ဒုတိယအကျော့ ပြိုင်ပွဲ။
Vol. 3 Ch. 42
မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ ဒုတိယ အကျော့ ရှုံးထွက်ပွဲစဉ်များ စတင်မည် ဖြစ်ရာ သိုင်းရင်ပြင်၌ ပြင်ပတပည့် နှစ်ထောင် ကျော်သည် စုဝေးစည်ကား နေသည်။ ယနေ့ သည် စစ်ဆေးပွဲ နောက်ဆုံးနေ့ဖြစ်၏။
ထိပ်ဆုံးပြင်ပတပည့်ရှစ်ဆယ်သည် ခက်ခဲသည့် ပြိုင်ဘက်များဖြင့် တွေ့ဆုံကာ နောက်ဆုံး (၁၀)ယောက်ကျန်သည်အထိ တိုက်ခိုက်ရပေမည်။ ထိုကျန်ရှိနေမည့် (၁၀) ဦးသည်သာ အတွင်းတပည့် ဖြစ်ရန် အရည်အချင်း ပြည့်မှီပေမည်။
တပည့်များစွာသည် ရှေ့တန်း ထိုင်ခုံရရှိရန် မျှော်လင့်ချက်ဖြင့် စောလျင်စွာ လာခဲ့ကြ၏။ သိုင်းစင်မြင့်ထက်တွင် အကြီးအကဲများနှင့် အတွင်း တပည့်များ အားလုံးပင် စုရုံးရောက်ရှိ နေကြ လေပြီ။
သိုင်းစင်မြင့်ပေါ်၌ ဇောင်ယန်သည် ငါးမိနစ်ခန့် စောင့်ဆိုင်း နေရပြီး သူ၏ ပြိုင်ဘက်မှာ ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေ။
" ဘာလို့ လင်းယွန်က အခုထိ မလာ သေးတာလဲ "
'' ဒီဓားကျွန်က မခန့်လေးစားနဲ့ ဂိုဏ်းရဲ့ မျက်နှာ မထောက်ပဲ ဘာလို့ အမြဲနောက်ကျ နေရတာလဲ "
ပြိုင်ပွဲ၏ စည်းမျဉ်း အရဆိုပါလျှင် လင်းယွန်သည် ဆယ်မိနစ်အတွင်း ရောက်အောင် လာနိုင် သရွေ့ နောက်ကျခြင်း မည်သည် မဟုတ်သော် ငြားလည်း၊ ၎င်းသည် ပြိုင်ဘက်အား မထီမဲ့မြင်ပြုခြင်း မည်ပေ၏။
" ဒီဓါးကျွန်ကောင်က ကြောက်လို့ မလာတာများ ဖြစ်နေမလား၊ ဇောင်ယန်က သူ့ကို ဒုက္ခိတဖြစ်အောင် ရိုက်နှက်မယ်ဆိုတာ ငါကြားမိတယ် "
"အင်း...ဒါဆို မကောင်းတော့ဘူး ..ငါကသာ ရွေးချယ်ခွင့်ရရင် ထွက်ပြေးခြင်းထက် ဂုဏ်သိက္ခာရှိရှိ အရှုံးကို ရွေးချယ်မိမှာပဲ။ "
စောင့်ဆိုင်းရခြင်းသည် လူအုပ်ကြီးအား ပို၍ စိတ်မရှည် ဖြစ်လာစေကာ၊ ညည်းတွားသံများ ထွက်ပေါ်လာစေသည်။
'' ဒီ ဓားကျွန်က မောက်မာလွန်းတယ်၊ သူက အကြီးအကဲတွေကို ဘယ်တုန်းကမှ တကယ်လေးစားမှု မရှိဘူး။ ရလဒ်ကို ကြေငြာပြီး နောက်ပွဲကို သွားရအောင်။ ''
သိုင်းစင်မြင့်ပေါ်ရှိ အကြီးအကဲတစ်ဦးသည် မျက်မှောင်ကျုံ့လျက် ငြူစူရေရွတ်လိုက်သည်။
ထိုအကြီးအကဲမှာ ဇောင်ယန်၏ အဖေ ဖြစ်သောကြောင့် သူ၏ဘက်လိုက်မှုသည် အံ့သြစရာ မရှိပေ။
သို့သော် အကြီးအကဲ အများ စုသည် ထိုဆုံးဖြတ် ချက်အား သဘော မတူ လှပေမယ့် သူတို့က တိတ်ဆိတ် နေခဲ့ ကြသည်။
"ဒီလောက်လည်း အလျင်လိုစရာ မလိုပါဘူး အကြီးအကဲဇောင်၊ မင်းက မျိုးဆက်သစ် လူငယ်တွေအပေါ် ပိုပြီးသည်းခံသင့်တယ်။ လင်းယွန်က ခုထိ စည်းမျဉ်းကို မချိုးဖောက် သေးဖူး မဟုတ်လား၊ ဆယ်မိနစ်အတွင်း မပေါ်လာခဲ့ဘူး ဆိုရင်တော့ ငါတို့က စည်းမျဉ်း အတိုင်း သွားရလိမ့်မယ် ''
