← Chapters

အန္တရာယ်ရှိသောအခြေအနေ။

Vol. 5 Ch. 57

အန္တရာယ်ရှိသောအခြေအနေ။

Vol. 5 Ch. 57

ခရမ်းမီးလျှံဂိုဏ်းသည် ပထမအကျော့တွင် သူတို့၏ မျိုးစေ့လောင်း ပြိုင်ပွဲဝင်အား စေလွှတ်လိုက်၏။

ပထမအကျော့မှာ အစွန်အဖျားနယ်မြေ များအတွက် ပွဲစဉ်များဖြစ်ကာ ထိုမြို့များသည် ဂိုဏ်းခွဲများအား သာမာန် အရင်းအမြစ်များသာ ရရှိစေနိုင်မည်။

ထို့အပြင် ၎င်းသည် မည်မျှပင် အမြတ်အစွန်းကြီးမြင့်ပါစေ၊ ဝိညာဉ်မိုင်းတွင်း များထက် ပို၍ အရေးကြီးနိုင်မည် မဟုတ်ချေ။

အစွန်းအဖျား နယ်မြေများအတွက် မျိုးစေ့လောင်း ပြိုင်ပွဲဝင်တစ်ယောက်အား အသုံးပြုခဲ့ခြင်းသည် အဆိုပါ ဝိညာဉ်မိုင်းတွင်း လုပွဲ၌ ၎င်းတို့၏ အင်အားကို ကျဆင်းစေနိုင် လေသည်။

မိုးကောင်းကင်နိုင်ငံတွင် ဝိညာဉ်မိုင်းတွင်း တစ်တွင်းသာ ရှိခဲ့ပြီး ၎င်းကို မိုးပြာရောင် ကောင်းကင်ဂိုဏ်မှ အုပ်ချုပ်ခွင့် ရယူထား နိုင်ခဲ့သည်။

ထိုမိုင်းတွင်းသည် လွန်ခဲ့သော သုံးနှစ်က ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲတွင် ဆုစီယာ၏ ဓားဖြင့် ခရမ်းမီးလျှံဂိုဏ်းထံမှ သိမ်းယူပေးခဲ့ခြင်း ဖြစ်ပေသည်။

" ငါက ခရမ်းမီးလျှံဂိုဏ်းရဲ့ မျိုးစေ့လောင်း ပြိုင်ပွဲဝင် ချင်းဖိန် ပါ...... ။ "

ချင်းဖိန်နှင့် ဖန်းဒေါင်းယူတို့၏ ကျင့်ကြံခြင်း အဆင့်မှာ အခြေခံတည်ဆောက်ခြင်း အဋ္ဌမ အဆင့်တွင် တူညီစွာ ရှိနေခဲ့သော်လည်း ၎င်းတို့၏ အရှိန်အဝါသည် ကွဲပြားခြားနား နေပေ၏။

သိုင်းသမားများကို နှိုင်းယှဉ်ရာတွင် ကျင့်ကြံခြင်း အဆင့်အား ထည့်သွင်း စဉ်းစား ခြင်းသည် တိကျသော ခွန်အားမဟုတ်သည်ကို လူတိုင်း သိရှိထားလေသည်။

ဥပမာအားဖြင့် ဟူဇီဖန်းသည် ဖန်းဒေါင်းယူနှင့် ကျင့်ကြံမှုအဆင့် တူညီခဲ့ သော်လည်း ခွန်အားအရာ၌မူ အဆင့်သစ် တစ်ခု၌ ရှိနေခဲ့လေသည်။

ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်သည် မည်မျှသန်မာသည်ကို ဆုံးဖြတ်ရာတွင် သူ၏ ကျင့်ကြံမှုအဆင့်အပြင်၊ ထိုးထွင်းသိမြင်မှု၊ သိုင်းနည်းစနစ်များ၏ အဆင့်နှင့် ရွေ့လျားမှုနည်းစနစ်များသည် အရေးပါသော အကဲဖြတ်မှုများအဖြစ် ထည့်သွင်း စဉ်းစားရပေမည်။

