ကမ္ဘာဖျက်မြွေမိစ္ဆာ
Vol. 9 Ch. 22
လီဆာ မျက်လုံးတွေကိုဖွင့်လိုက်တယ်။ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ့နေတဲ့အတွက် နားကိုပိတ်ထားချင်ပေမဲ့ လက်တွေတုပ်နှောင်ခံထားရတာကြောင့် စိတ်ပါသလို လှုပ်ရှားနိုင်စွမ်းမရှိခဲ့ပါဘူး။
“နိုးလာပြီလား။” ရေဂင်ရဲ့အသံထွက်ပေါ်လာတာကြောင့် အသံလာယာကို ကြည့်လိုက်တော့ အနက်ရောင်နည်းပညာချပ်ဝတ်ကို ခေါင်းဆောင်းမပါဘဲ ဝတ်ထားတဲ့ရေဂင်က သူ့ရှေ့ကိုလျှောက်လာပြီး ထိုင်ချလိုက်တာ မြင်ရတယ်။ ပြီးတော့ လီဆာအနားမှာရှိနေတဲ့ အရာတွေကို သဲသဲကွဲကွဲစမြင်ရပြီဖြစ်လို့ ဆူညံ့နေတဲ့အကြောင်းအရင်းကို နားလည်သွားပြီ။
ဒီနေရာမှာ ဖုတ်သွင်းခံထားရတဲ့ ပိုးကောင်တွေသောင်းဂဏန်းနဲ့ချီပြီး တန်းစီစုဝေးနေကြလို့ အခုလိုမျိုးအသံတွေနဲ့ ဆူညံ့နေတာပါ။ ပိုးကောင်မျိုးစိတ်ပေါင်းများစွာရဲ့အတောင်ပံခတ်သံတွေ၊ ခြေတွေလက်တွေလှုပ်ရှားတဲ့အသံတွေက ပေါင်းစုသွားပြီး လီဆာအတွက် အဓိပ္ပါယ်ဖော်ရခက်တဲ့ သည်းခံရခက်တဲ့ သံစုံတီးဝိုင်းကြီးကို ဖြစ်ပေါ်စေခဲ့တာပါ။
“ဟုတ်သားပဲ။ သူတို့ဆူညံနေမှတော့ မင်းငါပြောတာကို ဘယ်ကြားရမှာလဲ။” ရေဂင်က လက်ဖျောက်တီးလိုက်တယ်။ အဲဒီနောက်တော့ လှုပ်ရှားနေတဲ့ ဖုတ်သွင်းပိုးကောင်တွေအကုန်လုံး ငြိမ်ကျသွားတယ်။
လီဆာကတော့ သူ့ကိုယ်ကိုတုပ်နှောင်ထားတဲ့ ကြိုးတွေကို ကြည့်လိုက်တယ်။ ကြိုးက အထူးပြုလုပ်ထားတဲ့ ဇက်စတီးသံကြိုးဖြစ်ပြီး အနက်ရောင်သန်းနေတယ်။ ကြိုးရဲ့မျက်နှာပြင်ပေါ်မှာ သေးငယ်တဲ့ ဆူးချွန်တွေပါပြီးတော့ ဆိုးယုတ်ခြင်းအငွေ့အသက်တွေ စီးဆင်းနေပါတယ်။ လီဆာက လွတ်လိုလွတ်ငြား ရုန်းကြည့်ပေမဲ့ ကြိုးတွေက ပိုတင်းကျပ်သွားပြီးတော့ သူ့ခန္ဓာကိုယ်ထဲ ဆိုးယုတ်ခြင်းအငွေ့အသက်တွေ စီးဝင်လာတာကြောင့် အသက်ရှုမှားသွားတယ်။
“ဟားဟားဟား.... မင်းရုန်းနေရင်းနဲ့ နောက်တစ်ခါထပ်ပြီး သတိလစ်သွားဦးမယ်။ ကြိုးက ဇက်စတီးအစစ်ပဲ။ ပြီးတော့ ယာမီရဲ့စွမ်းအားတွေ ပါဝင်နေသေးတယ်။ ပိုးတောင်မာပြာမျိုးနွယ်ရဲ့ပညာစွမ်းနဲ့ ဖန်တီးထားတဲ့ အထွတ်အထိပ်ချုပ်နှောင်ကိရိယာပဲ။”
