ကပ်ဘေးသင့် ရွှေကြာပန်း။
Vol. 6 Ch. 74
"ဦးလေးဟွမ်၊ သူ့နောက်ကို လိုက်ပါ၊ တိမ်လွှာရေခဲပြင်လှံပျောက်သွားရင် ငါ့အဖေကို ငါဘယ်လို ရှင်းပြရမလဲ။ "
လျူယွမ်က လင်းယွန်တောထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ မတ်တပ်ရပ်လျက်မှ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
အဘိုးအိုက သူ၏ သိုင်းဝိညာဉ်ကို ရုတ်သိမ်းလိုက်ပြီး၊ ခေါင်းရမ်းပြလာကာ၊
'' ငါ့ကို လိုက်ရှာစေချင်တာလား၊ ငါ့ကို နဂါးသွေးမြင်းနဲ့ အမြန်ချင်း ယှဉ်စေချင်နေပုံပဲ၊ တကယ်လို့များ ငါလိုက်သွားတယ် ထားပါဦး၊ သူက ပြန်လှည့်လာပြီး မင်းကို သတ်ရင်၊ ငါ....မင်းအဖေကို ဘယ်လို ရှင်းပြရမလဲ။ "
အဘိုးအို၏ စကားကြောင့် လျူယွမ်သည် ချက်ချင်းပင် မျက်နှာပျက်လျက် တိတ်ဆိတ်သွားကာ၊ သူ့နှလုံးသားထဲ၌ နှမျောတသမှုနှင့်၊ ကြောက်ရွံမှုကို တစ်ပြိုင်နက်ထဲ ခံစားလိုက်ရသည်။
အခြားတစ်ဖက်တွင် အဘိုးအိုသည် ဒေါသ ထွက်နေခဲ့၏။ လျူယွမ်လို ဝန်ထုပ်ဝန်ပိုးသာ မရှိ ခဲ့လျှင်၊ သူက လင်းယွန်ကို လွယ်လွယ်နှင့် လွတ်မြောက်ခွင့် ပေးလိုက်မည် မဟုတ်ပေ။
"ဒါပေမယ့် ... ဦးလေးဟွမ်၊ မင်းက ရှန်ရှင်းသိုင်းသမား တစ်ယောက်ပဲ မဟုတ်လား၊ ဘာဖြစ်လို့ သူ့ကို အနိုင် မယူနိုင်ရတာလဲ ''
ရုတ်တရက်စဥ်းစားမိဟန်ဖြင့် လျူယွမ်က တိုးတိုးလေး မေးလိုက်သည်။ လျူယွမ် အမေးကြောင့် အဘိုးအိုက လေးလေးနက်နက် တွေးတောလိုက်ကာ၊
'' ဒီကောင်လေးမှာ ငါနားမလည်နိုင်တဲ့ စွမ်းအားအချို့ ရှိနေတယ်၊ သူက မင်းမြင်ဖူးတဲ့ သာမန်ဟောင်ရှင်း ဒဿမအဆင့် သိုင်းသမားမျိုး မဟုတ်တာ သေချာတယ်၊ ငါ..... သူ့ကို အနိုင်ယူ နိုင်ရင်တောင်မှ ဖမ်းမိဖို့က အလားအလာ နည်းပါးလွန်းတယ် ''
- ဟု သက်ပြင်းချကာ ရှင်းပြလိုက်သည်။
" သောက်... ပဲဟေ့၊ ငါတို့ ဘာလုပ်သင့်လဲ၊ ငါ့အဖေက ရွှေရောင်မီးကြာပန်းကို ဖမ်းဖို့၊ ဒီလှံကို ငါ့ယူခိုင်းလိုက်တာ၊ တိမ်လွှာ ရေခဲပြင် လှံသာ မရှိရင် ..မီးကြာပန်းကို ဖမ်းနိုင်မှာ မဟုတ်ဖူး ...''
