← Chapters

ကျား-နဂါးအရှိန်အဝါ။

Vol. 3 Ch. 34

ကျား-နဂါးအရှိန်အဝါ။

Vol. 3 Ch. 34

ရှန်ရှင်းသိုင်းနည်းစနစ်။

။ကျား-နဂါးလက်သီး။

၎င်းသည် ရှန်ရှင်းသိုင်းသမားအိုကြီးများမှ ရှန်ရှင်းအဆင့်သိုင်း နည်းစနစ် များကို ကျင့်ကြံလို သူများ အတွက်သာ ရည်ရွယ် တီထွင် ကြထား သောကြောင့် ရှန်ရှင်း သိုင်းနည်း စနစ်ဟု ခေါ်တွင်ကြခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် လင်းယွန်သည် ရှန်ရှင်းနယ်ပယ် နှင့် ပတ်သက်၍ အမြင်မကျယ် ခဲ့ပေ။ သိသမျှ တစ်ခုတည်းသော အကြောင်း အရာမှာ သိုင်းကျမ်း ဆောင်ရှိ ရှန်ရှင်း သိုင်းနည်း စနစ်များကို ကြည့်ရှုခွင့် ရခြင်းပင် ဖြစ်သည်။

ရှန်ရှင်းသိုင်းသမားများသည် အလွန်အစွမ်း ထက်သည့် ကျင့်ကြံသူများ ဖြစ်ကာ 'မိုးပြာရောင် ကောင်းကင်ဂိုဏ်း' တွင် ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် သည်သာ ထိုအဆင့်သို့ ရောက်ခဲ့ သည်ဟု သတင်း ထွက်ခဲ့ သော်လည်း ၎င်းသည် ကောလဟာလ ဟုတ်မဟုတ် ဆိုသည်ကို မည်သူမျှ အတည်မပြု နိုင်ခဲ့ချေ။

"အဲဒါကိုအရင်ကြည့်ရအောင်။ "

လင်းယွန်က ရှန်ရှင်းသိုင်းနည်းစနစ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး လေ့ကျင်ရန် ဆုံးဖြတ်လိုက်သည်။ ဇောင်ယန်ထံ၌ ရှုံးနိမ့်ရသည်ထက် သေဆုံးခြင်းကိုသာ တွေဝေခြင်းမရှိ ရွေးချယ်မိပေမည်။

ကံကောင်းပြီး အောင်မြင်မှုကို ဆုပ်ကိုင်နိူင် ပါက သူက ပျံသန်း နေသည့် နဂါးတစ်ကောင် ဖြစ်လာ နိူင်လေသည်။ အန္တရာယ် များသည့် နေရာသည် ရတနာများ မွေးဖွားရာ ဒေသ ဖြစ်နေ တက်သည် မဟုတ် ပါလော။

ပထမသိုင်းကွက်။

'' ကျား-နဂါးအရှိန်အဝါ ''

ကျား-နဂါးလက်သီး ၏ ပထမ သိုင်းကွက်တွင် နဂါးနှင့်ကျား များကို မိတ်ဆက် ထားသည်။ နဂါးများသည် ရှေးဟောင်း မျိုးနွယ်ဝင် ဒဏ္ဍရီလာ ကောင်းကင်ဘုံ သတ္တဝါများ ဖြစ်ပြီး ကောင်းကင်ဘုံသို့ ပျံတက် နိုင်စွမ်း ရှိကာ ပင်လယ်ထဲ သို့လည်း ငုပ်လျှိုး နိုင်စွမ်း ရှိသည်။

၎င်းတို့သည်တန်ခိုး အာနိသင် ရှိပြီး ဟသ်ာငှက် များနှင့် သဘာဝ ရန်သူများ ဖြစ်ကြ သည်။

ရှေးဟောင်းမျိုးနွယ်ဝင် ဒဏ္ဍာရီလာကောင်းကင်ဘုံ သားရဲများ ထဲတွင် ကျားပျံ သားရဲ သည်လည်း ပါရှိသည်။ ၎င်းသည် ကုန်မြေ အားလုံးကို ပိုင်စိုးသည့် အစစ်အမှန် ဘုရင်ဖြစ်ခဲ့ပြီး ၎င်း၏ စွမ်းအားကို မည်သူမျှ မစိန်ခေါ်ရဲပေ။

နဂါးသည် တိမ်ကိုဆင့်ခေါ်နိုင်ပြီး၊ ကျားဖြူသည် လေကို ဆင့်ခေါ်နိူင်မည်။ လေနှင့် တိမ်တို့ပေါင်းစည်းလိုက်သည့်အခါ နဂါးနှင့်ကျားကို မွေးဖွားနိူင်ခဲ့သည်။

၎င်းသည် ကျားနဂါးလက်သီး၏ ပထမဆုံးသိုင်းကွက် ပုံစံသာဖြစ်သော်လည်း လင်းယွန် ရင်ထဲ၌ တစ်စုံတစ်ခုကို နှိုးဆော်ရန်လုံလောက်ခဲ့သည်။