ဟု ဂိုဏ်းချုပ် ဘိုင်ထျန်းမိန် က နှစ်သိမ့်သောအပြုံးဖြင့် ပြောလိုက်သည်။ ဒိုင်အကြီး အကဲသည် ဂိုဏ်းခေါင်းဆောင်၏ စကားကြောင့် ခေါင်းညိတ်လျက် လူအုပ် ကြီးအား ကျော်လျက် မျှော်ကြည့် လိုက်သည်။
ထိုအချိန်တွင် မြင်းခွာသံများ ရုတ်တရက် ထွက်လာကာ အနီရောင် အလင်းတန်း သဖွယ် လျင်မြန်စွာ ပြေးလာ နေသည့် မြင်း တစ်ကောင်၏ ပုံရိပ်သည် ဝိုးတဝါး ထွက်ပေါ် လာခဲ့သည်။
'' ....ခွပ်....ခွပ်....ခွပ်..... ''
"နတ် ဆိုး သား ရဲ......လား ''
" နတ်ဆိုးသားရဲအရှိန်အဝါပဲ ဒါက ဘယ်လိုလုပ် ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ ပေါ်လာရတာလဲ။ ''
ပြင်ပတပည့်လူအုပ်ကြီးသည် သူတို့ ၏ မျက်လုံးများကို မယုံနိုင်ခဲ့ပေ။ အကြီးအကဲ များနှင့် အတွင်းတပည့်များသည်ပင် အံသြမှုကို မထိန်ချုပ် နိုင်ဟန်ဖြင့် ထိုမြင်ကွင်းကို ငေးကြည့် နေမိသည်။
နဂါးသွေးမြင်းသည် လမ်းဘေး တစ်လျှောက် မြင်ကွင်း များအား အရိပ်တစ်ခု အဖြစ် ချန်ထား ရစ်ခဲ့သည်။
ပြင်ပတပည့်များသည် ကြောက်မက်ဖွယ် အရှိန်၏ ဦးတည်ရာကို မြင်လိုက်စဉ် ထိုလမ်းကြောင်း ပေါ်မှ လူအချို့သည် ပြေးလမ်းကြောင်း တစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်စေလိုက်သည်။
ထိုလမ်းကြောင်းပေါ်ရှိ သိုင်းစင်မြင့်ထက်မှ ဇောင်ယန်သည်ပင် ရှောင်တိမ်းရန် လမ်းစကို ရှာဖွေထားနှင့် နေလေပြီ။
သို့သော် ထိုမြင်းစီးသမားကို တွေ့မြင် လိုက်သည်နှင့် တစ်ဆက် တည်းမှာပင် နံ့သာ အမွှေးတိုင်၊ လောင်ကျွမ်း ကုန်ဆုံး တော့ မည်ကို မြင်သောအခါ၊ ဇောင်ယန်က ကျေနပ် သည့် အပြုံးကို ထုတ်ဖော် ထားပေ သည်။
လင်းယွန်က အလျှော့မပေးလိုသောစိတ်ဖြင့် နဂါးသွေးမြင်း၏ အရှိန်အား ထပ်မံတိုးမြင့်ရန် ဆုံးဖြတ်လိုက်သည်။
ဇောင်ယန်သည် ထိုအခြေအနေအား စောင့်ကြည့် နေခဲ့ကာ သူ၏ မျက်နှာတွင် အောင်ပွဲရ အပြုံးကို ဆင်မြန်း ထားလေသည်။
၎င်းမြင်းသည် ကြောက်စရာ ကောင်းလောက် အောင် မြန်ဆန်ခဲ့သော် ငြားလည်း အချိန်မကုန်ခင် သိုင်းစင်မြင့် ပေါ်သို့ ရောက်ရန် မဖြစ်နိုင် သေးချေ။
သို့သော် ဇောင်ယန်၏ မျက်နှာတစ်ခု လုံးသည် ရုတ်တရက် မည်းမှောင် သွားပြီး အံသြစွာဖြင့် ကောင်းကင် ယံသို့ မော့ကြည့် လိုက်သည်။
နဂါးသွေးမြင်းမှာ လေထုထဲသို့ တဟုန်ထိုး ခုန်ပျံလိုက်ပြီး၊ သူ၏နှာမှုတ်သံကို ထုတ်လွှတ် လိုက်ပြီးနောက် အနီရောင် အလင်းတန်း တစ်စလို ပြောင်းလဲ သွားတော့သည်။
'' အိုး........ ဘာလဲ ဒီနတ်ဆိုးသားရဲက လေထဲပျံနိုင်တာလား...''