လျူယွမ်က ကြောက်လန့်တကြား ရေရွတ်လျက်၊ တိမ်လွှာရေခဲပြင်လှံကို ဆုံးရှုံးလိုက်ရပြီးနောက်၊ မည်သည့်အရာများ သူ့ကို စောင့်ကြိုနေမှန်း မခန့်မှန်းနိုင်ခဲ့ပေ။
လျုယွမ်၏ ဖခင်မှာ ရွှေရောင်မီးကြာပန်အား နောက်ယောင်ခံ လိုက်နေခဲ့သည်မှာ တစ်နှစ် နီးပါး ရှိပေသည်။
လွန်ခဲ့သည့် (7)ရက်ခန့်က ရွှေရောင် မီးကြာပန်း ထွက်ပေါ်လာ တော့မည့် အရိပ် အယောင် များအား ခြေရာ ခံမိခဲ့ရာ၊ တိမ်လွှာ ရေခဲပြင် လှံကို လျူမိသားစု စံအိမ်ထံမှ၊ သွားရောက် ယူဆောင် စေခဲ့ခြင်း ဖြစ်သည်။
ထိုတာဝန်ကို လျူယွမ်အား ပေးအပ်ခဲ့ရာ၊ သူက ယူပြီး ပြန်အလာလမ်းခရီး၌ ယခုလို လုယူ ခံလိုက်ရခြင်းပင် ဖြစ်ပေ၏။
" ဦးလေးဟွမ် ငါ ... "
'' သခင်လေး ဒီကနေ ငါတို့အရင် ထွက်သွားရအောင် ''
အဘိုးအိုက လျူယွမ်၏ စကားအား ဖြတ်ပြောလိုက်ကာ၊ ထွက်ခွာရန် လောဆော် လိုက်သည်။
လျူမိသားစုဝင်များ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်၊ သစ်ပင်တစ်ပင်ပေါ်မှ လူရိပ် တစ်ရိပ် ခုန်ဆင်းလာသည်။ ထိုလူရိပ်သည် အဘိုးအို ခန့်မှန့်ထားသော လင်းယွန် ဖြစ်ပေ၏။
လင်ယွန်က ထိုလူအုပ် နောက်ကျောကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူက ထွက်ခွာသွား ခဲ့သော်လည်း သိပ်မကြာခင် မြင်းပေါ်မှ ခုန်ဆင်းကာ၊ နောက်ကြောင်း ပြန်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ လျူမိသားစု၏ အဘိုးအိုသည် ဒေါသကြောင့် ပြေးလိုက် သွားပါက၊ အဆုံး၌ နဂါးသွေးမြင်းကိုသာ တွေ့မြင်နိုင်ပြီး၊ သူပြန်လာသည့် အချိန်တွင် လျူယွမ်၏ အသက်မဲ့ ခန္ဓာကိုယ်ကိုသာ တွေ့မြင်နိုင် ပေမည်။
အမှန်ဆိုရသော် အဆုံး၌ နဂါးသွေးမြင်းသည် ၎င်း၏ တာဝန်ကို ပြီးပြည့်စုံ စေခဲ့သည်သာမက၊ လျူမိသားစု၏ အဘိုးအိုသည်လည်း တောအုပ်အတွင်း၌ နဂါးသွေးမြေမြင်းအား ဖမ်းမိရန် နည်းလမ်း မရှိချေ။
ထိုအချိန်က လင်းယွန်၏ သဏ္ဍာန်မှာ ရူးရူးမိုက်မိုက် တိုက်ခိုက်နေခဲ့ ပုံရသော်လည်း သူ၏ အတွေးများသည် စေ့စပ် သေချာလှကာ၊ ထွက်ပေါက်တစ်ခုကို ရှာဖွေထားပြီးခဲ့ ပေပြီ။
လက်ထဲရှိ တိမ်လွှာရေခဲပြင်လှံအား လှည့်ပတ် ကစားလိုက်ကာ၊ လျူမိသားစု၏ ရတနာတစ်ပါး ဖြစ်ရမည်ဟု ခန့်မှန်းနိုင်ခဲ့ပြီး၊ ၎င်းရတနာကို လွယ်လွယ်ကူကူ ထုတ်ယူ အသုံးပြုကြမည် မဟုတ်ပေ။