ဖန်းဒေါင်းယူ၏ မျက်နှာသည် ဆိုးရွားလာသည်နှင့်အမျှ သူက အံကိုကြိတ်ကာ၊

" ကောင်းပြီ၊ ခရမ်းမီးလျှံဂိုဏ်းရဲ့ မျိုးစေ့ ပြိုင်ပွဲဝင် တစ်ယောက်က ဘယ်လောက်ထိ သန်မာလဲ ငါကြည့်ပါရစေ "

'' ................. ''

အရှိန်အဝါများ ပွင့်ထွက်လာမှုနှင့်အတူ ဖန်းဒေါင်းယူ၏ ခန္ဓာကိုယ်မှာ ကြေးသွန်းရုပ်တု တစ်ခုသဖွယ် ပြောင်းလဲသွားကာ၊ နတ်ဘုရား လက်သီးကို စတင်ထုတ်ဖော် လိုက်လေသည်။

၎င်းမှာ နတ်ဘုရားလက်သီး၏ အဆင့်မြင့် ကျွမ်းကျင် အဆင့် အသွင်ပြောင်းလဲခြင်း လက္ခဏာ တစ်ရပ် ဖြစ်ပေ၏။

'' ဒီတစ်ယောက်က မလွယ်ပါလား၊ သူက နတ်ဘုရားလက်သီး နည်းစနစ်ကို အောင်အောင် မြင်မြင် ဆုပ်ကိုင်ထားနိူင် ပုံရတယ်။ ''

'' နတ်ဘုရားလက်သီးနည်းစနစ်က ခိုင်မာတဲ့ဇွဲရှိဖို့ လိုတယ်လို့ ငါ ကြားဖူးတယ်၊ လူအတော်များများက ဒီနည်းစနစ်ကို ကျင့်ကြံဖို့ ကျရှုံးခဲ့ကြတယ် ''

ဖန်းဒေါင်းယူမှာ အခွင်းအရေး မရှိခဲ့သော်ငြားလည်း လူအုပ်ကြီးသည် သူ၏ နည်းစနစ်အားကြည့်ကာ စတင်ချီးမွမ်းစ ပြုလာကြ၏။

တချိန်ထဲမှာပင် ဖန်းဒေါင်းယူက လက်သီးသုံးလုံးအား ပစ်လွှတ်ကာ တိုက်ပွဲကို စတင်လိုက်လေသည်။

'' ဖန်း....ဖန်း...ဖန်း..... ''

ထိုသို့ ကျယ်လောင်သော အသံများသည် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေခဲ့ကာ မိုးကြိုးပစ်သံများ ကဲ့သို့ ဆူညံနေ၏။

သို့သော် ၎င်းလက်သီးများသည် လေကိုသာ ထိုးခွဲ မိသွားကာ ချင်းဖိန်က မြင်ကွင်းမှ ပျောက်ကွယ် သွားလေသည်။

" သောက်......ပဲ ဟေ့ ''

ဖန်းဒေါင်းယူက သူ၏ထိုးနှက်ချက်များ လွဲချော်သွားသည်ကို မြင်သောအခါ ဒေါသအရှိန် မြင့်တက်လာသည်။

သူ၏ ထိုးနှက်ချက်များမှာ လျင်မြန် ပြင်းထန် နေခဲ့ သော်လည်း ချင်းဖိန်၏ အဝတ် အစားများ ကိုပင် ထိအောင် မစွမ်းနိုင်ခဲ့ချေ။

အခြားတစ်ဖက်တွင် ချင်းဖိန်သည် သူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးကို ထုတ်ဖော်လျက် တည်ငြိမ်စွာ ရှောင်းတိမ်းနေ၏။

ခဏလေးအတွင်းမှာပင် ဖန်းဒေါင်းယူသည် တိုက်ကွက်ပေါင်း ငါးဆယ်ကျော် ထုတ်ဖော် သွားခဲ့သည်။

တဆက်ထဲမှာပင် ချင်းဖိန်က ထိုတိုက်ခိုက်မှုများကို တုံ့ပြန်ခြင်း မရှိခဲ့ပဲ၊ ရှောင်တိမ်းနေကာ တချိန်လုံးပင် လှောင်ပြုံးကို ဆင်မြန်းထား လေသည်။