လီဆာက ရုန်းမနေဘဲ ရပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နှက်လာတယ်။ အခုလိုအချိန်မျိုးမှာ အထီးကျန်မှုကလွဲပြီး သူဘာမှမခံစားရဘူး။ သူအိမ်ပြန်ချင်တယ်။ လူတွေပြောတဲ့ ခလုတ်ထိမှ အမိတဆိုသလိုမျိုးပဲ လင်ဒါရဲ့ပုံရိပ်ကို ပြန်မြင်ယောင်လာမိတယ်။
“ရှင်ကျွန်မကို လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့။”
လီဆာက လူတစ်ဝက်ပုံစံကိုပြောင်းပြီး ထပ်ရုန်းတယ်။ ဒီတစ်ခါတော့ ကြိုးပေါ်က ဆူးတွေက ပိုထကြွလာပြီး သူ့အသားထဲအထိနစ်ဝင်တယ်။ သူ့အရေပြားအောက်ကနေ သွေးတွေစီးကျလာပြီးတဲ့နောက်တော့ ဆိုးယုတ်ခြင်းစွမ်းအင်တွေကြောင့် ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့ပါပြီ။
“ငါပြောသားပဲ၊ မင်းက မျှော်လင့်ချက်မဲ့နေပြီးပြီ။ ဟေ့၊ ဒီကောင်မလေးကို လှောင်ချိုင့်ထဲထည့်လိုက်တော့။”
ရေဂင်အမိန်ရတာနဲ့ ဖုတ်သွင်းဓားခုတ်ကောင်နှစ်ကောင် ရှေ့ထွက်လာပြီး လီဆာကို တစ်ဖက်စီကနေ ဆွဲမြှောက်ပြီး အသင့်ပြင်ထားတဲ့ သံလှောင်အိမ်ထဲ ထည့်လိုက်တယ်။
“ဒီနေ့ မင်းရှေ့မှာတင် အဲဒီကောင်ကိုသတ်မယ်။ ပြီးရင်တော့ မင်းအလှည့်ပေါ့ကွာ။”
ရေဂင်က လီဆာရဲ့မျက်နှာကိုကြည့်ကာ ရယ်မောလိုက်ပြီးတဲ့နောက် နေရာကနေ ထွက်ခွာသွားတယ်။
....
“ထူးဆန်းလိုက်တာ၊ ရေဂင့်ပိုးကောင်တွေက ငါတို့ကို တမင်လမ်းပြနေသလိုပဲ။” မက်ဒါနာက ပိုးကောင်တချို့ကို အနိုင်ယူလိုက်ရင်း ပြောလိုက်တယ်။ သူတို့လီဆာကို ရှာနေရင်းကနေ ဖုတ်သွင်းပိုးကောင်တွေကိုတွေ့မိတယ်လေ။ သူတို့နောက်လိုက်တိုက်တော့ အဲဲဒီပိုးကောင်တွေက သူတို့ကိုသေချာပြန်မချဘဲ နောက်ကိုတစ်ဆုတ်တည်းဆုတ်ပြီး သူတို့နောက်လိုက်ရင်းကနေ တောက နက်သည်ထက်နက်လာပါပြီ။
“မမလေး၊ စိုးရွံမိပေမဲ့ သူတို့က ကျွန်မတို့ကို တမင်သက်သက် တစ်နေရာရာကို ဆွဲခေါ်နေတယ်လို့ ထင်မိပါတယ်။ ထောင်ချောက်များဖြစ်နေမလားပဲ။”
ငွေရောင်စစ်သည်ဝတ်စုံထဲက မက်ဒါနာကတော့ ပိုးကောင်တချို့ကို ဓားနဲ့လှမ်းခုတ်ရင်း ပခုံးတွန့်ပြလိုက်တယ်။ “အဲဒီတော့လည်း ဘာဖြစ်လဲ။ လီဆာက ရေဂင့်လက်ထဲရောက်နေပြီလို့ ငါတို့ကောက်ချက်ဆွဲလို့ရနေပြီမဟုတ်လား။ ဒီအတိုင်းပဲဝင်သွားပြီး အဲဒီကောင်ဖင်ကို ဆောင့်ကန်ပေးရအောင်။”
