← Chapters

ပြင်းထန်သော တိုက်ပွဲ။

Vol. 6 Ch. 76

ပြင်းထန်သော တိုက်ပွဲ။

Vol. 6 Ch. 76

လျူတျန်းနှင့်အဘိုးအို တို့နှစ်ဦးသည် ကပ်ဘေးသင့်နတ်ဆိုးကို ရင်ဆိုင်ရန် ခက်ခဲ သွားသည်။ သို့သော် ကံကောင်းစေသည်မှာ ထိုကပ်ဘေးသင့်နတ်ဆိုးသည် အရှိန်အဝါများ လျော့ကျအားနည်းနေ ခဲ့ပေပြီ။

ထိုအချိန်တွင် လျူထန်နှင့် ဝမ်အဘိုးအိုမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ ဝမ်အဘိုးအိုသည် ကပ်ဘေးသင့် ရွှေကြာ ပန်းအား ရိတ်သိမ်းကာ၊ ဝမ်မျိုးနွယ်၏ ခွန်အားကို ပြန်လည် တည်ဆောက်ချင် ခဲ့သည်။

သို့သော်လည်း လျူထန်သည် ဤအရာအားမျှော်လင့်ထားပြီး ကြိုတင် ပြင်ဆင်မှုများပြုလုပ်ထား နိုင်လိမ့်မည်ဟု တစ်ကြိမ်မျှပင် မမျှော်လင့်ထားမိပေ။

" မြေခွေးအိုကြီး၊ မင်းသာ လျူမိသားစုကို သစ္စာခံမယ် ဆိုရင် ငါ မင်းရဲ့ အသက်ကို ချမ်းသာ ပေးလိုက်မယ် ''

" အိပ်မက် မက်မနေနဲ့ ငါသေရင်တောင် မင်းရဲ့ လျူမိသားစုကို ဘယ်တော့မှ ခေါင်းမငုံ့ဘူး "

ဝမ်အဘိုးအိုက အံကြိတ်လိုက်ပြီးနောက်၊ သူ့မျက်လုံးများတွင် ဒေါသ မီးလျှံများဖြင့် တောက်လောင် နေခဲ့သည်။

သူ့မျက်လုံးများထဲတွင် လျူထန်သည် ဝမ်မိသားစုဝင်များ၏ သွေးများ စွန်းထင် နေသော နတ်ဆိုးတစ်ပါးပင် ဖြစ်ပေသည်။

" ကောင်းပြီ...မင်းလည်း မင်းရဲ့ မိသားစုဝင်တွေနောက် လိုက်သွားတော့...."

'' ............. ''

လျူထန်က အေးစက်စွာ ကြုံးဝါးလိုက်ပြီး သူ့လက်နှစ်ဖက်အား လျင်မြန်စွာ ဝေ့ရမ်းလိုက်လေသည်။

"မင်းက အမှိုက်တစ်စပဲ၊ မင်းရဲ့ ညံ့ဖျင်းမှုကြောင့် ဝမ်မျိုးနွယ်ပျောက်ကွယ်ရပြီ၊ ဝမ်မျိုးနွယ်ရဲ့ သေဆုံးမှုအားလုံးက မင်းမှာ တာဝန် ရှိတယ်၊ မင်းလို အသုံးမဝင်တဲ့ ဘိုးဘေးကြီး တစ်ယောက်က အသက်ဆက်ရှင် နေဖို့ မလိုတော့ဘူး...."

လျူထန်က အသာစီး ရယူပြီးနောက် ထပ်မံ၍ စော်ကား ပြောဆိုလိုက်၏။

" တိတ်စမ်း သွေးဆာ နေတဲ့ နတ်ဆိုးကောင် .... "

ဝမ်အဘိုးအို၏ မျက်လုံးများတွင် နီရဲလာကာ၊ နာကျည်းချက်များနှင့် ဝမ်းနည်းစိတ်များသည် သူ့တာအိုအား ယိုင်နဲ့ သွားစေခဲ့ လေပြီ။ သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် တိုက်ခိုက်မှု အရှိန်အဟုန်သည်လည်း လျော့ကျသွားခဲ့၏။