တစ်စုံတစ်ရာသော အရေးကြီး အကြောင်း ပြချက် ကြောင့်သာ၊ ယူဆောင်လာကြခြင်း ဖြစ်ပေ မည်။
ထိုတစ်စုံ တစ်ရာသော အကြောင်း ပြချက်မှာ ရွှေရောင် မီးကြာပန်းပင် ဖြစ်နိုင်သည်။
လင်းယွန်က စိတ်လှုပ်ရှားသွားကာ မှတ်တမ်းစာအုပ်အား လှန်ကြည့်လိုက်မိသည်။ ခဏအကြာတွင် ရွှေရောင်မီးကြာပန်းနှင့် ပတ်သက်သည့် မှတ်တမ်းကို တွေ့ရှိခဲ့သည်။
ရွှေရောင်မီးကြာပန်း။
ကြာပန်းများထဲတွင် ရေခဲစွမ်းအင်ကို စုပ်ယူထားသော ရေခဲကြာပန်းများနှင့်၊ မီးစွမ်းအင်ကို စုပ်ယူ စားသုံး ကြသော မီးကြာပန်းမျိုး ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။
၎င်းတို့ထဲမှ ရွှေရောင်မီးကြာပန်းမှာ မီးကြာပန်း အမျိုးအစားများတွင် ပါဝင်ကာ၊ ရွှေရောင်အဆင်းရှိပြီး မီးစွမ်းအင်များ ပြည့်နှက်နေကာ၊ ၎င်းအား ရွှေရောင်မီးကြာပန်း (သို့မဟုတ်)၊ ကပ်ဘေးသင့် ရွှေကြာပန်း ဟုလည်း သတ်မှတ်ကြသည်။
မီးကြာပန်းများထဲတွင် မြေအောက်ထဲ၌ ရှင်သန်ပေါက်ရောက်သော မီးကြာပန်းများမှာ အထွတ်အထိပ်အဆင့် အရည်အသွေးများကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့အား မြေဝိညာဉ် မီးကြာပန်းဟု ခေါ်ဆိုပြီး၊ ကပ်ဘေးသင့်မီးကြာပန်းများသည် ထိုမြေဝိညာဉ် မီးကြာပန်းများနှင့် နှိုင်းယှဉ် နိုင်မည် မဟုတ်သော်လည်း၊ ၎င်းသည် အလွန်ရှားပါးသည့် ရတနာဖြစ်နေမြဲပင်။
ထို့အပြင် ကပ်ဘေးသင့် ရွှေကြာပန်းများမှာ အရွယ်ရောက် သည်အထိ ကြီးထွား ရှင်သန် နိုင်ပါက၊ မြေဝိညာဉ် မီးကြာပန်းများ ဖြင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ထိုကပ်ဘေးသင့်ရွှေကြာပန်းများသည် ရာစုနှစ်များစွာ မြေအောက်ရှိ မီးစွမ်းအင်များကို စုပ်ယူရှင်သန်ကာ၊ အရွယ်ရောက်သည်နှင့် မြေပေါ်သို့ တိုးထွက် လာတက်သည်။
ထိုအချိန်တွင် ရွှေကြာပန်းသည် နှစ်ဆတိုး စွမ်းအားကို ဆောင်ကျဉ်း ထားရာ၊ ကျင့်ကြံသူ များသာ မက သားရဲ များပင်၊ ၎င်းကြာပန်းအား လုယက် ယူငင်ရန်အတွက် တိုက်ပွဲ ကြီးငယ် များစွာ ဖြစ်ပွား လာတက်သည်။
ထိုကြောင့် မီးကြာပန်း များအား ကပ်ဘေးသင့် ရွှေရောင် ကြာပန်းဟု၊ အမည်ပြောင် ပေးအပ်ထား ပေသည်။
ထို့အပြင် ၎င်းသည် ဖမ်းဆီးခြင်းမှ လွတ်မြောက် သွားပါက၊ သဘာဝအတိုင်း မြေအောက်သို့ တိုးဝင်သွားကာ၊ နှစ်ပေါင်း များစွာ အကြာ၌ နတ်ဆိုးဝိညာဉ်များ ပူးကပ် ရှင်သန် လာနိုင်သည်။