မက်ဒါနာက အေမီကိုဂရုမစိုက်တော့ဘဲ ရှေ့ကနေပြီးဆက်သွားတယ်။ အေမီလည်း နောက်ကနေပြေးပြီး လိုက်ရတော့တာပေါ့။
“ဒါပေမဲ့ ရေဂင်က ဒီအတိုင်းအားနည်းတဲ့ ရန်သူတစ်ယောက်မဟုတ်ဘူးလေ။”
ဒီလိုနဲ့ သူတို့နှစ်ယောက်က တောထဲမှာ ငြင်းခုံနေရင်းကနေ တောင်ကုန်းတွေထူထပ်တဲ့နေရာကို ရောက်လာကြတယ်။ တောင်ကုန်းတွေပေါ်မှာ ဘယ်ခေတ်ကတည်းကမှန်းမသိ ရှိခဲ့ပုံပေါ်တဲ့ အုတ်ရိုးအကျိုးအပျက်တွေကိုတွေ့ရပြီး ရှေးခေတ်က မြို့ငယ်တစ်မြို့ဖြစ်ခဲ့ပုံပါပဲ။ အထူးခြားဆုံးကတော့ အဲဒီပတ်ပတ်လည်မှာ ပိုးကောင်တွေအများကြီးရှိနေပြီးတော့ အားလုံးက ဖုတ်သွင်းပိုးကောင်တွေပါ။
“ကြည့်ရတာ ငါတို့နေရာမှန်ရောက်လာတဲ့ပုံပဲ။ သူတို့အရေအတွက်က အနည်းဆုံး လေးသောင်းအောက်မကျဘူး။”
“အတိအကျအနေနဲ့ဆိုရင်တော့ ၄၂၆၀၁ ကောင်ရှိနေတာပါ သခင်မလေး။”
အေမီက မက်ဒါနာကို စာရင်းအတိအကျပေးလိုက်တယ်။ မက်ဒါနာကတော့ ပိုးကောင်တွေဆီမှာအာရုံမရောက်တော့ဘူး။ အဲဒီအစား အမြင့်ဆုံးတောင်ကုန်းတွေပေါ်က တစ်နေရာမှာရှိနေတဲ့ လှောင်ချိုင့်ကြီးကိုကြည့်လိုက်ပါတယ်။ လှောင်ချိုင့်က လေးထောင့်ပုံမဟုတ်ဘဲ ငှက်လှောင်အိမ်လိုမျိုး စလင်ဒါပုံပါ။ အထဲမှာတော့ ဇက်သတ္တုကြိုးနဲ့ အချည်ခံထားရတဲ့ လီဆာရှိနေပါတယ်။
“ဒီတော့ ငါတို့ကောက်ချက်က မှန်တယ်ပေါ့။ လီဆာ အဖမ်းခံထားရတာပဲ။”
လီဆာကလည်း မက်ဒါနာတို့ကို သတိထားမိသွားပြီးမျှော်လင့်ချက်နဲ့ ကြည့်လိုက်တယ်။ မက်ဒါနာက သူ့ကိုအသုံးချစရာပစ္စည်းတစ်ခုလို သဘောထားခဲ့တာမလို့ သူ့ကိုလာမရှာလောက်တော့ဘူးလို့ လီဆာတွေးထားခဲ့မိတာပါ။ နောက်ဆုံးတော့ သူအခက်အခဲရှိနေတဲ့အချိန်မှာ မက်ဒါနာပေါ်လာခဲ့ပြီလေ။
“Silver Knight၊ ဒီမှာရေဂင်ရှိနေတယ်။” လီဆာက မက်ဒါနာကို နာမည်နဲ့မခေါ်ဘဲ သူရဲကောင်းနာမည်နဲ့ပဲတပ်ခေါ်လိုက်တယ်။ အရင်ဖြစ်ခဲ့တဲ့ကိစ္စတွေက သူ့ကိုလွှမ်းမိုးနေဆဲဖြစ်လို့ နာမည်ခေါ်ရဖို့ သူ့ရင်ထဲမှာ တစ်မျိုးကြီးဖြစ်နေခဲ့လို့ပါ။
ရေဂင်ကလည်း တောင်ကုန်းပေါ်ကနေ ဆင်းလာပါတယ်။ ပိုးကောင်တွေက သူ့အတွက်လမ်းဖယ်ပေးကြတယ်။ သူ့အရိပ်ထဲကထွက်နေတဲ့ ဆိုးယုတ်ခြင်းအငွေ့အသက်တွေက ကျောပေါ်မှာ ခြုံလွှာတစ်ခုလိုမျိုးရှိနေပြီး သူ့ခါးမှာချိတ်ထားတဲ့ ပုဆိန်ကိုဖြုတ်ယူလိုက်တယ်။