တစ်ချိန်တည်းမှာပင်၊ လျူမိသားစု သိုင်းသမားများသည် အခြေအနေကို တဖြေးဖြေး ပြန်လည် ထိန်းချုပ် လာနိုင် သောကြောင့် လေးသမားများအား ပြန်လည် ဖွဲ့စည်းလိုက်သည်။

'' ခ လောက် ခွပ်.... ခလောက်ခွပ် ''

သို့သော် ရုတ်တရက် မြင်းခွာသံများ နှင့်အတူ နဂါးသွေးမြင်းတစ်ကောင် ထွက်ပေါ်လာသည်။

၎င်း၏ခန္ဓာသည် သွေးနီရောင်များ တောက်ပနေခဲ့ပြီး၊ ရက်စက်ကြမ်းကြုပ်သော အရှိန်အဝါအား ထုတ်ဖော်လျက်၊ လူအုပ်ကြားထဲသို့ တိုးဝင်လာလေသည်။

" သခင်လေး....ဟိုမြင်း ပြန်လာပြီ.... ''

တစ်စုံတစ်ယောက်က နဂါးသွေးမြင်းကို ညွှန်ပြကာ တအံ့တသြ အော်ဟစ်လိုက်သည်။ ထိုအော်ဟစ်သံကြောင့် လျူယွမ်က လှည့်ကြည့်လိုက်ကာ အံကြိတ်လျက်၊ မျက်နှာပေါ်ရှိအပြုံးသည် ချက်ချင်းပင် အေးခဲသွား လေသည်။

" အဲဒီ ကောက်ကျစ်တဲ့တိရစ္ဆာန်ကောင်... ငါနဲ့လိုက်ခဲ့စမ်း၊ ဒီကောင်ကို ရအောင်သတ် ''

လျူယွမ်၏ အော်ဟစ်သံနှင့်အတူ လူအုပ်ကြီးသည် နဂါးသွေးမြင်းအား ဝိုင်းရံ လိုက်လေသည်။

ရုတ်တရက် ထိုလူအုပ်ကြီးအား ကြည့်ကာ၊ နဂါးသွေးမြင်းသည် ထိတ်လန့်သွားခဲ့ပြီး၊ နီးစပ်ရာ အဖွဲ့ငယ်အချို့ကို ဖြိုခွဲ ကန်ကျောက် လိုက်၏။

နံရိုးကျိုးသံ၊ နာကျင်စွာ အော်ဟစ်သံများ နှင့်အတူ တိုက်ပွဲကွင်းပြင် တစ်ခုလုံးအား ဝရုန်းသုန်းကား ပြိုပျက်သွား စေခဲ့သည်။

'' ဟီး......ဟီး......ဟီး..... ''

နဂါးသွေးမြင်းက ထိုသို့ ပြေးနေလျက်မှပင်၊ ၎င်းသည် လူသားနှင့်တူသော ရယ်မောခြင်း မျိုးအား ပြုလုပ်ပြခဲ့သည်။

ခဏအတွင်းမှာပင် လျူမိသားစု၏ သိုင်းသမား တစ်ရာကျော်သည် ဖရိုဖရဲဖြင့် အော်ဟစ် ဒေါသ ထွက်နေကြ လေသည်။

ဤမြင်ကွင်းကို မြင်သည်နှင့် လျူထန်သည် အလိုမကျဟန်ဖြင့် မျက်နှာမှာ တင်းမာ လာလေသည်။

" သခင်(၂)၊ ဒီမြင်းပိုင်ရှင်က တိမ်လွှာ ရေခဲပြင် လှံကို ခိုးယူတဲ့ သူပဲ"

အနက်ဝတ်အဘိုးအိုက သူ့မျက်နှာပေါ်တွင် စိုးရိမ် သောကဖြင့် ပြောဆို သတိပေး လိုက်သည်။

" နိမ့်ကျတဲ့ တိရစ္ဆာန်ကောင်... မင်းက ဒီလိုလုပ်ရပ်မျိုးကို လုပ်ဖို့ သတ္တိရှိနေလား....ဟမ် "

အနက်ဝတ်အဘိုးအို၏စကားသည် လျူထန်အား ချက်ချင်းပင် ဒေါသတကြီး လာစေကာ၊ သူက နဂါးသွေးမြင်းထံသို့ ပြေးဝင်ရန် ပြင်လိုက်လေသည်။

"ဟမ်...ထွက်သွားချင်တာလား၊ မင်းက ထွက်သွားခွင့် ရှိလားလို့ ငါ့ကို မေးဖူးလား..."