ထို့နောက် အစွမ်းထက်သော နတ်ဆိုးတစ်ပါးအဖြစ် ပြောင်းလဲလာနိုင် ပေမည်ဟု ကောလဟာလများ ရှိပေ၏။
ထို့ကြောင့်ပင် ဘာသာရေး ဂိုဏ်းကြီးများမှာ နတ်ဆိုးများ ရှင်သန် ထမြောက်လာခြင်းမှ၊ ကာကွယ်ရန် ထိုကြာပန်း များအား လိုက်လံ ရှာဖွေနေ ကြသည်ဟု ယူဆထား ကြသည်။
နတ်ဆိုး ဆိုသည်မှာ ရှေးဟောင်းခေတ်၌ပင် ထင်ရှားသော တည်ရှိမှုမျိုး ဖြစ်ပြီး၊ ၎င်းသည် ကပ်ဘေးတစ်ခု နှင့်အတူ၊ ကမ္ဘာပေါ်သို့ ထွက်ပေါ်လာတက်ကာ ကြီးမားသော စစ်ပွဲကြီးများကို ခေါ်ဆောင်လာ တက်ပေသည်။
ကပ်ဘေးသင့် ရွှေကြာပန်းများတွင်၊ အစောင့် အရှောက် နတ်ဆိုး တစ်ပါး၏ ဝိညာဉ် တည်ရှိကာ၊ ၎င်းဝိညာဉ်သည် နှစ်ကာလကြာ သည်နှင့် ကပ်ဘေးသင့် ရွှေကြာပန်းထံမှ မီးစွမ်းအင် များကို စုပ်လျက်၊ သန်မာ လာနိုင်မည်။
ထို့နောက်တွင် ယင်းနတ်ဆိုးသည် ကြီးစွာသော စစ်ပွဲကြီးများကို ဖန်တီးရန် ထွက်ပေါ်လာတက်သည်။
ဤတိမ်လွှာရေခဲပြင်လှံသည် ထိုသို့သော ကပ်ဘေးသင့် နတ်ဆိုးတစ်ကောင်အား ကိုင်တွယ်ရန် ရည်ရွယ်သော လက်နက် ဖြစ်ရပေမည်။
ကပ်ဘေးသင့်ရွှေကြာပန်း၏ ပွင့်ချပ် တစ်ချပ်စီ တိုင်းတွင် ရှန်ရှင်း သိုင်းသမားများ အတွက် အလွန်အကျိုးရှိသော မီးဝိညာဉ် စွမ်းအင်များ ပါရှိလေသည်။
၎င်းမှာ ဟောင်ရှင်း သိုင်းသမားများ အတွက် ပြီးပြည့်စုံသော အခြေခံ အုတ်မြစ် ဖြစ်သည်။
ထိုအုတ်မြစ်ကို တည်ဆောက် ထားနိုင်သော တစ်စုံ တစ်ယောက်မှာ၊ အဆုံး မရှိသော အလား အလာများ နှင့်အတူ ကောင်းကင်ဘုံ ကိုးခုအား အန်တု လာနိုင် ပေမည်။
လင်းယွန်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာခဲ့သည်။ ကောင်းကင်ဘုံကိုးခုအား ကပ်ဘေး သင့်စေခြင်းသည် တဆိတ်တော့ ပုံကြီးချဲ့လွန်း ပေသည်။
သို့သော်လည်း ကပ်ဘေးသင့် ရွှေကြာပန်း များကို စားသုံးခြင်းသည် ရှန်ရှင်း သိုင်းသမား တစ်ယောက် အတွက် အလွန် ကောင်းမွန်သော အခြေခံ အုတ်မြစ် ဖြစ်သည်မှာ အမှန်ပင် ဖြစ်၏။
'' အဟွတ်....ဟွတ်.... ''
ရုတ်တရက် လင်းယွန်က ပါးစပ်ကို အုပ်လိုက်ပြီး သလိတ်ဟပ် လိုက်ရာ၊ သူ၏ လက်ဖဝါး ပြင်၌ သွေးစ များဖြင့် ပြည့်နှက် ဖုံးလွှမ်း သွားသည်။
