← Chapters

အကျပ်ရိုက်ခြင်း။

Vol. 6 Ch. 78

အကျပ်ရိုက်ခြင်း။

Vol. 6 Ch. 78

ထို့နောက်တွင် လင်းယွန်သည် ကပ်ဘေးသင့်ရွှေကြာပန်းထံမှ ပွင့်ချပ်တစ်ချပ်ကို ဖြုတ်ယူလိုက်ပြီး၊ အတန်ကြာအောင် စိုက်ကြည့် ငြိမ်သက်နေခဲ့သည်။

ဤပွင့်ချပ်သည် နတ်ဆိုးမီးလျှံကျား၏၊ နယ်မြေအတွင်းမှ စုပ်ယူထားသော မီးစွမ်းအင်များနှင့် နှိုင်းယှဉ်ပါက၊ ပို၍ ပြင်းထန်သန့်စင် နေခဲ့သည်။

ဟောင်ရှင်းအတားအဆီးကို ဖြတ်ကျော်ကာ ရှန်ရှင်း ဘုံအား ခြေချနိုင်ရန်၊ ထိုအခွင့်အရေးအား ဆုပ်ကိုင်သင့်သည်လော။ ထိုအတွေးသည် သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည်နှင့်၊ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေခဲ့သည်။

သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အမှိုက်တစ်စလို နိမ့်ကျခဲ့သော်လည်း၊ ရှန်ရှင်းဘုံကို ခြေချပြီးနောက်တွင် အစွမ်းထက်သော သိုင်းဝိညာဉ်ကို ဖြစ်တည် စေချင်ခဲ့သည်။

မကြာသေးမီအချိန်အတွင်း အဆင့်ချိုးဖြတ်မှုများ ဆက်တိုက်ဆိုသလို ရရှိခဲ့သောကြောင့်၊ သူ၏ အခြေခံအုတ်မြစ်မှာ တည်ငြိမ်သင့်သလောက် မတည်ငြိမ်ခဲ့သော်ငြားလည်း၊ ဒွါရခွန်နှစ်ပါးဆေးလုံးများ၏ အားဖြည့်မှုများ၊ သားရဲအမြုတေများနှင့် နှလုံးအားဖြည့်ဆေးလုံး များစွာသည် ထိုအားနည်းချက်များအား ဖြည့်စွက်ပေး ခဲ့လေသည်။

ကပ်ဘေးသင့်ရွှေကြာပန်းသည် ယခုအချိန်တွင် ပွင့်ချပ် တစ်ဆယ့်တစ်ချပ်သာ ကျန်ရှိခဲ့ပြီး၊ မီးစွမ်းအင်များအား သိပ်သည်းစွာ ထုတ်လွှတ် နေသည်။

" ငါ လုပ်ရမယ်...."

လင်းယွန်၏ မျက်ဝန်းများထဲတွင် ပြတ်သားသည့် အရိပ်အယောင်များ ထင်ဟပ်လာကာ၊ ကပ်ဘေးသင့်ရွှေကြာပန်းအား စုပ်ယူသန့်စင်ရန်၊ ပြင်ဆင်လိုက်သည်။ ရှန်ရှင်းနယ်မြေသို့ မရောက်ရှိနိုင်ပါက သေခြင်းတရားသည် စောစီးစွာ စောင့်ကြိုနေပေမည်။

'' .............. ''

လင်းယွန်က ဆုံးဖြတ်ချက်ချပြီးနောက်၊ ပွင့်ချပ်ကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ လက်တစ်ဖက်က ပွင့်ချပ်အထက်တွင် ရှိပြီး ကျန်တစ်ဖက်မှာ အောက်ဘက်တွင် ထားရှိကာ၊ မျက်လုံးများအား မှိတ်ထားလျက်၊ ပွင့်ချပ်၏ မီးဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် အတွက်၊ ယန်သန့်စင်ခြင်း နည်းစနစ်ကို ဖြန့်ကျက်လိုက်လေသည်။

'' ............... ''