နဂါးသွေးမြင်းက ပြင်ပတပည့်များ အားလုံးကို ဖြတ်ကျော် ပျံသန်းပြီး သိုင်းစင်မြင့် ပေါ်သို့ ညင်သာစွာ ဆင်းသက် လိုက်၏။
လင်းယွန်က ဇက်ကြိုးကို လွတ်လိုက် သောအခါ ၎င်းမြင်းသည် သူ၏ ခြေထောက်များ ပေါ်သို့ ပတပ်ရပ်လျက် အော်ဟစ်လိုက်စဉ် လင်းယွန်၏ ဆံပင်များမှာ နေရောင်ခြည် အောက်၌ လွင့်မျောနေခဲ့ပြီး ၎င်းမြင်ကွင်းသည် လူအုပ်ကြီးအား အသက်ရှူရပ်သွားစေခဲ့သည်။
ထိုမြင်ကွင်းအား ရပ်ကြည့်ငေးမော နေလျက် မှပင် သူတို့၏အိပ်ရာဝင် ပုံပြင်များထဲမှ မြင်းစီး သူရဲကောင်း မင်းသား လေးကို သတိရ မိသွား ကြသည်။
( သူရဲကောင်း မင်းသားလေးသည် မြင်းဖြူကြီးကို စီးနင်းလျက် လူဆိုးများအား ရဲ့ဝံ့စွာ ရင်ဆိုင် တိုက်ခိုက်ရန် ရောက်ရှိလာခဲ့ လေသည်။)
လင်ယွန်က မြင်းပေါ်မှခုန်ဆင်းပြီး ဒိုင်အကြီး အကဲကို အရိုအသေပြုလိုက်၏။ ထို့နောက်၊
'' ငါ တိုက်ခိုက် ဖို့ အဆင်သင့်ပါပဲ၊ အကြီးအကဲ "
ဟု ဆိုလိုက်ရာ၊ ဒိုင်အကြီးအကဲမှာ လင်းယွန်အား ငေးမောမှင်တက်နေမိပြီး၊ ခဏအကြာမှ သတိပြန်ဝင်လာကာ၊
'' အဟမ်း.... ဟို၊ ... ဒီ မင်းရဲ့မြင်း က.... ''
'' နီလေး မင်း...အောက်ဆင်းပြီးငါ့ကို စောင့်နေ ''
လင်းယွန် က နဂါးသွေးမြင်း၏ လည်ဆံရှိ သွေးနီရင့်ရင့် အမွေးနုနုထံ ပွတ်သပ်လိုက်ပြီး ရေရွတ်လိုက်သည်။
နဂါးသွေးမြင်း၏ အမည်ကို မသိခဲ့ သည်ကြောင့် စိတ်ကြိုက် နာမည် အသစ် တစ်ခုကို မှည့်ခေါ် လိုက်ခြင်း ဖြစ်လေသည်။
နဂါးသွေးမြင်းသည် ၎င်း၏နာမည်အသစ်ကို သဘော ကျပုံ မပေါ်ပေ၊ သို့သော် လင်းယွန်၏ စကားကို လိုက်နာပြီး သိုင်းစင်မြင့် ထက်မှ ဆင်းကာ လူအုပ်ကြား ထဲတွင် ရပ်နေခဲ့သည်။
ပြင်ပတပည့်များသည် နဂါးသွေးမြင်း၏ ပတ်ပတ် လည်၌ တဖြည်းဖြည်း စုပြုံလာကာ၊ သူတို့၏ စူးစမ်းလို စိတ်ကို မတွန်းလှန်နိုင်ခဲ့ချေ။
အခြားတစ်ဖက်တွင် သူ၏ ကန့်သတ် နယ်မြေ ထဲထိ ချည်းကပ် ကျူးကျော် လာသည့် ပြင်ပ တပည့် အချို့ကြောင့် ဒေါသ ထွက်လာ ခဲ့ပြီး သတ်ဖြတ်မှု အရှိန် အဝါကို အပြည့်အဝ ထုတ်ဖော် လိုက်သည် ဖြစ်ရာ၊ ၎င်းဖိအားကို မခုခံနိုင်သော လူအုပ်ကြီးမှာ အလျင်အမြန် ဆုတ်ခွာ သွားရ၏။
