ဇောင်ယန် နှင့် ဓါးကျွန်။
Vol. 3 Ch. 33
လင်းယွန် ၏ ကောလဟာလ များကြောင့် ကျန်းဟန်နှင့် တိုက်ပွဲသည် ဆဋ္ဌမအုပ်စု တွင်း၌ အာရုံ အစိုက်ခံ အရဆုံး ဖြစ်သော ပွဲစဉ် ဖြစ်သည်။
သူတို့နှစ်ဦး အကြား တိုက်ပွဲကို မျှော်လင့် နေကြ သဖြင့် လင်းယွန်၏ ရုတ်တရက် အရှုံးပေး မှုသည် လူအုပ်ကြီးအား စိတ်ပျက် သွားစေ ခဲ့သည်။ သို့သော် ထိုဆူပူမှုများသည် မပျောက်ကွယ်မီ ခဏသာ ကြာခဲ့ လေသည်။
နောက်ဆုံးတော့ လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်တိုက်ပွဲတစ်ခုစီ ရှိနေခဲ့ကြပြီး ၎င်းသည် ပို၍ ခက်ခဲသောပွဲစဉ်များ ဖြစ်လာပေသည်။
လင်းယွန်သည် ကျန်းဟန်ကို အရှုံးပေး ပြီးနောက် နောက်ထပ် ပြိုင်ပွဲ သုံးပွဲကို ရင်ဆိုင် ရပြီး အနိုင်ယူ နိုင်ခဲ့သည်။ ရမှတ်များပေါ် တွက်ချက်မှုများ အရ နောက်ထပ် တိုက်ပွဲ များတွင် ပါ၀င်ရန် မလိုအပ်ပဲ နောက် တစ်ဆင့်ကို တက်ရောက် သွားနိုင် ခဲ့သည်။
၎င်းသည် ပထမဦးဆုံးထွက်ပေါ်လာသည့် အုပ်စုတွင်းပွဲစဉ်များ၏ ရလာဒ်ဖြစ်ခဲ့ပြီး လင်းယွန်အား သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။ သူက အားလပ်ချိန်၌ အခြားအုပ်စုတွင်း အကြိတ်အနယ် ပွဲစဉ်များကို စူးစမ်းလျှောက်ကြည့်နေမိသည်။
လင်းယွန်သည် ပြင်ပတပည့်တစ်ဦး ဖြစ်ခဲ့သည်မှာ လပိုင်းအနည်းငယ်သာ ရှိခဲ့ပြီး သူ၏ကျင့်ကြံမှုကို တိုးမြှင့်ရန် အချိန်မရှိပေ။ အုပ်စုတစ်ခုစီ၏ ထိပ်ဆုံးသုံးယောက်သည်
အခြေခံ တည်ဆောက်ခြင်း သတ္တမ အဆင့်၌ ရှိနေပြီး ၎င်းတို့တွင် ဝှက်ဖဲများစွာ ရှိကောင်း ရှိနိုင်သည်။
လင်းယွန်က သူ့ကိုယ်သူ စိတ်ပျက် လက်ပျက် သနား နေခဲ့သည်။ ထိုသန်မာသည့် သူများနှင့် ယှဉ်ပါက လွန်စွာအားနည်း နေခဲ့လျက် သူ၏ ဝှက်ဖဲသည် တစ်ကတ်သာ ရှိနေခဲ့သည်၊ ဆိုလို သည်မှာ ကျန်းဟန်သည် ကျင့်ကြံမှု အဆင့် သူ့ထက်ပို၍ မြင့်နေသည် သာမက ဝှက်ဖဲများပင် များစွာရှိ နေလိမ့် မည်ဟု ယုံကြည် ထားမိသည်။
'' ငါက နောက်ထပ်ဝှက်ဖဲတွေ လိုသေးတယ် ''
လင်းယွန်က အခြားပွဲစဉ်များကိုကြည့်ပြီး သူ၏ အားနည်းမှုကို ဝန်ခံလိုက်မိသည်။ သူက ပြင်ပတပြည့်များတွင် အားအနည်းဆုံး တစ်ယောက်ဖြစ်နေခဲ့သော်ငြားလည်း ၎င်းအား အချိန်ယူဖြေရှင်းရန် နည်းလမ်းမရှိချေ။
ဥပမာ ကျန်းဟန် နှင့် ဇောင်ယန် တို့သည် ပြင်ပတပြည့်အဖြစ် ဂိုဏ်း၌ နှစ်နှစ်သို့မဟုတ် သုံးနှစ် အကြာ ကျင့်ကြံထားကြသည့် တပည့်များဖြစ် ကြသည်။