ယန်စွမ်းအင်များက သူ့ခန္ဓာကိုယ် အတွင်းသို့ လှည့်ပါတ်သွားကာ၊ မရေတွက်နိုင်သော စွမ်းအင်များဖြင့် လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။ ထို့နောက်တွင် ကပ်ဘေးသင့်မီးကြာပန်း၏ ပွင့်ချပ်အား စတင် စုပ်ယူလိုက်ပြီးနောက်၊ ဒါန်တမ်အတွင်းရှိ စွမ်းအင်အစိုင်အခဲနှင့် (ရှန်ရှင်းမျိုးစေ့) ပေါင်းစည်းရန် ကြိုးစားလိုက်လေသည်။ သူက မီးစွမ်းအင်များအား စုပ်ယူရာတွင် အတွေ့အကြုံ ရှိခဲ့ပြီးဖြစ်ရာ၊ ယခုအကြိမ်တွင် များစွာ လွယ်ကူသင့်သော်လည်း၊ ၎င်းသည် ပြင်းထန်သော မီးစွမ်းအင်များကြောင့်၊ ပေါက်ကွဲ လောင်ကျွမ်း လုနီးနီး ပူလောင်နေလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ အတွင်းအင်္ဂါများပေါ်သို့ သက်ရောက်နေသော မီးစွမ်းအင်များကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ပြီး၊ ၎င်းဖြစ်စဉ်အောက်၌ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ထပ်မံ ပြုပြင် သန်စင်နေခဲ့သည်။

သူ့ခန္ဓာကိုယ်တစ်လျှောက် ရွှေရောင်တောက်ပနေသော၊ စွမ်းအင်များသည် သန့်စင်နေချိန်၌ပင် ပိုမို စုစည်းလာခဲ့ပြီး၊ ၎င်းတို့ အပေါ် ရှိ မီးတောက်များမှာ ရွှေရောင်ပိုးချည်မျှင်များကဲ့သို့၊ သိုင်းယှက် ထင်ဟပ်လာသည်။

'' အိုး..... ''

သွေးကြောများထဲတွင် စီးဆင်းနေသော စွမ်းအင်များ၏ အသံများကို ကြားနေရသည်။ နောက်တစ်စက္ကန့်တွင် သူ့လက်ဖဝါးပေါ်၌ မီးတောက်တစ်ခု ဖြစ်ပေါ်လာပြီး၊ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ထိုမီးမှတောက်လောင်နေသော အပူရှိန်သည် သူ့အဝတ်များအား လောင်ကျွမ်း ပြာကျသွားကာ၊ အနာရွတ်များစွာ ပြည့်နှက်နေသည့် လင်းယွန်၏ ခန္ဓာကိုယ်အား၊ နေရောင်အောက်၌ တောက်ပသွားစေသည်။

ပွင့်ချပ်အတွင်းမှ ခန္ဓာကိုယ်ထဲသို့ စီးဝင်ရောက်ရှိလာသော မီးစွမ်းအင်များမှာ ပို၍ အားကောင်းလာသည်ကို ခံစားသိရှိလိုက်သည်။ သို့သော် ကံကောင်းစေသည်မှာ၊ သူ၏ ယန်သန့်စင်ခြင်း နည်းစနစ်သည် ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက်တွင်၊ မီးစွမ်းအင်များအား ထိန်းချုပ်ရာ၌ ပိုမို ထိရောက်နေခဲ့သည်။

'' ဖျစ်..... ဖျစ်...... ''

နာရီအနည်းငယ်အကြာတွင် ခန္ဓာကိုယ်အတွင်းမှ ကွဲအက်နေသော အသံများကို ကြားနေရသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော မီးစွမ်းအင်များသည်၊ အဆုံးသတ် သန့်စင်ခြင်း လုပ်ငန်းကို လုပ်ဆောင် နေစဉ်မှာပင်၊ ဟောင်ရှင်း နဝမအဆင့် အတားအစီးအား ချိုးဖြတ်လိုက် လေသည်။

သတိမထားမိခင်မှာပင် တစ်ရက်ကျော် ကုန်လွန် သွားခဲ့ပေပြီ။ ဤကာလတစ်လျှောက်လုံးတွင်၊ သူ၏ ယန်စွမ်းအင်များသည် မီးစွမ်းအင်များနှင့် တဖြည်းဖြည်း ရောနှောသွားခဲ့ကာ၊ အသက်ဓါတ်များ ပြည့်လျှံလာလေသည်။

'' ဝှစ်.... ''

ရုတ်တရက် သိုင်းခြုံထားသော မီးတောက်များသည် သူ့လက်ဖဝါးပေါ်သို့ ဆုတ်ခွာစုရုံးလာပြီး၊ အဆုံး၌ တံဆိပ်တစ်ခုကဲ့သို့ စိမ့်ဝင်ပျောက်ကွယ်သွားသည်။

