← Chapters

လရောင်အလှတရား။

Vol. 4 Ch. 48

လရောင်အလှတရား။

Vol. 4 Ch. 48

မြေပြင်ပေါ်ရှိ လက်ဆတ်သော သွေးများသည် ဆုစီယာထံမှ ဖြစ်သည်ကို ခံစား သိရှိမိသည်။

လင်းယွန်က စိတ်ရှုပ်ထွေးသွားခဲ့၏။

ဆုစီယာ၏ဒေါသ ထွက်ရသောအကြောင်း အရင်းကို ခန့်မှန်းမရခဲ့ချေ။ ထို့အပြင် ဝမ်နင်အား သတ်ပြစ်ရန် အထိပင် ရန်လို နေခဲ့သည်။

( သူ့ကို ထိဖို့ ငါက မင်းကို ခွင့်ပြုလို့လား။ အမှိုက်ကောင် )

လင်းယွန်က ဝမ်နင်အား ရိုက်နှက်နေသော ဆုစီယာ၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်ကာ ငြိမ်သက် တွေးတောနေမိ၏။

( ငါ တစ်ခုခု လွဲနေခဲ့တာလား )

သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် ဆုစီယာက သူမ၏ဓားအား လက်ကိုင် ပုဝါဖြင့် သုတ်လိုက်သော အပြု အမူသည် လင်းယွန်၏ ရင်ထဲ၌ စွဲထင်ရစ်စေ ခဲ့ပြီး၊ ၎င်းသည် သူအား အလိုမကျ ဖြစ်စေသည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်ပေသည်။

လင်းယွန်က မျက်လုံးများ မှိတ်လျက် အရာအားလုံးကို ပြန်လည်ခေါ်ယူနေမိသည်။ သူ့စိတ်ထဲတွင် မြင်ကွင်းများ ပြန်ပေါ်လာ သော်လည်း သဲလွန်စ တစ်စုံတစ်ရာအား ရှာမတွေ့နိုင်ခဲ့ပေ။

ဆုစီယာသည် သူမ၏ဓားကို ပြန်လည် လက်ခံယူသည့် အကြိမ်တိုင်တွင် သူအား ဆုလာဘ်များ ပေးပြီးနောက် ထွက်ခွာ သွားခဲ့သည်။ ၎င်းတွင် သံသယဖြစ်စရာ တစ်စုံ တစ်ခုသော နူးညံ့မှုများ ရှိမနေခဲ့ချေ။

'' အရေးကြီးတဲ့ အရာတစ်ခုကို ငါမေ့နေ ခဲ့တာ ဖြစ်မယ်။ ''

သူ့ခေါင်းအား ဆုပ်ကိုင်လိုက်ကာ အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ၎င်းသည် ခေါင်းကိုက်ခြင်း ဖြင့်သာ အဆုံးသတ်သွားသည်။

နေဦး။

ရုတ်တရက် စိတ်ထဲတွင် ဆုစီယာ၏ ပြုံးနေသော မျက်ဝန်းများ ထင်ဟပ်လာသည်။ ထိုအပြုံးသည် ကြည်လင်တောက်ပ နွေးထွေးနေခဲ့ကာ ဓါးသန့်ရှင်းရေးခန်းမအား နောက်ခံပြုထားလေသည်။

ထိုမြင်ကွင်းမှာ သူ့စိတ်ထဲတွင် ခဏသာ ကြာခဲ့ပြီးနောက် ထို့ထက် ပို၍ ထွက်ပေါ် မလာ တော့ချေ။

လင်းယွန်က မျက်ဝန်းများအား ပြန်ဖွင့်လိုက်ကာ စိတ်ပျက်သွား၏။

မူလလင်းယွန်သည် သူ၏အမှတ်တရ များအား ချိပ်ပိတ်ထား ခဲ့ကာ သူ့အသက်နှင့် အတူ ထိုအမှတ်တရ များအား မြုပ်နှံသွားရန် ဆန္ဒရှိနေ ပေသည်။

" ငရှုပ်ကောင် "

လင်းယွန်က နံရံကိုလက်သီးဖြင့် ထိုးချ လိုက်သည်။

ထိုမြင်ကွင်းမှာ အမှန်ဖြစ်ခဲ့ပါက ဆုစီယာသည် မူလလင်းယွန်အား သူမ၏ နှလုံးသား၌ ရှင်သန်ခွင့် ပေးထားပုံရ၏။