လျူထန်ကိုဟန့်တားရန်အတွက် ဝမ်အဘိုးအိုသည် သူ့အသက်ကိုပင် ပဓာနမထားတော့ပဲ၊ ပိတ်ပင်တားဆီးလိုက်ကာ တဟားဟားရယ်မောလိုက်လေသည်။

ကမ္ဘာမကြေ ရန်ငြိုးကို ဖွဲ့တည်ထားသော ပြိုင်ဘက်၏ အခက်တွေ့နေဟန်က ဝမ်အဘိုးအိုအား စိတ်ဓာတ်တက်ကြွလာ စေသည်။

'' ငါမသေခင်မှာ မင်းရဲ့ ဆုံးရှုံးမှုကို မြင်လိုက်ရတာ အရမ်း အရသာရှိတာပဲ .......ဟားဟား "

လျူထန်နှင့် အဖိုးအိုတို့၏ မျက်နှာများတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများအား ကိုယ်စီ ထုတ်ဖော်လျက် ပြင်းထန်စွာ ရင်ဆိုင်တိုက်ခိုက် လိုက်ကြ ပြန်သည်။

အခြားတစ်ဖက်တွင် လျူတျန်းတို့ နှစ်ယောက်သည် လေးသမားများထံမှ အကူ အညီများ မဲ့လာကာ၊ ကပ်ဘေးသင့် နတ်ဆိုးအား ရင်ဆိုင်ရာ၌ ဖိအားများ တိုးသွား ၏။

ခဏချင်းမှာပင် သူတို့၏ အမူအရာများသည် ဆိုးရွားစွာ ပျက်ယွင်းသွားခဲ့၏။ ခဏအကြာတွင် လျူတျန်းက သည်းမခံနိုင်တော့ပဲ၊

" ဟွမ်အို၊ ငါက ဒီကောက်ကျစ်တဲ့ တိရစ္ဆာန်ကို အရင်ဖြေရှင်းလိုက်မယ် ..."

'' မလုပ်နဲ့... မြင်းက ဒီမှာဆိုတော့ ဟိုယုတ်မာတဲ့ကောင်လည်း အနီးနားမှာ ရှိရမယ်၊ သခင်(၂) ...မင်းထွက်သွားရင် ကပ်ဘေးသင့်ရွှေကြာပန်းကို လုယူခံရ လိမ့်မယ် ''

-ဟု အဘိုးအိုက ချက်ချင်း အော်ဟစ် ဟန့်တား သတိပေး လိုက်သည်။

'' သူ့ရဲ့လှည့်စားမှုထဲ မရောက်စေနဲ့ ၊ ဒီမြင်းက ငါတို့ဆီ ဝင်မလာရဲပါဖူး၊ အရေးကြီး တာက ကောက်ကျစ်တဲ့ ကောင်ငယ်လေးပဲ၊ သူ့မှာ တိမ်လွှာရေခဲပြင်လှံ ရှိတယ်ဆိုတာ မမေ့နဲ့။ ''

လျူတျန်းသည်လည်း ဟွမ်အို၏ စကားများမှာ ယိုပေါက်မရှိ မှန်ကန်ခဲ့ သည်ကြောင့်၊ ဤအခြေအနေ၌ နဂါးသွေး မြင်းအား ဖမ်းရန်စိတ်ကူးကို စွန့်လွှတ် လိုက်ရသည်။

သို့သော် နဂါးသွေးမြင်း၏ မျက်နှာပေါ်တွင် ပြုံးနေသည်ကို မြင်တိုင်း၊ ဒေါသတကြီးဖြင့် သူ့သွားများကို ကြိတ်နေမိလေသည်။

'' ဖုန်း.....ရွှီး......''

