← Chapters

မြို့တော်သခင် အလည်လာခြင်း။

Vol. 5 Ch. 63

မြို့တော်သခင် အလည်လာခြင်း။

Vol. 5 Ch. 63

စင်မြင့်ပေါ်၌ ပန်းသင်္ချိုင်းဓား၏ မြည်သံများ ပဲ့တင်ထပ်သွားသည်။

ထိုအသံများအောက်တွင် ဂိုဏ်းခွဲနှစ်ခု အကြား ရှုပ်ထွေးနေသော တိုက်ပွဲများ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး လူတိုင်းမှာ သူတို့၏ လက်နက်များအား ထိန်းချုပ် နိုင်စွမ်းမဲ့ သွားသဖြင့် ထိတ်လန့်သွားကြ၏။

" ဘာဖြစ်နေတာလဲ...... "

" ငါ့ရဲ့ တော်ဝင်လက်နက် ...... "

သိုင်းစင်မြင့်အောက်ရှိ လူအုပ်ကြီးက လင်းယွန်ကို ကြည့်ပြီး၊ ထိတ်လန့်ကာ ထိုင်ခုံများမှ ထလိုက်ကြသည်။

လွန်ခဲ့သောအခိုက်အတန့်တွင် လင်းယွန်သည် နှင်းဆီပန်းသုံးပွင့်ကို သူ၏ဓားနှင့် ဖန်တီးခဲ့ကာ ပေါက်ကွဲ စေပြီးနောက် ခရမ်းမီးလျှံဂိုဏ်း၏ အကြီးအကဲ လေးဦးအား သုတ်သင်ရန်ကြိုးစားခဲ့သည်။

တစ်ဆက်တည်း မှာပင် သူ့လက်ထဲရှိ ဓားသည် ဆူညံသံများကို ထုတ်လွှတ် နေပြန်၏။

" ဒီ အသံက ဘာလဲ...... ''

" ဝိုး ... အံ့သြစရာပဲ ဓားတစ်လက်က ဒီလောက်ထိ ဆူညံသံ ထွက်ပေါ်လာတာကို ငါတစ်ခါမှ မကြားဖူးဘူး။ ''

" မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှာ ဒီတခါ ထူးထူးခြားခြား ထက်မြက်တဲ့ပါရမီရှင် ပေါ်ထွက်လာပြီ ထင်တယ်....''

'' ခရမ်းမီးလျှံဂိုဏ်းက တကယ်ကို ကံမကောင်းခဲ့ဘူး၊ လွန်ခဲ့တဲ့ သုံးနှစ်က ဆုစီယာက နင်းချေပြီး၊ အရာအားလုံးကို သိမ်းပိုက်သွားတယ်၊ ခုသုံးနှစ် အကြာမှာလည်း ဆုစီယာနောက်ထပ် တစ်ယောက် ရှိနေပြန်တယ်။ ''

'' ပိုဆိုးတာက သူက ဓားကျွန်တစ်ယောက် ဖြစ်နေခဲ့တာပဲ ''

ဘိုင်ချူးဟွေမှ လွဲ၍ လူတိုင်းသည် ဓားဝိညာဉ်ရှာဖွေခြင်းအား နားမလည် နိုင်ကြချေ။ ဤသို့သော နိုင်ငံငယ်လေး အတွင်းရှိ သူတို့၏ သိမြင်နိုင်စွမ်းထက် ပိုနေခဲ့ပေသည်။

သိုင်းစင်မြင့်ပေါ်တွင် ရပ်နေခဲ့သော လျူယုက သူ့ရှေ့ရှိ မြင်ကွင်းအား လက်မခံနိုင်ချေ။ လင်းယွန်ကို သတ်ရန် အကြီးအကဲလေးယောက်နှင့် ပူးပေါင်းခဲ့သော်လည်း၊ ဤဓားကျွန်သည် ယခုတစ်ကြိမ်၌ နှင်းဆီပန်းသုံးပွင့်အား ဖန်တီးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

" .........."