လင်းယွန်၏ မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါတွင် သူ့လက်ဖဝါးပေါ်၌ ကြာပန်းသဏ္ဍာန် အနာရွတ်တစ်ခု ထင်ကျန်ရစ် ခဲ့လေသည်။ လင်းယွန်က အံသြသွား၏။ ၎င်းသည် အနည်းငယ်သာ ဝိုးတဝါး တွေ့မြင်နိုင်ပြီး၊ လုံလောက်စွာ အာရုံမစိုက်ပါက ထိုကြာပန်းကို၊ သတိပြုမိနိုင်မည် မဟုတ်ပေ။

မှတ်တမ်းများအရ ဟောင်ရှင်းသိုင်းသမားတစ်ယောက်သည်၊ ကပ်ဘေးသင့်ရွှေကြာပန်အား ကောင်းစွာ စုပ်ယူနိုင်ပါက၊ ရှန်ရှင်းဘုံသို့ခြေချသည့်အခါတွင် ကောင်ကင်ဘုံကိုးခုအား မီးရှို့လာနိုင်သည်အထိ၊ သန်စွမ်းလာနိုင်ပေမည်ဟု ဆိုထားခဲ့ရာ၊ လင်းယွန်က ၎င်းသည် ချဲ့ကားမှုတစ်ခုအဖြစ်သာ ယူဆထားမိလေသည်။ သို့သော် ယခုအချိန်၌ ထိုအတွေးအား သံသယ ဝင်လာမိခဲ့ ပေသည်။

" ...ဆိုတော့ ဒီကောလဟာလက မှန်မမှန်၊ ငါ... စမ်းကြည့်ရင် သိလိမ့်မယ်။... "

ထို့နောက်တွင် လင်းယွန်က ကျေနပ်စွာပြုံးလျက် ကပ်ဘေးသင့်ရွှေကြာပန်း၏ ဒုတိယပွင့်ချပ်အား ထပ်မံထုတ်ယူကာ စတင် စုပ်ယူလိုက်သည်။

သူက ပွင့်ချပ်များကို စုပ်ယူရာတွင် အတွေ့အကြုံ ရှိပြီးသား ဖြစ်ပြီး၊ ဒုတိယအကြိမ်မြောက် စုပ်ယူရာတွင် ပိုမိုကျွမ်းကျင် လာခဲ့သော်ငြားလည်း၊ ၎င်းသည် ပို၍ စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း သဘောပေါက်လိုက်မိသည်။

သိပ်မကြာခင်မှာပင် သူ့လက်အတွင်းမှ မျှော်လင့်ထားသည့်အတိုင်း၊ နောက်ထပ် ပွင့်ချပ် တစ်ခုသဏ္ဍာန် ဖြစ်ပေါ်လာသည်။ ၎င်းဖြစ်ရပ်သည် တစ်စုံတစ်ခု မူမမှန်ခဲ့သည်ကို သံသယဝင်မိလာကာ၊ သူ့မျက်လုံးများတွင် ပဟေဠိများဖြင့် တဖျပ်ဖျပ်ဖျပ်တောက်ပသွားသည်။ သို့သော် ထိုသို့သော ထူးဆန်းသည့် ခံစားမှုများအတွက်၊ ကောက်ချက်ချရန် အထောက်အထား မရှိပေ။ တက်နိုင်သည်မှာ သူလုပ်စရာရှိသည်အား၊ ဆက်လက် လုပ်ဆောင်ရန်အတွက်၊ ထပ်မံ လုပ်ဆောင်ရန်သာ ဖြစ်သည်။

ဆက်လက်ပြီး တတိယပွင့်ချပ်ကို စတင် စုပ်ယူလိုက်သည်နှင့်၊ ယခင် အကြိမ်များ နှင့်ယှဉ်လျှင် အရာများစွာသည် သူ့အတွက် ပိုမိုခက်ခဲလာသည်။ သူ့ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းနေသော မီးစွမ်းအင်များမှာ၊ တစ်စတစ်စ သိပ်သည်း ပြည့်နှက် သွားလေသည်။

သို့သော် ထိုတတိယပွင့်ချပ်ကို စုပ်ယူပြီးနောက်တွင်၊ ညာလက်၏ နောက်ကျော၌ ကြာပန်းသဏ္ဍာန် ပွင့်ချပ်များ ထပ်မံ ဖွဲ့တည်လာကာ၊ ၎င်းဖြစ်စဥ်သည် ထူးခြားသော ခံစားမှုတစ်ခုနှင့်အတူ သူ၏ စိတ်ဝိညာဉ်များအား စုပ်ယူသွားခဲ့ခြင်း ဖြစ်၏။

" ဒါဆို ပွင့်ချပ်က ငါ့ခန္ဓာကိုယ်ထဲက သွေးအဆီအနှစ်တွေကို စုပ်ယူပြီး ထွက်ပေါ်လာခဲ့တာပေါ့....''