ပြင်ပတပည့်တစ်ယောက်သည် စိတ်မထိန်းနိုင် ခဲ့ပဲ နဂါးသွေးမြင်းထံသို့ ညစ်ညမ်းစွာ အော်ဟစ်လျက် ပြေးဝင် သွားသည်။
နဂါးသွေးမြင်း၏ အကြည့်သည်နီရဲ လာခဲ့ပြီး၊ ထိုလူအား အကွာအဝေး တစ်ခု အတွင်းသို့ ချည်းကပ် လာသည် အထိ စောင့်ကြည့် နေခဲ့ကာ သူ၏ နောက်ခြေ တစ်ချောင်းကို မြောက်၍ တိုက်ခိုက် လိုက်လေ သည်။
'' ဟီး....ဟီး.....ဟီး.. ''
နဂါးသွေးမြင်း၏ ပျော်ရွှင်စွာ အော်ဟစ်သံနှင့်အတူ ထိုလူ၏ ခန္ဓာကိုယ်သည် အရုပ်ကြိုးပြတ် လွင့်စင်သွားသည်။
ထိုမြင်ကွင်းကို ရပ်ကြည့်နေမိသည့် လူအုပ် ကြီးသည် ထိတ်လန့်စွာဖြင့် နဂါးသွေးမြင်းနှင့် သူတို့အကြား အကွာအဝေးကို ကန့်သတ်လျက် လျင်မြန်စွာ နောက်ဆုတ်လိုက်လေသည်။
ထိုအချိန်တွင် သိုင်းစင်မြင့်ပေါ်ရှိ လေထုသည် တင်းမာ အေးစက်လျက်ရှိ၏။ လင်းယွန်၏ နောက်ကျမှုသမှာ ဇောင်ယန်အား လျစ်လျူရှုရာရောက်ပြီး ဒေါသထွက်စေ ခဲ့သည်။
ထို့အပြင် သိုင်းစင်မြင့်ပေါ်သို့ နဂါးသွေး မြင်းအား စီးနင်းကာ ပျံသန်းရောက်ရှိ လာသော ပုံရိပ်သည် သူ၏လူသတ်ချင် စိတ်အား ပို၍ တွန်းအား ပေး လာ၏။
၎င်းဓါးကျွန်သည် သူ့ထက်သာလွန်သည့် အခင်းအကျင်းကို ထုတ်ဖော်လျက် လူအုပ်ကြီး ထံမှ အာရုံကို သိမ်းကြုံးရယူ သွားကာ သူ၏ ဂုဏ်သတင်းအား လုယူသွား ခဲ့လေပြီ။
ပြင်ပတပည့်လူအုပ်ကြီးမှာ မည်သို့ ရိုက်နှက်ခံရမည်ကို တွေးတောဝေဖန်နေခဲ့ရာမှ နဂါးသွေးမြင်း၏ စွမ်းဆောင်မှု အချို့ကြောင့် လင်းယွန်အား အမြင်သစ်ဖြင့် ရှုမြင်လာ ကြသည်။
'' ဒါက ရှုံးထွက်အဆင့်ဖြစ်လို့ ကျေးဇူးပြုပြီး မင်းတို့ရဲ့ ခွန်အားကို မချွင်းမချန် ထုတ်ဖော် ကြိုးစားပါ။ ''
ပွဲစဉ်မစမီ ဒိုင်အကြီးအကဲက သူတို့ နှစ်ဦးအား သတိပေး လိုက်ကာ သိုင်းစင်မြင့် ပေါ်မှ ထွက်ခွာ သွားလေသည်။
ဤတိုက်ပွဲသည် စိတ်ဝင်စားမှု အများ ဆုံးသော ပြိုင်ပွဲများ အနက် တစ်ပွဲဖြစ်ခဲ့ပြီး လူအုပ်ကြီး ထံမှ အသက်ရှုသံများ တိတ်ဆိတ် စေလျက် သိုင်းစင်မြင့်ပေါ်သို့ ကြည့်နေ ခဲ့ကြသည်။
မရေတွက်နိုင်သော မျက်လုံးများ အောက်တွင် ဇောင်ယန်က ခန့်ထည်စွာ ပြုံးလိုက်ပြီး၊