“Silver Knight၊ မတွေ့ရတာတောင်ကြာပြီ။”
ငွေရောင်စစ်သည်ကလည်း သူ့ရှေ့မှာရှိနေတဲ့ အနက်ရောင်စစ်သည်ကို ကြည့်လိုက်တယ်။ ရေဂင်က သူမှတ်မိတဲ့ပုံစံမျိုးမဟုတ်တော့ဘူး။ ပိုစွမ်းအားကြီးလာပြီး အကြင်နာမဲ့လာတယ်။ လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုနဲ့ဆိုရင် အမှောင်ထုရဲ့အောက်ခြေမှာရှိနေတဲ့ လူတစ်ယောက်လိုမျိုးပဲ။
“မမလေး၊ ဒီလူကို သတိထားပါ။ သူ့စွမ်းအားက အယ်ဖာအထက်အဆင့်ကို ရောက်နေပြီလို့ ယူဆလို့ရတယ်။ ဘာရွန်ထက်အင်အားမကြီးရင်တောင် အများကြီးအားမနည်းလောက်ဘူး။”
‘ဟွန့်...’ ငွေရောင်စစ်သည်က နှာမှုတ်လိုက််တယ်။ အရင်က တိုက်ပွဲပေါင်းများစွာကို အနိုင်ယူနိုင်ခဲ့ပြီးဖြစ်တာကြောင့် မက်ဒါနာက ရေဂင်ကို မကြောက်ပါဘူး။
“စိတ်မပူနဲ့၊ ငါသူ့ကို ကိုင်တွယ်လိုက်မယ်။” မက်ဒါနာက ဒဏ္ဍာရီလာဓားကို ဆုပ်ကိုင်လိုက်တယ်။ ဓားရိုးပေါ်က ကျောက်ဖြူကနေ အလင်းရောင်တွေထွက်လာပြီး ငွေရောင်စစ်သည်ရဲ့ပုံစံက ကျားဖြူစစ်သည်အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။
[Booster Form: Baihu Master]
“ဒါဆိုရင် ကျွန်မကတော့ သခင်မလေးလီဆာကို ကယ်ဖို့ကြိုးစားပါ့မယ်။” စစ်နတ်သမီးဝတ်စုံဝတ်ထားတဲ့ အေမီကလည်း ဓားနှစ်လက်ကိုဆွဲထုတ် အတောင်ကိုဖြန့်ကာ တိုက်ပွဲဝင်ဖို့အသင့်ပြင်တယ်။
“Silver Knight၊ သေစမ်း။” ရေဂင်က တောင်ပံကိုဖြန့်ပြီး ဆိုးယုတ်ခြင်းအငွေ့အသက်အပြည့်ပါတဲ့ ပုဆိန်နဲ့ မက်ဒါနာကိုခုတ်တယ်။ မက်ဒါနာကလည်း ဒဏ္ဍာရီလာဓားကို လက်တစ်ဖက်တည်းနဲ့ကိုင်ကာ ပုဆိန်ကို ခုခံလိုက်တယ်။
ထန်း....
စွမ်းအင်လှိုင်းတွေက ဘေးပတ်ဝန်းကျင်အနှံကို ပြန့်နှံသွားပြီး တောင်ကုန်းတွေလှုပ်ခါအက်ကွဲကုန်တယ်။ရေဂင်ရဲ့ပုဆိန်က မက်ဒါနာရဲ့ဓားသွားကိုချိတ်မိသွားပြီး အနားကိုဆွဲယူတယ်။ နောက်တော့ သူကအားနေတဲ့လက်သီးကို ဆုပ်လိုက်တယ်။ သူ့ခြေထောက်အောက်က အရိပ်ထဲကနေ ဧရာမအရိပ်လက်ကြီးထွက်လာပြီး မက်ဒါနာကို ထိုးချတယ်။ အရိပ်နဲ့လက်အစစ်ရဲ့လှုပ်ရှားမှုက ထပ်တူပဲ။
မက်ဒါနာကလည်း သူ့လက်သီးကိုဆုပ်လိုက်တယ်။ ကျားဖြူရဲ့ပုံရိပ်က နောက်မှာပေါ်လာပြီး ကျားဖြူစစ်သည်ရဲ့လက်သီးက ကြီးထွားလာတယ်။
ဘုန်း....