နဂါးများသည် ကောင်းကင်ဘုံနှင့် သမုဒ္ဒရာများ၏ ဘုရင်များဖြစ်ကြပြီး ကုန်းမြေကြီးပေါ်တွင် အနည်းငယ်နိမ့်ကျသည်။ ကျားသည် ကုန်းမြေအားလုံး၏ ဘုရင်ဖြစ်ပြီး သမုဒ္ဒရာနှင့် ကောင်းကင် ပေါ်တွင် နဂါး၏ ပြိုင်ဘက်မဟုတ်ပေ။

ထို့ကြောင့် ကျားနှင့်နဂါးကို ပေါင်းစပ်လိုက်ခြင်းဖြင့် 'လောကသုံးပါး' ကို ပိုင်စိုးနိူင်မည့် တစ်စုံတစ်ရာကို မွေးဖွားလာနိူင် လေသည်။ ၎င်းသည် ကျား-နဂါးလက်သီး သိုင်းနည်းစနစ် ဖြစ်ကာ ကမ္ဘာတုန်လုလု အရှိန်အဝါကို ဆောင်ယူလာနိူင်၏။

လင်းယွန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်လျှမ်း နေသည်။ သူက ကျား-နဂါးလက်သီး ၏ တစ်စွန်း တစ်စကို နားလည်နိုင်လျှင်ပင်၊ ဇောင်ယန်၏ အရှိန်အဝါကို ကြောက်ရွံ့စရာ အကြောင်း မရှိချေ။

၎င်မှာ ယှဉ်ပြိုင် နေစဉ်အတွင်း အရှိန်အဝါ၏ ဖိနှပ်မှုကို တွန်းကန် နိုင်ခြင်း ဖြစ်ပြီး ၎င်းသည် ကျင့်ကြံမှု ကွာခြား မှုအား ဖာထေး မိစေသည်။

ဒုတိယသိုင်းကွက်။

ကျား-နဂါးခြေလှမ်း။

.......ဒဏ္ဉာရီလာကောင်းကင်ဘုံသားရဲနှစ်ကောင် ၏ ကိုယ်ဟန်အနေအထားကို ပေါင်းစပ်ထားသော ရွေ့လျားမှုနည်းစနစ် တစ်ခုဖြစ်သည်။ ၎င်း၏ ကိုးဆင့်သော ခြေလှမ်း များသည် အရှိန်အဟုန်ကို အဆုံးစွန်ထိ မြှင့်တင်လျက် ကျားဖြူ နှင့် နဂါးအား ပုံဖော်ထား နိူင်ပေမည်။

တတိယ သိုင်းကွက် အတွက်မူ....။

( ..................)

တတိယပုံစံအတွက် ပြီးပြည့်စုံသည့် သိုင်းကွက်မရှိပေ။ ကျန်သိုင်းကွက်များသည် မှတ်တမ်းတင်မှုအားနည်းသွားပြီး အချို့သည် လုံးလုံးလျားလျားပင် ပျောက်ကွယ် သွားသည်။ ၎င်းသည် မပြည့်စုံသည့် ရှန်ရှင်းအဆင့် သိုင်းနည်းစနစ် တစ်ခုပင် မဟုတ်ပါလော။

လင်းယွန်သည် ကျား-နဂါးလက်သီး နည်းစနစ်ကို ကြည့် ပြီးနောက် သူ့စိတ်ထဲ၌ အန္တရာယ်များသည့် စိတ်ကူးတစ်ခုအား ဖန်တီး နေခဲ့သည်။

ကျား-နဂါးလက်သီးသည် အရှိန်အဝါနှင့် လှုပ်ရှားမှုအစိတ်အပိုင်းများ ပါ၀င်သော တိုက်ခိုက်ရေးသိုင်းနည်းစနစ်တစ်ခုပင် ဖြစ်သည်။

တနည်းအားဖြင့်ဆိုသော် ၎င်းသည် အရှိန်အဝါ၏ဖိနှိပ်မှုကို ကာကွယ်နိူင်မည့် ခုခံကာကွယ်မှုနည်းစနစ်နှင့် ကိုယ်ပိုင်ရွေ့လျား မှုနည်းစနစ် တစ်ခုစီ ရှိနေခဲ့ပြီး တိုက်ခိုက်ရာ၌ ပေါင်းစပ် အသုံးပြုခြင်းဖြင့် လျင်မြန် ကြောက်မက်ဖွယ် ရလာဒ်ကို ထုတ်ဖော် ရရှ ိပေမည်။

၎င်းသည် ဟောင်ရှင်း နည်းစနစ်သုံးခု ပေါင်းလျက် အသုံးပြုခြင်း နှင့်တူ၏။ သို့သော် ရှန်ရှင်း သိုင်းနည်းစနစ်သည် ထို့ထက် ပိုနိူင် ပေသည်။

ဥပမာအားဖြင့် လင်းယွန်ကသူ၏လေဝဲဓါးကို ပိုမိုလျင်မြန်စွာအစွမ်းထက်ထက် အသုံးပြု နိူင်ရန် ငန်းရိုင်း ပျံသန်းခြင်း နည်းစနစ်ဖြင့် ပေါင်းစပ် အသုံးပြုခဲ့ရသည်။

