← Chapters

မီးလျှံဓါးဂိုဏ်း။

Vol. 4 Ch. 49

မီးလျှံဓါးဂိုဏ်း။

Vol. 4 Ch. 49

လင်းယွန်သည် လရောင်၌ရပ်နေစဉ်တွင် အကူ အညီမဲ့သော အမူအရာအား ထုတ်ဖော်လျက် သက်ပြင်း ချလိုက်သည်။

သူက ဆုစီယာအား တားမြစ်ခဲ့ခြင်း မရှိခဲ့ပဲ စိတ်ရှုပ်ထွေးစွာ ကျန်ရစ် ခဲ့လေသည်။ သူ့နှလုံးသားတွင် သံသယများရှိသော်ငြားလည်း သူမက စကားပြောဆိုရန် ဆန္ဒမရှိလျှင် အဖြေရနိုင်မည့်နည်းလမ်း မရှိနိုင်ချေ။

ထို့ကြောင့် လင်းယွန် သည် သူတို့ နှစ်ယောက် ကြားတွင် ဖြစ်ပျက်ခဲ့ပုံကိုသာ တွေးနေမိသည်။

ရုတ်တရက် သူ၏ဘေးသို့ ကြည့်လိုက်မိစဉ် မြေကြီးပေါ်တွင် ထင်ကျန်ရစ်နေသည့် စာလုံး အချို့အား သတိပြုမိလိုက်၏။

" ဝမ်နင်ကို သတိထားပါ၊ ငါတို့ တစ်နေ့ ပြန်ဆုံမှာသေချာတယ်"

ထိုစာလုံးများကို ကြည့်လျက် အတွေးများထဲသို့ ပို၍နစ်မျော သွားသည်။ ၎င်းသည်၊ လင်းယွန်နှင့် တိုက်ခိုက်နေချိန်၌ ဓားအလင်းဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပြီး သူက ဆုစီယာ၏ ခွန်အားနှင့် ပတ်သက်ကာ အမြဲတမ်း ထွင်းဖောက် မမြင်နိုင်ခဲ့ပေ။

'' ဝမ်နင်ကို သတိထားပါ။ ''

ဝမ်နင်ကို ဘာကြောင့် သတိထားဖို့လို မည်နည်း။ ၎င်းသည် ဆုစီယာ ဝန်းကျင်၌ ဖြစ်တည်နေသည့် ပိုးမွှားတစ်ကောင်သာဖြစ်ပြီး လင်းယွန်သည် ဝမ်နင်ထံမှ မည်သည့် ဖိအားကိုမျှ မရရှိခဲ့ချေ။

ထိုအပြင် ပြန်ဆုံရန်အခွင့်အရေး ရှိသည်ဟု ဆိုခဲ့ရာ လင်းယွန်၏ နှလုံးသားမှာ တုန်လှုပ်သွားလေသည်။ သူမက ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်လော။

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၊ ဓါးထိန်းသိမ်းရေးခန်းမ၊ အတွင်းဆောင်။

လမင်းသည် ညရှုခင်းအောက်၌ တဖြည်းဖြည်းကျဆင်းလာသည်နှင့်အမျှ စီနီယာဟောင်သည် အခန်းအတွင်းမှ တရွေ့ရွေ့ ထွက်လာခဲ့သည်။

" ဒီနေ့ပြီးသွားရင် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မိနေတဲ့ ရေခဲအဆိပ်တွေ ကုန်စင်သွားပြီ၊ မင်း.... ထွက်သွားရမယ့် အချိန်ပဲ "

ဆုစီယာက အကြီးအကဲဟောင် နှင့်အတူ အတွင်းခန်းသို့ လှမ်းဝင်လိုက်ပြီး တိတ်ဆိတ် နေခဲ့သည်။

'' ဧကရာဇ်နှလုံးသားတာအိုကို ကျင့်ကြံသူတွေကအချစ်ကို မွေးမြူလို့မရဘူး၊ ဒါမှမဟုတ်ရင် တာအိုက ပျက်စီးသွားလိမ့်မယ် ဆိုတဲ့ ကောလဟာလက မှန်နေခဲ့ပုံ ရတယ်။ ''