ထိုလျှို့ဝှက်ချက်ကြောင့် လင်းယွန်က အံသြသွားသည်။ ၎င်းခံစားမှုသည် တုန်လှုပ်ချောက်ချားလာစေပြီး၊ ကျောရိုးတစ်လျှောက် အေးစက်သော အငွေ့အသက်ကို စိမ့်တက် ခံစားလိုက်ရ၏။

အကယ်၍သာ သူသည် ပွင့်ချပ်များကို ဆက်လက်စုပ်ယူနေပါက၊ သေချာသည့်အရာမှာ သူ့သွေးအဆီအနှစ်များနှင့် စိတ်ဝိညာဉ်များမှာ လုံးလုံးလျားလျား ကုန်ဆုံးသွားပေလိမ့်မည်။ ထိုအချိန်တွင် လင်းယွန်၏ ခန္ဓာကိုယ်မှာ ကပ်ဘေးသင့်ရွှေကြာပန်းအတွက် ရုပ်သေးရုပ် ဖြစ်လာနိုင်လေသည်။

ဤသို့သော အမည်မသိ တစ်စုံတစ်ရာသည် လင်းယွန်အား ထိတ်လန့်သွားစေပြီးနောက်တွင်၊ ဆက်လက်စုပ်ယူရန် မဝံ့မရဲဖြစ်လာ မိသည်။

နောက်ဆုံးတော့၊ ၎င်းဖြစ်စဉ်သည် မှတ်တမ်းအတွင်း၌ မပါရှိခဲ့ချေ။ ထိုမှတ်တမ်းတွင်သာ ပါရှိခဲ့ပါက၊ ဤထူးခြား ဆန်းကြယ်သည့် ဖြစ်စဉ်အတွက် သူက အလွန်စိုးရိမ်မည်မဟုတ်ချေ။

လင်းယွန်က သူ့လက်ခုံပေါ်ရှိ ကြာပန်းသဏ္ဍာန် ပွင့်ချပ် သုံးချပ်အား ကြည့်ကာ၊ လေးလေးနက်နက် တွေးတောမိသွားသည်။

အမှန်တကယ်တွင် ကပ်ဘေးသင့်ရွှေကြာပန်း၌ မည်သည့် အသိဉာဏ်မှ မရှိချေ။ ထို့ကြောင့်ပင် လင်းယွန်အား ရုပ်သေးရုပ် တစ်ရုပ်အဖြစ် ပြောင်းလဲ ထိန်းချုပ်နိုင်ခြင်း မရှိသော်ငြားလည်း၊ ၎င်းစွမ်းအင်သည် ဟောင်ရှင်း သိုင်းသမားတစ်ဦးအတွက် လက်ခံနိုင်သည် ထက်ပိုနေခဲ့ကာ၊ တစ်စုံတစ်ယောက်သည် အကန့်အသတ်မရှိ ကြာပန်းပွင့်ချပ်များကို အကုန်အစင် စုပ်ယူလိုက်မည် ဆိုပါက၊ သေခြင်းတရားက ထိုတစ်စုံတစ်ယောက်အား စောင့်ကြို နေပေလိမ့်မည်။

ကပ်ဘေးသင့်ရွှေကြာပန်းသည် ရှားပါးသော်လည်း ရှာတွေ့ရန် မဖြစ်နိုင်ဟု မဆိုလိုပေ။ ကျင့်ကြံခြင်းလောကတွင် လူများစွာသည်၊ ၎င်းတို့၏ သားစဉ်မြေးဆက်များကို ရှန်ရှင်းနယ်မြေ အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသောအခါတွင်၊ ထူးကဲသော စွမ်းရည်အား ပိုင်ဆိုင်လို ခဲ့ကြသည်။

ထို့အတွက်ကြောင့် လူများစွာသည် ကပ်ဘေးသင့် ရွှေကြာပန်းများအား ရှာဖွေခဲ့၏။ သို့သော် ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့် မည်မျှပင် ရှိစေကာမူ၊ မီးစွမ်းအင်များအား သူတို့၏ ခန္ဓာကိုယ်များတွင် ထိန်းသိမ်းထားရန်မှာ ခက်ခဲလွန်း လှပေသည်။