ထို့အပြင် ကျားရိုင်းလက်သီးအား ပိုမိုပြင်းထန် လာစေရန် ယန်သန့်စင်ခြင်း နည်းစနစ်ကို ထုတ်ဖော်ပေါင်းစပ်ရမည်။ ၎င်းသည် ဟောင်ရှင်း သိုင်းနည်းစနစ်များ အတွက်သာ ဖြစ်ပြီး ရှန်ရှင်းနည်းစနစ်သည် ထိုသို့ မဟုတ်ခဲ့ပေ။

ကျား-နဂါးလက်သီးသည် ထိုသို့ပေါင်းစပ်ရန် မလိုအပ်ပဲ ကိုယ်ပိုင်ဟန်ပေါင်းစပ်ထားသည့် သိုင်းနည်းစနစ် တစ်ခု ဖြစ်သည်။

သို့သော် ၎င်းသည် မပြည့်စုံသည့် ရှန်ရှင်း နည်းစနစ်တစ်ခု ဖြစ်နေ ခဲ့ပြီး ၎င်း၌ သိုင်းကွက် နှစ်ကွက်သာ အပြည့်အစုံ ပါရှိလေသည်။

လင်းယွန်က နှမျောတသစွာဖြင့် ကျား-နဂါးလက်သီးကို ပိတ်သိမ်းလိုက်သည်။ သူက အစွမ်းထက်နည်းစနစ်တစ်ခုကို ပိုင်ဆိုင် ထားခဲ့ သော်ငြားလည်း အသုံးပြုရန် အခွင့်အရေး မရှိခဲ့ချေ။

ထိုအရာသည် ရတနာများ ထုတ်ယူခံထား ရသည့် အခန်းလွတ် တစ်ခုကို ရှာဖွေတွေ့ရှိသူ တစ်ဦး၏ အဖြစ်နှင့်တူသည်။

ခန်းမသခင်ဝမ်က ၎င်းသည် ကျင့်ကြံရန် အတွက် မဟုတ်ပဲ၊ လင်းယွန်၏ တံခါး တစ်ချပ်ကို ဖွင့်ရန်အတွက်သာ ရည်ရွယ် သည်ဟု၊ ပြောခဲ့သည်အား သတိရမိသည်။ ၎င်းသည် မှန်၏။

ကျား-နဂါးလက်သီး နည်းစနစ်သည် ရွေ့လျားမှု နည်းစနစ်၊ကျင့်ကြံမှုနည်းစနစ်နှင့် ခန္ဓာကိုယ် ပြုပြင်ခြင်း နည်းစနစ် တို့၏ နိယာမ များကို ကျယ်ကျယ် ပြန့်ပြန့် သိမြင်စေခဲ့သည်။

ထို့အပြင်၎င်းအား လေ့ကျင့်ခြင်း မပြုရန်တားမြစ် ခံရသည့် အကြောင်းပြချက် ကိုပင် တွေ့ရှိခံစား နိူင်ခဲ့ပြီး၊ ထိုနည်းစနစ်ရှိ ကျား-နဂါးခြေလှမ်း တစ်လှမ်းချင်းစီသည် ခက်ခဲ နေခဲ့ကာ အနည်းငယ်လွဲမှားမှု တစ်ခု သည်ပင်၊ ရလဒ် အဖြစ် ကြောက်ခမန်း လိလိ ဒဏ်ရာ များကို ရရှိစေ နိူင်သည်။

'' ဒါပေမယ့် ငါက ဒါကိုလုပ်ရမယ်၊ ငါ့မှာ ကျောက်စိမ်းစာလိပ် ပန်းချီကားရှိတယ်၊ ပြီးတော့ အမည်ခံနတ်ဆိုးသားရဲ အမြုတေကို စုပ်ယူထားတယ်၊ ငါ့ရဲ့ ကျားရိုင်း လက်သီး ကလည်း အထွတ် အထိပ် အဆင့် ရောက်နေပြီ ဆိုတော့ ကျားခြေလှမ်း အတွက် အခက်အခဲ မရှိလောက်ဖူး၊ ဒါပေမယ့် နဂါးခြေလှမ်း အတွက်တော့ ပြဿနာ ရှိနေတယ်၊ ငါက နဂါးကို မြင်တောင် မမြင်ဖူးခဲ့ဘူး...... "

လင်းယွန်သည် သူ့ကိုယ်သူ အသေးစိတ်ပြန်လည်ဆန်းစစ် နေခဲ့သည်။

'' အိုး... မေ့နေတာ၊ မိုးပြာနဂါးရုပ်ထု ရှိတာပဲ။ ''

ကျက်သရေဆောင်ခန်းမ ရင်ပြင်ရှေ့၌ မိုးပြာနဂါးတစ်ကောင်၏ ရုပ်တုတစ်ခုရှိပြီး၊ ၎င်းသည် မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ ဘိုးဘေးအဆက်ဆက် အရိုအသေပြုခဲ့ကြသည့် မိုးပြာ နဂါးရုပ်တု ဖြစ်လေရာ၊ ဂိုဏ်း၏ အထိန်း အမှတ် ဘိုးဘေး နဂါးဟုပင် သတ်မှတ် ထားကြ လေသည်။