လက်သီးတွေက တစ်ယောက်ရင်ဘတ်ပေါ်တစ်ယောက် ကျဆင်းသွားပြီး နှစ်ယောက်လုံး မြေပြင်ကနေ မြောက်တက်သွားကာ အတားအဆီးမဲ့မျောလွင့်ကုန်တယ်။ မြေပြင်မှာတော့ သူတို့ရဲ့စွမ်းအားသက်ရောက်လှိုင်းတွေကြောင့် မီတာသုံးရာလောက်အချင်းရှိတဲ့ မီးတောင်ဝလိုချိုင့်ကြီးတစ်ခု ထင်ကျန်ရစ်ကာ တောင်ကုန်းတွေနဲ့ရှေးဟောင်းအဆောက်အဦးတွေ ပျက်စီးကုန်တယ်။
ငွေရောင်စစ်သည်က လွင့်ထွက်နေရင်းကနေမှ ကျောက အတောင်ကိုအားကိုးပြီး ဟန်ချက်ပြန်ထိန်းတယ်။ အဲဒီနောက် ဝတ်စုံရဲ့Void Stream အားကုန်ကို ပြန်စုစည်းကာ ပြေးထွက်တယ်။
[Ultimate Skill: hurricane Rush] ဒီလှုပ်ရှားမှုက အကွက်ဟောင်းတစ်ခုသာဖြစ်ပေမဲ့ ကျားဖြူပုံစံရဲ့မိုးကြိုးစွမ်းအားတွေက ပါဝင်အားဖြည့်ပေးထားတာကြောင့် ပိုပြီးကြောက်ဖို့ကောင်းနေတယ်။
အနက်ရောင်စစ်သည်ကလည်း အတောင်ပံကိုသုံးပြီး ဟန်ချက်ကို ပြန်ထိန်းလိုက်တယ်။ အဲဒီနောက်မှာတော့ အရိပ်ထဲကနေ လက်ပေါင်းများစွာထွက်လာပြီး မက်ဒါနာကို ရိုက်ချဖို့ကြိုးစားတယ်။
ကမ္ဘာ့အစွမ်းအထက်ဆုံး အယ်ဖာအဆင့်နှစ်ယောက်ရဲ့တိုက်ပွဲက လေထုထဲမှာဖြစ်ပေါ်နေပြီး သူတို့ဆီကနေ ထွက်ပေါ်လာတဲ့ သက်ရောက်လှိုင်းတွေကြောင့် အနီးအနားက သစ်တောတွေဟာ အမြစ်ကနေလန်ထွက်ကုန်တယ်။ သူတို့နှစ်ယောက် တိုက်ခိုက်နေရင်းကနေ တဖြည်းဖြည်းကောင်းကင်အမြင့်ကိုရောက် လာကြပါပြီ။
...
အေမီကတော့ မက်ဒါနာနဲ့ရေဂင်ရဲ့တိုက်ပွဲကိုကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။ သူ့သခင်မလေးက စွမ်းအားကြီးတာမလို့ စိုးရိမ်စရာမလိုပါဘူး။ လောလောဆယ် လီဆာကိုကယ်ဖို့ပဲ သူလုပ်ရမယ်။
“စေဘာစတိန်း၊ လုပ်လိုက်ကြစို့။” ပိုးကောင်တွေချဥ်းကပ်မလာခင် အေမီက သူကျောပိုးထားတဲ့ ခွေးနက်ကြီးစေဘာစတိန်းရဲ့သေတ္တာကို ဖွင့်ပေးလိုက်တယ်။
ဝုတ်... ဝုတ်....
ခွေးနက်ကြီးက သေတ္တာကနေပြီး ပုံစံပြောင်းပြီးတာနဲ့ အေမီနားကိုချဥ်းကပ်လာတဲ့ ပိုးကောင်တွေကို ဖမ်းကိုက်တော့တာပဲ။ အေမီကလည်း ဓားနှစ်လက်ကိုစနစ်တကျဆွဲပြီး ပိုးကောင်အုပ်ထဲကို ပြေးဝင်တယ်။ သူ့လက်နှစ်ဖက်က စည်းချက်ကျကျလှုပ်ရှားနေပြီး တိုးဝင်လာတဲ့ ပိုးကောင်မှန်သမျှကို ဖျက်ဆီးပစ်တယ်။
ဒိန်း... ဒိန်း... ဒိန်း....
