ္တဝါတို့၏ ခေါင်းဆောင်၊ ကောင်းကင်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်၊ လူသား ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွင်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ဩဇာအာဏာအကြီးမားဆုံးအချိန်သည် နတ်ဘုရားတစ်ပိုင်းများနှင့် လူသားများ သူသေကိုယ်သေ တိုက်ခိုက်နေသော အချိန်ဖြစ်သည့်အပြင် ကောင်းကင်နတ်ဧကရာဇ်အတွက် ထောင်ချောက်ဆင်ခဲ့သော အချိန်လည်း ဖြစ်သည်။

ဤနေရာတွင် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေတို့၏ ပုံရိပ်များက သိပ်မထင်ပေါ်ပေ။

ကျောချမ်းစရာကောင်းသည်မှာ ကောင်းကင်နတ်ဧကရာဇ် လူပြန်ဝင်စားသည့်ကိစ္စက လျှို့ဝှက်ချက် ဖြစ်သင့်သော်လည်း ပေါက်ကြားလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ချင်မူ့ကို အကြောက်ရွံ့စေဆုံးမှာ ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင် ဆိုသည့် မဟာရန်သူတော်ကြီးနှစ်ယောက် ပူးပေါင်းခဲ့မှုပင် ဖြစ်၏။

သူတို့၏ပူးပေါင်းမှုက မဖြစ်နိုင်ဆုံးအရာပင် ... နှစ်ဖက်လုံး ရန်ငြိုးများရှိနေကြရာမှ အဘယ်သို့ပြု၍ ရန်ငြိုးများကို ဘေးချိတ်၍ ကောင်းကင်နတ်ဧကရာဇ်ကို အတူ ပေါင်းတိုက်နိုင်မည်နည်း။

သက်ရှိသတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းများအကြား ရန်ငြိုးသည် မုဆိုးနှင့် သားကောင်အကြားက ရန်ငြိုး၊ သခင်နှင့် ကျွန်အကြားက ရန်ငြိုးဖြစ်၏။ နှစ်ဖက်လုံး အင်အားကြီးထွားလာသည်နှင့်အမျှ ရန်ငြိုးကလည်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာလိမ့်မည်။

အမျိုးအနွယ်နှင့် ပတ်သက်သည့် ရန်ငြိုးအပြင် ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ ရန်ငြိုးက ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံရမှုမှ အရင်းခံသည်။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ယွင်အနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်နှင့် မည်သို့မျှပူးပေါင်းနိုင်မည်မဟုတ်ပေ။

သို့တိုင်အောင် မဖြစ်နိုင်ဆုံးအရာက ဖြစ်ပျက်သွားခဲ့သည်။

ထို့အပြင် သူတို့သည် ကြိုတင်စီစဉ်ထားပြီး အတူတူ ပူးပေါင်းထားသည်မှာ ကြာပြီ ထင်ရ၏။ နတ်ဘုရားတစ်ပိုင်းများနှင့် သက်ရှိသတ္တဝါတို့၏ တိုက်ပွဲက ကောင်းကင်နတ်ဧကရာဇ် သူတို့အပေါ် လျှော့တွက်ပြီး သတိလက်လွတ်ဖြစ်သွားစေရန် အကွက်ချထားသော အပေါ်ယံဟန်ပြသာ ဖြစ်လိမ့်မည်။

ထိုကာလအတွင်း နတ်ဘုရားတစ်ပိုင်းများနှင့် သက်ရှိသတ္တဝါ မည်မျှသေဆုံးခဲ့ရမည်နည်း။

ဆုံးရှုံးသွားခဲ့သော အသက်များကို ရေတွက်၍ပင် မရလောက်ပေ။

တောင်လိုပုံနေသော အလောင်းများနှင့် တသွင်သွင် စီးဆင်းနေသော သွေးပင်လယ်၏ တစ်ဖက်စီတွင် ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ နွေးထွေးစာနာမှု ကင်းမဲ့ပြီး ခံစားချက်မရှိသော မျက်နှာများ ရှိနေသည်။

‘သူတို့နှစ်ယောက်စလုံး ကြောက်စရာကောင်းတယ်...’