သို့သော် လင်းယွန်သည် လွန်ခဲ့သည့် သုံးလမှစ၍ ပြင်ပတပည့် ဖြစ်လာသည်ဖြစ်ရာ အခြေခံတည်ဆောက်ခြင်းဆဋ္ဌမအဆင့်သို့ သုံးလအတွင်း တက်လှမ်းနိူင်ခဲ့သော်လည်း ၎င်းသည် ယခုပြိုင်ပွဲ၌ အနိုင်ရရန် မလုံလောက်ချေ။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့် အမျှ အုပ်စုတွင်း ပွဲစဉ်များသည် နောက်ဆုံး ရလာဒ်များ ထွက်ပေါ် လာလျက် ပြီးဆုံးသွား ခဲ့သည်။
သိုင်းစင်မြင့်ရှေ့၌ ပြင်ပတပည့် ရှစ်ကျိပ်သည် ရပ်လျက် အကြီးအကဲများ၏ မိန့်ခွန်းနှင့် အားပေးမှုများကို ခံယူနေကြသည်။
မိန့်ခွန်းများပြီးဆုံးပြီးနောက် ပြင်ပတပည့် (၄၀)သည် ရှုံးထွက်မဲနှိုက်ရန် သိုင်းစင်မြင့်ပေါ်သို့ တက်သွားကြ၏။
ပြင်ပတပည့်တိုင်းသည် အချိန်မတိုင်ခင် ဟူဇီဖန်းနှင့် တွေ့ဆုံရန် စိုးရိမ်သွားသော်လည်း မဲလိပ်များကို နှိုက်ယူခြင်း၌ တွေဝေခြင်း မရှိကြချေ။
"ဂုဏ်ယူပါတယ် ဝမ်လန်း၊ မင်းက ပြင်ပတပည့် ဟူဇီဖန်းနဲ့ မဲကျပါတယ်။ ''
ပြင်ပတပည့်တစ်ဦးသည် မဲလိပ်ကိုနှိုက်ယူကာ အကြီးအကဲ တစ်ဦးထံ ကမ်းပေး လိုက်သည်ဖြစ်ရာ၊ ထိုအကြီးအကဲမှ မဲလိပ်ကို လက်ခံရယူလိုက်ပြီး ဖွင့်ကြည့်လျက် ရလဒ်ကို ခေါင်းယမ်းကာ ကြေငြာ လိုက်သံ ကြောင့်၊ လူအုပ်ကြီးသည် ဝေါခနဲ ဆူညံလာ ကြသည်။
ဝမ်လန်းသည် သူ၏ကံမကောင်းမှုအား စိတ်ပျက်လျက် ခေါင်းငိုက်စိုက် ကျသွားသည်။ သူသည် ဟူဇီဖန်းမှလွဲပြီး မည်သူတစ်ဦး တစ်ယောက်ကို မဆို ရွေးချယ်မိခဲ့မည် ဆိုပါက သူ၌ အခွင့်အလမ်း ရှိကောင်းရှိပေလိမ့်မည်။
ဟူဇီဖန်းသည် အခြေခံတည်ဆောက်ခြင်း အဋ္ဌမအဆင့်ရှိ တစ်ဦးတည်းသော ပြင်ပ တပည့် ဖြစ်သည့် အပြင် ၎င်းသည် ထိပ်သီးနံပါတ်တစ် အဆင့်၌ ပြိုင်ဘက်မရှိ ရပ်တည်နေသူ ဖြစ်သည်။
'' ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ ''
ဝမ်လန်းသည် သိုင်းစင်မြင့်မှ ထွက်ခွါ သွားသည်။ သူ၏ အတွင်း တပည့်ဝင်ခွင့် အခွင့် အရေးသည် ကုန်ဆုံးခဲ့ပြီး၊ အတွင်း တပည့် ဖြစ်ရန် နောက်ထပ် တစ်နှစ်စောင့်ဆိုင်း ရပေမည်။
ဝမ်လန်း၏ ကံဆိုးမှုသည် အခြားတပည့် များအတွက် ကံကောင်းမှု ဖြစ်ခဲ့ကြသည်။ ၎င်းတို့၏ ပြိုင်ဘက်မှာ ဟူဇီဖန်း မဖြစ်သ၍ (၅၀)ရာခိုင်နူန်း အခွင့်အရေး ရှိလေသည်။
'' လင်ယွန်၊ မင်းရဲ့ ပြိုင်ဘက်အတွက် မဲနှိုက်ရမယ့် အလှည့်ပဲ ''