" မင်းက ဒီလိုအချိန်မျိုးမှာ နောက်ကျ ရဲတာက ဂိုဏ်းရဲ့ အကြီးအကဲတွေကို မျက်လုံးထဲ မရှိဖူးလား...ဟမ်... ဘယ်လောက် တောင် မောက်မာလိုက်တဲ့ ဓါးကျွန် လဲ၊ ဒီနေ့ မင်းကို ဂိုဏ်းရဲ့ကိုယ်စား ငါဇောင်ယန်က.... ဆုံး မ ရိုက် နှက် ရ လိမ့်မယ်..."
ဇောင်ယန် က နောက်ဆုံး စကား နှစ်ခွန်းကို မြင့်မြတ်သည့် စီနီယာ အကြီးအကဲ တစ်ယောက်၏ ဟန်အမူ အရာမျိုး ဖမ်းယူကာ ကြုံးဝါး လိုက်သည်။
"ဒူးထောက် စမ်း ဓါးကျွန်ကောင်...."
ရုတ်တရက် ခြိမ်းခြောက်အော်ဟစ်သံ နှင့်အတူ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အရှိန်အဝါ တစ်ခုသည် ဇောင်ယန် ထံမှ ထွက်ပေါ် လာခဲ့သည်။
၎င်းသည် သတ္တမအဆင့်အထွတ် အထိပ်သို့ ရောက်ရှိနေကာ လင်းယွန် အပေါ်သို့ လုံး၀ဖုံးလွှမ်း သွားလျက် ဖိနှိပ်နေခဲ့သည်။ ပြင်းထန်သော လေပြင်းများသည် စင်ပေါ်၌ စတင်တိုက်ခတ်လာသည်။
'' ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ အရှိန်အဝါ များ လဲ ''
" စီနီယာအစ်ကိုဇောင်က သူရဲ့ ကျင့်ကြံမှုကို နက်နက်ရှိုင်းရှိုင်း ဆုပ်ကိုင်နိုင်ခဲ့တာပဲ အခြေခံ တည်ဆောက်ခြင်း အဋ္ဌမအဆင့်ကို ခြေတဝက် နင်းနေပြီ၊ ဒါက စိနီယာအစ်ကိုကြီး ဟူဇီဖန်း ပြီးရင် ဒုတိယ အသန်မာဆုံးပဲ မလား ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ ''
" သူက ဓားကျွန်ကို အရှက်ခွဲဖို့ ရည်ရွယ်ထား ပုံရတယ်"
ပြင်ပတပည့်များ၏ဝေဖန်သံကို လျစ်လျူရှုလိုက်ပြီး လင်းယွန်က မျက်မှောင် ကြုတ်မိသည်။ သူက ဇောင်ယန်၏ အရှိန်အဝါ အောက်၌ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံး နေရကာ ၎င်းသည် ဇောင်ယန်၏ အစစ်အမှန် ခွန်အားဖြစ်ပြီး သူတို့ နှစ်ယောက်ကြား ကွာခြားချက်ကို ပြတ်ပြတ် ထင်ထင် ပြသနေခဲ့ လေသည်။
'' လာ ခဲ့ စမ်း ''
လင်းယွန်က အံကြိတ်ရေရွတ်လျက် ယန်စွမ်းအင်အား ဖြန့်ဝေရန်ကြိုးစား လိုက်သည့်အခါတွင် ၎င်းသည် လုံးဝထွက်ပေါ် လာခြင်း မရှိခဲ့သောကြောင့် မျက်ဝန်းများ၌ ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာလေသည်။