'' ဘာပဲဖြစ်ဖြစ် အစစ်အမှန် နဂါး မဟုတ်ပေမဲ့ အရှုံးတော့ မရှိနိူင်ပါဖူး၊ ကျား-နဂါးလက်သီးကို လုံးလုံး လျားလျား ဆုပ်ကိုင် ဖို့ထက်၊ ငါက အနည်းငယ် ဆုပ်ကိုင်နိူင်ခဲ့ ရင်တောင် အဆင် ပြေပြီ ''

အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်ခန့် ကြာသည့် အခါ လင်းယွန်သည် မိုးပြာနဂါး၏ ဘိုးဘေးရုပ်တု ရှေ့၌ ရပ်နေခဲ့သည်။ ကောင်းကင်သည် 'လ'ရောင်ကျဲကျဲ ပက်ဖြန်းလျက် မိုးပြာရောင်ကောင်းကင်ဂိုဏ်း အား လွှမ်းခြုံထားသည်။

ကျက်သရေဆောင်ခန်းမ ရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက် နေခဲ့ပြီး လူသူကင်းရှင်း နေခဲ့သည်။

ရုပ်တုကို တစ်ချက်ကြည့်ရုံ မျှဖြင့် လင်းယွန်သည် ပြင်းထန်သော ဖိအားကို ခံစားရန် လုံလောက်ခဲ့၏။

(နဂါးတွေက ကမ္ဘာ ပေါ်မှာ တကယ် ရှိခဲ့ တာပဲ။)

၎င်းတို့သည် နတ်ဘုရားများနှင့်တန်းတူ အဆင့် အတန်းကို ပိုင်ဆိုင်ထားပြီး၊ ထိုကောင်းကင်ဘုံ သားရဲ တစ်ကောင်သည် လူသား တစ်ဦ အပြစ်ပြု နိူင်သည့် အရာ မဟုတ်ချေ။

မိုးပြာနဂါးရုပ်ထုရှေ့တွင် အမွှေးနံ့သာ ထွန်းညှိ ခြင်းသည် လေးစားမှု၏ သင်္ကေတ ဖြစ်သည်။ လင်းယွန် က ဦးညွှတ်လျက်၊

".....ခွင့်လွှတ်ပါ ''

မိုးပြာနဂါးရုပ်တုထံမှ အရှိန်အဝါအချို့သည် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် ပြင်းထန်ခြင်းမရှိခဲ့ပဲ မီတာတစ်ရာအတွင်း ပါးလျလျဖုံးလွှမ်းလာသည်။

လင်းယွန် ကြည့်နေစဉ် အတွင်းမှာပင် ပြင်းထန်သော ဖိအားတစ်ခုသည် သူ့ထံ ဦးတည်လျက် ဖိနှိပ်လာခဲ့ပြီး၊ ထိုဖိအားသည် မိုးထိ တောင်တန်း တစ်ခုလုံး ပြိုလဲကျလာသည့် ခံစားချက် မျိုးအား ဖြစ်ပေါ်ခံစား မိလာ စေသည်။

ထိုဖိအားသည် သန့်ရှင်း၏။ ကြီးမြတ်၏။ ပြိုင်ဘက်ကင်း၏။ ထိုအရှိန်အဝါအောက်၌ လူသားတို့သည် သေးနုပ်နိမ့်ကျသည့် ပုရွတ်ဆိတ်များ သာသာပင်။

'' န ဂါး လား.... ''

လင်းယွန်သည် ထိတ်လန့်အံသြစွာ မိုးပြာနဂါးရုပ်ထုထံသို့ မော့ကြည့်လိုက်မိသည်။ ထိုဖိအားသည် သူ့ထံသို့သာ ဦးတည် နေသည့် အပြင် ၎င်းသည် လင်းယွန်တစ်ဦး တည်းသာ ခံစားနေရခြင်း ဖြစ်သည်ဟု သူက သိရှိ လိုက်သည်။

တနည်းအားဖြင့်ဆိုရသော် တစ်စုံ တစ်ယောက်သည် လင်းယွန်နှင့် ဘေးချင်းယှဉ် ရပ်နေခဲ့လျှင် တောင်မှ ၎င်းဖိအားကို ခံစားမိမည် မဟုတ်ချေ။

ဂိုဏ်းတည်ထောင်ချိန်မှစပြီး မိုးပြာ နဂါး ရုပ်ထုသည် ဤနေရာ၌ ရှိခဲ့ပြီး နှစ်ပေါင်းများစွာ မရေ မတွက် နိုင်သည့် တပည့် များ၏ ကိုးကွယ် မှုကို လက်ခံရရှိ ခဲ့သည်။