အကြီးအကဲတစ်ယောက်၏ ခေါ်သံကြောင့် လင်းယွန်က သိုင်းစင်မြင့်ပေါ်သို့ တက်လာပြီး သူ့ပြိုင်ဘက် ရွေးရန် မဲလိပ်အား နိုက်ယူ လိုက်သည်။
သိုင်းစင်မြင့်အောက်၌ ပြင်ပတပည့် (၂၀၀၀)ခန့်တို့သည် လင်းယွန်အား မနာလိုဟန်ဖြင့် ငေးကြည့်နေ ကြသည်။
လွန်ခဲ့သည့်(၄)လခန့်က သူတို့၏ ဓါးများကို ထိန်းသိမ်းပေး ခဲ့ရသော ဓါးကျွန် တစ်ယောက်သည် ဤစင်မြင့် ထက်၌ ရပ်လျက်၊ သူ့တို့အား သိမ်ငယ်စေ ခဲ့သည် သာမက ၎င်းသည် အတွင်းတပြည့် တစ်ဦးဖြစ်ရန်ပင် အခွင့်အရေး ရှိနေခဲ့ လိမ့်မည်ဟု သူတို့က ထင်မထားခဲ့ ကြချေ။
အကြီးအကဲက လင်းယွန် ကမ်းပေးလာသည့် မဲလိပ်ကို ဖြည်ချလိုက်ပြီး လင်းယွန်အား ပြုံးပြလိုက်သည်။
'' မင်းရဲ့ ပြိုင်ဘက်က ပြင်ပတပည့် ဇောင်ယန် ''
'' ဝိုး........ ''
" ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်လား"
'' စီနီယာအစ်ကိုဇောင်က ဒီဓါးကျွန်နဲ့ ပြဿနာ ရှိနေတယ်၊ ''
" လင်းယွန်က ဇောင်ယန်ကို ယန္တရားခန်းမမှာတုန်းက နှစ်လကြာရင် စိန်ခေါ်မယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ အခု..... သူ့ဆန္ဒပြည့် ပုံပဲ။ မိုးကောင်းကင်က ဒီဓါးကျွန်ကို စောင့်ကြည့်နေတယ်လို့ ငါထင်တယ်...ဟားဟားဟား။ ''
'' ဒီတစ်ခါ အရှုံးပေးတဲ့ သူရဲကောင်းကို ကြည့်ကြရအောင် "
လူအုပ်ကြီး၏ လှောင်ပြောင်ရယ်မောသံများ ဆူညံလာသည်။ သူတို့နှင့် မနီးမဝေးတွင် ရပ်နေသည့် ကျန်းဟန်က ပြုံးလိုက်ပြီး၊
" အစ်ကိုဇောင်၊ ဓားကျွန်က မင်းကိုသူ့ရဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ "
'' ဒီဓါးကျွန်က ငါ့ပြိုင်ဘက် မဟုတ်ဖူး။ ''
ဇောင်ယန်က မနှစ်မြို့ဟန်ဖြင့် ပြတ်ပြတ် သားသား ပြန်ပြောလိုက်သည်။
"ဟားဟားဟား၊ ကောင်တယ် ကောင်းတယ်... ငါသာ အမှတ်မမှားရင် မားခူလည်း ဒီစကားကို ပြောဖူးတယ် ထင်တယ် "
ကျန်းဟန်က ရယ်မောလျက် ဆက်၍ ပြောလာခဲ့သည်။
'' .................... ''
ရုတ်တရက် ကြီးမားသော ဖိအားတစ်ခုသည် ကျန်းဟန် ဆီသို့ ဦးတည် တိုးဝင်သွားသည်။ ၎င်းသည် ကျန်းဟန်၏ ရယ်သံအား ဓါးဖြင့် ဖြတ်ချ ခံလိုက် ရသလို တိခနဲ တိတ်ဆိတ် သွားစေ ခဲ့သည်။
ဇောင်ယန်၏ အရှိန်အဝါသည် အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့်သို့ ခြေတစ်ဝက်နင်း နေခဲ့လေသည် ။
"မင်းက ငါ့ကို ဒီအမှိုက်နဲ့ နှိုင်းယှဉ် နေတာလား၊ ”