ယန်စွမ်းအင်အား မထုတ်ဖော်နိုင်ပါက ကျား-နဂါးအရှိန်အဝါကို အသုံးပြုနိုင်ခြင်းမရှိလေရာ ၎င်းသည် လင်းယွန် အစိုးရိမ်ဆုံး ပြဿနာဖြစ်လေသည်။ သူက ဇောင်ယန်၏ အရှိန်အဝါဖြင့် ချုပ်နှောင်မှုခံလိုက်ရခြင်း ဖြစ်ပေ၏။
" မင်းက ဘယ်အချိန်ထိ မောက်မာနိုင်မလဲ ငါ...စောင့်ကြည့်မယ် ဓားကျွန်ကောင် ''
ဇောင်ယန်၏မျက်လုံးများ၌ အမုန်းတရားသည် အဆုံးအစ မရှိ တောက်လောင် နေခဲ့ပြီး တရွေ့ရွေ့ ချဉ်းကပ် လာသည် နှင့်အမျှ လင်းယွန်အပေါ် ချုပ်နှောင် ဖိနှိပ် ထားသည့် အရှိန်အဝါသည် ပို၍ ပြင်းထန် လာသည်။
'' ဒူးထောက်စမ်း ဓါးကျွန်ကောင်..''
အဆုံး၌ လင်းယွန်၏ ခံနိုင်ရည်သည် အကန့်အသတ်ထိ တွန်းပို့ခံလိုက်ရကာ ဇောင်ယန်က ခြေတစ်လှမ်းတိုးလိုက်တိုင်း သူ၏ ခြေတစ်လှမ်းအား ဆုတ်ခွာ ပေးလိုက်ရ၏။ တိုက်ပွဲမစခင်ကပင် ကျင့်ကြံမှုအဆင့် ကွာခြား ချက်သည် သိသာထင်ရှား နေခဲ့လေပြီ။
'' ဒီဓားကျွန်က မှော်ဆန်ခဲ့ရင်တောင် စီနီယာအစ်ကိုဇောင်နဲ့ တွေ့ဆုံမှုက သူ့ရဲ့ ကံဆိုးမှုပဲ။ ''
'' အဆုံးမှာတော့ ဓားကျွန်ရဲ့ အခြေခံ အုတ်မြစ်က အားနည်းနေတုန်းဘဲ။ သူက အပြင် တပည့်တွေ အကြားမှာ စီနီယာ ဖြစ်ဖို့တောင် မထိုက်တန်ဖူး။ ''
"ဟားဟား၊ဟား သူက သိုင်းစင်မြင့် ပေါ်ကနေ ဆင်းပြေး ဖို့တောင် ရုန်းကန် နေရတယ်။ "
'' ဒါက အစစ်အမှန် ခွန်အားပဲ ''
အော်ဟစ်လှောင်ပြောင်သံများသည် လင်းယွန်၏ နှလုံးသားအား သွေးစိမ်းရှင်ရှင် ကျလာစေသည်။ သူက မိုးပြာရောင် ကောင်းကင် ဂိုဏ်း၌ နိမ့်ကျသည့် ဖြစ်တည်မှု တစ်ခု သာ ဖြစ်နေဆဲပင်။
မခံချင်စိတ်သည် သွေးသားများထဲ၌ ရုန်းကြွနေခဲ့ကာ ဒူးထောက်ရန် ငြင်းဆန်နေမိ၏။ သည်နေ့အတွက် များစွာ ပြင်ဆင်ခဲ့သော် ငြားလည်း လက်ရှိတွင် ရင်ဆိုင်တိုက်ခိုက်ရန် အခွင့်အရေး ရှိမနေချေ။
သို့သော် လင်းယွန်၏ဒါန်တမ်အတွင်း၌ ရုတ်တရက် လှုပ်ရှားမှု အနည်းငယ် ဖြစ်လာ ခဲ့ပြီး သံကြိုး ကိုးချောင်း ချုပ်နှောင်ခံထား ရသည့် ဓါးကျိုးတစ်လက်သည် ရမ်းခါလာ လေသည်။
နှလုံးသားသည် ၎င်းဖြစ်စဉ်ကြောင့် ငြိမ်သက်သွားကာ အချိန်အနည်းငယ်အတွင်း အနီရောင်စွမ်းအင်အချို့အား စတင် ထုတ်လွှတ်လာသည်။
ထို့နောက်တွင် လင်းယွန်၏ ယန်စွမ်းအင်သည် ပူလောင်ပြင်းပြစွာ တရှိန်ထိုး လှည့်ပါတ်လာ တော့၏။