ဤမျှ ကြောက်စရာကောင်းသော ဓားချက်ကို ထုတ်ဖော်ထားရသည့် လင်းယွန်မှာ ယခုအချိန်၌ ပင်ပန်းနွမ်းနယ်နေမည်မှာ သေချာပေပြီ။ သူက ထိုအခွင့်အရေးအား အသုံးချရန် တုန့်ဆိုင်းခြင်း မရှိခဲ့ပဲ၊ သူ့ရင်၌ ဖြစ်တည်လာသော အကြောက်တရားအား ရှင်းလင်းရန် ဆုံးဖြတ်ထားသည်။

လျူယုက သူ၏ ဒါန်တမ်အတွင်းရှိ စွမ်းအင် အရင်းအမြစ်အား ထုတ်ယူလျက် ရှန်ရှင်းမျိုးစေ့ကို နှိုးထစေလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပေါက်ကွဲ ထွက်လာသည်။

၎င်းသည် ရှန်ရှင်းနယ်ပယ် ရောက်လုလုနီးနီး အရှိန်အဝါပင် ဖြစ်ပေ၏။ တနည်းအားဖြင့် ဆိုရသော် ရှန်ရှင်းမျိုးစေ့သည် နတ်ဆိုးသားရဲ များ၏ အမြုတေများ ကဲ့သို့ပင် ကျင့်ကြံခြင်း လမ်း၌လည်းကောင်း၊ ရန်သူအား တိုက်ခိုက် ရာတွင် လည်းကောင်း စွမ်းအင်ကို ထုတ်ယူ အသုံးပြုနိုင်ပေသည်။

သို့သော်၎င်းသည် အဆီအနှစ်များကို ထုတ်ယူသုံးစွဲခြင်း ဖြစ်ရာ ကြီးမားသော ပေးဆပ်မှုနှင့် လဲလှယ်ရပေမည်။

လျူယုအတွက်မူ မည်သို့သော ပေးဆပ်မှုမျိုးပင်ဖြစ်စေ လင်းယွန်အား သတ်နိုင်မည်ဆိုပါက နှစ်ခါစဉ်းစားမိမည် မဟုတ်ချေ။

'' သေ.....စမ်း ဓားကျွန်ကောင် ''

လျူယုထံမှ ယခင်ကထက် အဆပေါင်း များစွာ ပြင်းထန်သော စွမ်းအင် ပေါက်ကွဲမှု ကြီးမှ တဆင့် လက်ဖဝါးကြီး တစ်ဖက် ပြေးထွက်လာလေသည်။

'' ဝို..... ဒါက ရှန်ရှင်းအဆင့် အရှိန် အဝါပဲ .... "

'' ဒီအဘိုးကြီးက သူ့ရဲ့ရှန်ရှင်းမျိုးစေ့ကို သုံးစွဲလိုက်တာလား၊ အရူး... တကယ့် အရူးပဲ ဒီဓားကျွန်ကို သတ်ဖို့ ဘာမဆို လုပ်မယ့်ပုံပဲ ''

လူအုပ်ကြီးမှာ လျူယု၏ အရှိန်အဝါအား ထိတ်လန့်စွာ ငေးကြည့်ဝေဖန်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လင်းယွန်က ကျား-နဂါးအရှိန်အဝါအား ထုတ်ဖော် ထားခဲ့သော် ငြားလည်း လျူယုထံမှ လာသော ဖိအားကို ရင်ဆိုင်ရန် အလွန်ခက်ခဲနေခဲ့၏။

၎င်းသည် ရှန်ရှင်းအဆင့် အရှိန်အဝါဖြစ်ကာ ထိုဖိအားကို မခုခံနိုင်သည်မှာ အံ့သြစရာမရှိပေ။ ထိုဖိအားကို ခုခံနိုင်ခြင်းသည်သာ သာ၍ အံသြစရာ ဖြစ်ပေမည်။

ဟောင်ရှင်းဘုံနှင့် ရှန်ရှင်းဘုံသည် အဆင့်ကြီး တစ်ဆင့်လုံးလုံး ကွာဟနေပေရာ၊ ထိုအရာသည် လင်းယွန်ဖြေရှင်းနိုင်သည့် ပြဿနာမျိုး မဟုတ်ခဲ့ပေ။

သူက လျင်မြန်စွာ အဖြေတစ်ခုအား စဉ်းစားနေစဉ် သူ့ရှေ့၌ လူရိပ်တစ်ရိပ် ရုတ်တရက် ကျရောက်လာလေသည်။