စီနီယာဟောင်သည် ဆုစီယာကို ကြည့်လျက် တကိုယ်တည်း ရေရွတ် လိုက်မိသည်။

သို့သော် ဆုစီယာက ရုတ်တရက် ဆိုသလို သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊

'' လျှို့ဝှက်ချက်တွေက အမြဲတမ်းဖုံးကွယ် ထားလို့ မရဘူး။ မင်းက နန်းတော် ကနေ ခိုးထွက်ပြီး၊ ဒီနေရာမှာ တစ်သက်လုံး ပုန်းနေနိုင် တယ်လို့ တွေးမနေနဲ့။ မင်းတတ် နိုင်တုန်း ပြန်သွားပါ။ "

"ဟားဟားဟား....၊ ငါ့လို လူအိုကြီး တစ်ယောက်က သေခြင်း တရားကို ကြောက်နေ မယ်လို့ ထင်နေ တာလား၊ မင်း...ငါ့ကို စိတ်ပူ နေစရာ မလိုပါဘူး"

စီနီယာဟောင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းသွားခဲ့ပြီးနောက် ပြုံးလိုက်လေသည်။

ဓားထိန်းသိမ်းရေးခန်းမ၏ အတွင်းဆောင် တံခါးများကို ပိတ်လိုက်ကာ အကြီးအကဲဟောင် ထွက်သွားသည်နှင့်တပြိုင်နက် ဆုစီယာက အ၀တ်များချွတ်လျက် ရေကန်ထဲသို့ ဆင်းသက်လိုက်လေသည်။

စွဲမက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်သည် ကြည်လင်သော ရေကန်အတွင်း၌ ဝိုးတဝါးသာ ပုံရိပ်တစ်ရိပ်အဖြစ် ဖြစ်ပေါ်လာတော့သည်။

သူမက ဧကရာဇ်နှလုံးသားတာအိုကို နှလုံးသွင်းလျက် မျက်လုံးများအား ပိတ်ထားလိုက်၏။

'' ............ ''

ကောင်ကင်ဘုံကိုးခု၏ အမြင့်ဆုံးဘုံတွင်၊ အကန့်အသတ်မရှိသော ကြယ်များ တောက်ပနေ၏။

ဓါးထိန်းသိမ်းရေးခန်းမ အထက် ကောင်းကင်ယံ၌ ကြက်သွေးရောင် ကြယ် တစ်ပွင့်သည် အမည်မသိ အင်အား တစ်ခု၏ ထိန်းချုပ်မှုအောက်တွင် မြေပြင်ပေါ်သို့ အရှိန် ပြင်းပြင်းဖြင့် ကြွေကျလာလေသည်။

အလင်းတန်းတစ်စသည် ဓါးထိန်းသိမ်းရေးခန်းမ ထံသို့ ဦးတည် တိုးဝင်လာလျက် ဆုစီယာ၏ အဝတ်မဲ့ ခန္ဓာအတွင်းသို့ ပေါင်းစပ် သွားသည်။

'' .......... ''

ရေကန်မျက်နှာပြင်မှာ ထိုအလင်း တန်းကြောင့် တဖြည်းဖြည်း အေးခဲလာ သည်နှင့်အမျှ ၎င်းသည် ရေခဲလွှာများအဖြစ် ကူးပြောင်းသွားပြီး ရေခဲမြူများ ထွက်ပေါ် ရစ်သိုင်းလာလေသည်။

ဓားထိန်းသိမ်းရေး ခန်းမ အပြင်ဘက်တွင် အကြီးအကဲဟောင်က အလင်းတန်းများ ထွက်ပေါ်လာရာ ကောင်းကင်ယံအား မော့ကြည့် လိုက်ပြီး၊ မသက်မသာ ပြုံးလိုက် မိသည်။

ဧကရာဇ်၏ မျိုးဆက်သွေးအမွေခံတစ်ပါးသည် ဓားကျွန်တစ်ယောက် ထံ၌ ကျရှုံးခဲ့လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

သို့သော် ထိုအရူးကောင်သည် ယင်းအခွင့်အရေးအား အရယူနိုင်ခြင်း မရှိချေ။

မိုးသောက်ယံအချိန်တွင် ဆုစီယာသည် ဓားထိန်းသိမ်းရေးခန်းမမှ ထွက်ခွာ သွားခဲ့ ပြီးနောက် သစ်သားတဲအိမ်တစ်လုံး ရှေ့၌ ရပ်နေ ခဲ့သည်။