၎င်းသည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သော မြင်ကွင်းတစ်ခုဖြစ်ပေ၏။

'' ဒါက မိုးတိမ်ခြေလှမ်းတွေပဲ။ ''

" ခရမ်းမီးလျှံဂိုဏ်းရဲ့ သင်ယူဖို့အခက်ခဲဆုံး ရွေ့လျားမှုနည်းစနစ်တစ်ခု မဟုတ်လား။ "

" အင်း ဒါကြောင့်လည်း ဖန်းဒေါင်းယူက ချင်းဖိန်ရဲ့ အဝတ်ကိုတောင် ထိအောင် မတိုက်ခိုက်နိုင်ခဲ့တာပဲ။ ''

လူအုပ်ကြီးက ချင်းဖိန်၏ ရွေ့လျားမှုနည်းစနစ်အား စတင်သတိပြုမိ လာကြပြီး ၎င်းသည် ခရမ်းမီးလျှံဂိုဏ်း၏ အဆင့်မြင့်မိုးတိမ်ခြေလှမ်း ရွေ့လျား မှုနည်းစနစ် ဖြစ်ပေသည်။

တချိန်ထဲမှာပင် ဖန်းဒေါင်းယူသည် သူ၏စိတ်ရှည်မှုကို ဆုံးရှုံးခဲ့ရသည်။ သူက ချင်းဖိန်ကို အနိုင်ယူရန် မျှော်လင့်မထား သော်လည်း၊ ယခုလောက်ထိ အခြေအနေ ဆိုးရွား လိမ့်မည်ဟု ထင်မထားကာ ၎င်းသည် ဝတ်ရုံစ ကိုပင် ထိအောင် ဖိအားမပေးနိုင်ခဲ့ပေ။

ထို့ပြင် ဘိုင်ယုဖန်အား ပေးထားသော ကတိကို ပြန်ပြောင်း သတိရသောအခါ ဖန်းဒေါင်းယူ၏ မျက်နှာမှာ ပို၍ပင် နီရဲလာ၏။

" ချင်းဖိန်၊ မင်းမှာ သတ္တိရှိတယ် ဆိုရင် မပြေးနဲ့၊ ခရမ်းမီးလျှံဂိုဏ်းက သူရဲ ဘောကြောင်တယ် လို့တော့ ငါမထင်ဖူး။ ''

နောက်ဆုံးတွင် ဖန်းဒေါင်းယူက သည်းခံနိုင်စွမ်း ကုန်ဆုံးလာကာ ချင်းဖိန်ကို ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

" ဟားဟားဟား၊ ကောင်းပြီ....မင်းဆန္ဒ အတိုင်းပဲ...."

ရုတ်တရက် ချင်းဖိန်၏ အရှိန်အဝါမှာ ပေါက်ကွဲလာကာ ပြုံးလိုက်၏။

၎င်းတို့နှစ်ဦးစလုံးသည် အခြေခံ တည်ဆောက်ခြင်း အဋ္ဌမအဆင့်တွင် ရှိသော်လည်း ချင်းဖိန်၏ အရှိန်အဝါမှာ ဖန်းဒေါင်းယူထက် ပိုမို သန်စွမ်းနေခဲ့သည်။

'' သံမဏိ မီး လက်သီး ''

'' နတ်ဆိုးသတ်ဖြတ်ခြင်း နတ်ဘုရား "

ချင်းဖိန်က ရှောင်တိမ်းခြင်းမရှိပဲ ပြန်လည် တိုက်ခိုက်လာသည်ကြောင့် ဖန်းဒေါင်းယူမှာ ပြုံးရွှင်သွား ခဲ့သည်။ ဤအခြေအနေအရ သူက အရူးတစ်ယောက်လို လေကိုသာလိုက်လံ ထိုးနှက်နေမည့်အစား ထိပ်တိုက်ရင်ဆိုင်ကာ အဆုံးသတ် ချင်နေခဲ့ လေပြီ။