ထို့နောက်တွင် ထိုလူရိပ်သည် လျူယုထံသို့ ဦးတည်ကာ လက်ဖဝါးရိုက်ချက် တစ်ချက် ပစ်လွှတ်လိုက်၏။

'' ဖုန်း........ ''

လျူယု၏ ရှန်ရှင်းအဆင့် အရှိန်အဝါမှာ ထိုလူရိပ် ရှေ့မှောက်၌ ချိုးဖြတ်ခံ လိုက်ရ ပြီးနောက် သူ့လက်ဖဝါးအား အလွယ် တကူ တွန်းထုတ်ခံခဲ့ရကာ၊ လျူယု၏အရှိန်အဝါမှာ ချက်ချင်းပင်အားနည်း လျော့ကျသွား၏။

တစ်ဆက်တည်းမှာပင် လျူယု၏ အသက်အရွယ်မှာ အသက်ဆယ်နှစ်ခန့် ပိုကြီးလာခဲ့ပြီး၊ အရေးအကြောင်းများ ထွက်ပေါ်လာတော့သည်။

"မြို့တော်သခင်ဘိုင်....."

ဝင်ရောက်ဟန့်တားလာသော ထိုလူရိပ် အားမော့ကြည့်လျက် လျူယု၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ အထိတ် တလန့် အော်ဟစ်လိုက်သည်။

" ဂိုဏ်းချုပ်လျူ၊ မင်းဒီမှာ ဘာလုပ်ဖို့ကြိုးစား နေတာလဲ ...."

ဘိုင်ချူဟွေထံမှ ပြုံးလျက် မေးမြန်းလာသည်အား ရှင်းပြချင်သော်လည်း မည်သည့် အကြောင်းပြချက်ကိုမျှ လျူယုက ရှာမရနိုင်ခဲ့ပေ။

ထို့အပြင် ဘိုင်ချူဟွေ၏ ကြားဝင် ဟန့်တားလာမှုသည် သူ့ကို အံ့အားသင့် သွားစေသည်။

လျူယုသည်သာ အမှတ်မမှား ခဲ့ပါက ဂိုဏ်းလေးဂိုဏ်း ပြဿနာများအတွင်းသို့ မြို့တော်သခင်များသည် တစ်ကြိမ်တစ်ခါမျှပင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ချေ။

'' ကောင်းပြီ.... မင်းရဲ့ဂိုဏ်းက ဝိညာဉ်မိုင်းတွင်းအတွက် ယှဉ်ပြိုင်မှုမှာ အရှုံးပေးတယ်လို့ ငါကြားလိုက်မိတယ်၊ ဒါကြောင့် ငါတို့ ဆက်သွားရမယ်။ ''

'' .............. ''

" ကျေးဇူးပါ မြို့တော်သခင် ...."

ဘိုင်ထျန်းမိန်က ချက်ချင်းပင် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ အကြီးအကဲများ၊ တပည့်များ နှင့်အတူ ရောက်ရှိလာပြီး အရိုအသေ ပြုလိုက်လေသည်။

ဤမြင်ကွင်းအား ရပ်ကြည့်နေမိသော လျူယုမှာ အံကြိတ်လျက် ငြိမ်သက်သွားသည်။ သူ၏ ပြီးပြည့်စုံသော အစီအစဉ်သည် လုံး၀ ပျက်စီးသွားပြီဖြစ်ရာ နောက်ဆုတ်ရန် မှတပါး အခြား ရွေးချယ်စရာ မရှိပေ။

ဆက်လက်ပြီးဘိုင်ချူးဟွေက ကျန်ဂိုဏ်းနှစ်ဂိုဏ်းထံသို့ လှည့်ကြည့်လိုက်ကာ၊

" မင်းတို့နှစ်ယောက်ထဲက ဘယ်သူကများ ဝိညာဉ်မိုင်းတွင်းအတွက် စိန်ခေါ်ချင်သေးလဲ "

လျိုရှန်း နှင့် ဖိန်းဝူဟန်တို့သည် တစ်ယောက်ကိုတစ်ယောက် အကူအညီမဲ့ နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက် ကြသည်။ ထို့နောက်တွင်၊