ချင်မူ တုန်လှုပ်သွားပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။

ကောင်းကင်နယ်စားမင်း၏အသံ ထွက်လာသည်။ “.... အဲဒီစစ်ပွဲမှာ ကောင်းကင်နတ်ဧကရာဇ် သေသွားတယ်... အဲဒါနဲ့ ပတ်သက်ပြီး အမိကမ္ဘာမြေ ဘာလုပ်ခဲ့လဲ ငါ မသိဘူး... သူ လှုပ်ရှားခဲ့သလားလည်း မပြောတတ်ဘူး... အဲဒီအချိန်တုန်းက ငါတို့အားလုံး အတ္တကြီးခဲ့ကြတယ်လေ... ဟီးဟီး ရှေးဟောင်းနတ်ဘုရားတွေ ဖြောင့်မတ်မှန်ကန်တယ်ဆိုတာ သာမန်လူတွေ အထင်မှားပြီး ချီးကျူးနေတာလောက်ပဲ ရှိတာ... ငါတို့ ရှေးဟောင်းနတ်ဘုရားတွေက မင်းတို့ထင်သလောက် မမြင့်မြတ်ကြဘူး... ချင်သားတော်၊ ငါတို့ရှေးဟောင်းနတ်ဘုရားတွေကြောင်း မင်း သိပြီဆိုတော့ ငါတို့ကို သတိထားသင့်တယ်”

ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ “အံ့ဩစရာမရှိဘူး ယန်ချီလင်းက ကောင်းကင်မဟာမိတ်အဖွဲ့၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေတို့ကို သတိထားသင့်ကြောင်း ပြောခဲ့တာ အံ့ဩစရာမရှိဘူးပဲ... အကြောင်းရင်းက ဒီလိုဖြစ်နေတာကိုး...”

သူ နောက်ဆုံးတွင် နားလည်သွားချေပြီ။

ယန်ချီလင်း၏နောက်ကွယ်တွင် ကောင်းကင်နတ်ဧကရာဇ် ရှိပြီး ကောင်းကင်နတ်ဧကရာဇ်၏ သေဆုံးမှုက ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေတို့ ဝင်မပါဘဲ ထိုင်ကြည့်နေကြခြင်းနှင့် တစ်စိတ်တစ်ပိုင်း ပတ်သက်နေသည်။ ‌ကောင်းကင်မဟာမိတ်အဖွဲ့ကတော့ ကောင်းကင်နတ်ဧကရာဇ်ကို တိုက်ရိုက်ထိပါးခဲ့သူများ ဖြစ်၏။

“အဲဒါဆို အမိကမ္ဘာမြေ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ လက်ချက်နဲ့ သေခဲ့ရတဲ့အကြောင်း ပြောခဲ့တုန်းက သူ့ရဲ့ကမ္ဘာဦးသစ်ပင်က ဘယ်ကောင်းကင်နတ်ဧကရာဇ်လက်ထဲ ရောက်သွားတာလဲ” ချင်မူ ဇဝေဇဝါ ဖြစ်နေမိသည်။

ရုတ်တရက် ကောင်းကင်နယ်စားမင်းက ဆက်ပြောသည်။ “ကောင်းကင်နတ်ဧကရာဇ် သေသွားတော့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်တယ်.... အဲဒီဖြစ်ရပ်က ကောင်းကင်ဘုံသုံးဘုံအနက် ဘယ်သူက နောက်ဆုံး အနိုင်သူဖြစ်သွားမှန်း ငါ မသိတဲ့ အကြောင်းရင်းပဲ”

ချင်မူ ကမန်းကတန်း မေးလိုက်။ “ဘယ်လိုဖြစ်ရပ်လဲ”

ကောင်းကင်နယ်စားမင်းက ပြော၏။ “ကောင်းကင်နတ်ဧကရာဇ် သေသွားတော့ ကောင်ကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဘုံဆီ ပျံတက်သွားကြတယ်... သူတို့အမြန်နှုန်းက သိပ်မြန်တယ်... အဲဒီအချိန်တုန်းက သူတို့သိုင်းအဆင့်တွေက အင်မတန် မြင့်နေကြပြီ... ပြီးတော့ ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်အရှင်ဟောင်အသွင် ပြောင်းထားတာပဲ... နှစ်ယောက်လုံး အခြားသူမရောက်ခင် အရင်ရောက်ဖို့ ကောင်းကင်နတ်ဘုံဆီ ပျံတက်နေခဲ့ကြတာ... နောက်မှပဲ သူတို့ ဘာလုပ်နေမှန်း ငါ နားလည်ခဲ့တယ်....”

