← Chapters

ရှန်ရှင်း နယ်မြေ။

Vol. 6 Ch. 79

ရှန်ရှင်း နယ်မြေ။

Vol. 6 Ch. 79

လင်းယွန်သည် မျက်ခုံးနှစ်ဖက်ကို ထိစပ်လုမတက် တွန့်ခေါက်ထားကာ၊ သစ်ကိုင်းပေါ်တွင် ထိုင်နေသည်။ သူ့လက်ဖမိုးပေါ်ရှိ ပွင့်ချပ်သုံးပွင့်ကို ကြည့်ပြီး အကျပ်ရိုက်သွားသည်။

ကပ်ဘေးသင့်ရွှေကြာပန်းသည် သူအား ထိန်းချုပ် သွားနိုင်မည်ကို စိုးရိမ်နေခဲ့သည်။ အချိန် အတော်ကြာကြာ ငြိမ်သက် စဉ်းစားနေစဉ်၊ သူ့မျက်လုံးများကို မှိတ်ထား လိုက်မိလေသည်။

နောက်ဆုံးတွင်၊ နတ်ဆိုးမီးလျှံကျား၏ သားရဲအမြုတေသည် သူ၏ လက်ရှိ အခြေခံအုတ်မြစ်ဖြင့် ရှန်ရှင်းဘုံသို့ ရောက်ရှိရန် မလုံလောက်ချေ။

လင်းယွန်၏ အတွေးများသည် ပိုင်းဖြတ်ထားလိုက်ဟန်ဖြင့် မျက်လုံးများ ပွင့်လာသည်။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ ထွက်လာပြီးနောက်တွင် ရှေ့ဆက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ သူက အန္တရာယ်တွေကိုတောင် မဝံ့ရဲဘူးဆိုရင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းကို ပြန်သွားပြီး၊ ကျန်သည့် ဘဝတစ်လျှောက်လုံးအား ထိုနေရာတွင် ကုန်ဆုံးစေသည်ကပင် သာ၍ ကောင်းလှပေမည်။

ထို့ကြောင့်ပင် ဆုံးဖြတ်ချက် တစ်ခုချပြီးသောအခါ ကပ်ဘေးသင့်ရွှေကြာပန်းမှ စတုတ္ထပွင့်လွှာကို ဆွဲဖြုတ်ယူလိုက်ကာ၊ အံကြိတ်လျက် လက်ဖဝါးကြားမှ ပွင့်ချပ်အား နောက်တစ်ကြိမ် စုပ်ယူရန် ပြင်လိုက်သည်။

ခဏချင်းတွင်းမှာပင် မီးတောက်များက လင်းယွန်အား ဖုံးလွှမ်းသွားကာ၊ သူ၏ မျက်နှာပေါ်တွင် မကြုံစဖူးသော ငြိမ်သက်မှုတစ်ခုကို မြင်တွေ့နေရသည်။

မီးစွမ်းအင်များ လှည်ပါတ် စီးဆင်းနေမှုများအောက်တွင်၊ သူ၏ စွမ်းအင်များ ပိုမိုသန့်စင်လာသည် နှင့်အမျှ၊ သူ၏ သွေးပြန်ကြောများမှ တဆင့် ဒါန်တမ်အတွင်းသို့ ဦးတည်သွားသည်ကို ခံစားနိုင်ခဲ့သည်။

ပွင့်ချပ်သုံးချပ်ကို စုပ်ယူပြီးနောက်တွင် သူ့ခန္ဓာကိုယ်သည် ပြီးပြည့်စုံသော ပြုပြင်မှုများ လုပ်ဆောင်နိူင်ခဲ့ပြီး၊ ယခု စတုတ္ထပွင့်ချပ်ကို စုပ်ယူလိုက်ရာ မီးစွမ်းအင်များ အထပ်ထပ် ပြည့်လျှံလာကာ၊ အဆုံး၌ ၎င်းစွမ်းအင်များသည် သွားစရာ တစ်စုံတစ်ရာအား ရှာတွေ့ သွားသကဲ့သို့၊ ဒါန်တမ်အတွင်းသို့ လျင်မြန်စွာ စီးဆင်းသွား လေသည်။