ရှန်ရှင်းဘုံစွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက် လှ၏။ ရှန်ရှင်း ပထမအဆင့် သိုင်းသမား တစ်ယောက် ဖြစ်သော်ငြားလည်း၊ ထိုခွန်အား သည်ပင် ကြောက်စရာ ကောင်း နေဆဲပင်။
သို့သော် ထိုအဘိုးအို၏ ခွန်အားသည် အကန့် အသတ် အတွင်း ရှိနေခဲ့ကာ၊ ဟောင်းရှင်း နယ်ပယ်၌ အုတ်မြစ် ခိုင်ခိုင်ချထား နိုင်ခဲ့သော လင်းယွန် အတွက် ဖြေရှင်းနိုင် နေဆဲပင်။
နောက်ဆုံးတွင် ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း ဆေးလုံး များကြောင့်၊ ဟောင်ရှင်း ဒဿမ အဆင့်၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ပြီးပြည့် စုံသော သန့်စင်မှုကို၊ ဟောင်ရှင်း နဝမအဆင့် အထွတ်အထိပ် ၌ပင် လုပ်ဆောင်နိုင်ခဲ့ လေသည်။
တရားဝင် အဆင့် အရ ဟောင်ရှင်း ဒဿမ အဆင့်သို့ ရောက်ရန် အချိန် အနည်းငယ် လိုအပ် နေခဲ့ပြီး၊ နဝမ အဆင့် ၌သာ ရှိနေ ပေသည်။
သို့သော် တစ်စုံ တစ်ယောက် အနေဖြင့်၊ သူ၏ အရှန်အဝါအား ကြည့်ကာ၊ ရှန်ရှင်း တပိုင်း သိုင်းသမား အဖြစ် ရှုမြင် နိုင်ပေမည်။
ထို့ကြောင့်ပင် လျူမိသားစုဝင် အဘိုးအိုသည် လင်းယွန်၏ ခွန်အားအပေါ် အမြင်မှားခဲ့ခြင်း မည်၏။
သို့သော် ကျင့်ကြံခြင်း ပို၍ မြင့်မားသော သိုင်းသမား များ အတွက်မူ၊ ၎င်းအား ရှင်းရှင်း လင်းလင်း မြင်နိုင်ကာ ပို၍ အံအားသင့်သွား စေပေမည်။
မည်သို့ပင် ဆိုစေကာမူ ရှန်ရှင်း သိုင်းသမား တစ်ယောက်၏ သိုင်းဝိညာဉ်သည် တကယ်ပင် အစွမ်းထက် လွန်းလှ ပေ၏။
ထိုအဘိုးအို၏ သိုင်းဝိဉာဉ်မှာ ရှည်လျားသော ဓားရှည် တစ်လက် ဖြစ်ပြီး၊ ၎င်းကို ထုတ်ဖော် လိုက်သည်နှင့် ကစားပွဲ၏ အဆုံးကို ခေါ်ဆောင်သွား နိုင်ကာ၊ အလယ်အလတ် တော်ဝင် လက်နက်၏ စွမ်းအား ကိုပင် ချိုးဖြတ် နိုင်ခဲ့ပေသည်။
'' ခ လောက် ခွပ်.... ခလောက်ခွပ် ''
အဝေးမှ နဂါးသွေးမြင်း၏ ခွာသံများ ထွက်ပေါ်လာကာ၊ လင်းယွန်၏ မြင်ကွင်းထဲသို့ မူလရေဝိညာဉ်သစ်သီးကို ကိုက်လျက်၊ ပြေးဝင်လာလေသည်။
ထို့နောက်တွင် မူလရေဝိညာဉ် သစ်သီးအား လှမ်းယူလျက်၊ လင်းယွန်၏ နှလုံးသား၌ နွေးထွေးမှု အရိပ်အယောင်များ ခံစား လိုက်ရ လေသည်။
" မင်းက အရမ်းမိုက်မဲလွန်းတယ်၊ အနီလေးဆိုတဲ့ နာမည်က မင်းနဲ့မလိုက်ဖူး၊ မင်းကို နာမည်အသစ် ပေးရမယ်၊ မင်းရဲ့ နာမည်အသစ်က နဂါးလေး ပဲ...ဘယ်လိုလဲ မင်းနဲ့ လိုက်ဖက်တယ် မဟုတ်လား၊ ...ဟား...ဟား...ဟား....''