ဇောင်ယန်၏ လေသံသည် ဝေးလန်သည့် ရေခဲမြစ်ပြင်များမှ ဖြတ်သန်းလာခဲ့ရသကဲ့သို့ အေးစက်ထက်မြနေခဲ့၏။
ကျန်းဟန်က သူ၏ ထိတ်လန့်မှုကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး
'' ငါက ဟာသတစ်ခုအဖြစ် ပြောခဲ့တာပါ စီနီယာ အစ်ကိုဇောင်၊ ကျေးဇူးပြုပြီး အရမ်း အလေး အနက် မထားပါနဲ့။ "
" မင်း ဘာလုပ်ရမလဲဆိုတာ မင်းသိပါ။ ''
အနီးအနားရှိ ပြင်ပတပည့်များသည် ဇောင်ယန်ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါကြောင့် အံသြထိတ်လန့်ကာ ငေးကြည့်မိကြသည်။
ဟူဇီဖန်းသည်ပင် မျက်လုံးများပွင့်လာခဲ့ပြီး ဇောင်ယန်အား စူးစူးစိုက်စိုက် အကဲခတ်ကြည့်လိုက်၏။
အခြားတစ်ဖက်တွင် ရလဒ်သည် လင်းယွန်ကို အံ့အားသင့်စေခဲ့သော်လည်း ယင်းကို အလေးအနက် မထားခဲ့ပေ။
သူတို့၏ တိုက်ပွဲသည် လွှဲရှောင်ရန် အကြောင်း အရင်း မရှိခဲ့ပဲ ၎င်းသည်ပို၍ စောရောက် လာခြင်းနှင့် အနည်းငယ် နောက်ကျ ခြင်းသာ ကွာခြားပေမည်။
''............... ''
လင်းယွန် က သူ့အကြည့်ကို ဇောင်ယန် ထံသို့ ပို့လွှတ်ခဲ့ပြီး သူတို့နှစ်ဦးသည် မျက်လုံးချင်း စုံလျက် သတ်ဖြတ် လိုသည့် ဆန္ဒများကို အသီးသီး ထုတ်ဖော်လိုက်ကြ၏။
( "ဓားကျွန် ကောင် " )
ဇောင်ယန် ရင်ထဲ၌ ဒေါသသည် ထိမ်းရခက်ခဲ နေခဲ့ပြီး သူက အံကြိတ် ရေရွတ် လိုက်မိသည်။ ဤမျှ နိမ့်ကျလွန်းသည့် ဂိုဏ်း၏ ကျွန်တစ်ယောက်သည် တချိန်ချိန်၌ သူ့ကိုရန်စဝံ့ ချေမည်ဟု လုံးဝထင်မထား မိခဲ့ရာ ၎င်းသည် ဇောင်ယန်၏ အောက်စည်းကို ထိခဲ့လေပြီ။
ယန္တရားခန်းမတွင် ဆုစီယာ၏ ဝင်ရောက် စွက်ဖက်မှု မပြုခဲ့ပါက ဒီဓါးကျွန်ကောင်သည် သူ့အားစိန်ခေါ်ရန် သတ္တိရှိချိန်ရခဲ့မည် မဟုတ်ခဲ့ပေ။
နှစ်လဆိုသည့် အချိန်ကာလအတွင်း ဤဓားကျွန်ကောင်သည် စိန်ခေါ်ရန်စလာသည် အထိ မောက်မာစွာ သွေးနထင် ရောက်နေခဲ့ လိမ့်မည် ဆိုသည့် အချက်က သူ့အား ပို၍ ဒေါသထွက်စေ ခဲ့သည်။
ထို့အပြင် ၎င်းဓါးကျွန်သည် ဂိုဏ်း၏ သိုင်းစင်မြင့် ပေါ်မှ သူ့ကိုငုံ့ကြည့် နေချိန်၌ ဖြစ်ပေါ် လာသည့် ခံစားမှုသည် လင်းယွန်အား သတ်ရန် ဆုံးဖြတ် ချက်ကို ပို၍ သေချာ စေခဲ့ သည်။
သူက ဓါးကျွန် တစ်ယောက်ကြောင့် ယခု လိုမျိုး မျက်နှာ ပျက်စရာ ဖြစ်လာ လိမ့်မည်ဟု ယောင်၍ပင် တွေးမကြည့်ခဲ့ဖူးချေ။
'' မင်းအခု ဆင်းသွားနိုင်ပြီ ''