ပြတင်းပေါက်မှတဆင့် အိပ်ပျော်နေသည့် လင်းယွန်အား အချိန်အတော်ကြာ ငေးကြည့် နေကာ ရုတ်တရက် လှုပ်ရှားလိုက်၏။

သူမ၏ဆံနွယ်၌ ချည်နှောင်ထားသော ဖဲကြိုးစအား ဖြည်ယူလိုက်သည်နှင့် ရှည်လျား နက်မှောင်သော ဆံနွယ်များသည် လှပစွာ ပြန့်ဝဲကျလာလေသည်။

ညင်သာသည့် လှုပ်ရှားမှုတစ်ခုနှင့်အတူ ပန်းရောင် ဖဲကြိုး ပုဝါသည် သစ်သားအိမ် အတွင်းသို့ ပျံသန်း ဝင်ရောက် သွား၏။

ခဏအကြာတွင် ဆုစီယာသည် ကောင်းကင်ယံသို့ ပျံသန်းတိုးဝင်သွားကာ မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ အပြီးတိုင် ထွက်ခွာသွားခဲ့လေသည်။

ပြတင်းပေါက်မှ နေရောင်ခြည် ဝင်ရောက်လာသည်နှင့် လင်းယွန်က သူ၏ မျက်လုံးများအား ဖွင့်လိုက်သည်။

ယမန်နေ့ညမှ ဆုစီယာနှင့် တိုက်ပွဲအပြီးတွင် လေဝဲဓါးနည်းစနစ်အပေါ် နားလည်နိုင်စွမ်းမှာ ပြီးပြည့်စုံခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ရုတ်တရက် လင်းယွန်က အခန်းထဲရှိ ပန်းရောင် ဖဲကြိုး ပုဝါစ ထံသို့ အကြည့်ရောက် သွားကာ၊ ငြိမ်သက် သွားမိ လေသည်။

" သူမ ထားခဲ့တာလား၊ ဒါဆို တကယ်ပဲ ထွက်သွား ခဲ့ပြီပေါ့။ ''

လင်းယွန် နှလုံးသားမှာ လစ်ဟာ ဆုံးရှုံး မှုကြောင့် နွမ်းလျ သွား၏။

ခဏအကြာတွင် လင်းယွန် သည် သက်ပြင်းအချို့ချလျက် ခေါင်းရမ်းလိုက်မိ၏။ ၎င်းသည် နားလည်နေခဲ့သည့်တိုင်အောင် ထိုဆုစီယာမှာ သူ့အတွက်မဟုတ်သည်ကို သိနေခဲ့သည်။

ကျန်းဟန်၏စကားများအား ပြန်အမှတ်ရသွားသည်ကြောင့် မျက်နှာသစ် အဝတ်အစားလဲကာ ကျက်သရေဆောင် ခန်းမထံသို့ ဦးတည်သွားလိုက်၏။

မိုးကောင်းကင်နိုင်ငံတွင် အဓိက အင်အားစုကြီး လေးစုရှိပြီး ထိုအင်အားစုများမှာ

- မီးလျှံဓါးဂိုဏ်း၊ မိုးပြာရောင် ကောင်းကင်ဂိုဏ်း၊ ခရမ်းမီးလျှံဂိုဏ်း၊ မြင့်မြတ်သော နေမင်းဂိုဏ်း ...

-တို့ဖြစ်ပြီး ၎င်းတို့သည် မိုးကောင်းကင် နိုင်ငံ၏ ထောက်တိုင်ကြီး လေးခု ဖြစ်ပေသည်။

ထိုဂိုဏ်းခွဲလေးဂိုဏ်း၏ အင်အားသည် အညီအမျှ ဖြစ်ခဲ့သော်ငြားလည်း မကြာသေးမီ နှစ်အနည်းငယ်တွင် မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ လူငယ်မျိုးဆက် များမှာ အနည်းငယ် သန်မာ ထင်ရှား လာခဲ့သည်။