လင်းယွန်၏ ရယ်မောသံနှင့်အတူ နဂါးသွေးမြင်းသည်လည်း သူ၏ နာမည် အသစ်အား သဘောကျ သွားသကဲ့သို့၊ စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်လေသည်။
မူလရေ ဝိညာဉ် သစ်သီးသည် ကုသရေး ဆေးဘက်ဝင် သဘာဝ ရေအရင်း အမြစ် ဖြစ်ကာ၊ ပြင်းထန်သော သေလုမျောပါး ဒဏ်ရာ များကိုပင် လွယ်လင့်တကူ သက်သာ ပျောက်ကင်း စေသည်။
'' နောက်ဆို မြဲမြဲမှတ်ထားပါ မင်းအသက်ရှင် လွတ်မြောက် ဖို့က ပထမပဲ ကြားလား နဂါးလေး၊ .... ငါက မွေးလာ ကတည်းက တစ်ယောက် ထဲပဲ ဒီအတွက် မင်းစိတ်မပူပါနဲ့ ''
လင်းယွန်၏ မျက်နှာတွင် အထီးကျန် မှုများ ထင်ဟပ် လာကာ၊ နဂါးသွေးမြင်း၏ လည်ဆံမွှေး များအား ပွတ်သတ်ပြီး၊ စကားဆို လိုက်မိသည်။
လင်းယွန်၏ စကားများအား နားလည် ဟန်ဖြင့် နဂါးသွေးမြင်းက ပြန်လည် တုန့်ပြန် လာသည်၊
သူသည်လည်း မွေးဖွားစဉ် ကပင် တစ်ကောင်တည်း ဖြစ်ပြီး၊ သေခြင်းနှင့် ရှင်ခြင်းကြား မကြောက်မရွံ့ ရင်ဆိုင် ရဲသည် ဟူသော အမူအရာများ ပြသလာ ခဲ့သည်။
ထိုအမူအရာများကြောင့်၊ လင်းယွန်က သဘောကျစွာ ရယ်မောလိုက်ပြီး၊ နဂါးသွေး မြင်း၏ ဒဏ်ရာများကို စစ်ဆေးနေလျက်မှ စိတ်မကောင်း ဖြစ်လာဟန်ဖြင့်၊
" ငါတို့ ထွက်သွားရင်၊ ဒီလူတွေအတွက် အရမ်း လွယ်ကူ သွားလိမ့်မယ်။.... "
ဟု ရေရွတ်လိုက်လေသည်။
နှစ်ရက်အကြာတွင် စိမ်းစိုနေသော တောအုပ် အတွင်း တစ်နေရာ၌ ရွှေရောင် မီးလျှံများ တောက်လောင် နေခဲ့လေသည်။
ထိုရွှေရောင်မီးလျှံ ဝန်းကျင်၌ လူတစ်စု ဝန်းရံ ရပ်တန့် နေလေသည်။ ထိုလူစု လူဝေးကြီးသည် အဝါရောင် တောက်တောက် ဝတ်စုံများကို တူညီစွာ ဝတ်ဆင်ထား ကြပြီး လျူမိသားစု ဟူသော စာတန်းကို ရင်ဘတ်တွင် ရေးထိုး ထား၏။
ထိုလျူမိသားစုဝင်များအား လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးမှ ဦးဆောင်ကာ၊ ထိုလူလတ်ပိုင်း နှစ်ဦးသည် ရှန်ရှင်း အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထား လေသည်။
ထိုလူလတ်ပိုင်း နှစ်ဦးထဲမှ လေးထောင့် ကျကျ မျက်နှာပေါက်ကို ပိုင်ဆိုင်ထားသည့် သိုင်းသမားကြီးသည် မျက်မှောင်ကြုတ်လျက် လျူယွမ်ကို ကြည့်လိုက်ကာ၊