နောက်ဆုံးတော့ ဆုစီယာမှာ မိုပြာရောင်ကောင်းကင်ဂိုဏ်း၌ မည်သူ့ကိုမျှ တစ်စုံ တစ်ရာသော လက်ဆောင်များ ပေးခဲ့ ဖူးခြင်း မရှိခဲ့ပေ၊ မူလလင်းယွန် တစ်ယောက် ကိုသာ မျက်နှာသာ ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုခံစားချက်အား ရိုးရှင်းစွာ ထုတ်ဖော် ပြသရန် ဆုစီယာသည် အဘယ့်ကြောင့် ဝန်လေး နေရသနည်း။

" မဟုတ်ဘူး၊ ငါ...အမှန်တရားကို သိဖို့ လိုတယ် "

ယခုအချိန်၌ ပို၍ တွေးတော မိလာသည်နှင့်အမျှ သူ့အပြစ်များသည်လည်း ပို၍ ထင်ရှားလာခဲ့သည်။ လင်းယွန်က သူ၏မှားယွင်းသည့်လုပ်ရပ်အတွက် ဆုစီယာအား ရှာဖွေရန် ထထွက်လာမိသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းအနှံ့ တစ်ရက်တာ ကုန်လွန်သည်အထိ သူ၏ ရှာဖွေမှုကို မရပ်နားခဲ့ချေ။

ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမှောင်ထုများ ဖုံးလွှမ်း လာသည့် အချိန်မှသာ လက်လျော့ဖို့ ဆုံးဖြတ် လိုက်ပြီး၊ သစ်သားတဲအိမ်သို့ ပြန်လာ ခဲ့သည်။

အချည်းနှီး ရှာဖွေမှု အပြီးတွင် လင်းယွန်မှာ သစ်သားအိမ် အတွင်း၌ သုံးရက်တိတိ ပိတ်လှောင် ငြိမ်သက်နေခဲ့သည်။

ထိုသုံးရက်အတွင်း တစ်စုံတစ်ရာ လှုပ်ရှားမှုပင် မပြုလုပ်ခဲ့သော်ငြားလည်း လင်းယွန်၏ ခွန်အားမှာ အံသြဖွယ်ကောင်းစွာ ဆက်တက် တိုးတက်နေခဲ့သည်။

'' ............ ''

သုံးရက်တာ ကုန်ဆုံးပြီးနောက် လေးရက်မြောက် နေ့တွင် သစ်သားတံခါးသည် တစ်စုံတစ်ယောက်၏ အရှိန်ပြင်းပြင်း တွန်းဖွင့်ခြင်းအား ခံလိုက်ရလေသည်။

ကျန်းဟန်က အထဲသို့ ပြေးဝင်လာခဲ့ပြီး လင်းယွန်ကိုမြင်မှ သူ့အရှိန်အား ထိန်းလိုက်ကာ ပြုံးရယ်လျက် ပုခုံးအား အသာပုတ်လိုက်၏။

"ဟေ့၊ မင်း ဆုစီယာကို ဝန်ခံလိုက်ပြီ မဟုတ်လား၊ သူ့ကို ဂိုဏ်းအနှံ့ လိုက်ရှာနေတာ ငါကြားတယ်... ''

သို့သော် လင်းယွန်က ကျန်းဟန်၏ မေးခွန်းအား ပြန်မဖြေပဲ နှုတ်ဆိတ်နေခဲ့သည်။ သို့သော် တစ်စုံတစ်ရာကို ရုတ်တရက် စဉ်းစားမိလိုက်သည့်အခါ ခေါင်းမော့ပြီး ကျန်းဟန်အား ကြည့်လိုက်၏၊

"လွန်ခဲ့တဲ့ သုံးရက်က ငါ သတိလစ်သွားပြီးနောက် ဘာဖြစ်သွားခဲ့လဲ "