၎င်းသည် ရုပ်ထုတစ်ခုသာ ဖြစ်သော် ငြားလည်း၊ သာမန် လူသားများထက် မြင့်မား သည့် ဂုဏ်ဒြပ်ကို ပိုင်ဆိုင် ထားခဲ့သည် ဖြစ်ရာ၊ ၎င်းသည် ဘိုးဘေး မိုးပြာ နဂါးဟူသည့် အဆင့် အတန်းကို ရယူ ပိုင်ဆိုင် ထားလေသည်။

ရုတ်တရက် ဘိုးဘေးမိုးပြာနဂါး၏ ဖိအားသည် ပို၍ သိပ်သည်းလာ ခဲ့ပြီး၊ လင်းယွန်အား သိမ်ငယ်မှုများ ဝင်လာ စေသည် အထိ ခြိမ်းခြောက်လာလေ၏။

'' ဟမ်...... ငါ့ကို ဒူး ထောက် စေ ချင် တာ လား....''

လင်းယွန်သည် ဘိုးဘေးမိုးပြာနဂါး၏ ဆန္ဒကို အာရုံခံမိလျက် အံသြသွားသည်။ သူက အံကြိတ်လျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။

''ရုပ်တုတစ်ခုက ဘယ်လိုလုပ် ဒီလို ဆန္ဒမျိုး ရှိနေ ရတာလဲ၊ သူက ဘာလို့ ငါ့ကို ဒူးထောက်ဖို့ ဖိအားပေး ရတာလဲ ''

''.......ခ ရစ် ''

ထိုအချိန်တွင် လင်းယွန်၏ စိတ် အတွင်း၌ နတ်ကျားသည် အရှိန်အဝါကို ပေါက်ကွဲ စေလျက် ဖိအားကို တွန်းလှန်ရန် ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။

သူက သူ့နယ်မြေပေါ် အခွင့်မရှိ ကျူးကျော် လာသည့် တစ်စုံ တစ်ရာကို ခြိမ်းခြောက် မောင်းထုတ် သတိပေးနေခဲ့သည်။

ယခုအကြိမ်၌ နတ်ကျား သည် သူ့၏ သရုပ်မှန်ကို ထုတ်ဖော်ပြသလျက် တစ်စုံ တစ်ရာအား သတိပေးနေ ခဲ့သည်။

နတ်ကျား၏ခန္ဓာကိုယ်တွင် ဖြူဖျော့ဖျော့ အရှိန်အဝါများ ပိုမိုတောက်ပလာခဲ့ပြီးနောက် ထိုတစ်စုံတစ်ရာထံသို့ ဦးတည်လျက် ဖိအားကို ဖောက်ခွဲပြစ်လိုက်လေသည်။

'' ဒါဆို ဒီနတ်ကျားက ကျားဖြူပေါ့ ''

လင်းယွန် အပေါ်ကျရောက်နေသည့် ဘိုးဘေးမိုးပြာနဂါး၏ ဖိအားသည် အနည်းငယ် ပါးလျသွားပြီး သူက လင်းယွန်၏ စိတ်ထဲသို့ တိုးဝင်သွား လေသည်။

'' သူက ကျားဖြူ ကို အာရုံခံမိတယ်လား၊ သူတို့က ဘာလုပ်နေတာလဲ တကယ် တိုက်ခိုက်မှာ မဟုတ်ဖူးလား၊ တစ်ယောက်ကို တစ်ယောက် ဟန်ရေး ပြနေ သလိုပဲ၊ ''

'' သောက်...ပဲဟေ့၊.... င ကြွား နှစ် ကောင်။.....မင်းတို့ရဲ့ လုပ်ရပ်ကို ဒီအချိန်မှာ ရပ်လိုက်သင့်ပြီ၊ နို့မို့ဆို ငါစိတ်ဝိညာဉ်က ဖိအားကြောင့် ပေါက်ကွဲသွားလိမ့်မယ်ဟ ''

'' .............''

'' ဟမ်.....''

လင်းယွန် ၏ အတွေးကို ကောင်းကင်ဘုံ သားရဲ နှစ်ကောင်သည် သိရှိနားလည်သွားသည့် ဟန်ဖြင့် သူ့အား ညစ်ကျယ်ကျယ် လှည့်ကြည့် လာ လေသည်။

'' သောက် ပဲ... ဟ၊ ငကြွားနှစ်ကောင် မင်းတို့က ပေါင်းကြံတယ်ပေါ့လေ။ ''

ကျားနှင့်နဂါး၏ အကြည့်ကြောင့် လင်းယွန် က အော်ဟစ်ဆဲဆိုလျက် ယန်သန့်စင်ခြင်း နည်းစနစ်ကို လျင်မြန်စွာ အသက်သွင်း လိုက်ရသည်။

သူ၏ ဒါန်တမ် ထဲရှိ အဝါရောင်ဖျော့ဖျော့ စွမ်းအင်များသည် လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ် တစ်လျောက် စီးဆင်းသွားသည်။

ထို့အပြင် စွမ်းအင်အနည်းငယ်သည် လမ်းကြောင်းများမှ ဖယ်ခွာလျက် သူ၏ ဒါန်တမ်အတွင်းတစ်နေရာရှိ ဓါးကျိုးထံသို့ တိုးဝင် ထိခတ်သွားလေသည်။