ရုတ်တရက် ကပ်ဘေးသင့်နတ်ဆိုးထံမှ အကန့်အသတ်မရှိသော အရှန်အဝါတစ်ခု ထွက်ပေါ်လာသည်။

၎င်း၏အရှိန်အဝါသည် လျူမိသားစုမှ သူတို့နှစ်ဦးအား ထိတ်လန့်စေသည်အထိ ဖိအားပေး နိုင်ခဲ့ သော်လည်း၊ အဘိုးအိုနှင့် လျူတျန်း တို့သည် ဤမြင်ကွင်းကို မြင်သော အခါ ဝမ်းသာ သွားကုန်၏။

၎င်းသည် ထိုနတ်ဆိုး၏ နောက်ဆုံးရုန်းကန်မှုပင်ဖြစ်ကာ တိုက်ပွဲ၏ အဆုံးအဖြတ် ဖြစ်ခဲ့ ပေသည်။ ခေါင်းမာသော ဤသားရဲသည် နောက်ဆုံး၌ အဆုံးသို့ ရောက်ရှိသွားလေပြီ။

တစ်ချိန်တည်းမှာပင် အဘိုးအိုနှင့် လျူတျန်းတို့သည် ရယ်မောသံများဖြင့် ၎င်းတို့၏ သိုင်းဝိညာဉ်များကို ချက်ချင်း ဆင့်ခေါ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အဘိုးအိုသည် အထူးသတိရှိလှ၏။ သူက လင်းယွန်၏ အရိပ်ကို မမြင်မရမချင်း သူ့အာရုံအား မပေါ့ဆရဲ ခဲ့ပေ။

ယခင်က လင်းယွန်နှင့် ရင်ဆိုင်ရဖူး သည်ကြောင့်၊ ဤလူငယ်လေးသည် မည်မျှ ကောက်ကျစ်ယုတ်မာ သည်ကို သူကသာ အသိဆုံး ဖြစ်ပေသည်။

'' ဖုန်း.... ဖုန်း.... ''

နောက်ထပ်တိုက်မှုတစ်ခုအပြီးနောက်၊ သူတို့နှစ်ဦးသည် ကပ်ဘေးသင့်နတ်ဆိုးထံမှ ပြင်းထန်လှသည့် မီးစွမ်းအင်များကြောင့် ခြေလှမ်းဆယ်လှမ်းခန့် နောက်ပြန် ဆုတ်သွားရသည်။

၎င်းစက္ကန့်ပိုင်းအတွင်းမှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခုသည် လျင်မြန်စွာ ဖြစ်ပွား ခဲ့လေသည်။

လျင်မြန်သော ပုံသဏ္ဍာန်တစ်ခုသည် ကောင်းကင်မှ တရှိန်ထိုး ဆင်းသက်လာခဲ့ပြီး၊ အဘိုးအိုနှင့် လျူတျန်းတို့နှစ်ဦး မဟန့်တား နိုင်ခင်တွင်၊ ထိုလျင်မြန်သော ပုံသဏ္ဍာန်က ကပ်ဘေးသင့်နတ်ဆိုးအား တိုက်ခိုက်လိုက် လေသည်။

'' ......ဝှစ်...''

လင်းယွန်က တိမ်လွှာရေခဲပြင်လှံဖြင့် ထိုးလိုက်သည့်နောက်တွင်၊ အေးစက်သောအလင်းရောင်တစ်ချက် ထွက်ပေါ်လာခဲ့လေသည်။

ထိုအေးစက်သောအလင်းရောင်သည် လှံမှအဆက်မပြတ် ထွက်နေသော ဒီရေကဲ့သို့ အရှိန်အဟုန်ပြင်းစွာ တသွင်သွင် စိမ့်ထွက် သွားသည်။

လျူတျန်းနှင့် အဖိုးအိုတို့၏ မျက်လုံးများသည် အလွန် ပြူးထွက်လာပြီး၊ ၎င်းတို့၏ မျက်ဝန်းအိမ်များမှ မျက်လုံးများ ကျွက်ထွက်လုနီးပါး ဖြစ်နေသည်။