လင်းယွန်၏ မေးခွန်းကြောင့် ကျန်းဟန်က သက်ပြင်းချလိုက်ပြီး၊

''မင်းရဲ့ ကံဇာတာကို ခုထိ ငါအံသြ နေတုန်း ပဲ။ ရှန်ရှင်းသိုင်း နည်းစနစ် ကြောင့် မင်းက အကြီး အကျယ် ဒဏ်ရာရပြီး ကြမ်းပြင်ပေါ် ပြိုကျ သွားတာ ကြောင့်၊ ဂိုဏ်းချုပ်နဲ့ အကြီး အကဲတွေ အားလုံးက စိုးရိမ်တကြီးနဲ့ သိုင်းစင်မြင့်ပေါ် အပြေးအလွှား တက်သွားကြပေမယ့် သူတို့ထက် အရင် လူတစ်ယောက်က မင်းကို ထွေးပွေ့ ထားပြီး အရမ်းစိုးရိမ်နေခဲ့တယ် "

"................ "

ထိုနေ့က ယင်းမြင်ကွင်းကို ပြန်ပြောပြနေသည့် ကျန်းဟန်၏ မျက်ဝန်းများတွင် မနာလို ရိပ်များ စွန်းထင်လျက် ရွှင်မြူး နေခဲ့ သည်။

"အဲဒိလူက စီနီယာအစ်မဆုပဲ။ မင်းကို ပွေ့ပိုက်ပြီး ဆေးလုံးတွေ အလျင် အမြန် တိုက်ကျွေး နေခဲ့ တာကြောင့် ဂိုဏ်းချုပ်နဲ့ အကြီးအကဲ တွေက ငြိမ်ငြိမ်သက်သက်လေး ဘေးကနေ ရပ်ကြည့်နေခဲ့ရတယ်၊ ငါဖြင့် ငါ့မျက်လုံး တွေကို ခုချိန်ထိ မယုံ ကြည်နိုင် သေးဖူး။ ''

ကျန်းဟန်စကားကြောင့် တုန်လှုပ် သွားသည်။

'' ဆုစီယာကို ဒူးထောက်အောင် လုပ်နိုင်တဲ့ သူက ဒီလောကမှာ မင်းတစ်ယောက်ပဲရှိတယ် လင်းယွန်၊.... မင်းဘေးမှာ ဒူးထောက် ပွေ့ချီထား လျက်နဲ့ သူ့မျက်ဝန်း တွေက မာထျန်းရီကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့တာ ... "

ကျန်းဟန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ် သွားပြီး သူက

'' ငါ့ဘ၀ တစ်လျှောက်မှာ အမျိုးသမီး တစ်ယောက် ထံကနေ ဒီလောက် ကြောက်စရာ ကောင်းတဲ့ အကြည့်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ အဲဒီအချိန်တုန်း ကသာ မင်းရဲ့ အသက်ကို ကယ်ဖို့ အရေးကြီး မနေခဲ့ရင်၊ ငါပြောရဲတယ်၊ မာထျန်းရီကို သူက သတ်ပြစ်လိမ့်မယ်။ အဲဒီ မြင်ကွင်းကို ငါ့တစ်သက် မေ့နိုင်လိမ့်မယ်လို့ မထင်ဖူး။ ''

ကျန်းဟန်စကားကြောင့် လင်းယွန်က အံ့သြနေခဲ့ပေမယ့် တည်ငြိမ်စွာ ဆက်မေး လိုက်ပြန် သည်။

" ဒါဆို ငါ့ဒဏ်ရာတွေကို ပြုစုပေးတဲ့ သူက...."

'' အို.... ပတ်တီးစည်းပေးတဲ့ သူက ငါလို့ မင်း....ထင်နေခဲ့လား၊ ငါ လုံးဝမဟုတ်ဖူး လင်းယွန်၊ လူငယ်သခင်က မင်း ဒဏ်ရာတွေ အတွက် စိုးရိမ်လို့ ငါ့ကိုပြုစုဖို့ လာတောင်းဆို ခဲ့တာကြောင့် ငါရောက်လာခဲ့ ပေမယ့်၊ တစ်ချိန်လုံး မင်းဘေးမှာ ဆုစီယာအမြဲ ရှိနေ ခဲ့တယ်၊ ပြီးတော့ မင်းရဲ့ပတ်တီးတွေကိုလည်း သူပဲ အကြိမ်ကြိမ် ပြောင်းပေး ခဲ့တယ်၊ စိတ်ချရတဲ့ အခြေ အနေ ရောက်မှ ငါလာခွင့် ရခဲ့တာ။ ''