ဓါးကျိုးသည် မီးစများ တဖျတ်ဖျတ် ထပွင့် လာခဲ့ပြီး သံကြိုး ကိုးချောင်းသည် တချွင်ချွင် မြည်သံပေးလျက် ရုန်းကန် နေခဲ့သည်။

ရုတ်တရက် လေပြင်းတိုက်ခတ်လာပြီး ကျက်သရေဆောင်ခန်းမ တံခါးသည် အတင်း တွန်းဖွင့် ခံလိုက်ရဟန်ဖြင့် ဝုန်းခနဲ ပွင့်ထွက် လာခဲ့ပြီးနောက် သစ်ရွက် အနည်းငယ်သည် လေရူးများနှင့် အတူ လွင့်ဝဲ ဝင်ရောက် လာသည်။

"ဘာလဲကွ.... ဒီလေရူးက ဘယ်က လာတာလဲ၊ မနက်အတွက် ငါကို အလုပ် လာပေး ပြန်ပြီ၊ "

အလုပ်သမားတစ်ဦးသည် တံခါး အသံကြောင့် လန့်နိူး သွားခဲ့ပြီး၊ သူက သစ်ရွက်ခြောက်များ လွင့်ကျလာ သည်ကို ကြည့်လျက် မြည်တွန်တောက်တီးကာ၊ ကျက်သရေဆောင် ခန်းမ ဘေးရှိ သူ့အိပ်ဆောင် ထဲသို့ ပြန်လည်ဝင်ရောက်သွား လေသည်။

ထိုသူအတွက် ယနေ့ညသည် နောက်ထပ် ရှည်လျားသည့် ညတစ်ည ဖြစ်ပေ လိမ့်မည်။

ကြည်လင်ဖြူဖွေးသော တိမ်တိုက်များသည် လင်းယွန်၏ အထက် ကောင်းကင်းယံ လေထု ထဲ၌ စတင်စုရုံး လာသည်။

နဂါးသည် တိမ်ကို ဆင့်ခေါ်ပြီး၊ ကျားသည် လေကိုဆင့်ခေါ်မည်။

ပထမသိုင်းကွက်၏ ဖော်ပြချက်ကို ပြန်အမှတ်ရသောအခါ လင်းယွန်သည် ၀မ်းမြောက်တုန်လှုပ်သွားသည်။

ပထမသိုင်းကွက်၏ ရှင်းလင်းချက်အရ၊ ၎င်းသည် မိုင်ပေါင်းတစ်သောင်းခန့် ဖုံးအုပ်ထားနိူင်သည့်၊ မိုးတိမ်များနှင့် ကောင်းကင်ဘုံကိုးခုမှ လေပြင်းများကို ဆင့်ခေါ်နိူင်ခြင်းဟု ဆိုထားသည်ဖြစ်ရာ၊ ယခုဖြစ်ရပ်သည် ရယ်စရာကောင်းသည့် ဆင့်ခေါ်မှုတစ်ခုဟုပင် ဆိုနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ဤဖြစ်စဉ် အောက်တွင် လင်းယွန်၏ နားလည်မှုသည် လျှပ်စီးတစ်စလို တဖျတ်ဖျတ်လက်လာသည်။

သူ၏စိတ်ထဲသို့ ကြည့်လိုက်ရာ၊ နဂါးနှင့် ကျားကို မတွေ့ရတော့ သော်ငြားလည်း၊ ၎င်းတို့သည် ကျွန်တစ်ယောက်အား မတက် သာ၍ လက်ခံလိုက်ရသည့် သခင်များကဲ့သို့၊ မောက်မာသော ခံစားချက်ကို ချန်ထား ရစ်ခဲ့ လေသည်။

သို့သော် ၎င်းတို့သည် လင်းယွန်၏ ဒါန်တမ် အတွင်းသို့ စိတ်ဝင်စားနေခဲ့သည် ကိုမူ၊ ရှင်းရှင်း လင်းလင်း ခံစား လိုက်မိ လေသည်။

မှန်းဆမရ နိုင်သည့် နားလည်မှု အစိတ် အပိုင်း အားလုံးသည် ရုတ်တရက် ဖျတ်ခနဲ ပျောက်သွား သည်။

'' .....ခရစ်.....''