အကြီးအကဲက လင်းယွန်နှင့် ဇောင်ယန်ကို အကဲခတ်နေ ခဲ့ပြီးနောက် လင်းယွန်ကို ဟန့်တား သတိပေး လာသည်။
လင်းယွန်၏ ပြိုင်ဘက်ကြောင့် မည်မျှ ခက်ခဲသည့် တိုက်ပွဲတစ်ပွဲ ဖြစ်လာ မည်ကို သူက နားလည်နိုင်ခဲ့ပြီး ၎င်းသည် ဂုဏ်သိက္ခာ အတွက် ယှဉ်ပြိုင်ရမည့်ပွဲ ဖြစ်လာပေမည်။
လင်းယွန်သည် ရှုံးနိမ့်ခဲ့ပါက ရှင်လျက်နှင့် သေခြင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရမည်ကို သိနှင့်နေခဲ့သည်။
ရှုံးထွက်ပွဲစဉ်များ မဲနှိုက်ပြီးသည့်အခါ အကြီးအကဲ က စတင်ကြေငြာခဲ့သည် -
'' ဒီနေ့ မင်းတို့က တိုက်ပွဲတွေကြောင့် ပင်ပန်းနေကြပြီ၊ မင်းတို့ထဲက တစ်ချို့က ဒဏ်ရာရထားကြတယ်၊ ဒါကြောင့် မင်းတို့ရဲ့ အထွတ်အထိပ်ခွန်အားကို ကြည့်ရဖို့ အတွက် ဂိုဏ်းက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တယ်၊ အဲ့ဒါက ဒီနေ့ကစပြီး ဆယ့်ငါးရက်အကြာမှာ လာမယ့်တိုက်ပွဲတွေအတွက် မင်းတို့က ဒီရင်ပြင်မှာ အသင့်ရှိနေပါစေ။ ''
ဆယ့်ငါးရက်။
သူတို့က ငါးရက် ပေးဖို့သာ မျှော်လင့်ထား သော်လည်း ဂိုဏ်းက ဆယ်ရက်တိတိ ထပ်ပေါင်း ပေးခဲ့ သည်။
မည်သို့ပင်ဆို စေကာမူ ၎င်းသည် သတင်း ကောင်းသာ ဖြစ်သည်။ မကြာခင် သိုင်းရင်ပြင်ရှိ လူအုပ်ကြီးမှာ လူစုခွဲခဲ့ကြသည်။
လင်းယွန်က သူ၏သစ်သားတဲသို့ ပြန်လာ ခဲ့ပြီး ငြိမ်သက်စွာ စဉ်းစား နေခဲ့သည်။ အုပ်စုတွင်း ပွဲစဉ် များကြောင့် ဇောင်ယန် အင်အားကို လင်းယွန်က ခန့်မှန်း နိုင်ခဲ့သည်။
ထိုပြင် ဇောင်ယန်၏ ကျင့်ကြံမှုအဆင့်သည် သူ့ကို မသက်မသာ ဖြစ်စေခဲ့သည်။
အခြေခံ တည်ဆောက်ခြင်း သတ္တမ အဆင့်ရှိ ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာ ၌ပင် ပြဿနာ များဖြင့် ကြုံနေခဲ့ပြီ ဖြစ်ရာ ဇောင်ယန်၏ အရှိန် အဝါမှ လာသော ဖိအားသည် အလွန် ကြီးမားလျက် ၎င်းသည် လင်းယွန်အတွက် အတား အဆီး တစ်ခု ဖြစ်နေ ခဲ့သည်။
ဝှက်ဖဲများကို အသုံးပြု သော်လည်း အနိုင်ရ နိုင်ခြင်း ရှိမရှိကို သံသယ ဝင်နေ မိသည်။
'' ငါ့ ယုံကြည်ချက်ကို ပြန်ရဖို့ ဝှက်ဖဲတွေ ထပ်လို နေပြီ။ ဒီလိုမှ မဟုတ်ရင် ငါ... ဒုက္ခရောက် လိမ့်မယ်။... "
လင်းယွန်သည် သက်ပြင်းကို လေးလေး ပင်ပင် ချလျက် သိုလှောင်အိတ် ထဲမှ 'ရှန်ရှင်း အဆင့် သိုင်းနည်းစနစ်'ကို ထုတ်ယူ လိုက်လေ သည်။
ကျား-နဂါးလက်သီး သိုင်းနည်းစနစ်။
၎င်းသည် ရှန်ရှင်း အမည်ခံ သိုင်းနည်းစနစ် တစ်ခုပင် ဖြစ်လေသည်။
***