သို့သော် ခရမ်းမီးလျှံဂိုဏ်းနှင့် မီးလျှံဓါးဂိုဏ်းတို့သည် ဒုတိယနေရာ၌ ရပ်တည် ထားနိုင်ခဲ့ပြီး၊ ပထမနေရာအတွက် မိုးပြာရောင် ကောင်းကင်ဂိုဏ်းထံမှ အမြဲတမ်းလု ယူချင်ခဲ့ ကြသည်။

ဂိုဏ်းခွဲလေးဂိုဏ်းအတွင်း၌ မြင့်မြတ်သော နေမင်းဂိုဏ်းသည် အင်အားအနိမ့်ကျဆုံး ဖြစ်ပေသည်။

ကျက်သရေဆောင်ခန်းမတွင် အတွင်း တပည့်များ စုရုံးနေခဲ့ပြီ ဖြစ်သည်။ သို့သော် ဝမ်နင်နှင့် ဟူဇီဖန်းကိုမူ လူအုပ်အတွင်း၌ ရှာမတွေ့ခဲ့ပေ။

ခြေလှမ်းများအား မြှင့်လိုက်ပြီး လင်းယွန်က ဘိုင်ယုဖန် ထံသို့ သွားကာ 'မင်္ဂလာပါ လူငယ် သခင်' ဟု နှုတ်ဆက် လိုက်လေသည်။

"မင်းက အတွင်းတပည့် တစ်ယောက် ဖြစ်နေပြီပဲ၊ ဒီလောက်လည်း နှိမ့်ချဖို့ မလိုပါဘူး။ "

ဘိုင်ယုဖန်က ပြုံးလျက်ရေရွတ်လိုက်ကာ လင်းယွန်အား ခေါင်းညိတ်ပြလိုက်၏။ လင်းယွန်က နှုတ်ဆက် စကားပြောပြီးနောက် အတွင်းတပည့် များကြား၌ သွားရပ် နေလိုက်သည်။

အတွင်းတပည့်များသည် လင်းယွန်အတွက် အနည်းငယ် ကိုယ်ကိုယို့ပေး လိုက်ပြီး ခေါင်းညိတ်ပြ ကြသည်။

ထိုအတောအတွင်း လင်းယွန်က အတွင်း တပည့်များအား လိုက်လံကြည့်ရှု နေခဲ့ ပြီးနောက်တွင် အံ့အားသင့် သွားခဲ့သည်။

ဤနေရာရှိ အတွင်းတပည့်တိုင်းသည် ဂိုဏ်း၏ အသန်မာဆုံး တပည့်များ ဖြစ်နေကြပြီး လင်းယွန်မှ လွဲ၍ ထိုတပည့်များ အားလုံးမှာ အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့်၌ ရှိနေခဲ့ကြလေပြီ။

မီးလျှံဓါးဂိုဏ်းနှင့် သိုင်းလောက ရေနွေးကြမ်း သောက်ပွဲမှာ မည်မျှ အရေးကြီး သည်ကို ထိုအခင်း အကျင်း၌ ပြသထား လေသည်။

ခဏအကြာတွင် အကြီးအကဲတစ်ဦး၏ ဦးဆောင်မှုဖြင့် လူငယ်တစ်စုဝင်ရောက်လာ၏။ ထိုအဖွဲ့အား ဦး ဆောင်လာသူမှာ ခံ့ညားသော အသွင်အပြင်နှင့် အတူ ထက်ရှသော ဓါးရောင်ဝါ များကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော် ထားလေသည်။

ထိုလူငယ်မှာ မီးလျှံဓါးဂိုဏ်း၏ ပါရမီရှင် လျိုရှင်း ဖြစ်ပေ၏။

ဘိုင်ယုဖန်က လျိုရှင်းကိုမြင်သည်နှင့် မတ်တပ်ထရပ်ကာ နူတ်ခွန်းဆက်လိုက်သည်။

'' အစ်ကိုလျို၊ ခရီးပန်းလာပြီ ထင်တယ်။ ''

" အဆင်ပြေပါတယ်၊ အစ်ကိုဘိုင်... "

လျိုရှင်းက ဘိုင်ယုဖန် နောက်၌ ရပ်နေသည့် အတွင်း တပည့်များ ထံသို့ တစ်ချက်ကြည့် လိုက်ပြီး ပြုံးကာ ပြန်ဖြေလာခဲ့၏။

" ကျေးဇူးပြုပြီး၊ ထိုင်ပါဦး အစ်ကိုလျို "

လျိုရှင်းက ဘိုင်ယုဖန်ဘေးတွင် ဝင်ထိုင်လိုက် သည်နှင့် မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှ သာမာန်တပည့် တစ်ယောက်သည် လက်ဖက်ရည် တစ်ခွက်အား ကမ်းပေး လာခဲ့ရာ သူက လက်ခံရယူလိုက်ပြီးနောက် တစ်ငုံသောက်လျက် လက်ဖက် ရည်ခွက်အား ပြန်လည် ချထား လိုက်ကာ...