ဓားခုတ်ကောင်တစ်အုပ်က နောက်ကနေခုန်တက်လာပြီး အေမီကိုအလစ်တိုက်မယ်လုပ်တော့ ခွေးနက်ကြီးက သူ့ကိုယ်မှာတပ်ဆင်ထားတဲ့ အမြောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်လိုက်တယ်။
“ဒီအတိုင်းသွားနေရင် အတော်ကြာတဲ့အထိရောက်မှာမဟုတ်ဘူး။” အေမီက ဝိုင်းထားတဲ့ ပိုးကောင်အုပ်အခြေအနေကို ကြည့်ပြီးပြောလိုက်တယ်။ မိုးပေါ်မှာ အယ်ဖာအဆင့်နှစ်ယောက်တိုက်နေတဲ့အတွက် အေမီက သက်ရောက်လှိုင်းတွေထဲပါမသွားအောင်လို့ ဂရုစိုက်နေရသေးတယ်။
“ဘာပဲဖြစ်ဖြစ် စွန့်စားရမှာပဲ။” အေမီက အတောင်ပံဖွင့်ပြီး နိမ့်နိမ့်လေးပျံတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အလင်းဒြပ်စင်ငှက်မွှေးတောင်တွေနဲ့ ပိုးကောင်အုပ်ထဲကို ပစ်ခတ်လိုက်တယ်။
....
ဘုန်း....
အနက်ရောင်စစ်သည်ရဲ့အရိပ်လက်သည်းက ငွေရောင်စစ်သည်ရဲ့ပခုံးပေါ်ကို ကျဆင်းလာတယ်။ ငွေရောင်စစ်သည်က ဒဏ္ဍာရီလာဓားနဲ့ ပြန်ခုခံလိုက်ပြီး ခြေထောက်ကိုမြှောက်ကာ အနက်ရောင်စစ်သည်ကို ဆောင့်ကန်လိုက်တယ်။ အနက်ရောင်စစ်သည်က လေထဲမှာ ဟန်ချက်ပျက်သွားပြီး တစ်ကိုယ်လုံးချာလည်လည်ထွက်သွားခဲ့ပါပြီ။
“ရေဂင်၊ ဓားစာခံထားပြီး ငါ့ကိုစိန်ခေါ်တဲ့ နောက်ဆုံးလူ ဘာဖြစ်သွားလဲသိလား။”
ငွေရောင်စစ်သည်က အဖြူရောင်မိုးကြိုးစွမ်းအားတွေနဲ့ ပြည့်နှက်နေတဲ့ ဓားကိုလေထုထဲ ယမ်းချလိုက်တယ်။ အဖြူရောင်မိုးကြိုးစွမ်းအင်လှိုင်းတွေက လေထုထဲမှာ ခရီးဆက်ပြီး ရေဂင်နဲ့ထိလုနီးပါးအထိ နီးကပ်လာတယ်။
“ငါ့ကို အားနည်းတဲ့သာမန်လူတွေနဲ့ လာမနှိုင်းနဲ့။”
ရေဂင်က အော်ဟစ်လိုက်တယ်။ သူ့မျက်လုံးတွေက ခရမ်းရောင်ပြောင်းသွားပြီး သူ့တစ်ကိုယ်လုံးကိုဆိုးယုတ်ခြင်း အငွေ့အသက်တွေဝါးမျိုသွားတယ်။ သူ့ကျောက သာမန်စက်ပစ္စည်းအတောင်တုက ပြုတ်ထွက်သွားပြီး ခရမ်းရောင်စွမ်းအင်အတောင်က ဝင်အစားထိုးတယ်။ အဲဒီနောက် သူ့အရိပ်ထဲကနေပြီး ဧရာမမြွေကြီးတစ်ကောင်ထွက်ပေါ်လာကာ မိုးကြိုးစွမ်းအားကို ခံဆောင်လိုက်တယ်။
ဘုန်း....