'' မီးလျှံဓားဂိုဏ်းက ဝိညာဉ်မိုင်းတွင်းကို စိန်ခေါ်ဖို့ လက်လွှတ်ပါတယ် ''

'' တော်ဝင်နေမင်း ဂိုဏ်းက ဝိညာဉ်မိုင်းတွင်းကို စိန်ခေါ်ဖို့ လက်လွှတ်ပါတယ် ''

ဂိုဏ်းနှစ်ဂိုဏ်း၏ ပါရမီရှင်နှစ်ပါးမှာ သက်ပြင်းချလျက် တစ်ပြိုင်နက်တည်း ပြောလာခဲ့ကြသည်။ ၎င်းလင်းယွန်သည် လျူယုကိုပင် ဒဏ်ရာရစေခဲ့ပြီဖြစ်ရာ သူတို့က အရှုံးပေးခြင်းမှတစ်ပါး အခြားမရှိပေ။

'' ကောင်းပြီ.... ပြိုင်ပွဲမှာ ပါ၀င်လာတဲ့ အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်၊ မိုးကောင်းကင် နိုင်ငံရဲ့ တစ်ခုတည်းသော ဝိညာဉ် မိုင်းတွင်းက မိုးပြာရောင် ကောင်းကင်ဂိုဏ်း လက်အောက်မှာ ဆက်ရှိ နေမယ်၊ ဒီနေ့ အားလုံးပဲ စိတ်ကျေနပ် ကြလိမ့် မယ်လို့ ယုံကြည်ပါတယ်...... ''

ဘိုင်ချူးဟွေက အပြုံးဖြင့် ပြိုင်ပွဲပြီး ဆုံးကြောင်း ကြေငြာကာ လှည့်ထွက် သွားလေ သည်။

သူမ၏ နောက်ကျောအား ငေးလျက် လင်းယွန်သည် အတွေးနက် သွားခဲ့၏။ ထိုအမျိုးသမီးမှာ မရိုးရှင်းလှပေ။

'' ဝိညာဉ်မိုင်းတွင်းကို ရယူပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ''

" ဒီခရမ်းမီးလျှံဂိုဏ်းက ဆယ်နှစ်အတွင်း ပြန်လည်သန်စွမ်းလာဖို့ မဖြစ်နိုင်ပါဘူး။ "

မီးလျှံဓားဂိုဏ်းနှင့် တော်ဝင်နေမင်း ဂိုဏ်းသည် လင်းယွန်ထံသို့ လာရောက် ဂုဏ်ပြုစကားဆို လိုက်ကြသည်။

သို့သော် လင်းယွန်သည် ပြန်လည် တုန့်ပြန်ခြင်း မရှိခဲ့ပဲ တစ်စုံတစ်ရာအပေါ်တွင် နစ်မျောနေခဲ့ရာ ထိုမြင်ကွင်းအား စောင့်ကြည့် နေသော ဘိုင်ထျန်းမိန်မှာ လင်းယွန်အစား ဝင်ရောက် တုန့်ပြန် နူတ်ဆက်လိုက်လေသည်။ သူ့မျက်နှာရှိ အပြုံးသည် မိုးကောင်းကင် ထက်သို့ တလူလူ လွင့်နေခဲ့ပေပြီ။

စကားဝိုင်းတိုင်းမှာ လင်းယွန်၏ ဂုဏ်သတင်းများ ဖြစ်ကာ ၎င်းသည် ဆုစီယာ ထက်ပင် ပို၍ အံ့သြဖွယ် ကောင်းနေခဲ့သည်။

ဤကဲ့သို့သော မြင်းနက်တစ်ကောင်သည် ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲ၌ ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

" ညီငယ်လင်း၊ ငါက မင်းရဲ့ နှလုံးအားဖြည့် ဆေးလုံးကို စားမိခဲ့တဲ့ အတွက် တောင်းပန် ပါတယ်။ "

ကူရာကယ်ရာမဲ့သော အမူအရာဖြင့် ဟူဇီဖန်းက ရာက်ရှိလာပြီး လင်းယွန်ကို တောင်းပန်လိုက်သည်။

" ငါတို့အားလုံးက မိုးပြာရောင်ကောင်းကင် ဂိုဏ်းရဲ့ တပည့်တွေပဲ၊ ဒါကြောင့် ပြဿနာ မရှိပါဘူး ...."