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသွားကာ၊ သံမဏိသားရဲ တစ်ကောင်ကဲ့သို့ ပေါက်ကွဲလာပြီး ပဲ့တင်ထပ်သွား၏။

'' ဘုန်း..... ''

ပေါက်ကွဲမှုနှင့်အတူ တောက်ပသော အပူလှိုင်းများ ပတ်ဝန်းကျင် တစ်ဝိုက်သို့ ပျံ့နှံ့သွား၏။

အပူလှိုင်းများ ပျောက်ကွယ်သွားသောအခါ ဖန်းဒေါင်းယူ၏ အဝတ်အစားများ အပိုင်းပိုင်း စုတ်ပြဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင် ဒဏ်ရာများ ဖြစ်ပေါ်လာသည်။

မိုးကြိုးပစ်ခံလိုက်ရ သကဲ့သို့ ပါးစပ်မှ သွေးများ စီးကျကာ လွင့်ထွက် လဲကျသွားပြီး သတိလစ်သွား၏။

" ဂျူနီယာဖန်း...... "

ရုတ်တရက် ကျန်းယီက ဖန်းဒေါင်းယူ၏ မြင်ကွင်းကြောင့် ဒေါသတကြီး ထရပ် လိုက်သည်။

"မင်း.... ပြန်ထိုင်လိုက် "

ဘိုင်ယုဖန်က အံကြိတ်ကာ ဟန့်တား လိုက်သည်။ သူက ချင်းဖိန်ထံ ဝေ့ကြည့် လိုက်ကာ၊ မျက်လုံးများ ဝင်းဝင်း တောက်နေခဲ့၏။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းသည် အချိန်ကြာသည်အထိ သူတို့၏ ပြိုင်ပွဲဝင်များကို စေလွှတ်ခြင်း မရှိပဲ ငြိမ်သက်နေခဲ့သည်။

" ချင်းဖိန်က အနိုင်ရတယ်၊ မိုးပြာကောင်းကင်ဂိုဏ်းက ဘယ်သူ့ကိုမှ ထက်မလွှတ်ဘူးဆိုရင် မြို့နှစ်မြို့ကို လက်လွှတ်ရလိမ့်မယ်။ "

ဘိုင်ချူဟွေ၏ သာယာ ငြိမ့်ညောင်းသော အသံမှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ တပည့်များ၏ နားစည်အား နတ်ဆိုးတစ်ပါးလို ရိုက်ပုတ်လာခဲ့သည်။

"ငါတို့ လက်လျှော့တယ်။ "

ဘိုင်ယုဖန်၏ အမူအရာကို ကြည့်ပြီးနောက် ဘိုင်ထျန်းမိန်က သက်ပြင်းချလိုက်ကာ အကူ အညီမဲ့ စွာဖြင့် ပြန်လည် ဖြေကြား လိုက်သည်။

သိုင်းစင်မြင့်ပေါ်ရှိ ချင်းဖိန်က တဟားဟား ရယ်မောလိုက်ကာ မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ မြို့နှစ်မြို့ကို ကိုယ်စားပြုသော သင်္ကေတအား သိမ်းယူလိုက်တော့၏။

အရံပြိုင်ပွဲဝင်တစ်ဦးဖြစ်သော လင်းယွန်မှာ ထိုမြင်ကွင်းအား ခေါင်းရမ်းလျက် ငြိမ်သက် သွား၏။

ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲသည် ဆက်လက် ကျင်းပ နေခဲ့ပြီး၊ မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ လက်အောက်ခံ မြို့များအား ကာကွယ်ရမည့် အချိန်တိုင်းတွင် ထိုကဲ့သို့ အဖြစ် အပျက်မျိုး သုံးကြိမ်တိတိ ဖြစ်ပွားခဲ့သည်။

ဂိုဏ်းသုံးဂိုဏ်းမှာ ကြိုတင် ဆွေးနွေးထား သကဲ့သို့ ၎င်းတို့၏ မျိုးစေ့လောင်း ပြိုင်ပွဲဝင် များကို စေလွှတ်လာကြကာ မြို့များအား လုယူ သွားကြ၏။