သူ့အကြည့်သည် ထူးဆန်းနေပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “သူတို့က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ပူးကပ်ဖို့ အသည်းအသန် ဖြစ်နေကြတာပဲ”

ချင်မူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ရီသွားတော့သည်။

“ကောင်းကင်နတ်ဧကရာဇ် သေသွားတဲ့သတင်း ဘယ်တော့မှ ပျံ့မလာခဲ့ဘူး... ကောင်းကင်နတ်ဧကရာဇ် သေသွားပေမယ့် ကောင်းကင်နတ်ဘုံမှာတော့ ကောင်းကင်နတ်ဧကရာဇ် အသက်ရှိနေသေးတယ်”

ကောင်းကင်နယ်စားမင်း၏အကြည့်က ငေးသွားသည်။ “ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်ဖို့ လျှပ်စီးတန်းတွေလို ကောင်းကင်နတ်ဘုံဆီ ထိုးတက်သွားကြတယ်... သူ့ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်မှ သူ့ရဲ့ ဩဇာနဲ့ အာဏာကို ချုပ်ကိုင်နိုင်မှာမဟုတ်လား... အဲဒါဆို တစ်ဖက်လူကို ဖိနှိပ်ဖို့လည်း လွယ်ကူသွားမယ်လေ... တွေးကြည့်တော့မှ အဲဒီထက် ပိုလွယ်တဲ့ နည်းလမ်း မရှိတော့ဘူးလားလို့... ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာဆီ ဘယ်သူ အရင်ရောက်သွားလဲ ငါ မမြင်ခဲ့ဘူး”

ချင်မူမှာ သစ်သားကြက်ရုပ်လေးလို တိတ်ဆိတ်နေသည်။ တခဏကြာသော် သူက မေးသည်။ “ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်အရှင်ဟောင်အသွင် ပြောင်းနိုင်တယ်လား... ဘယ်လိုလုပ် ပြောင်းနိုင်တာလဲ”

ကောင်းကင်နယ်စားမင်း မဖြေ။

ဗြဟ္မဗုဒ္ဓက သက်ပြင်းချပြီး မျက်မှောင်ကြုတ်နေသည်။ “ငါ သင်ပေးခဲ့တာ... သူက လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်၊ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်မဟုတ်လား... ကောင်းကင်နတ်အရှင်ယွင်က ပျောက်ကွယ်သွားတဲ့ ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင် အသွင် ပြောင်းပြီး လူသားမျိုးနွယ်ရဲ့ ယုံကြည်ချက်ကို မြှင့်တင်ပေးချင်ခဲ့တယ်... အဲဒီအတွက် ငါ့ကို လာရှာတော့ ငါလည်း ပျော်ပျော်ပဲ သင်ပေးလိုက်မိတာပေါ့... အဲဒီတုန်းက လူသားမျိုးနွယ်က အခြေအနေ တော်တော်ဆိုးနေခဲ့တာ...”

ချင်မူ တခဏစဉ်းစားကာ မေးလိုက်သည်။ “အဲဒါဆို ကောင်းကင်နတ်အရှင်ယွင်က တကယ် လူသားရော ဟုတ်ရဲ့လား”

ဗြဟ္မဗုဒ္ဓ မှင်သက်သွားပြီး သူ ဆိုလိုသည်ကို နားလည်လိုက်သည်။ သူက ခေါင်းယမ်းကာ ဖြေတော်မူ၏။ “မသိဘူး”

ချင်မူ ကောင်းကင်နယ်စားမင်းဆီသို့ လှမ်းကြည့်လိုက်၍ ကောင်းကင်နယ်စားမင်းက ခေါင်းယမ်းသည်။ “ငါလည်း သူ လူလား၊ နတ်ဘုရားတစ်ပိုင်းလား မသိဘူး... သူ့ပုံစံကတော့ အမြဲလူသားပဲ ဒါပေမဲ့..”