မိုးကြိုးစွမ်းအားက မြွေကြီးရဲ့ပယ်ဖျက်ခြင်းကိုခံလိုက်ရပြီး မက်ဒါနာရဲ့ရှေ့မှာပဲ ဧရာမမြွေကြီးက အနက်ရောင်စစ်သည်နဲ့ ပေါင်းစပ်သွားတယ်။
[Booster From: Devil Serpent] အနက်ရောင်စစ်သည်ရဲ့ရင်ဘတ်မှာ ကမ္ဘာကြီးကိုပတ်မျိုနေတဲ့ ဧရာမမြွေပုံစံကြီးရှိနေပြီး အနက်ရောင်စစ်သည်ရဲ့လက်သည်းတွေက ရှည်ထွက်လာတယ်။ အလားတူပဲ မြွေတစ်ကောင်ရဲ့အမြီးက သူ့တင်ပါးနားကနေ ထွက်လာကာ အရိပ်ရဲ့နယ်မြေကလည်း ပိုမိုကျယ်ပြန့်လာပါတယ်။
“ယာမီက စောင့်ရှောက်သူသားရဲတစ်ကောင်မဟုတ်ဘဲ ဘာကြောင့် စောင့်ရှောက်သူသားရဲတွေကို ယှဥ်နိုင်တဲ့အထိ စွမ်းအားကြီးခဲ့တာလဲသိလား။”
မြွေမိစ္ဆာစစ်သည်ဖြစ်သွားပြီဖြစ်တဲ့ ရေဂင်က ကျားဖြူစစ်သည်ဖြစ်တဲ့ မက်ဒါနာကို မေးခွန်းထုတ်လိုက်တယ်။ မက်ဒါနာလည်း ဒီကိစ္စကို အတော်စိတ်ဝင်စားနေတာပါ။ ပြီးတော့ သူ့ရှေ့မှာရှိနေတဲ့ မြွေမိစ္ဆာရဲ့စွမ်းအားက သူသုံးဖူးတဲ့ အသူရာစစ်သည်လိုပဲ စွမ်းအားကြီးတယ်။ ပြီးတော့ သူ့ရခဲ့တာလိုမျိုး တစ်ခါသုံးမဟုတ်ဘူး။
“ဘာလို့လဲဆိုတော့ သူက ကမ္ဘာဖျက်သားရဲကြီး Ouroborosရဲ့သယ်ဆောင်သူမလို့ပဲကွ။”
[Ultimate Skill: Cycle of Ouroboros]
ရုတ်တရက်ဆိုသလိုပဲ ငွေရောင်စစ်သည်က နေရာမှာတင် မလှုပ်ရှားနိုင်ဖြစ်သွားတယ်။ သေဆုံးခြင်းစွမ်းအင်တွေက သူ့ကိုလုံးဝချုပ်နှောင်ထားလိုက်ပြီး ရေဂင်ကတော့ သူ့မျက်လုံးထဲမှာ တဖြည်းဖြည်းကြီးသည်ထက်ကြီးလာတယ်။ နောက်ဆုံးရေဂင်က ကိုယ့်အမြီးကိုယ်ပြန်မျိုတော့မယ့် မြွေနဂါးကြီးတစ်ကောင်အဖြစ်ကို ပြောင်းလဲသွားကာ မက်ဒါနာရဲ့ခန္ဓာကိုယ်ကို စတင်ရစ်ပတ်တယ်။
“သေစမ်း၊ ဒီအတိုင်းဆိုရင် ကျားဖြူစစ်သည်ပုံစံနဲ့တောင်မှ သေသွားနိုင်တယ်။”
မက်ဒါနာလည်း ခေါင်းနပန်းကြီးသွားတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြုံးလိုက်ပြီး သူ့စွမ်းအားတွေအားလုံးကို စတင်စုစည်းလိုက်တယ်။ သူ့နောက်မှာ ဧရာမကျားဖြူကြီးရဲ့ပုံရိပ် ထပ်မံထွက်ပေါ်လာပြန်တယ်။
“ဪ.... ကြောင်ဆိုတာ မြွေကိုနိုင်တဲ့အမျိုးမှန်း ငါမေ့နေတာပဲ။”မိုးကြိုးစွမ်းအင်တွေက ကျားဖြူစစ်သည်နားမှာ ပေါက်ကွဲထွက်သွားပြီး ဆိုးယုတ်ခြင်းစွမ်းအားရဲ့ချုပ်နှောင်မှုကနေ ခတ္တလွတ်မြောက်သွားစေတယ်။ အဲဒီနောက် မက်ဒါနာက သူ့ကိုရစ်ပတ်နေတဲ့ ရေဂင်ရဲ့ခေါင်းကို လက်တစ်ဖက်နဲ့ဖမ်းဆုပ်လိုက်ပြီး ထိုးနှက်လိုက်တယ်။ ရေဂင်ကလည်း နာကျင်မှုကြောင့် အလိုလိုသိစိတ်နဲ့ ကျားဖြူစစ်သည်ကို အမြီးနဲ့ရိုက်ချလိုက်တယ်။
ဘုန်း....