သူတို့နှစ်ယောက်သည် လင်းယွန်မှ ချဉ်းကပ်လာ နိုင်မည့် ဖြစ်နိုင်သမျှ လမ်းကြောင်းများ အားလုံးကို တွေးတော ထားမိသည်။

ယခုကဲ့သို့ ကောင်းကင်ကနေ ဆင်းသက် လာလိမ့်မည်ဟု ယောင်လို့မှပင် တွေးမထား မိချေ။ ၎င်းသည် စိတ်ကူးထားသည်ထက် ကျော်လွန်သွား လေပြီ။

စက္ကန့်ပိုင်းအတွင်းမှာပင် တိမ်လွှာ ရေခဲပြင်လှံက ကပ်ဘေးသင့် နတ်ဆိုးကို ချက်ချင်း နှိမ်နင်း နိုင်ခဲ့ပြီး၊ ၎င်းသည် နတ်ဆိုး အသွင်မှ မီးတောက် နေသော ကြာပန်းပုံစံသို့ ပြန်ပြောင်း သွားကာ၊ ခပ်တိုးတိုး ညည်းတွား သံကို ထုတ်လွှင့်လိုက်သည်။

ကြာပန်းသဏ္ဍာန် ပြန်ပေါ်လာသောအခါ၊ အဆက်မပြတ် တောက်လောင်နေသော မီးဝိညာဉ် စွမ်းအင်များသည် လွင့်ပါး ပျောက်ကွယ်သွား၏။

လင်းယွန်းသည် သူ့မျက်နှာပေါ်တွင် ရွှင်မြူးစွာဖြင့် ရွှေကြာပန်းကို ဖမ်းကိုင်လိုက်ပြီး သိုလှောင်အိတ် အတွင်းသို့ ထည့်လိုက်သည်။

" ရပ်လိုက်......"

ထိုမြင်ကွင်းကြောင့် လျူတျန်းနှင့် ဟွမ်အိုမှာ ဒေါသတကြီးဖြင့် တုန်လှုပ်စွာ ဟန့်တားရန် ပြေးဝင်လာကြသည်။

သို့သော် လင်းယွန်က သူတို့နှစ်ယောက်ကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်လိုက်ကာ ထိတ်လန့်ခြင်း မရှိခဲ့ပေ။

သူက ရှေးဟောင်းဓားသေတ္တာကို ဆွဲကိုင်လိုက်ပြီး၊ ခွန်အားရှိသမျှ စုဆောင်းကာ ဓားသေတ္တာအတွင်းသို့ ပို့လွှတ် ရင်ဆိုင် လိုက်လေသည်။

''ဖုန်း...... ''

ထို့နောက်တွင် ရှေးဟောင်းဓားသေတ္တာသည် သိုင်းဝိညာဉ် နှစ်ခုနှင့် တိုက်မိသွားကာ၊ ပြင်းထန်သော တုန်လှုပ် ချောက်ချား စရာမြင်ကွင်းကို ဖြစ်ပေါ်လာစေသည်။

ထွက်ပေါ်လာသည့် အသံများကပင် မိုးခြိမ်းသံကဲ့သို့ နားစည်ကို တုန်လှုပ် သွားစေသည်။

တစ်ဆက်ထဲမှာပင် ဖုန်မှုန့်တွေအတွင်းမှ လျူတျန်းနှင့် ဟွမ်အိုတို့၏ မျက်နှာများသည် နာကျင် ပျက်ယွင်း နေခဲ့ပြီး၊ သူတို့၏ ခန္ဓာကိုယ် အတွင်းမှ သွေးများ လှိမ့်ဆင်းလာကာ နီရဲသွား ကြ၏။

ဤလူငယ်လေးသည် သူတို့နှစ်ဦး၏ သိုင်းဝိညာဉ်များအား အမှန်တကယ် ချေမှုန်း နိုင်လိမ့် မည်ဟု မထင်ထား ခဲ့သည်ဖြစ်ရာ၊ လျူတျန်းတို့ နှစ်ဦးသည် ဒေါသတကြီး အော်ဟစ် အမိန့်ပေး လိုက်ကြ၏။

"သူ့ကိုဖမ်း......"