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေခဲ့၏။ ထိုအချိန်တွင် နှလုံးအားဖြည့်ဆေးလုံးအား ဘိုင်ယုဖန်ကြောင့်သာ လိုလိုလားလား ပေးခဲ့ခြင်း ဖြစ်ပြီး၊ သဘာဝအားဖြင့် သူရင်၌ အစိုင်အခဲတစ်ခုအဖြစ် တည်ရှိနေလိမ့်မည် မဟုတ်ပေ။

" လင်းယွန်၊ ငါ့ရဲ့ဂိုဏ်းကို ကပ်ဘေးကြီးကနေ ကယ်တင်နိုင်ခဲ့တဲ့အတွက်၊ မင်းကို ကျေးဇူးတင်ပါတယ်။ "

ဘိုင်ထျန်းမိန်က ဘိုင်ယုဖန် နှင့်အတူ လမ်းလျှောက်လာလျက်မှ လေးနက်စွာ ပြောလာခဲ့သည်။

'' ဂိုဏ်းချုပ်သခင်၊ ဒါတွေကို အရမ်းအလေးအနက် မထားပါနဲ့၊ ငါတို့က ဘုံရန်သူကို တွန်းလှန် အနိုင်ယူ နိုင်ခဲ့တာပဲ မလား၊ ဒါကလည်း ငါ့.... တစ်ယောက်တည်း ကြိုးစားခဲ့ရတာမှ မဟုတ်တာ "

'' အိုး.... မင်းက ဒီလောက်လည်း နိမ့်ချဖို့မလိုပါဖူး၊ ဒီနေ့မင်းရဲ့ ကြိုးစားမှုအတွက် ဂိုဏ်းပြန်ရောက်ရင်ဆုလာဘ်ထုတ်ယူလိုက်ပါ၊ ကဲ....... အားလုံးပဲ ပင်ပန်းနေကြပြီ၊ ဒါကြောင့် ပြန်သွားပြီး အနားယူကြစို့။ ''

ဘိုင်ထျန်းမိန်က ဒဏ်ရာများ ဖုံးလွှမ်း နေကြသော မိုးပြာရောင် ကောင်းကင်ဂိုဏ်းသား များထံ ဝေ့ကြည့်ကာ လောဆော်လိုက်သည်။

တစ်ဆက်ထဲမှာပင် လင်းယွန်သည် ဘိုင်ယုဖန်နှင့်အတူ ယှဉ်လျှောက်လာခဲ့ပြီး၊ လူငယ်သခင်၊ မြို့တော်သခင် ဘိုင်ချူးဟွေရဲ့ နောက်ခံကို မင်း.. သိလား။ "

'' ငါ မသိဘူး လင်းယွန်၊ ငါ့အဖေတောင်မှ သေချာမသိပါဘူး။ မိုးကောင်းကင်နိုင်ငံ ဖြစ်တည်ချိန်ကစပြီး ရေဖြူမြို့ရဲ့ မြို့တော် သခင်ကပဲ မိုးကောင်းကင်နိုင်ငံကို အုပ်ချုပ် ရတယ်၊ ပြီးတော့ ငါတို့ သိထားရမှာက မြို့တော်သခင်တိုင်းကို အပြစ်ပြုလို့မရဖူး ဆိုတာပဲ ''

'' မြို့တော်သခင်က ဘယ်သူပဲဖြစ်နေပါစေ၊ ဂိုဏ်းတွေရဲ့ ကြားကပဋိပက္ခတွေကို ဘယ်တုန်းကမှ မ၀င်ပါခဲ့ဖူးဘူး၊ ဒီကနေ့ ....သူကမင်းကို ကယ်တင်ခဲ့တာကတော့ ချွင်းချက်ပဲ။ ''

'' မြို့တော်သခင်နဲ့ ငါတို့က မိသားစု နာမည်တူ ပေမယ့်၊ငါတို့ ကြားမှာ ဘာ ပတ်သက်မှုမှ မရှိပါဘူး၊ ဒါပေမယ့် ... ”