ကျန်းဟန်က သူ၏ မျက်နှာကို ပွတ်သပ် လိုက်ပြီး၊

'' မင်းက ဘယ်သူလဲ လင်းယွန်၊ ငါတို့ရဲ့ ရေခဲ နတ်သမီး လေးကို သွေးဆောင်နိုင် ခဲ့ရ လောက်အောင် မင်းက ဘယ်သူလဲ လင်းယွန် ''

" .... အခု ငါ့ဆီလာတာ ဒီအတွက် လာခဲ့ တာလား။ "

လင်းယွန်က ကျန်းဟန်အား စကားကို ဆုံးအောင် ပြောခွင့်မပြုခဲ့ပဲ သက်ပြင်းချကာ မေးခွန်း ထုတ်လိုက်သည်။

'' အို...ဟုတ်သားပဲ၊ ငါက တကယ့် အရေးကြီး တာကို မေ့လုနီးပါးဘဲ။ လူငယ်သခင်က မနက်ဖြန် ကျက်သရေ ဆောင်ခန်းမကို လာဖို့ မင်းကို ပြောခိုင်း လိုက်လို့ပဲ။ ''

" ကျက်သရေဆောင်ခန်းမ "

" အေးဟုတ်တယ်၊ မနက်ဖြန်မှာ မီးလျှံဓါး ဂိုဏ်းရဲ့ လူငယ်သခင်နဲ့ အမာခံတပည့်တွေ လာလိမ့်မယ်၊ အကြောင်း ပြချက်ကတော့ ဂိုဏ်းနှစ်ဂိုဏ်း ရေနွေးကြမ်းသောက်ပွဲပေါ့၊ ငါ့အထင် တိုက်ခိုက်ဖို့ လိုလိမ့်မယ် ထင်တယ်။ ''

လင်းယွန်မှာ ရှန်ရှင်းသိုင်းနည်းစနစ်အား ဆုပ်ကိုင်ထားမိသည့်အတွက်ကြောင့်၊ ဘိုင်ယုဖန်ထံမှ ကောင်မွန်သော အမြင်ကို ရရှိခဲ့ပုံရ၏။

"ငါ့ကိုယ်စား လူငယ်သခင် ကို ကျေးဇူးစကား ပါးပေးပါ၊ ငါ သေချာပေါက် ရှိနေမှာပါ။ "

" ကောင်းပြီ ....ငါ ...သွားလိုက် ဦး မယ်"

ကျန်းဟန် ထွက်ခွာသွားပြီးနောက် လင်းယွန်၏ အမူအရာမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ကျန်းဟန်၏ စကားများသည် ရှုပ်ထွေးနေခဲ့သော ချည်ခင်အား တစ်စချင်း ဖြည်ချပေးသွား လေပြီ။

လွန်ခဲ့သည့်သုံးရက်က ကောင်းကင်ဘုံမူလ ဆေးလုံးများဖြင့် ကျေးဇူးဆပ်ရန် ကြိုးစား ခဲ့သော လင်းယွန်၏ လုပ်ရပ်မှာ ဆုစီယာအား မည်မျှ နာကျင်စေခဲ့ မည်နည်း။

ထိုထက်ပို၍ တစ်စုံတစ်ရာအား ရုတ်တရက် သတိရလိုက်မိသည်။ ကျင့်ကြံခြင်း မရှိခဲ့ပဲ ခွန်အားများ တိုးပွား လာသည်မှာ ဆုစီယာ တိုက်ကျွေး ခဲ့သည့် ဆေးဝါးများကြောင့် ဖြစ်ရ မည်ဟု တွက်ဆမိနိုင်ခဲ့သည်။

သို့မဟုတ်ပါက လင်းယွန်တွင် ခိုင်လုံသော အကြောင်းပြချက် မရှိခဲ့ပေ။

သုံးရက်လုံးလုံး ဖြစ်တည်နေခဲ့သည့် အစိုင်အခဲမှာ ပြောက်ကွယ်သွားခဲ့ပြီးနောက်တွင် လင်းယွန်မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်ချလက်ချ အိပ်ပျော်သွားတော့သည်။

ကောင်းကင်သည် အမှောင်ထုအား ဖြန့်ခင်းလျက် လောကကြီးကို အုပ်စိုးရန် ပြင်ဆင်နေခဲ့သည်။

ပြတင်းပေါက်မှ လရောင်အလင်းအချို့ ဖြာကျလာမှုနှင့်အတူ လင်းယွန်က ပြန်လည် နိုးထလာခဲ့ပြီးနောက် ကောင်းကင်ယံရှိ ကြယ်များအား အဓိပ္ပါယ်မယ့် ရေတွက်နေမိ၏။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ကာ ညကို ပို၍ အေးချမ်းလာစေသည်။