ထိုအမိန့်ပေးသံမဆုံးခင်မှာပင် လျူယွမ်က လျူမိသားစု သိုင်းသမားများကို ဦးဆောင်လျက် လင်းယွန် ဆုတ်ခွာနိုင်မည့် လမ်းကြောင်း များကို ပိတ်ဆို့ ထားခဲ့သည်။

လင်းယွန်သည် လေထဲ၌ ဓားသေတ္တာအား ရိုက်တင် ပွင့်ထွက်လာစေကာ၊ လက်ကို ဝှေ့ယမ်းလိုက်၏။

ဓားသေတ္တာအတွင်းမှ ပန်းပွင့်များသည် ကောင်းကင်သို့ လွင့်ပျံသွားကာ မျောလွင့် 'က' ခုန်နေ ကြလေသည်။

တစ်ချိန်တည်းမှာပင်၊ 'က'ခုန်နေသော ပန်းပွင့်များကြားမှ ပန်းသင်္ချိုင်းဓားကို ဆွဲယူလိုက်ပြီး၊

'' ....... စွိ..... ''

'' ချွမ်......... ''

လင်းယွန်က လျူမျိုးနွယ်စုမှ ကျင့်ကြံသူ များအား ပြုံးလျက် ငုံကြည့် လိုက်ကာ၊ ခုန်ပျံ တိုးဝင် သွားလိုက်လေသည်။

" ပုံ ရိပ်ယောင် ဓား ''

ပန်းသင်္ချိုင်းဓားကို လက်၌ မြဲမြန်စွာ ဆုပ်ကိုင်ထားပြီး၊ လူအုပ်ကြားထဲသို့ ဝေ့ရမ်းပြေးဝင်လာရာ၊ လူအုပ်ကြီးထံမှ သွေးမြူများ ဖြန်းကျလာခြင်း နှင့်အတူ၊ ၎င်းတို့၏ ငိုကြွေးသံများ ထွက်ပေါ် လာလေသည်။

ခဏအကြာတွင် လျူမိသားစုဝင်များမှာ မြေပြင်ပေါ်၌ အတုန်းအရုန် လဲကျသွားခဲ့ ကြသည်။

မည်သူကမျှ လင်းယွန်ထံမှ သိုင်းကွက် တစ်ကွက် ကိုပင် ခုခံကာကွယ် နိုင်ခြင်း မရှိ ခဲ့ပေ။

" မြှားသမားတွေ ........ ''

ထိုမြင်ကွင်းကြောင့် လျူယွမ်က ထိတ်လန့်တကြား အော်ဟစ် အမိန့်ပေး လိုက်ပြီးနောက်၊ စက္ကန့်ပိုင်း အတွင်း ရာနှင့်ချီသော လေးသမား များမှာ လေးညို့ကို ဆွဲတင် ပစ်ခတ် လိုက်ရာ၊ မြှားမုန်တိုင်းက လင်းယွင်အား ဖုံးအုပ်လာ လေသည်။

အဆင့်နိမ့် တော်ဝင်လေးကိုင်းများမှ ပစ်လွှတ်ခဲ့သော မြှားတံ ဆယ်ချောင်း သည်လည်း မြှားမုန်တိုင်းများကြားတွင် ရောပါ ပြေးဝင် လာခဲ့သည်။

" ဓား ဝိညာဉ်ကိုရှာဖွေခြင်း....."