"တိမ်လွှာ ရေခဲပြင်လှံ ဘယ်မှာလဲ "
ထိုသိုင်းသမား ကြီးမှာ လျူမိသားစု၏ ခေါင်းဆောင် လျူထန် ဖြစ်ကာ၊ လွန်ခဲ့သော နှစ်အနည်းငယ်က ရှန်ရှင်းဘုံသို့ ရောက်ရှိခဲ့ပြီး၊ မြို့ခံပြိုင်ဘက် မျိုးနွယ်စု များကို သုတ်သင်ခဲ့သူ ဖြစ်သည်။
၎င်းလုပ်ရပ်သည် အေးသာယာမြို့၌ ပြိုင်ဘက်ကင်းသောအခြေအနေတစ်ရပ်ကို ဖန်တီးသွားနိူင် ခဲ့သည်။
အခြားတစ်ဖက်တွင် မေးခွန်းနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၊ လျူယွမ်မှာ ကြောက်ရွံ့ တုန်လှုပ်မှုများကြောင့် ဆွံ့အ တိတ်ဆိတ် နေလေသည်။
ထိုအခြေ အနေ များကြောင့် ဦလေးဟွမ်က သက်ပြင်း ချလျက် ရှေ့တိုးလာ ခဲ့ကာ၊
'' ဒါက ဒီကျွန်ရဲ့ အပြစ်ပါ သခင်၊ လှံက.... ''
-ဟု အစချီကာ ဖြစ်ခဲ့သမျှ ကိစ္စအားလုံးကို ရှင်းပြလိုက်သည်။
" အမှိုက်ကောင်... "
လျူထန်က ဒေါသတကြီး အော်ဟစ်လိုက်ကာ လျူယွမ်၏ မျက်နှာအား ဖြတ်ရိုက် ချလိုက်သည်။
'' အဖေ၊ ကျွန်တော်မှားပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ..."
လျူယွမ်က ချက်ချင်းပင် ဒူးထောက်ကာ ခွင့်လွှတ်ရန် တောင်းပန် လိုက်လေသည်။
" မင်း အမှိုက်ကောင်၊ တာဝန် သေးသေးလေး ကိုတောင် မထမ်းဆောင်နိုင်ဘူး၊ တိမ်လွှာ ရေခဲပြင် လှံကို ဆုံးရှုံးတယ်ဆိုတာ ဘာလဲ မင်းသိလား၊ မင်းက ငါ့ကို ဒီလို ပြဿနာမျိုးတွေ ဆောင်ယူပေးနေကြ အမှိုက်တစ်စပဲ၊ အခု..ကပ်ဘေးသင့်ရွှေကြာပန်းကို ငါဘယ်လိုဖမ်းယူရမလဲ...ကဲပြောစမ်း၊ အမှိုက်... "
လျူထန်၏စကားသံသည် တောအုပ်အတွင်း ပဲ့တင်ထပ်နေခဲ့ပြီး၊ ယခုအချိန်၌ အပြစ်ပြု လုပ်သူသည် သူ၏ သားသာ မဟုတ်ပါက မဆိုင်းမတွပင် ရိုက်သတ်မိပေမည်။
'' စိတ်လျော့ပါ အစ်ကိုကြီး၊ တိမ်လွှာ ရေခဲပြင် လှံ မရှိလို့၊ ငါတို့ မဖမ်းနိုင် ဖူးလို့ မဆိုလို ပါဘူး၊ ဒါက နည်းနည်းလေး ခက်ခဲ နိုင်ပေမယ့်၊ ... ”
“ ... ရှန်ရှင်း တတိယအဆင့် ခွန်အား သာရှိတဲ့ ဒီလို ရတနာ မျိုးကို ငါတို့ သုံးယောက် ရှိနေရင် ကိုပဲ၊ လုံလောက်နေပါပြီ၊ ပြီးတော့ ဒီကြာပန်းရဲ့ သက်တမ်းကလည်း နှစ် (၁၀၀)မှ မပြည့်သေးတာ....''