သူတို့က မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှာ ၎င်းတို့၏ မျိုးစေ့လောင်း ပြိုင်ပွဲဝင်များကို စေလွှတ် ကာကွယ်မည် မဟုတ်သည်ကို အသေအချာ ယုံကြည်ထား ကြလေသည်။

အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်နိုင်ငံ၏ တစ်ခုတည်းသော ဝိညာဉ်မိုင်းတွင်းကို ကာကွယ်ရန်သည် ပို၍ အရေးကြီးလှသည် မဟုတ်ပါလော။

အဆုံး၌၊ သူတို့တစ်ဂိုဏ်းချင်းစီသည် မိုးပြာရောင်ကောင်းကင်ဂိုဏ်းထံမှ မြို့နှစ်မြို့စီအား သိမ်းယူ နိုင်ခဲ့ကြ လေသည်။

လေးကြိမ်အကျော့ ပြိုင်ပွဲများ အပြီးတွင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှာ မြို့ပေါင်း (၁၅) မြို့အား ဆုံးရှုံးသွားလေပြီ။

" စိတ်အေးအေးထားပါ၊ ဝိညာဉ်မိုင်းတွင်းကို ငါတို့ ကာကွယ်ရမယ်၊ ဝိညာဉ်မိုင်တွင်းကို ပိုင်ဆိုင်နေသ၍ ဒီမြို့တွေကို သုံးနှစ်အတွင်း ငါတို့ ပြန်ယူနိုင်တယ်...''

ဘိုင်ယုဖန်က အံကြိတ်လျက် ဂိုဏ်းဝင် များကို အားပေး လိုက်၏။ ယခုအချိန်တွင် မိုးပြာရောင် ကောင်းကင်ဂိုဏ်းမှာ ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို မည်သူမဆို မြင်နိုင်ပေသည်။

ဘိုင်ယုဖန် ယူဆထားသလို ဝိညာဉ်မိုင်းတွင်းအား ကာကွယ်နိုင်ခဲ့ပါက ပြဿနာ မရှိနိုင်သော်လည်း၊ ထပ်မံ ရှုံးနိမ့်သွားခဲ့သော် အရာရာကို ဆုံးရှုံးရပေ လိမ့်မည်။

ဝိညာဉ်မိုင်းတွင်းမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူနိုင်ပြီး ၎င်း၏တန်ဖိုးမှာ မြို့ပေါင်း များစွာထက် ပို၍ တန်ဖိုးရှိပေ၏။

" ဆုစီယာမရှိရင် မိုးပြာရောင်ကောင်းကင် ဂိုဏ်းက သူတို့ရဲ့ ဝိညာဉ်မိုင်းတွင်းကို မကာကွယ် နိုင်ဖူး.."

'' မှန်တယ် ဒါက ထောင်ချောက်ထဲ ကျဆင်းနေပေမဲ့၊ သူတို့ရဲ့ တပည့်တွေက အားမလျော့ဘူး၊ ဒါပေမယ့် မိုးပြာရောင် ကောင်းကင် ဂိုဏ်းက ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်း တိုက်ခိုက်လာ မှာကို ကာကွယ်နိုင် လောက်အောင် မသန်မာဖူးလို့ ငါထင်တယ်... ''

" ဝိညာဉ်မိုင်းတွင်းသာ ဆုံးရှုံးသွားရင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းကတော့ အပြန်ခရီးကို လက်ဗလာနဲ့ ပြန်ရပြီ ''

ဆွေးနွေးသံများ ကျယ်လောင်လာသည်နှင့် အမျှ ဘိုင်ယုဖန်၏ ဆုံးဖြတ်ချက်မှာ မည်မျှ အန္တရာယ် များပြားခဲ့သည်ကို ဖော်ပြနေခဲ့ပြီး ၎င်းသည် ထိုသို့ ရွေးချယ်ရန်မှတပါး အခြား မရှိခဲ့ပေ။ သူတို့အားလုံးက ခေါင်းကို ခါယမ်းလိုက်ကြ၏။