သို့သော် ရုတ်တရက် လင်းယွန်က မျက်ခုံးကို ပင့်တင် လိုက်ပြီး၊ သူ၏ဓားကို ထိုမြှား ပင်လယ် အတွင်းသို့ ထိုးချိန် လိုက်သည်။

ဓားမှာ ကျယ်လောင်သော ဆူညံသံတစ်သံ နှင့်အတူ တုန်ယင် လာခဲ့ပြီး၊ ပတ်ဝန်းကျင်အား ပဲ့တင်သံများ ထပ်သွားစေသည်။

တစ်ချိန်တည်းမှာပင် လေထဲ၌ ပျံသန်းနေသော မြှားများသည် ကောင်းကင်မှ ပြုတ်ကျမလာမီ တုန်ယင်လာကြ၏။

လင်းယွန်က နောက်ပြန် ဆုတ်ခွာ သွားကာ မြှားမုန်တိုင်းအား အလွယ်တကူ ရှောင်တိမ်း သွား လိုက်လေသည်။

'' ........... ''

သို့သော်လည်း ဆူညံသံများက လေထဲတွင် ပဲ့တင်ထပ်နေသေးသည် ဖြစ်ရာ၊ လေးများကို ကိုင်ဆောင်နေသော လေးသမားများမှာ ထိတ်လန့် သွားကြသည်။

သူတို့၏ လေးကိုင်းများသည် ကျယ်လောင်သော ဆူညံသံများကြောင့် တုန်တုန်ယင်ယင် ဖြစ်နေခဲ့ကြပြီး၊ နောက်အခိုက်အတန့်တွင် ၎င်းတို့၏ လေးကိုင်းများ အားလုံး နှစ်ခြမ်း ကွဲထွက်သွား၏။

ထိုမြင်ကွင်းအား လင်းယွန်က လျစ်လျူရှုလိုက်ပြီး၊ ပန်းပွင့်ချပ်များနှင့်အတူ ဓားအား ဓားသေတ္တာထဲသို့ ပြန်လည် သိမ်းယူလိုက်ပြီး၊ ထိုဓားသေတ္တာအား သူ့နောက်ကျောတွင် ထမ်းပိုးလိုက်ကာ ပြေးထွက် လွတ်မြောက်သွားလေသည်။

၎င်းသည် လျူတျန်းနှင့် ဟွမ်အိုအား မျက်လုံးပြုးသွားစေ၏။ ဤလူငယ်လေးသည် ဓါးအား ကိုင်ဆောင်လိုက်သည်နှင့် သွေးဆာနေသော နတ်ဆိုးတစ်ပါကဲ့သို့ ပြောင်းလဲ သွားပေပြီ။

" သူ့နောက်ကိုလိုက်......"

သူတို့နှစ်ဦးသည် ပျက်ယွင်းနေသောမျက်နှာများဖြင့် လင်းယွန်နောက်သို့ လျင်မြန်စွာ ပြေးလိုက်လာခဲ့ကြသည်။

အခြားတစ်ဖက်တွင် လင်းယွန်က နဂါးသွေးမြင်းအား အချက်ပြခေါ်ယူ စီးနင်းလျက် လွတ်မြောက်သွားသော်လည်း၊ ရုတ်တရက် လေထုသည် တစ်စုံတစ်ရာသော ဖိအားများကြောင့် လေးလံလာလေရာ၊ သူက နောက်ပြန် လှည့်ကြည့်လိုက်သည်နှင့် လျူထန်သည် ဝမ်အဘိုးအိုအား အပြီးသတ် သုတ်သင်လိုက်ပြီးနောက်၊ လျူတျန်းတို့ နှစ်ယောက်နှင့်အတူ လင်းယွန်နောက် ပြေးလိုက်လာလေသည်။

" ကောက်ကျစ်တဲ့ကောင်လေး၊ မင်းက အချိန်ကောင်းကို ရောက်လာတာပဲ၊ ငါ မင်းကို လိုက်ရှာပြီး အချိန်ဖြုန်းစရာ မလိုတော့ဖူးပေါ့ "

လျူထန်က အော်ဟစ် လှောင်ပြောင် လိုက်သည်။ သို့သော် လျူထန်တို့ သုံးယောက် လိုက်မီတော့မည့် အချိန်တွင် လင်းယွန်က ရုတ်တရက် ရပ်တန့်သွားသည်။

တစ်ဆက်တည်းမှာပင် လင်းယွန်၏ လက်ဖဝါးပေါ်၌ ခရမ်းရောင် မီးတောက် အချို့ ထွက်ပေါ်လာကာ၊ ၎င်းမီးတောက်သည် ရေခဲငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လျူထန်တို့ သုံးယောက်ထံသို့ ဦးတည်ပြေးဝင် သွားလေသည်။