ကျားဖြူစစ်သည်က မြေပေါ်ကိုပြုတ်ကျသွားတယ်။မြွေရဲ့ရစ်ပတ်ပြီးအမျိုခံရမယ့်ဘေးကနေ လွတ်သွားပြီးဆိုပေမဲ့ တိုက်ပွဲကိုတော့မနိုင်သေးဘူး။ ကျားဖြူစစ်သည်က ထရပ်လိုက်တော့ သူ့လက်မောင်းတစ်ဖက် ကျိုးနေကို သတိထားမိလိုက်ပြီး မျက်နှာကိုရှုံ့လိုက်တယ်။
“ငါတကယ်ကြီး ဘာရွန်ကိုရင်ဆိုင်နေရတယ်လို့ ခံစားမိလာပြီ။” မက်ဒါနာက နာကျင်မှုကို အံ့ကြိတ်ခံရင်း ပြောလိုက်တယ်။ အတောင်ပံပါတဲ့ မြွေနဂါးကြီးကတော့ ကောင်းကင်ပေါ်ကနေ ခုန်ချလာပြီး သူတိူ့ကြောင့်ကွဲအက်နေတဲ့ မြေကြီးထဲကို ချက်ချင်းတွင်းတူးဝင်သွားတယ်။ ကျားဖြူစစ်သည်ရပ်နေတဲ့ မြေပြင်က ချက်ချင်းဆိုသလိုပဲ သေဆုံးခြင်းစွမ်းအင်တွေနဲ့ ပြည့်နှက်လာပြီး အရိုးချောက်လက်တွေထွက်လာကာ ကျားဖြူကိုနေရာမှာတင် ချုပ်နှောင်ထားဖို့ကြိုးစားတယ်။
ရွှမ်း....
“ဒီလိုကလေးကစားစရာမျိုးနဲ့ ငါ့ကိုတားနိုင်မယ်ထင်နေတာလား။” ကျားဖြူစစ်သည်က ဒဏ္ဍာရီလာဓားနဲ့ သူ့ကိုဖမ်းပြီးမြေကြီးထဲဆွဲနှစ်ဖို့ကြိုးစားနေတဲ့ အရိုးစုတွေကို ခုတ်ပိုင်းလိုက်တယ်။
ဝေါင်း....
ရုတ်တရက် နားကန်းလုမတတ်အော်သံကြီးထွက်လာပြီး မြွေနဂါးက သူ့နောက်ကနေ ပြန်ပေါ်လာတယ်။ မက်ဒါနာက တုံ့ပြန်ဖို့အတွက် ဓားနဲ့နောက်ပြန်ခုတ်လိုက်ပေမဲ့ နောက်ကျသွားပြီဖြစ်ပြီး မြွေနဂါးက ကျားဖြူစစ်သည်ရဲ့လည်မျိုကို ကိုက်နိုင်သွားတယ်။ အဲဒီနောက်တော့ မြွေနဂါးက ကျားဖြူစစ်သည်ကို ရစ်ပတ်ပြီးမြေကြီးထဲဆွဲချသွားတယ်။
ဘုန်း....
သိပ်မကြာခင်မှာပဲ မြေကြီးထဲကနေ လက်သီးတစ်ဖက်က အပြင်ကိုဖောက်ထွက်လာတယ်။ တစ်ကိုယ်လုံးက သံချပ်ကာတွေမှာ ကိုက်ရာပေါက်ရာတွေရှိနေပြီး သွေးတွေစီးကျနေတဲ့ ကျားဖြူစစ်သည်က မြေကြီးထဲကနေ ပြန်ဖောက်ထွက်လာပြီး လေပေါ်ပျံတက်လိုက်တယ်။ မြေအောက်က မြွေနဂါးရဲ့ပိုင်နက်ပါ။ အဲဒီမှာရှိနေတုန်း ကျားဖြူစစ်သည်က ပြောမပြနိုင်လောက်အောင် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကို ကြုံခဲ့ရတယ်။
ဝူး....
ကျားဖြူက လေထုထဲခုန်တက်ပြီးမကြာခင်မှာပဲ မြွေနဂါးကလည်း နောက်ကနေလိုက်လာတယ်။ သူတို့သတ်ပုတ်ခဲ့ကြတဲ့ မြေပြင်ကတော့ လုံးဝပြိုကျသွားပြီဖြစ်ပြီး မြွေနဂါးသွားလာခဲ့တဲ့နေရာတွေက ဧရာမတူးမြောင်းကြီးတွေလိုမျိုး ဖြစ်ကျန်နေရစ်တယ်။
“နောက်တစ်ခါ မြေအောက်ကိုဆွဲချခံရရင် ငါသေလိမ့်မယ်။ တခြားနည်းလမ်း စဥ်းစားမှဖြစ်မယ်။” ကျားဖြူစစ်သည်က တွေးလိုက်တယ်။