သူက ခေတ္တ ရပ်၍ ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ပုံစံလည်း အမြဲလူသားပဲ”

အားလုံး တိတ်ဆိတ်သွားကြသည်။

ကောင်းကင်နယ်စားမင်းက ပြော၏။ “နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ဧကရာဇ်ပလ္လင်ထက်မှာ ထိုင်နေတဲ့ ကောင်းကင်နတ်ဧကရာဇ်က တကယ့် ကောင်းကင်နတ်ဧကရာဇ် မဟုတ်တော့တာပဲ ငါ သိတယ်... ဘယ်တစ်ယောက်လဲ မပြောတတ်ဘူး... ဘာကြောင့်လဲဆိုရင် အဲဒီနောက်ပိုင်း အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့လို့ပဲ...

“ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ ချေမှုန်းခံလိုက်ရတယ်... မကြာဘူး ကောင်းကင်နဂါး ကောင်းကင်နတ်ဘုံလည်း ဖျက်စီးခံလိုက်ရတယ်... အဲဒီနောက်ပိုင်း ရှေးဟောင်းကောင်းကင်နတ်ဘုံက မြင့်သထက် မြင့်သွားပြီး ယွမ်တုနဲ့ ဝေးသထက် ဝေးသွားတော့တာပဲ... ယွမ်တုကတော့ စစ်ပွဲကြီးပြီးတော့ မဟာမြို့ပျက် ဖြစ်လာခဲ့ပြီး ယွမ်တုရဲ့ မဟာမြို့ပျက်ကနေ ချိဧကရာဇ် ထွက်ပေါ်လာခဲ့တယ်”

ချိဧကရာဇ်မှာ အတန်ငယ် ငေးငိုင်နေသည်။ “အဲဒီတုန်းက မဟာမြို့ပျက်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး အန္တရာယ်တွေလည်း အပြည့်ပဲ.... ငါလည်း သေဘေးကနေ လွတ်အောင် ရုန်းကန်ခဲ့ရတယ်... ငါက ငယ်ငယ်တုန်းက လျှောက်စူးစမ်းရတာ ကြိုက်တော့ ကောင်းကင်နတ်ဘုံနှစ်ခုလုံးရဲ့ အပျက်အစီးတွေကို လိုက်ရှာခဲ့တယ်.... တစ်ရက် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နဲ့ နတ်ဘုရားရုပ်တုကို တွေ့ခဲ့ပေမယ့် မျက်နှာကတော့ ဝါးနေပြီ... အဲဒီရုပ်တုကို မြင်လိုက်တာနဲ့ ငါ စိတ်ကူးဉာဏ်တွေ ကွန့်မြူးလာပြီး ရုပ်တုအောက်မှာ အကြာကြီး တရားထိုင်ရင်း နောက်ဆုံး ငါ့လမ်းစဉ်ကို ရှာတွေ့သွားခဲ့တာပဲ”

ချင်မူ အကြီးအကျယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။ “ကျွန်တော့်ရုပ်တုလား”

“မျက်နှာကို သေသေချာချာ မမြင်ခဲ့ရဘူး” ချိဧကရာဇ်က ခေါင်းယမ်းသည်။

ချင်မူ့စိတ်ထဲတွင် ဖရိုဖရဲ ရှုပ်ယှက်ခတ်နေသည်။ ကောင်းကင်နယ်စားမင်းနှင့် ကျန်ရှိသူများ ဖော်ပြသွားသော လျှို့ဝှက်ချက်များက များလွန်း၍ သူ လိုက်မမှီတော့ပေ။

ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် ကပျာကယာ မေးလိုက်သည်။ “ကောင်းကင်နတ်ဧကရီကရော... ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမက ကောင်းကင်နတ်ဘုံမှာ မဟုတ်လား... ကောင်းကင်နတ်အရှင်ဟောင်ဖြစ်ဖြစ်၊ ကောင်းကင်နတ်အရှင်ယွင်ဖြစ်ဖြစ် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ယူလိုက်ရင် သူတို့ညီအစ်မကိုတော့ ဘယ်လိမ်လို့ရမလဲ... သူတို့ ဘာလို့ မဖော်ထုတ်ခဲ့တာလဲ”

ကောင်းကင်နယ်စားမင်းက ပြောသည်။ “ချင်သားတော်၊ ကောင်းကင်နတ်ဧကရာဇ်ရဲ့ လူဝင်စားသတင်း ဘယ်လိုပေါက်ကြားသွားလဲ မသိချင်ဘူးလား... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ် ပူးကပ်ခံလိုက်ရတဲ့ကိစ္စက ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမကို လိမ်လို့မရမှတော့ သူ့လူဝင်စားကိစ္စကလည်း သူတို့ကို လိမ်လို့ရပါ့မလား”