ခဏအကြာတွင် လရောင်အောက်၌ ပန်းသင်္ချိုင်းဓားအား ဆွဲကိုင်လျက် လင်းယွန်က မျက်လုံးများ ပိတ်ကာ ငြိမ်သက်နေခဲ့၏။

'' .......... ''

ထိုအချိန်တွင် အဖြူရောင်အရိပ် တစ်ရိပ်သည် လမင်းအား နောက်ခံပြုလျက် ကောင်းကင်မှ ဆင်းသက်လာလေသည်။

ထိုအဖြူရောင်အရိပ်က ရုတ်တရက် သူ၏ဓားကို ထုတ်ယူလိုက်ကာ လင်းယွန်အား တိုက်ခိုက်လာသည်ကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။

ဓားဖျားသည် သူ့ထံသို့မရောက်လာမီ လင်းယွန်က မဆိုင်းမတွပင် ဓားအား ဆွဲထုတ်ကာ ပြန်လည် တိုက်ခိုက်လိုက်၏။

တိုက်ခိုက်မှု နှစ်ခု တွေ့ဆုံခဲ့ပြီးနောက် သူ၏ အံသြရိပ်မှာ ပို၍ မြင့်တက်သွားသည်။

ဤလူရိပ်မှာ လေဝဲဓါးနည်းစနစ်အား ထုတ်ဖော် တိုက်ခိုက်နိုင်ခဲ့သည် သာမက ထိုသူ့လက်ထဲတွင် ၎င်းနည်းစနစ်မှာ တခြား အဆင့်၌ပင် ရှိနှင့်ခဲ့လေပြီ။

" မင်း...ဘယ်သူလဲ "

ထိုအဖြူရောင်အရိပ်က လင်းယွန်၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပဲ၊ လရောင်အား ကျောခိုင်းလျက် ပြင်းထန်စွာ ထပ်မံတိုက်ခိုက် လိုက်သည်။

လရောင်သည် မြေပြင်သို့ ပြန့်ကျဲသွားခဲ့ပြီး၊ ၎င်းတို့နှစ်ဦးမှာ ပုံရိပ်နှစ်ရိပ်အဖြစ် ပြောင်းလဲသွားကာ လေဝဲဓားအား အသုံးပြုတိုက်ခိုက် လိုက်ကြ၏။

သိုင်းကွက်အနည်းငယ် ထိပ်တိုက်ရင်ဆိုင်မှု အပြီးတွင် လင်းယွန်က အဖြူရောင်အရိပ်ထံမှ ဖိအား ပေးခြင်း ခံလိုက်ရသည်။

ခုခံကာကွယ်ရန်အတွက်ပင် သူ၏ခွန်အားကို အကန့်အသတ်ထိ တိုးမြှင့်ခဲ့ရပြီး ၎င်းသည် လင်းယွန်အား တိုက်ပွဲဆာလောင်စိတ်များ ပို၍ တောက်လောင်လာစေ၏။

ခဏအတွင်းပင် သူတို့နှစ်ယောက်သည် သိုင်းကွက်ပေါင်း(၁၀)ကွက်ခန့် ပြောင်းလဲ တိုက်ခိုက်ခဲ့ပြီး ထိုသိုင်းကွက်များ အတွင်းတွင် လင်းယွန်၏ လေဝဲဓါးမှာ ပြိုင်ဘက်ဓါး၏ ဦးဆောင်ဆွဲငင်မှုအောက်၌ လိုက်ပါစီးမျော နေခဲ့ရလေ၏။

ထိုအဖြူရောင်အရိပ်သည် လင်းယွန်အား သတ်ရန်ဆန္ဒ မရှိထားခဲ့ပေ၊ သူက လင်းယွန်၏ လေဝဲဓါးအား စိတ်ကြိုက်ပုံသွင်းနေ ခဲ့၏။

တနည်းအားဖြင့် ဆိုရသော် ထိုအဖြူရောင် အရိပ်မှာ လေဝဲဓားနည်းစနစ်အား ရှင်းရှင်းစွာ ပုံဖော်ပြသရာ ရောက်လေ၏။