အနည်းငယ်သော မီးဝိညာဉ်အခြေခံခန္ဓာကိုယ် ဖွဲ့စည်းပုံရှိသူ အချို့သည်သာ၊ အောင်မြင်စွာ သန့်စင် စုပ်ယူနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ မအောင်မြင်သော သူများသည် သူတို့၏ အသက်ဖြင့်သာ ပေးဆပ် ကြရပေလိမ့်မည်။

ထိုကောလဟာလများကြောင့်ပင် ကြိုးစားဝံ့သူသည် အလွန်နည်းပါးပေ၏။ တစ်စုံတစ်ယောက်သည် ပထမအနေဖြင့်၊ ကပ်ဘေးသင့်ရွှေကြာပန်းအား ရှာတွေ့ရန် မလွယ်ကူချေ။ ဒုတိယအနေနှင့် ပေါက်ကွဲလုမတက် အပူဒဏ်ကို ကြိတ်မှတ်ခံစားကာ၊ ထိုဝေဒနာကို ဖြတ်သန်းနိုင်ရပေမည်။ နောက်ဆုံးအနေနှင့် လုံလောက်သော သွေးအဆီအနှစ်ကို ပေးအပ်နိုင်ရမည် ဖြစ်ကာ၊ ကပ်ဘေးသင့် ရွှေကြာပန်း၏ ဆန္ဒကို ဖြည့်စည်းရန် ခံနိုင်ရည်ရှိနိုင်သူလည်း ဖြစ်ရပေမည်။

ထိုအချိန်မှစ၍ ကပ်ဘေးသင့်ရွှေကြာပန်းအား အောင်မြင်စွာ စုပ်ယူရန် မည်သူမျှ မကြိုးစားခဲ့ပေ။ တစ်စုံတစ်ရာသော ကံကောင်းမှုအချို့ကြောင့် တွေ့ရှိလျှင်ပင်၊ ပွင့်ချပ် အနည်းငယ်သာ စုပ်ယူနိုင်မည် ဖြစ်သည်။

သို့သော်လည်း လင်းယွန်သည် ချွင်းချက်ဖြစ်သည်။ သူ၏ စွမ်းအင် ကျင့်ကြံခြင်းဆိုင်ရာ နည်းစနစ်တစ်ခုဖြစ်သော ယန်သန့်စင်ခြင်း နည်းစနစ်အား၊ ဟောင်းရှင်းနယ်ပယ်ကို ဖြတ်ကျော်ကာ ရှန်ရှင်း ဒုတိယအဆင့်ထိ အောင်မြင်ထားခဲ့ပြီး၊ ၎င်းနည်းစနစ်သည် ကောင်းကင်တုန်လုလု ရလာဒ်ကို ဖြစ်ပေါ်လာစေမည့်အပြင်၊ မီးစွမ်းအင်များအား သန့်စင်ထိန်းချုပ်ရာ၌ အထူးပြု တီထွင်ထား သကဲ့သို့ပင်၊ များစွာ လိုက်ဖက်ညီ နေခဲ့သည်။

သာ၍ အရေးအကြီးသည်မှာ၊ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း ဆေးလုံးများ ဖြစ်၏။ ထိုဆေးလုံးများသည် သဘာဝ ရတနာများနီးနီး ရှားပါးကာ၊ ဟောင်ရှင်း သိုင်သမားများအတွက် အသုံးပြုရန် ရည်ရွယ်ခြင်း မဟုတ်ခဲ့ပေ။

အကယ်၍ လင်းယွန်သည် ရှန်ရှင်းနယ်မြေသို့ ရောက်ပြီးနောက်မှသာ၊ ၎င်းကို စားသုံးခဲ့မည်ဆိုလျှင်၊ ဒွါရခွန်နှစ်ပါးအား သန့်စင်ပြီးသည်နှင့် ထိုဒွါရခွန်နှစ်ပါးစလုံးတွင်၊ အစိမ်းရောင်နဂါးများ စောင့်ကြပ်လာပေလိမ့်မည်။ ထိုအချိန်တွင်၊ သူ၏ သိုင်းဝိညာဉ်သည်လည်း နဂါးခွန်နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပေသည်။