“ ... ငါသေချာပြောနိုင်တာ တစ်ခုတော့ ရှိတယ်၊ ဒီကနေ့ပြိုင်ပွဲမှာ အလား အလာ ရှိတဲ့ သူတိုင်းကို မြို့တော်သခင် ဘက်က ဆက်သွယ် လာလိမ့်မယ်၊ လွန်ခဲ့တဲ့သုံးနှစ်က ဆုစီယာ ကိုလည်း တစ်စုံတစ်ယောက်က လာရောက် ဆက်သွယ်ခဲ့တယ်။ ''

" ဘာအတွက်လဲ ..... လူငယ်သခင် ''

'' ဒါကဆုစီယာကို သူတို့ရဲ့ အင်အားစုထဲကို ဖိတ်ခေါ်ခဲ့တာပဲ၊ အကျိုးအမြတ် မြောက်များ စွာနဲ့ ကမ်းလှမ်းခဲ့တယ်၊ ဘယ်လောက်ထိလဲ ဆိုရင် ငါ့အဖေရဲ့ စိတ်ကူးထက် ကျော်လွန်တဲ့ အရင်းအမြစ်တွေနဲ့ ကမ်းလှမ်းလာတာပဲ၊ ဒါပေမယ့် ဆုစီယာကငြင်းပယ်ခဲ့တယ် ''

ဘိုင်ယုဖန်က လွန်ခဲ့သော သုံးနှစ်က အဖြစ်အပျက်များအား ပြန်ပြောင်းပြောပြ နေခဲ့ကာ လင်းယွန်သည် နောက်ဆုံး၌ အရာအားလုံးအား နားလည် သွားခဲ့သည်။

ထို့ကြောင့် ဂိုဏ်းခွဲလေးခုပြိုင်ပွဲသည် မြို့တော်သခင်များ၏ နောက်ကွယ်မှ မိသားစုများအတွက် အရည်အချင်း ရှိသူများကို ရှာဖွေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

" ဒီနေ့ ... မင်းရဲ့ဓားချက်ကြောင့် ဘိုင်ချူးဟွေက သေချာပေါက် လာရှာတွေ့လိမ့်မယ်လို့ ငါ ယုံကြည်တယ်.... "

"............. "

အဆုံးမှာတော့ လင်းယွန်က အကြာကြီးမစောင့်လိုက်ရပဲ၊ ဘိုင်ယုဖန် ခန့်မှန်းထား သကဲ့သို့ပင် ထိုည၌ မိုးပြာရောင် ကောင်းကင်ဂိုဏ်း တည်းခိုနေသော စံအိမ်သို့ ဘိုင်ချူးဟွေမှာ ရောက်ရှိလာခဲ့သည်။

သူမအား ဘိုင်ထျန်းမိန်က ဦးဆောင်လျက် လင်းယွန်ထံသို့လိုက်ပါ ပို့ဆောင်လာသည်။ လင်းယွန်က အံ့သြသွားခြင်း မရှိပဲ တည်ငြိမ်စွာ လက်ခံ တွေ့ဆုံလိုက်၏။

" လင်းယွန်၊ ဒါက မြို့တော်သခင်ဘိုင်ပါ၊ ဒီနေ့ သူမကြောင့်သာမဟုတ်ရင် ငါတို့ဂိုဏ်းက ကြီးမားတဲ့ ဆုံးရှုံးမှုကို ကျိန်းသေပေါက် ရရှိလိမ့်မယ်... "

ဘိုင်ထျန်းမိန်က ပြုံးလျက် အလေးအနက် မိတ်ဆက်ပေးလာသည်။

'' ကူညီပေးခဲ့တဲ့အတွက် မြို့တော်သခင်ကို ကျေးဇူးတင်ပါတယ်။ ''

လင်းယွန်က ချက်ချင်းပင် စကားစ လိုက်၏။

'' မင်းက ယဉ်ကျေးလွန်း နေပါပြီ၊ ဂိုဏ်းချုပ်ဘိုင် ငါတို့မှာ ပုဂ္ဂိုလ်ရေးအရ ပြောစရာတွေ ရှိနေတယ် ''

ဘိုင်ချူးဟွေက သူမမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်နှင့်အတူ ဘိုင်ထျန်းမိန်အား ယဉ်ကျေးစွာ နှင်ထုတ်လိုက်သည်။