တစ်ချိန်တည်းမှာပင် သူခံစားနေရသည့် ဝေဒနာများမှာလည်း ပို၍ တိုးလာခဲ့သည်။ သို့သော်၊ လင်းယွန်က သူ၏ လက်ဖဝါးပေါ်ရှိ ပွင့်ချပ်များကို စုပ်ယူသန့်စင်ရန် အတွက်သာ၊ စွမ်းအင်စီးကြောင်းကို လည်ပတ် အာရုံစိုက် ထားခဲ့ရသဖြင့် နာကျင်မှုအား မေ့ပျောက်လုနီးနီး ဖြစ်နေလေပြီ။

နောက်စက္ကန့်ပိုင်းလေးအတွင်း သူ့လက်ဖဝါးပေါ်ရှိ ပွင့်ချပ်မှာ ပျောက်ကွယ် ပြိုကွဲသွားပြီး၊ လက်ဖမိုးပေါ်တွင် ထိုပွင့်က သူ့ကိုယ်သူ ပုံသွင်းနေချိန်၌ လင်းယွန်၏ သွေးအဆီအနှစ်အား စုပ်ယူသွားသည်။

မီးတောက်များ ပျောက်ကွယ်သွားသောအခါ လင်းယွင်၏ ခန္ဓာကိုယ်သည် သိသိသာသာ ကျုံ့ဝင်သွားသည့် အပြင်၊ မောပန်းနွမ်းနယ်နေဟန်ဖြင့် မျက်လုံးများ မှိတ်လျက် ငြိမ်သက်သွား၏။

" ဆက်သွားမယ် ......"

လင်းယွန်က မဆိုင်းမတွဘဲ ဆက်၍ ကြာပန်းမှ နောက်ထပ် ပွင့်ချပ်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ နာကျင်မှုများ ထပ်တိုးလာသည် နှင့်အမျှ စွမ်းအင်များမှာ ပိုမိုသန့်စင်လာကာ၊ ဒါန်အတွင်းရှိ စွမ်းအင်အစိုင်အခဲ ထံသို့ ဆက်လက် တိုးဝင်သွားပြီး၊ ၎င်းအစိုင်အခဲသည် အပူပေးခံရသကဲ့သို့ ပို၍ ကျစ်လစ် သန့်စင်လာခဲ့သည်။

အလားတူဖြစ်စဉ်ကို ထပ်ခါထပ်ခါ ပြုလုပ်နေသဖြင့် နေ့ရက်များစွာ ကုန်ဆုံးသွားခဲ့သည်။ ပဉ္စမမြောက်နေ့တွင် ကပ်ဘေးသင့်ရွှေကြာပန်း၌ ပွင့်ချပ်နှစ်ချပ်သာ ကျန်ရှိတော့သည်။ ထိုအချိန်တွင် လင်းယွင်၏ ခန္ဓာကိုယ်မှာ အလွန်ကျုံ့သွားကာ၊ အရိုးစုတစ်ခု အဖြစ်သာ ငြိမ်သက်နေခဲ့ပြီး၊ ယခုအချိန်၌ သူသည် ဟောင်ရှင်း ဒဿမအဆင့် အကန့်အသတ်ကို တို့ထိမိနေပြီဟု ခံစားနေရသည်။

ထို့နောက်တွင် လက်ဖဝါးအတွင်းရှိ ကြာပန်းပွင့်ချပ်ကို ငေးကြည့်ကာ ခဏတွေဝေနေမိသည်။ လက်ရှိပွင့်ချပ်အား ထပ်မံ စုပ်ယူပါက လမ်းကြောင်းနှစ်ကြောင်းဖြင့် ရင်ဆိုင်ရပေမည်။ သေခြင်းနှင့် ရှင်ခြင်း။ ၎င်းသည် စကားလုံး နှစ်လုံးထဲသာရှိပြီး များစွာ ကျယ်ပြောလှပေသည်။

ထို့အပြင် ယခုအကြိမ်စုပ်ယူမှုသည် ကပ်ဘေးသင့်ရွှေကြာပန်းအား ပြီးပြည့်စုံစွာ စုပ်သန့်စင်ခြင်းဖြစ်ပြီး၊ ကျရှုံးခဲ့ပါက ပေါက်ကွဲ သေဆုံးနိုင်ပေမည်၊ သို့သော် အောင်မြင်ခဲ့ပါက ထိုရလာဒ်သည် ကြောက်စရာကောင်းလွန်းသည့်အနာဂါတ်ကို ပိုင်ဆိုင် ရရှိနိုင်သည်။