ချင်မူမှာ ညာလက်ဖြင့် နဖူးပေါ် ဖိကာ ရှေ့လျှောက် နောက်လျှောက် လျှောက်နေတော့သည်။ မဟာနေဧကရာဇ်ပင် သူ့ကို ကြည့်ရင်း ခေါင်းမူးလာ၏။

ရုတ်တရက် ချင်မူ ရပ်ကာ ပြောလိုက်သည်။ “အဲဒါဆို ကောင်းကင်နတ်အရှင်ဟောင်က အနိုင်ရတဲ့သူ ဖြစ်မယ်... ကောင်းကင်နတ်အရှင်ယွင်သာဆို သူတို့ညီအစ်မ သေချာပေါက် ဖော်ထုတ်မှာပဲ... ကောင်းကင်နတ်အရှင်ယွင်မှာ သူတို့နဲ့ ရန်ငြိုးရှိတယ်မဟုတ်လား”

မြေအောက်ဘုံအရှင်သခင်က ဝင်ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်က သူတို့ညီအစ်မနဲ့ မပတ်သက်တာ မင်း သေချာလို့လား... ကောင်းကင်နတ်အရှင်ယွင်က သူတို့သားလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့... လူပြန်ဝင်စားခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားတွေ တစ်ပုံကြီးပဲကို”

ချင်မူ မှင်သက်သွားကာ မတွေးတတ်တော့ပေ။

ကောင်းကင်နယ်စားမင်း တခဏ တွန့်ဆုတ်နေပြီးနောက် ပြောသည်။ “တကယ့်တော့ ဒီကိစ္စမတိုင်ခင် ကောင်းကင်နတ်ဧကရီ အတိုက်ခိုက်ခံရတဲ့ ကိစ္စလည်း ရှိသေးတယ်... ငှက်လေးပြောပုံအရ အဲဒီကိစ္စက ထူးဆန်းတယ်တဲ့...”

မဟာနေဧကရာဇ် ညည်းတွားနေတော့သည်။

ကောင်းကင်နယ်စားမင်း ဆက်ပြောတော့မည့်အချိန် မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “အဆွေတော်၊ မင်း ပြောတာ လုံလောက်ပြီ... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကိစ္စကို ပြောပြီးပြီမလား ကျန်တာတွေ မလိုတော့ဘူး”

ကောင်းကင်နယ်စားမင်းမှာ သတိပြန်သွားပြီး ချင်မူ့ကို မောင်းထုတ်တော့သည်။ “ချင်သားတော် ၊ သွားတော့ ... ငါတို့ဘာသာ အေးအေးချမ်းချမ်း နေ,နေတာကို လာမနှောင့်ယှက်နဲ့တော့... မင်း အခု သိသင့်တာထက် ပို သိနေပြီ... များများသိလေလေ၊ မင်းအတွက် မကောင်းလေလေပဲ”

ချင်မူ အလျင်အမြန် မေးလိုက်သည်။ “ကျွန်တော် နားမလည်တာ တစ်ခု ရှိသေးတယ်.... ကောင်းကင်နယ်စားမင်း အဲဒီမေးခွန်းကို ရှင်းပေးရင် ကျွန်တော် မနှောင့်ယှက်တော့ဘူး”

ကောင်းကင်နယ်စားမင်းက စိတ်ရှည်စွာ ပြော၏။ “ပြော”

“ကောင်းကင်နတ်ဧကရာဇ် သေသွားပြီး သူ့ရုပ်ခန္ဓာ ပူးကပ်ခံထားရတယ်ဆိုရင် ယန်ချီလင်းကရော ဘယ်လိုလဲ”