၎င်းသည် ဇောင်ယန်၏ ချုပ်နှောင်ခြင်း အရှိန်အဝါကို ကောင်းစွာခုခံလျက် လင်းယွန် အပေါ် သက်ရောက်နေသည့် ဖိအားကို လျော့ချပေး လေသည်။
'' ............. ''
ထိုစွမ်းအင်စီးကြောင်း၏ တွန်းလှန်အင်အား များအောက်တွင် ယန်သန့်စင်ခြင်း နည်းစနစ်အား အထွတ် အထိပ်သို့ ထုတ်ဖော်ခွင့် ရရှိခဲ့ကာ တိုက်ပွဲဝင် ဆန္ဒများ အဆုံးမရှိ ထွက်ပေါ် လာတော့သည်။
"မင်းက ရုန်းကန်ချင် သေးတာလား။ ဒါဆို ငါ့ရဲ့ခွင့်ပြုချက်ကို မင်းက တောင်းခံသင့် တယ် "
ဇောင်ယန်က လင်းယွန်၏ ခန္ဓာကိုယ် အတွင်းပိုင်းစွမ်းအင်များ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည့် အခါ နှုတ်ခမ်း၌ လှောင်ပြောင်သော အပြုံးတစ်ခုအား ဆင်မြန်း လိုက်သည်။
သူက ခြေလှမ်းနှစ်လှမ်းကို ရှေ့သို့ လျင်မြန်စွာ ပြေးတက်လာခဲ့ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
ဇောင်ယန်၏ လှုပ်ရှားမှုများသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လျင်မြန်ရက်စက်လှပြီး ၎င်းသည် လင်းယွန်အား ခုခံရန် အခွင့်အရေး နည်းနည်းမျှ မပေးခဲ့ပေ။
'' ကျား-နဂါး အရှိန်အဝါ ''
တိမ်တိုက်များသည် နဂါး၏ ဆင့်ခေါ်ခြင်းခံရပြီး လေပြေသည် ကျားထံ၌ ခစားရန် အသင့်ရှိနေ၏။
သိုင်းစင်မြင့်ထက်တွင် လေနှင့်တိမ်သည် အပြေးအလွှား စုရုံးရောက်ရှိလာသည်နှင့် ပြင်းထန်သောအရှိန်အဝါများသည် လင်းယွန်ထံမှ ရိုင်းစိုင်းကြမ်းတမ်းစွာ ထွက်ပေါ်လာ၏။
ထို့နောက်တွင် လင်းယွန်သည် ဇောင်ယန်ထံသို့ ဦးတည်လျက် ပြေးဝင်သွား ခဲ့ကာ ထိပ်တိုက် ရင်ဆိုင်လိုက် လေသည်။
လင်းယွန် ၏ လက်သီး၌ ကြက်သွေး ရောင်များ တောက်ပသွားပြီး အော်ဟစ်ကြုံးဝါး လိုက်သံနှင့်အတူ ဒေါသအလုံးစုံအား ပေါက်ကွဲခွင့်ပြု လိုက်၏။
'' ဘန်း.... ''
လက်သီးနှစ်လုံးသည် ပြင်းထန်သော အရှိန်အဟုန်အား သယ်ဆောင်ထားလျက် တွေ့ဆုံပေါက် ကွဲသွား ခဲ့ပြီးနောက်၊ ရလာဒ် အဖြစ် ဇောင်ယန်သည် သိုင်းစင်မြင့် ထောင့်စွန်းသို့ လွင့်စင် ပြိုလဲကျသွားကာ လူတိုင်း၏ အံအားသင့်မှုကို ဖြစ်ပေါ်လာစေ လေသည်။
***