အချိန်အနည်းငယ်အကြာတွင် မြို့များသိမ်းယူ ကာကွယ်ခြင်းမှာ ပြီးဆုံးသွားပြီ ဖြစ်ရာ ၎င်းပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ် ဖြစ်သော ဝိညာဉ်မိုင်းတွင်း လုယူကာကွယ်ခြင်း ပွဲစဉ်ကို ဆက်သွားရန် ကြေငြာသံ ထွက်ပေါ်လာ လေသည်။

ဘိုင်ချူဟွေ၏ စကားသံဆုံးသည်နှင့် ကျောက်စိမ်းပြားတစ်ပြားမှာ သိုင်းစင်မြင့် ထက်၌ ထွက်ပေါ်လာခဲ့ကာ ၎င်းသည် ဝိညာဉ်မိုင်းတွင်းအား ကိုယ်စားပြုသော သင်္ကေတတစ်ခု ဖြစ်ခဲ့လေသည်။

ထိုသင်္ကေတ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းချုပ်များမှာ သူတို့၏ မျက်နှာပေါ်၌ လောဘ အရိပ်အယောင်များ ထင်ဟပ်လာ ကြသည်။

ထို့ထက်တမူ ထူးခြားနေသည်မှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဘိုင်ထျန်းမိန်ဖြစ်ကာ သူက တိတ်တဆိတ် သက်ပြင်းခိုးချ လိုက်မိလေသည်။

နောက်ဆုံးပြိုင်ပွဲသည် ယနေ့ပြိုင်ပွဲ၏ အသက်ပင်ဖြစ်ပြီး၊ ၎င်းတွင် စည်းမျဉ်းအချို့ ပြောင်းလဲထား ၏။ ဂိုဏ်းခွဲများသည် ဂိုဏ်း တစ်ဂိုဏ်း ချင်းစီ၏ ပြိုင်ပွဲဝင် သုံးဦးကိုသာ စေလွှတ်နိုင်ပြီး ဂိုဏ်းသုံးဂိုဏ်းမှ စုစုပေါင်း ပြိုင်ပွဲဝင် ကိုးဦးသာ ပါဝင်နိုင်ပေမည်။ အခြားတစ်ဘက်တွင် မိုးပြာရောင် ကောင်းကင် ဂိုဏ်းသည် သူတို့၏ ပြိုင်ပွဲဝင်အားလုံးကို ထုတ်ယူ ကာကွယ်ခွင့် ရှိပေမည်။

စည်းမျဉ်းများအရ ဝိညာဉ်မိုင်းတွင်းအား ကာကွယ်ရမည့် ဂိုဏ်းသည် မျှတသော အခွင့်အရေးရှိသည်ဟု ဆိုသော်လည်း ၎င်းဂိုဏ်းမှ မျိုးစေ့လောင်း ပြိုင်ပွဲဝင်သုံးဦးမှာ အခြားသော ဂိုဏ်းသုံးဂိုဏ်း၏ မျိုးစေ့လောင်း ပြိုင်ပွဲဝင် ကိုးဦးထံမှ စိန်ခေါ်မှုအား လက်ခံရယူရခြင်းသည် လွယ်ကူသည့်အရာ မဟုတ်ခဲ့ပေ။

စည်းစိမ်ဥစ္စာမှာ လောဘကို သယ်ဆောင် လာသည်နှင့်အမျှ ချမ်းသာကြွယ်ဝသူသည် ကြီးမားသော ဖိအားကို ရင်ဆိုင်ရပေ လိမ့်မည်။

" မိုးပြာရောင်ကောင်းကင်ဂိုဏ်းက ကျန်းယီပါ၊ ကျေးဇူးပြု၍ ငါ့ကို အလင်းပြပါ။ "

တစ်ချိန်ထဲမှာပင် မိုးပြာရောင်ကောင်းကင် ဂိုဏ်း၏ မျိုးစေ့လောင်း ပြိုင်ပွဲဝင်တစ်ဦးသည် နောက်ဆုံး၌ စင်မြင့်ပေါ်သို့ တက်ရောက်လာ ခဲ့လေသည်။

***

All Chapters