(ဒါက လေဝဲဓါးရဲ့ အစစ်အမှန်စွမ်းအားလား၊ )

'' လေ ဝဲ ဓါး ''

'' လေ ဝဲ ဓါး "

သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း တူညီသော လှုပ်ရှားမှု ကိုယ်စီအား ထုတ်ဖော်လိုက်သည်နှင့် ပြင်းထန်သော လေပွေများ ထွက်ပေါ်လာကာ မုန်တိုင်းငယ်တစ်ခုအသွင် ပြောင်းလျက် လရောင်အား ပိတ်ဆို့သွား၏။

'' ပုံ ရိပ် ယောင် ဓါး ''

" ပုံ ရိပ် ယောင် ဓါး ''

သန်းခေါင်ယံအချိန်တွင် အဖြူရောင် အရိပ် တစ်ရိပ်နှင့် လူတစ်ယောက်သည် တူညီသော လှုပ်ရှားမှု များအား တပြိုင်နက်ထဲ လုပ်ဆောင် နေခဲ့ သည့်မှာ ခြောက်ခြားဖွယ် ကောင်းလှ ပေသည်။

လင်းယွန်က သူ့ကိုယ်သူ အဖြူရောင် အရိပ်၏ ကိုယ်ပွား တစ်ယောက်ကဲ့သို့ ရှုမြင် လိုက်ပြီးနောက် ထိုလူရိပ်ထံမှ လှုပ်ရှားမှု များအား အတုခိုးလျက် လိုက်ပါ ခင်းကျင်း လိုက်မိ၏။

ဓားရိပ်များက မီတာအနည်းငယ်အတွင်း ရောယှက် ဖြာကျသွားကာ ထိပ်တိုက် တွေ့ဆုံမှု များ၏ ရလာဒ်များ အနေဖြင့် ညအမှောင်အား တောက်ပ လင်းလက်လာ စေခဲ့သည်။

'' ချွမ်..... ကလန်.... ''

အဆက်မပြတ် လေပြင်းများ တိုက်ခတ်လာခဲ့ပြီး ပုံရိပ်ယောင် ဓါးချက်သည် အထွတ် အထိပ်ထိ မြှင့်တက်သွားကာ ရပ်တန့်ရန် အရိပ်အယောင် မပြခဲ့ပဲ ထိုအရာသည် အတားအစီး အားလုံးကို ကျော်ဖြတ်သွားလေ၏။

'' အ ရိပ် မဲ့ ''

အဖြူရောင်အရိပ်က လေဝဲဓါး၏ နောက်ဆုံးသိုင်းကွက်အား ဆက်လက် ထုတ်ဖော်လိုက်လေရာ လင်းယွန်သည်လည်း လိုက်ပါ ခင်းကျင်းမိလေ၏။

'' ............ ''

သူတို့နှစ်ဦးသည် ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက် ဓားရိပ်များသည် သူတို့၏ အရှိန် အဝါ များအား ကွယ်ဝှက်ထားခဲ့ကာ အချင်းချင်း ရိုက်ခတ်ပေါက်ကွဲသွားသည်။

ထိုပေါက်ကွဲမှုအပြီးတွင် ပုံရိပ်နှစ်ခုသည် ကောင်းကင်မှ ညင်သာစွာ ဆင်းသက် လာလေသည်။

လင်းယွန်သည် သူ၏အတားအစီးများအား ချိုးဖြတ်နိုင်သွားကာ လေဝဲဓါး၌ ပြီးပြည့်စုံသော ကျွမ်းကျင်မှုကို ရရှိနိုင်ခဲ့လေပြီ။

လှည့်ကြည့်လိုက်သောအခါ အဖြူရောင်ပုံရိပ်၏ မျက်နှာဖုံးသည် လေ၌ မျောလွင့် ကွာကျသွားပြီး ရင်းနှီးသောမျက်နှာတစ်ခုအား တွေ့မြင် လိုက်ရ၏။

'' စီနီယာ အစ်မ ''

သူမက လရောင်အောက်တွင် တည်ငြိမ်စွာ ရပ်နေ ခဲ့ပြီးနောက် စက္ကန့်ပိုင်း အတွင်း ည အမှောင် အတွင်းသို့ တိုးဝင် ပျောက်ကွယ် သွား လေသည်။

***

All Chapters