မိုးပြာနဂါးရုပ်တုသည် အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီး ပြိုကျသွား လေသည်။ ရုပ်တု ပြိုကျသည့် အသံသည် ကျက်သရေဆောင် ခန်းမကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ် နေခဲ့သည်။

ဂိုဏ်းစတင်တည် ထောင်ချိန် မှစ၍ ယခုအချိန်ထိ ကိုးကွယ် အရိုအသေ ပြုခဲ့ရသည့် ဘိုးဘေး မိုးပြာ နဂါးရုပ်တုကြီးသည် အပျက် အစီး အပုံများ အဖြစ် ပြောင်းလဲ သွားသည်။

" သောက်.....ပဲ၊ ငကြွားလေး မင်းက ငါကို သေစေ့ ချင်နေ တာပဲ "

လင်းယွန်က သူ၏ အော်ဟစ်လိုက်သံ နှင့်အတူ အပျက် အစီးပုံများ လွတ်ရာသို့ ခုန်ဆုတ် လိုက်သည်။ သူသည် အဖိုးတန် ရှေးဟောင်း လက်ရာ တစ်ခုအား မရည်ရွယ်ပဲ ဖျက်ဆီး မိခဲ့သည်။

ထို့အပြင် ၎င်းသည် ဘိုးဘေး မိုးပြာ နဂါးရုပ်တု ဖြစ်ရာ ဤအရာကို စုံစမ်းစစ် ဆေးခံရ ပါက အကြီးအကျယ် ဒုက္ခရောက်ပေ လိမ့်မည်။

ရုတ်တရက် ကျားနှင့် နဂါး၏ ညစ်ကျယ်ကျယ် အကြည့်ကို သတိရ လိုက်မိ သည်။

(ငကြွားလေးသည် မိုးပြာ နဂါးကို ရည်ညွှန်းပြီး ငကြွားကြီးသည် ကျားဖြူကို ရည်ညွှန်း ခဲ့သည်။)

'' ဒီ ငကြွား တွေ.....''

'' .............''

လင်းယွန်က ကောင်းကင်ဘုံ သားရဲ နှစ်ကောင်အား ကျိန်ဆဲလျက်၊ မည်သို့ ဆက်လုပ် ရမည် ဆိုသည်ကို စဉ်းစား နေတုန်း မှာပင်၊ လူငယ်သခင် ဘိုင်ယုဖန်သည် အကြီးအကဲ တချို့နှင့်အတူ ကျက်သရေ ဆောင်ခန်းမ ထဲသို့ ဝင်ရောက် လာလေသည်။

ပြိုကျနေသော ပန်းပုရုပ်ကို မြင်သည့်အခါ၊ သူတို့၏ မျက်နှာများ၌ အရောင်များ ပျောက်ကွယ် သွားကာ ဖြူဖျော့ သွားကြသည်။

" ဒါက ဘယ်လိုလုပ်....ဖြစ်နိုင်မှာလဲ "

" ဘိုးဘေးမိုးပြာနဂါး က ငါ့တို့ကို စွန့်ခွာ သွားတာလား။ "

'' မကောင်းတော့ဖူး၊ ဒါက မကောင်းတဲ့ လက္ခဏာပဲ ''

"ဘာဖြစ်ခဲ့တာလဲ......... မိုးပြာရောင် ကောင်းကင် ဂိုဏ်းရဲ့ အနာဂါတ်က တစ်ခုခုတော့ တစ်ခုခုပဲ "

လင်းယွန်သည် လွတ်မြောက်ရန် အခွင့် အလမ်းကို အသည်း အသန် ရှာဖွေနေကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစား နေခဲ့ရသည်။

" မင်းလား.... လင်းယွန် လား"

ဘိုင်ယုဖန်က အပျက်အစီး ပုံနှင့် မလှမ်း မကမ်းတွင် ရပ်ကြည့်နေသည့် လင်းယွန်ကို မြင်သည့် အခါ သူက မှတ်မိနေခဲ့ပြီး မေးလိုက်သည်။

(သူ သိသွားပြီလား။)

စိတ်မသက် မသာဖြင့် လင်းယွန် က တည်တည် ငြိမ်ငြိမ် ပြန်ဖြေ လိုက်သည်။

'' ဟုတ်ပါတယ် လူငယ်သခင်၊ ငါပါ လင်းယွန် ''

"ငါတို့ ထက်အရင်...မင်းက ဒီမှာ ရှိနေ တာလား၊ ဘာဖြစ်တာလဲ.....မင်း.....မြင်ခဲ့လား။ "

ဘိုင်ယုဖန်က အပျက်အစီးပုံကို ကြည့်ပြီး မေးလိုက်သည်။

'' ငါ သေချာ မသိဘူး။ ငါဒီကို လာပြီး ဂါရဝပြုတယ်၊ သိပ်မကြာပါဘူး ပြိုကျ လာတယ်။ ရုတ်တရက် ဖြစ်ရပ်ကြောင့် ငါတောင်မှ လန့်သွားတယ် ''

-ဟု လင်းယွန် က အမှန်အတိုင်းဖြေလျက် သူ၏ တည်ငြိမ်မှုကို ထိန်းထားခဲ့သည်။ ဘိုင်ယုဖန်က ခေါင်းညိတ်ပြလိုက်ပြီး၊

'' ကောင်းပြီ၊ မင်း ပြန်နိုင်တယ်၊ ဒါပေမယ့် ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့။ မင်းရဲ့ ရှုံးထွက်အဆင့်အတွက် ပြင်ဆင်မှုတွေလုပ်ပါ။ မင်းကြိုးစားရင် အခွင့်အရေးတောင်ရနိုင်တယ်။ ဒီနေ့ဒီမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ''