ချင်မူ ခပ်သွက်သွက် ပြောလိုက်သည်။ “ယန်ချီလင်းက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဆက်ခံသူ... မဟာတာအိုအားလုံး ကျင့်ကြံထားတယ်... တာအိုတစ် မဟာကောင်းကင်နတ်သိုင်းတောင် သူ့မှာ ရှိတယ်... ဒါ့အပြင် သူက ကမ္ဘာဦးဘုံ ပွင့်လာတာကြောင့် ဒီကို ရောက်လာပြီး ကမ္ဘာဦးသစ်ပင်နဲ့ အမိကမ္ဘာမြေအသစ်ကိုလည်း ခေါ်လာခဲ့သေးတယ်... ကမ္ဘာဦးသစ်ပင်နဲ့ အမိကမ္ဘာမြေဆိုတာ သူ ဖန်ဆင်းနိုင်တာမှ မဟုတ်တာ... ကောင်းကင်နတ်ဧကရာဇ် သူ့ကို ကူညီနေတာ သေချာတယ်... ဒါဆို ကောင်းကင်နတ်ဧကရာဇ် အသက်ရှင်နေသေးတာများလား”

ကောင်းကင်နယ်စားမင်းသည် မျက်လုံးအပြူးသားဖြင့် သူ့ကို စိုက်ကြည့်ကာ ဆူတော့၏။ “ငါက ဘယ်လိုလုပ် သိမှာတုန်းကွ... ဒီကိစ္စတွေ ငါ မသိဘူး... မင်းက ငါ့ကို မေးတယ်... ငါက ဘယ်သူ့ကို ပြန်မေးရမှာလဲ.... ရှူးရှူး... မင်း မသွားရင် ငါ မင်းအစ်ကိုကြီးကို ဒီကနေ ထုတ်ပေးပြီး မင်းကို ဖမ်းထားမှာနော်”

ခေါင်းကြီးကြီး ကလေးကြီးမှာ ဝမ်းသာသွားပြီး လက်ခုပ်လက်ဝါး တီးနေသည်။

ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ ဆက်မေး၍ မရတော့မှန်း သိလိုက်သဖြင့် သူ၏ထာဝရအသိစိတ်အလျဉ်ကို ပြန်ခေါ်လိုက်ရလေသည်။

ကျောက်စားပွဲဘေးတွင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင် ထိုင်လိုက်သည်။ မဟာနေဧကရာဇ်က အလျင်အမြန် ခုံဖယ်ပေးပြီး ဘေး၌ ရပ်နေ၏။

ကောင်းကင်နယ်စားမင်းက ပြောသည်။ “ကောင်းကင်နတ်ဧကရီ အတိုက်ခိုက်ခံရတဲ့ကိစ္စက သိပ်မဆိုင်ဘူးမလား... ဘာလို့ အဆွေတော်က ငါ့ကို ပြောခွင့်မပေးတာလဲ”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။ “သူ့ကို များများပြောလိုက်ရင် သူ့အတွက် အန္တရာယ်တွေ လက်ယပ်‌ခေါ်ပေးနေသလို ဖြစ်လိမ့်မယ်... ဒီကမ္ဘာပေါ်မှ သိတာများလေလေ၊ မြန်မြန်သေရလေလေပဲ မဟုတ်လား” ထိုသို့ပြောရင်း သူက မဟာနေဧကရာဇ်ဆီသို့ တစ်ချက်ကြည့်၏။

မဟာနေဧကရာဇ်မှာ တိတ်ဆိတ်နေပြီး သူ့ကျောသူ ပွတ်ရင်း ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမျှ မပြောပေ။

“ဒါ့အပြင် အဆွေတော် သိထားတာတွေက အဓိကတွေချည်းပဲ”

မြေအောက်ဘုံအရှင်သခင်က ဆက်ပြောသည်။ “ငါ့ယိုတုကို ကြည့်... ကောင်းကင်နတ်ဘုံရဲ့စွမ်းအားကို သူ့လက်ငှားပြီး ရှင်းပစ်ပြီးပြီ... အဆွေတော်က စိတ်တိုင်းကျ ပြောဖို့ပဲ ဂရုစိုက်ပေမယ့် မင်းကိုယ်ပေါ်မှာ ကောင်းကင်နတ်ဘုံရဲ့ အင်အားတွေ ဘယ်လောက်တောင် များနေလဲ တွေးဖူးလား... သူ့လက်ငှားပြီး အဲဒီအန္တရာယ်တွေကို မရှင်းပစ်ချင်ဘူးလား”