" ငါ....သေလို့မရသေးဖူး၊ ကောင်းကင်က ငါ့အသက်ကို လိုချင်ရင်တောင် ကောင်းကင်ကိုဆန့်ကျင်ရမယ်၊ ''

လင်းယွန်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ သူ့ရင်ထဲ၌ အထီးကျန် ဆန်မှုများနှင့်အတူ အကြီးအကဲဟောင်အတွက် လက်စာချေလိုခဲ့ပြီး၊ ဆုစီယာအား ထပ်မံတွေ့ဆုံရန် ဆန္ဒများ ပြင်းပြနေခဲ့သည်။

'' ........ဆက်သွားမယ် ''

ထို့ကြောင့်ပင် အဆုံးထိသွားရန် ပြတ်သားစွာဆုံးဖြတ်လိုက်ပြီး၊ သူ၏ လက်ဖဝါးပေါ်ရှိ နောက်ဆုံးပွင့်ချပ်အား စတင် စုပ်ယူလိုက်သည်။ ခဏချင်းမှာပင် သူ့ခန္ဓာကိုယ်သည် အချိန်မရွေး ပြိုလဲသွားနိုင် သကဲ့သို့တုန်ယင်လာ၏။ ဤတစ်ကြိမ်သည် သူ့အတွက် နောက်ဆုံးအကြိမ် သန့်စင် စုပ်ယူခြင်းဖြစ်ကာ၊ အောင်မြင်ခဲ့ပါက ကပ်ဘေးသင့်ရွှေကြာပန်းအား အောင်မြင်စွာ သန့်စင်နိုင်ပေသည်ဟုဆိုလိုသည်ကို သိရှိနေခဲ့သည်။

('' .....ဆိုတော့ ဒီဖြစ်စဉ်မှာမင်းက နောက်ဆုံးပွင့်ချပ်ပဲပေါ့.... အောင်မြင်မှုကျရှုံးမှုက မင်းပဲပေါ့... '')

နောက်ဆုံးပွင့်ချပ်ကို သန့်စင်ခြင်းသည် လင်းယွန် အတွက် ပိုမို မြန်ဆန်လှသည်။

အဆုံးတွင်၊ သူသည် မီးဝိညာဉ်စွမ်းအင်ကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူ့ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ လောင်ကျွမ်းနေချိန်တွင် စောင့်ကြည့်နေခြင်းသာ တက်နိုင်ခဲ့သည်။

'' ............. ''

သူ့အရိုးများသည် မုန်တိုင်းဒဏ်ခံနေရသော ကောက်ရိုးများကဲ့သို့ ယိုင်နဲ့ ကွဲအက်ကုန်၏။ အသိစိတ်တွေသည်လည်း တဖြည်းဖြည်း မှုန်ဝါးလာသည်။ သူ့ကိုယ်သူ ဆက်ထိန်းထားနိုင်စွမ်းမဲ့လာကာ အလိုက်သင့် မျောပါ နေခဲ့သည်။

'' ဖျစ်.......

အချိန်တွေကြာလာသည်နှင့်အမျှ လက်ဖဝါးပေါ်ရှိ ပွင့်ချပ်မှာ တဖြည်းဖြည်း ကွယ်ပျောက်သွားကာ၊ မီးတောက်အဖြစ်သို့ ပြောင်းလဲသွားပြီး လင်းယွန်း၏ လက်ဖမိုးဆီသို့ စုစည်းမိသွား၏။

ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် လင်းယွန်သည် မီးလောင်နေသော မီးဖိုတစ်ခုလို သူ့ခန္ဓာကိုယ်၌ နာကျင်စွာ ခံစားလိုက်ရသည်။ ပွင့်ချပ်က သူ့၏ နောက်ဆုံး သွေးအဆီအနှစ်ကို ဝါးမျိုလိုက်ချိန်မှာတော့ သူ့ရုပ်ပိုင်းဆိုင်ရာသည် ပျော့ညံ့စွာ ယိမ်းထိုးနေလေသည်။

'' ....ဝူးရှ်....... ''

အားနည်းသော မီးတောက်က ရုတ်တရက် ငြိမ်းသွားပြီး လင်းယွန်၏ သွေးသားစွမ်းအင်များကို အရူးအမူး စုပ်ယူသွားသည်ကို မြင်တွေ့လိုက်ရသည်။