" ဘိုင်ယုဖန် .... ငါ့ခရီးစဉ်နဲ့ပတ်သတ်လို့ မင်းက သိထားမယ် ဆိုတာ သေချာပါတယ်"

" သေချာတာပေါ့ အစ်ကိုလျို... "

'' ဒါဆို ငါလည်း အချိန်ဖြုန်းမနေတော့ဖူး။ ဂိုဏ်းလေဂိုဏ်းရဲ့ နယ်မြေလုပြိုင်ပွဲက လဝက် အတွင်း ရေဖြူမြို့မှာ ကျင်းပတော့မယ်၊ မင်းရဲ့ မိုးပြာရောင် ကောင်းကင်ဂိုဏ်းက မိုးကောင်းကင် နိုင်ငံမှာ အသန် မာဆုံးဂိုဏ်း အဖြစ် ဆက်လက်ရပ်တည် နိုင်ပါ့မလားလို့ ငါလျိုရှင်းက သံသယဝင်မိတယ်။ ''

လျိုရှင်း၏ လေသံသည် တည်ငြိမ် နေခဲ့ သော်လည်း မျက်ဝန်းများ၌ နှိမ့်ချစွာ ရှုမြင် ထားခဲ့ ပုံရသည်။ ဘိုင်ယုဖန်က ၎င်း၏ အမူအရာအား လျစ်လျူရှူလိုက်ပြီး....

" ဒါဆို ...လွတ်လွတ်လပ်လပ် စမ်းသပ် ကြည့်နိုင် ပါတယ်၊ အစ်ကိုလျို "

ထိုအချိန်တွင် လင်းယွန်သည် ဘိုင်ယုဖန်၏ အခင်းအကျင်းအား နားလည်သွားခဲ့၏။ ၎င်းသည် မီးလျှံဓါးဂိုဏ်းမှ မိုပြာရောင် ကောင်းကင်ဂိုဏ်း၏ အင်အားကို စမ်းသပ်ရန် ရောက်ရှိ လာခဲ့ခြင်း မည်ပေ၏။

လူငယ်သခင် နှစ်ဦး၏ စကား အပြော ဆိုမှု အပြီး မှာပင် မီးလျှံဓါးဂိုဏ်းမှ တပည့် တစ်ယောက် ထွက်လာကာ သူ့ကိုယ်သူ မိတ်ဆက် လိုက်လေသည်။

'' ငါက မီးလျှံဓါးဂိုဏ်းရဲ့ ကျန်းရဲ ပါ။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ဟူဇီဖန်း အကြောင်းကို ငါကြားဖူးပါတယ်၊ ငါက သူနဲ့ သိုင်းကွက် အနည်းငယ် ဖလှယ်ဖို့ တောင်းဆို ချင်ပါတယ်။ "

(ကျန်း ရဲ)

လင်းယွန်သည် ထိုနာမည်အား ရင်းနှီး နေခဲ့ကာ ၎င်းသည် ဝိညာဉ်အဆင့်မစ်ရှင်များကို လုပ်ဆောင်နေစဉ်တွင် ရေဖြူမြို့၏ စကားဝိုင်း အချို့တွင် ကြားဖူးခဲ့ပုံရသည်။

ကျန်းရဲသည် မီးလျှံဓါးဂိုဏ်း၏ ထက်မြက်သော ပါရမီရှင်တစ်ဦးဖြစ်ကာ မစ်ရှင်များ ထမ်းဆောင်ရာ၌ သူပုန်များကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

၎င်းသည် ဟူဇီဖန်းအား စိန်ခေါ်ချင်ခဲ့သည်မှာ မဆန်းလှပေ။ သူနှစ်ဦး စလုံးမှာ မိုးကောင်းကင် နိုင်ငံတွင် ပါရမီရှင်များအဖြစ် ကျော်ကြား နေခဲ့ပြီး ပါရမီရှင် လေးဦးအား စိန်ခေါ်ရန် လုံလောက်သော ခွန်အားရှိနေသည်ဟု ထင်ကြေး ပေးထား ကြသည်။

သို့သော် ဘိုင်ယုဖန်သည် ကျန်းရဲအား ပြုံးလျက်ကြည့်လိုက်ကာ...