ကောင်းကင်နယ်စားမင်း တအံ့တဩ ပါးစပ်ဟလိုက်မိ၏။ “မင်း... မင်းက လူရိုးကြီးရော ဟုတ်ရဲ့လားကွာ... အဆွေတော် မင်းသာ လူရိုးကြီးဆိုလို့ကတော့ ငါ ကောင်းကင်ကို တုတ်နဲ့ ဖောက်လိုက်တော့မယ်”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၏ မျက်နှာတွင် ချော်ကျောက်ခဲများ ပြည့်နေသဖြင့် မျက်နှာအမူအရာ မမြင်ရပေ။ “ငါက ယိုတုရဲ့ အရှင်သခင်, မိစ္ဆာလမ်းစဉ်ရဲ့ အစပဲ... နည်းလမ်းတွေ မသိဘဲ နေပါ့မလား”

ကောင်းကင်နယ်စားမင်းက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကြည့်ရတာ ငါလည်း မကြာခင် သူ့ကို ရွှမ်တုဆီ ဖိတ်ခေါ်ရတော့မယ် ထင်ပါရဲ့... ဟားဟားဟား”

ချင်မူ နဂါးချီလင်၏ ခေါင်းပေါ်တွင် ထိုင်ကာ ဒဏ်ရာများ  ကုသနေ၏။ များစွာမကြာလိုက်ဘဲ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာအများစု ပျောက်ကင်းသွားသည်။ ‘မြေအောက်ဘုံအရှင်သခင်က ပြောရဆိုရ မလွယ်ပေမယ့် ကောင်းကင်နယ်စားမင်းကတော့ ပြောရဆိုရလွယ်တယ်... ဟုတ်သား အမိကမ္ဘာမြေရဲ့ ‌ကောင်းချီးက ငါ့ကို ထောက်လှမ်းမယ့် နည်းလမ်းလား မေးဖို့ မေ့သွားတာပဲ...’

ကောင်းကင်နယ်စားမင်းကိုယ်တိုင် သူ့ကို မောင်းထုတ်ခဲ့ခြင်း ဖြစ်၍ ယခုသွားမေးနေလျှင် အဆင်ပြေမည်မဟုတ်ရာ ခေတ္တ ဘေးပို့ထားလိုက်ရသည်။ ‘ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ အရင်ပြန်ပြီး ဆရာသစ်ခုတ်သမားကို စစ်ဆေးခိုင်းရမယ်... သူ့အမြင်နဲ့ ဗဟုသုတတွေက ငါ့ထက် အဆရာတစ်ရာ သာတော့ သေချာပေါက် တစ်ခုခုတော့ မြင်နိုင်မှာပါ... ငါ့ကို တကယ် ထောက်လှမ်းနေဖို့ ဆိုရင်တော့ နတ်ဘုရားတွေ ကောင်းကင်နတ်အရှင်ယွီကို ပေးခဲ့တဲ့ ကောင်းချီးတွေကိုလည်း ဖျက်စီးရလိမ့်မယ်’

သူက ထောင်ကျယ်အိတ်ကို မွှေနှောက်လိုက်ပြီး နောက်ဆုံးတော့ ကောင်းကင်နတ်ဧကရာဇ် ချီးမြှောက်ခဲ့သော တံဆိပ်ပြားနှင့် အမိန့်စာတမ်းကို တွေ့သွားသည်။

ချင်မူ ချီတုံချတုံ ဖြစ်နေသည်။ ယန်ချီလင်းက ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးသည် တံဆိပ်ပြားနှင့် အမိန့်စာတမ်းထဲ၌ ရှိကြောင်း ပြောသွားခဲ့၏။ ကောင်းချီးရရှိရန် အမိန့်စာတမ်းကို ဖွင့်ကြည့်သင့်သည်လော...။

ယင်းက ထောက်လှမ်းမည့် နည်းလမ်းသာ ဖြစ်နေလျှင် သေလားရှင်လား မသိရသော ကောင်းကင်နတ်ဧကရာဇ်သည် သူ့ကို ခြေရာခံသွားနိုင်မည် မဟုတ်ပါလော....။

ချင်မူ တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ရင်း ထောင်ကျယ်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ “ဆရာသစ်ခုတ်သမား အမိကမ္ဘာမြေရဲ့ ကောင်းချီးကို စစ်ဆေးပေးပြီးမှပဲ ဆုံးဖြတ်တော့မယ်... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကောင်းချီးက ငါ့ကို ကာကွယ်ပေးနိုင်လောက်ပေမယ့် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရည်ရွယ်ချက်က ကောင်းလားဆိုးလား ငါ မသိဘူး... နမူနာအနေနဲ့ ကောင်းကင်နတ်အရှင်ယွီကိုပဲ ကြည့်လေ”

သူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်၍ သူ့ကိုယ်ထဲမှ ထစ်ချုန်းသံ ခြောက်ချက် ထွက်လာသည်။ သူ၏နတ်ဘုရားလမ်းစဉ် ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်နှင့် သေခြင်းရှင်ခြင်း ကောင်းကင်ရတနာများ ပွင့်လာ၏။

သူ၏မူလဝိညာဉ်က အရပ်ခြောက်မျက်နှာမြေပြင်ထက်၌ ရပ်နေပြီး သူ့အနောက်တွင် နေနှင့်လနှင့် တန်းတူ မြင့်မားလှသော သစ်ပင်သန္ဓေ ရှိသည်။ သူ့ခြေထောက်အောက်တွင် အမှောင်ထု ယိုတု ဖွဲ့တည်နေသည်။

သေခြင်းရှင်ခြင်းကောင်းကင်ရတနာက သေခြင်းနှင့် ရှင်ခြင်းအကြား ဖြတ်သွားသဖြင့် ဤကောင်းကင်ရတနာသည် ယိုတုဆီ တန်းရောက်၏။

‘လူသားက ကောင်းကင်နဲ့မြေကြီးမှာ ရပ်တည်တယ်... ကောင်းကင်က ခေါင်းအပေါ်၊ မြေကြီးက ခြေထောက်အောက်မှာ ရှိတယ်... နတ်ဘုရားဖြစ်ဖို့ အပေါ်တက်ရတယ်... မိစ္ဆာဖြစ်ရင် အောက်ဆင်းရတယ်... ငါတို့မှာ အစကတည်းက နတ်ဘုရားသဘာဝနဲ့ မိစ္ဆာသဘာဝ ရှိနေပြီးသား... အဲဒါဆို သေခြင်းရှင်ခြင်းကောင်းကင်ရတနာရဲ့ ဆန့်ကျင်ဘက်က ရွှမ်တုကောင်းကင်ရတနာ ဖြစ်နေမှာပဲ’

ချင်မူ၏ ကောင်းကင်ရတနာများ ပြောင်းပြန်လှန်သွားပြီး မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများက ကောင်းကင်နတ်အသွင်အဆင့်အထိ တောက်လျှောက် ပွင့်သွားသည်။ နောက်တခဏတွင် အတားအဆီးနံရံတစ်ခု ပွင့်ထွက်သွားကာ ထိုကောင်းကင်ရတနာမှ ကောင်းကင်အလင်းတန်းမျာ’ ဖြာကျလာ၏။ ၎င်းက ယိုတု၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာနှင့် ရောင်ပြန်ဟပ်နေချေသည်။

ချင်မူ အောက်သို့ ငုံ့ကြည့်သည့်အခါ ရွှမ်တုထဲ ဝင်နေသော သူ့ကိုယ်သူ မြင်လိုက်ရသည်။ ရုတ်တရက် အရေးကြီးသောအရာတစ်ခုကို သူ တွေးမိလိုက်၏။

‘လူသားတွေမှာ နတ်ဘုရားသဘာဝရော၊ မိစ္ဆာသဘာဝရော ရှိတယ်... ဒါဆို လူတိုင်း နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာတွေနဲ့ မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာတွေကို ဖွင့်နိုင်တယ်လို့ မဆိုလိုဘူးလား”

သူ တခဏ မှင်သက်သွားပြီး သူ့ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာ၏။ ‘အဲဒီတိုင်းဆို မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာကို ဖွင့်ဖူးတဲ့လူ ရှိခဲ့လောက်လား... မရှိရင် ငါက ပထမဆုံးလား... ဟုတ်တယ်၊ ကောင်းကင်ရတနာတွေက မျိုးဆက်မှာလည်း ပါသွားနိုင်တော့ ငါ နားလည်အောင် ကလေးတစ်ယောက် မွေးကြည့်လိုက်ဖို့ပဲ လိုတယ်... ကလေး ဘယ်လိုမွေးရပါ့.... ဧကရာဇ်အတိုင်ပင်ခံက ကလေးမွေးဖူးတာပဲ... သူ့ မေးကြည့်ရမယ်”

All Chapters