ထိုအရာသည် ဘိုင်ထျန်းမိန်က မျှော်လင့်ထားပြီး ဖြစ်ကာ သူက လေးစားစွာ ဦးညွှတ်လျက် လင်းယွန်အား ခေါင်းညိတ်ပြပြီး ပြန်လည်ထွက်ခွာသွား၏။

ဘိုင်ထျန်းမိန် ပျောက်ကွယ်သွားသည်အထိ စောင့်ကာ ဘိုင်ချူးဟွေက လင်းယွန်ထံသို့ တိုးကပ်လာခဲ့လေသည်။

ဤမျှနီးကပ်သော အကွာအဝေး အတွင်းတွင် သူမ၏ စွဲမက်ဖွယ် ကောင်းသော အသားစိုင် များမှာ တုန်ခါလျက် လင်းယွန်အား အာခေါင် ခြောက်လာ စေသည်။

သူမ၏ ဆံနွယ်များသည် ပုခုံးပေါ်သို့ ဝဲဖျာ ကျဆင်း နေကာ၊ ညဝတ်ရုံအောက်၌ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ် အချိုးအဆစ် များသည် ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ ကြည်လင်တောက်ပနေခဲ့၏။

တစ်ချိန်တည်းမှာပင် လင်းယွန်သည် ဆုစီယာကဲ့သို့ ထည်ဝါအေးစက်သော အလှတရားကို မြင်ထားဖူးပြီဖြစ်သော်လည်း ဘိုင်ထျန်းမိန်၏ ညို့ချက်ပြင်းသော အလှ တရားအား မြင်သည့် အခါတွင် အလွန် အံ့အားသင့် သွား၏။

မိန်းမတိုင်းသည် မတူညီသော အသရေကို ပိုင်ဆိုင်ထားကြလေပြီ မဟုတ်ပါလော။

လင်းယွန်က ဘိုင်ချူးဟွေအား အကဲခတ်နေသကဲ့သို့သူမသည်လည်း သူ့အား အကဲခတ်နေခဲ့လေသည်။

ထိုလူငယ်လေးသည် ထူးခြားသောတစ်စုံ တစ်ရာကို မပိုင်ဆိုင် ထားခဲ့သော်လည်း ၎င်းတွင် ထက်မြက်သော ကျောင်းတော်သား တစ်ယောက်၏ မျက်ဝန်းများရှိနေခဲ့ကာ ထိုမျက်ဝန်းများသည် တဖျတ်ဖျတ် လင်းလက်နေခဲ့၏။

'' ဒါပဲ.....''

ရုတ်တရက် ဘိုင်ချူးဟွေသည် သတိပေးခြင်း မရှိခဲ့ပဲ လင်းယွန်၏ ရင်ဘက် နေရာသို့ လက်ဖြင့် အသာပုတ်လိုက်သည်။

၎င်းသည် ထိုလှုပ်ရှားမှုအတွင်း၌ မည်သည့်အန္တရာယ်အငွေ့အသက်ကိုမျှ မခံစားမိရာ လင်းယွန်က ထူးထွေ ထိတ်လန့်ခြင်း မဖြစ်ခဲ့ပေ။

" တကယ်ပဲ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း ဆေးလုံး တွေပဲ "

" မြို့တော်သခင်ဘိုင် ဒီဆေးလုံးတွေကြောင့် ကူညီပေးခဲ့တာလား... "

လင်းယွန်က တည်ငြိမ်စွာမေးလိုက်သည်။ ထိုမေးခွန်းကြောင့် ဘိုင်ချူးဟွေမှာ ဟက်ဟက် ပက်ပက် ရယ်မောလိုက်ကာ၊

'' လုံးဝမဟုတ်ဘူး၊ မင်း...ရှာနေတဲ့ ဓားဝိညာဉ် ကြောင့်ပဲ၊ ငါက မင်းကိုကယ်တင်ဖို့ ဆုံးဖြတ်ခဲ့တာ....''

" ဓားက ဝိညာဉ်ကို ရှာနေတာလား "

ဘိုင်ချူးဟွေ၏ စကားလုံးများအား လိုက်ပါ ရေရွတ်မိပြီးနောက် လင်းယွန်၏မျက်နှာမှာ အံ့သြသွားခဲ့လေသည်။

***

All Chapters