ခရမ်းရောင်ရေခဲငှက်သည် ၎င်း၏ အတောင်ပံများကို ခတ်လျက် တိုးဝင်လာခဲ့ရာ၊ အေးစက်သော အငွေ့အသက်များကို ခံစားလိုက်ရသည်နှင့်၊ လျူထန်တို့ သုံးယောက်သည် ထိတ်လန့်သွားကာ မျက်နှာများ ဖြူဖျော့သွား၏။

'' နောက်ဆုတ်.....''

သို့သော် သတိပေးသံသည် အနည်းငယ်မျှ နောက်ကျသွားကာ၊ ခရမ်းရောင်ရေခဲငှက်၏ ပေါက်ကွဲမှုများကြောင့်၊ ထွက်ပေါ်လာသော ရေခဲအပိုင်းအစ များသည် သူတို့ သုံးယောက် လုံးအား၊ ပြင်းထန်သော ဒဏ်ရာများနှင့်အတူ လွင့်ထွက်သွားစေခဲ့သည်။

သူတို့မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြင့်၊ လဲကျသွားရာမှ အလျင်အမြန် ကုန်းရုန်း ထရပ် လိုက်ကြ၏။

အခြားတစ်ဖက်တွင် လင်းယွန်က နဂါးသွေးမြင်းအား စီးနင်းလျက် အဝေးသို့ ပြေးထွက် သွားနှင့် နေပြီကို မြင်လိုက် ရလေ သည်။

" အဲ့ဒီမှာရပ်စမ်း.... ''

ရုတ်တရက် လျူထန်၏ မျက်နှာသည် အေးစက်သွားကာ၊ သိပ်သည်းသည့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီးနောက်၊ သူ၏ လက်ဖဝါးတွင် လှံရှည်တစ်ချောင်း၏ ပုံသဏ္ဍာန်အား ဖွဲ့စည်းလိုက်လေသည်။

ထို့နောက်တွင် သူ၏ စွမ်းအင်များ အားလုံးကို ထိုလှံထဲသို့ သွန်းလောင်းကာ ပစ်ချလိုက်သည်။

ခဏချင်းမှာပင် ၎င်းလှံရှည်သည် လင်းယွန်နောက်သို့ ပြေးလိုက်သွားခဲ့ပြီး၊ လှံ၏ အရှိန်သည် လေကိုခွင်းလျက် လျင်မြန်စွာ တိုးဝင်သွားသည်။

နဂါးသွေးမြင်းမှာ မယုံနိုင်လောက်အောင် အရှိန်ဖြင့် ပြေးလွှားနေသော် ငြားလည်း၊ ထိုလှံရှည်၏ အလျင်နှင့် ယှဉ်ပါက များစွာ နှေးကွေးသွား လေသည်။

'' .......... ဖုန်း ''

တစ်ဆက်တည်းမှာပင် လှံရှည်သည် လင်းယွန်၏ နောက်ကျောသို့ ပြေးဝင်လာခဲ့ပြီး၊ ဓားသေတ္တာအား ထိမှန်သွား ခဲ့လေသည်။

'' ......... ''

ထို့နောက်တွင် လင်းယွန်းက လှံ၏ ပြင်းထန်သော စွမ်းအားကြောင့် ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့ပြီး၊ မြေပြင်ပေါ်သို့ စောက်ထိုးပြုတ်ကျသွားသည်။

ဤမြင်ကွင်းကြောင့် လျူမိသားစုဝင်များမှာ ဝမ်းသာအားရပင် ချက်ချင်း ဆိုသလို ပြေးလွှားသွားကြသည်။

သို့သော်၊ နဂါးသွေးမြင်းသည် သူ့ကျောပေါ်မှပြုတ်ကျလာသော လင်းယွန်အား ကိုက်ကာ ပြန်လည် တွန်းတင်လိုက်ပြီးနောက်၊ ဆက်လက်ပြေးလွှား သွားတော့သည်။

***

All Chapters