သို့သော်၊ ဆုစီယာသည် ဤမျှ အစွမ်းထက်သော ရတနာအား ဟောင်ရှင်းဘုံ၌ ရှိနေစဉ်မှာပင်၊ အသုံးပြုပေးခဲ့သည်။ ၎င်းသည် သူ၏ ညံ့ဖျင်းသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ဖြစ်ပြီး၊ အကယ်၍ သူသည် ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း ဆေးလုံး ခွန်နှစ်လုံးကို မစားသုံးခဲ့ရပါက၊ ရှန်ရှင်းဘုံအား ခြေချရောက်ရှိရန် အခွင့်အရေး ရှိခဲ့မည် မဟုတ်ပေ။

ယခုအချိန်၌ အရာအားလုံးသည် အဆင်ပြေချောမွေ့လာပြီး၊ လက်ရှိ အောင်မြင်မှုများ အရ လင်းယွန်အား မဟာချင်အင်ပါယာ တစ်ခုလုံးတွင်ပင်၊ ဟောင်ရှင်းနယ်ပယ်၌ ယှဉ်ပြိုင်နိုင်မည့်သူ မရှိချေ။

'တောင်ပိုင်းရှေးဟောင်းကုန်းမြေကြီး' တစ်ခုလုံးတွင်ပင်၊ သူ့အား စိန်ခေါ်နိုင်မည့် ပြိုင်ဘက် တစ်ယောက်မျှပင်၊ မရှိနိုင်သည်မှာ သေချာပေမည်။ သို့သော် ၎င်းသည် ဟောင်းရှင်းဘုံ၌ ရှိနေစဥ် ကာလအတွင်းသာ ဖြစ်ပြီး၊ ထိုအရာသည် ရှန်ရှင်းဘုံ၌ ထပ်မံ၍ အောင်မြင်မှုများ ရရှိနိုင်မည်ဟု မဆိုလိုပေ။ ရှန်ရှင်းဘုံ၌ သန်မာလိုပါက သူကိုယ်တိုင် စွန့်စားမှုများ ပြုလုပ်ရန် လို၏။

ထိုအချိန်တွင် လျူမိသားစုမှ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည်၊ ပတ်ဝန်းကျင် သစ်တောများကို လှည့်ပတ်ရှာဖွေနေခဲ့ကြသည်။

'' အကိုကြီး၊ ဒီကောင်က နဂါးသွေးမြင်းနဲ့များ ထွက်ပြေးသွားပလား...''

လျူထန်သည်လည်း လျူတျန်းစကားကို ပြန်လည် တုန့်ပြန်ချင်း မရှိပဲ၊ စိုးရိမ်ပူပန်နေခဲ့သည်။ နောက်ဆုံးတွင်၊ လွန်ခဲ့သည့် သုံးရက်လုံးလုံး လင်းယွန်၏ အရိပ်အယောင်ကို မျှပင် ရှာမတွေ့ခဲ့ကြပေ။

" မဖြစ်နိုင်ဘူး၊ နဂါးသွေးမြင်းရဲ့ ခြေရာတွေကို ငါတို့ တွေ့ခဲ့ပြီးပြီ၊ ထင်ကျန်ရစ်ခဲ့တဲ့အတိမ်အနက်အရ သူ့ကျောပေါ် ဘယ်သူမှပါသွားပုံ မရဖူး၊ ဒီကောင်က ဒဏ်ရာကြောင့် သုံးရက်လုံးလုံး ဒီတောထဲမှာ ရှိနေတုန်းပဲ၊ "

လျူထန်၏ မျက်နှာတွင် ဖုံးလွှမ်းနေသော လူသတ်ချင်သည့် ရောင်ဝါများကြောင့်၊ လျူမိသားစုဝင်များမှာ စကားတစ်ခွန်းမှ မပြောဝံ့ပေ။ သူတို့၏သခင်ကြီးသည် ပါးစပ်မှ သွေးများ အန်ကျလာသည်အထိ ဒေါသထွက်နေခဲ့မှန်း၊ လူတိုင်းသိရှိ ထားကြသောကြောင့် တိတ်ဆိတ် နေမိလေသည်။

'' ..... မိုင်တစ်ရာပတ်လည်အတွင်း သစ်ပင်တစ်ပင်မှ ငါ မတွေ့ချင်ဘူး၊ ဒီကောင် ဘယ်လို ဆက်ပြီး ပုန်းနေမလဲဆိုတာ ငါကြည့်မယ် ..... ''

လျူထန်က ခေတ္တမျှ စဉ်းစားပြီးနောက်၊ အမိန့်ပေးသံနှင့်အတူ တောအုပ်အတွင်းသို့ မျှော်ကြည့် လိုက်လေသည်။

***

All Chapters