" ဟုတ်ကဲ့ပါ လူငယ်သခင် ''

'' အပြင်မှာ လေနဲ့တိမ်တွေ ဆင့်ခေါ်ခံခဲ့ရ သလိုပဲ၊ တစ်ယောက်ယောက်က ရှန်ရှင်း သိုင်းနည်းစနစ်ကို ကျင့်ကြံရင်း၊ ဒီနေရာကနေ ဖြတ်သွားခဲ့ပုံ ရတယ်၊ ပြီးတော့ ဒီရှန်းရှင်း သိုင်းသမားရဲ့ အရှိန်အဝါက ဘိုးဘေး မိုးပြာ နဂါးကို ထိခိုက် မိပြီး၊ ပြိုလဲသွားနိုင်ခဲ့တယ်လို့ ယူဆရ မလား။ "

'' ဒါက အရမ်းဖြစ်နိုင်တယ်။ ငါတို့ မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ အပေါ်ကနေ ဘယ်ပညာရှင်များ ဖြတ်ကျော်သွားခဲ့လဲ ငါသိချင်တယ်။ ''

အကြီးအကဲများ၏ ထင်မြင်ယူဆချက်ကို ကြားရသည့်အခါ လင်းယွန်သည် စိတ်သက် သာရာ ရသွား၏။ သူတို့၏ မျက်လုံးထဲတွင် သာမာန် ပြင်ပတပည့် တစ်ယောက်သာဖြစ်ပြီး၊ ၎င်းသည် ဘိုးဘေးမိုးပြာနဂါးရုပ်တုကို ပြိုကျအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

"ငါတကယ် လုပ်ခဲ့တာလား...."

အစိတ်စိတ်အမွှာမွှာ အပျက်အစီးပုံကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်နေခဲ့သည်။ လင်းယွန်က ခေါင်းကိုခါယမ်း လိုက်ပြီး ဆက်လျှောက်ရန် ဆုံးဖြတ် လိုက်သည်။

မည်သို့ပင် ခံစားရသည်ဖြစ်စေ ယခုကိစ္စနှင့် ပတ်သက်၍ သူတက်နိုင်သည့်အရာ မရှိခဲ့ပေ။ အရေးကြီး သည်မှာ ကျား-နဂါးလက်သီး၏ အရှိန် အဝါကို အနည်းငယ် ဆုပ်ကိုင် နိုင်မိ ခဲ့သည် ဟူသော အချက်ပင် ဖြစ်လေသည်။

လင်းယွန်သည် စိတ်လှုပ်ရှားစွာဖြင့် အိမ်သို့ ပြေးလာ ခဲ့ပြီးနောက်၊ ၎င်းကို စတင် လေ့ကျင့်ရန် မစောင့်နိုင် တော့ချေ။

သိပ်မကြာခင် မှာပင် လင်းယွန်သည် သစ်သားတဲ ရှေ့တွင် ထိုင်ပြီး မျက်လုံးများကို ပိတ်လိုက်သည်။ သူက နဂါးအရှိန်အဝါများကို ပြန်လည် သုံးသပ်ပြီး ငြိမ်သက်သွား၏။

၎င်းသည် နှစ်ရက်ကြာကုန်ဆုံးသွားကာ တတိယမြောက် အရုဏ်တက်ချိန်တွင် သူ၏ မျက်နှာ၌ နေရောင်ခြည်များ စွန်းထင်း လာသည်ကြောင့် မျက်လုံးများကို ဖွင့်ကြည့် လိုက်လေသည်။

ကမ္ဘာကြီး၏ ရောင်ဝါသည် စူးရှ ထက်မြက်သော အလှတရားဖြင့် ထွန်းလင်း တောက်ပ နေခဲ့သည်။

ရုတ်တရက် သူ၏ စိတ်ထဲ၌ ဆန့်ကျင်ဘက် အရှိန်အဝါ နှစ်ခုကို အောင်မြင်စွာ ထုတ်ဖော် ပေါင်းစပ် နေခဲ့သည်။

၎င်းသည် အငွေ့သဏ္ဍာန် မြူခိုးတိမ်တိုက် များလို အတူတကွ ပေါင်းစပ်နေခဲ့ပြီး ထိုအငွေ့ များအား သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြန့်ဝေ လှည့်ပတ် လိုက်သည်နှင့် တပြိုင်နက် လေနှင့် တိမ်သည် ဆင့်ခေါ်ခံ လိုက်ရ သကဲ့သို့ လင်းယွန်ကို ဗဟိုပြုကာ ကောင်းကင်တွင် အုပ်မိုး လာခဲ့သည်။

သူက မတ်တပ်ထရပ်လိုက်ပြီး လေထုထဲသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။

မီတာသုံးရာအကွာရှိ ကျောက်တုံးကြီးသည် ဖုန်မှုန့်များ အဖြစ် ပေါက်ကွဲသွားပြီး မြေပြင် ပေါ်ရှိ သစ်ရွက် များသည် လောင်ကျွမ်း အငွေ့ပျံ သွားကြလေ၏။

***

All Chapters