အခြားလူလတ်ပိုင်း သိုင်းသမားကြီးက ဝင်ရောက် ဖြောင်းဖျလိုက်ကာ၊ လျူယွမ်အား မတ်တပ် ထရပ်ရန် အမိန့်ပေးလိုက်၏။
" ကျေးဇူးတင်ပါတယ် ဦးလေးတျန် "
လျူယွန်က ထိတ်လန့်စွာ ဦးညွှတ်လျက် အလျင် အမြန် ကျေးဇူးတင်စကား ဆိုလိုက် ရသည်။
'' ဒီလူမိုက်က အေးသာယာမြို့ရဲ့ နယ်နိမိတ်အတွင်းမှာ၊ ငါ့ရဲ့လျူမိသားစုကို အပြစ် ပြုဝံ့တယ်လား၊ သူ့ကိုရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ၊ ဒီကိစ္စတွေ ပြီးရင် ငါကိုယ်တိုင် သတ်မယ်.... ''
လျူထန်၏ စကားသံနှင့်အတူ သတ်ဖြတ်လိုခြင်း ဆန္ဒအချို့ လေထုထဲတွင် အတော်ကြာကြာ ပျံ့လွင့်နေခဲ့သည်။
ဆယ်မိုင်ကွာဝေးသော တောင်ထိပ်တစ်ခု ပေါ်တွင် ရပ်လျက်၊ လင်းယွန်က ထိုမြင်ကွင်းအား အကဲခတ် နေခဲ့သည်။ လျူမိသားစုဝင် များ၏ အခင်းအကျင်းသည် သူ့အား အံ့သြသွား စေသည်။
မဟာချင်အင်ပါယာ၏ နယ်စပ်မျဉ်းပေါ်၌ တည်ရှိသော ခပ်နုပ်နုပ် မြို့လေး တစ်မြို့ရှိ လျူမိသားစုတွင်ပင်၊ ရှန်ရှင်းသိုင်းသမား သုံးယောက်အား ပိုင်ဆိုင်ထားလေသည်။
သို့သော် ထိုရှန်ရှင်း သိုင်းသမား သုံးယောက် လုံးသည် ပထမအဆင့် အထွတ်အထိပ် တွင်သာ ဖြစ်သောကြောင့်၊ သူ့ မျှော်လင့်ချက် များကို တောက်ပလာ စေသည်။
ထိုသို့မဟုတ်ပါက မည်မျှပင် မိုက်မဲစေကာမူ အနားသို့ ကပ်ရဲနိုင်မည် မဟုတ်ပေ။
" မဆိုးဖူး၊ ငါ့ဆုံးဖြတ်ချက် မှန်ပုံရတယ်၊ ငါပြန်မလာခဲ့ရင်တောင် သူတို့က ငါ့ကို လိုက်ရှာမှာ သေချာတယ်၊ အနည်းဆုံးတော့ ကပ်ဘေးသင့် ရွှေကြာပန်းကို ဘယ်သူရမယ်ဆိုတာ မသေချာဘူး မဟုတ်လား... ''
လင်းယွန်က တိမ်လွှာရေခဲပြင်လှံအား ဆုပ်ကိုင်ကစားလျက် လောဘကြောင့် မျက်ဝန်းများ တောက်ပလာလေသည်။
***