'' ....တောင်းပန်ပါတယ်၊ ညီငယ်လေးဟူက လွန်ခဲ့တဲ့ရက် အနည်းငယ်ကပဲ တံခါးပိတ် ကျင့်ကြံ နေတာကြောင့်မင်းရဲ့ဆန္ဒကို မဖြည့်ဆည်း ပေးနိုင်ပါဘူး။ ''

အံသြစရာကောင်းသည်မှာ ကျန်းရဲသည် ငြင်းပယ်မှုအား စိတ်ပျက်မသွားခဲ့ပဲ ပြုံးလျက် ဘိုင်ယုဖန်ကို စိုက်ကြည့်လိုက်ကာ-

'' ..သူ့အစား ဘာလို့ ငါနဲ့ လာမတိုက်ခိုက် နိုင်ရတာလဲ။ လွန်ခဲ့တဲ့နှစ်လက လျူယန်ဖေးကို သိုင်းဆယ်ကွက်အတွင်း မင်းရှုံးခဲ့တယ် မဟုတ်လား၊ မင်းက မိုးကောင်းကင် နိုင်ငံရဲ့ ပါရမီရှင် လေးပါး ထဲမှာ ရှိသင့်နေသေးရဲ့ လားလို့ သံသယဝင်နေမိတယ်။ "

'' .......... ''

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ အတွင်း တပည့် များသည် မျက်နှာများပေါ်၌ ဒေါသ အရိပ် အယောင်များ စွန်းထင်းလာခဲ့ကာ ရုတ်ရုတ် သဲသဲ ဖြစ်သွားကြသည်။

ကျန်းရဲသည် တကယ်ပင် အလွန်မာန ကြီးလျက် ဘိုင်ယုဖန်အား နှိမ့်ချဆက်ဆံလာခြင်း ဖြစ်ပေသည်။

လျိုရှင်းက ဘိုင်ယုဖန်အား စိန်ခေါ် လိုက်သည့် ကျန်းရဲ၏ အပြုအမူနှင့် ပါတ်သတ်၍ မျက်ကွယ်ပြုကာ၊ အပြုံးအား ထုတ်ဖော် ထား ခဲ့သည်။

အမှန်အတိုင်းဝန်ခံရလျှင် သူသည်လည်းပဲ ဘိုင်ယုဖန်၏ ခွန်အားအပေါ် မေးခွန်း ထုတ်နေမိပြီ ဖြစ်သည်။

၎င်းသည် ဘိုင်ယုဖန်အတွက် အခက် တွေ့စေခဲ့သည်။ ကျန်းရဲ၏ စိန်ခေါ်မှုအား လက်ခံ ခဲ့ပါက သူ၏ ဂုဏ်ပုဒ်သည် အမာခံ တပည့် အဆင့်သို့ လျော့ကျ သွားနိုင်ပြီး၊ ငြင်းပယ်ခြင်း သည်လည်း မိုးပြာရောင် ကောင်းကင်ဂိုဏ်း အတွက် နိမ့်ကျသော ပုံရိပ်အား ဖြစ်ပေါ် လာစေပေမည်။

"ဘယ်လောက်တောင် မောက်မာလိုက်သလဲ၊ မင်းကိုယ်မင်း ငါတို့ရဲ့ လူငယ်သခင်နဲ့ တန်းညီတယ် ထင်နေတာလား။ ''

သို့သော် ဘိုင်ယုဖန်၏ အခက် အခဲကို ဖြေရှင်း ပေး လိုက်သော အတွင်း တပည့် တစ်ဦး၏ အသံမှာ လူအုပ် အတွင်းမှ အေးစက်စွာ ထွက်ပေါ် လာလေသည်။

***

All Chapters