သို့သော် လင်းယွန်သည် သူ၏ အဆုံးသတ်ကို သက်ပြင်းချ စောင့်ကြည့်နေစဉ်မှာပင်၊ ဆယ်ခုမြောက် ပန်းပွင့်ချပ်သည် သူ့လက်ဖမိုးတွင် ဖြစ်ပေါ်လာပြီး၊ မီးကြာပန်းသဏ္ဍာန်သို့စုပေါင်းသွားကာ၊ ရွှေရောင်အဆင်းများ တောက်ပသွားလေသည်။ ထိုမြင်ကွင်းကြောင့် လင်းယွန်မှာ ထခုန်မတက် ပျော်ရွှင်သွားမိသည်။

'' ............. အို ဒါက အောင်မြင်စွာ သန့်စင်နိုင်ခြင်းရဲ့ပုံသဏ္ဍာန်ပေါ့ ''

ရုတ်တရက် ပိန်ချုံးကျနေသော ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်သည် တစ်ဖန် ပြန်လည်ရှင်သန်လာပြီး၊ ကပ်ဘေးသင့်ရွှေကြာပန်းသည် သူ၏ ကိုယ်ခန္ဓာအား အဆင့်သစ်တစ်ခုသို့ ယူဆောင်လာကြောင်းကိုလည်း ခံစားသိရှိလိုက်သည်။ လင်းယွန်၏သွေးများသည် ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်စွာ လျှံတက်လာပြီး သူ့အား တုန်လှုပ်သွားစေခဲ့သည်။

သို့သော် သူသည် ရှန်ရှင်းဘုံဟုခေါ်သော အောင်မြင်မှုပန်းတိုင်သို့ မရောက်သေးမီ တည်ငြိမ်နေရမည်ကို သတိချပ် လိုက်မိသည်။

'' ........ ''

ထို့နောက်တွင် ယန်သန့်စင်ခြင်း နည်းစနစ်အားဖြန့်ဝေလိုက်ပြီး၊ သွေးအတွင်းရှိ အညစ်အကြေးများအား ထပ်မံ သန့်စင်လိုက်ရာ၊ ယန်စွမ်းအင်များတွင် ရွှေရောင်အဆင်းများ တရိပ်ရိပ် တောက်ပလာလေသည်။ တစ်ဆက်တည်းမှာပင် ၎င်းစွမ်းအင်များသည်သူ၏ ဒါန်တမ်အတွင်းသို့ စီးဝင်လာခဲ့ပြီး၊ စွမ်းအင် အစိုင်အခဲအား ထပ်မံ ရစ်သိုင်းလိုက် ပြန်သည်။

'' ဘုန်း....... ''

ရုတ်တရက် ထိုစွမ်းအင် အစိုင်အခဲမှာ လင်းယွန်၏ စွမ်းအင်များအား စုပ်ယူနိူင်ခြင်း မရှိတော့သည်ဖြစ်ရာ၊ ၎င်းသည် ရေနွေးပွက်ပွက်ဆူသည့်အိုးထဲ ထည့်ပြုတ်ခံရသကဲ့သို့ အငွေ့ပြန် လာခဲ့လေသည်။

'' ....... ''

ထို့နောက်တွင် ၎င်းစွမ်းအင်အစိုင်အခဲထံ(ရှန်ရှင်းမျိုးစေ့)မှ စူးရှတောက်ပသော အလင်းရောင်တန်းများ ထွက်ပေါ်လာကာ၊ ဤအလင်းရောင် နှင့်အတူ သူ၏ ခန္ဓာကိုယ်ဖွဲစည်းပုံသည်လည်း တရွေ့ရွေ့ ပြောင်းလဲလာ ခဲ့လေသည်။

ယခုအချိန်တွင် သူ၏ ရှန်ရှင်းမျိုးစေ့အား ချိုးဖြတ်ကာ၊ ရှန်ရှင်းဘုံဆီသို့ စတင် တိုးဝင်နေခဲ့လေပြီ။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ့ရင်ဘတ်နေရာ လွတ်တစ်နေရာ၌ ခြောက်မြှောင် ကြယ်တစ်ပွင့် ဖြစ်တည်လာလေသည်။ ၎င်းသည် ရှန်ရှင်းနယ်ပယ်၏ ဒွါရခွန်နှစ်ပါးအား ရည်ညွှန်းသော ကြယ်တစ်ပွင့်ဖြစ်ပေသည်။ ထိုကြယ်၏ ထောင့်ခြောက်ထောင့်သည် မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ ခြေ၊ လက်နှင့် နှလုံးတို့ကို ကိုယ်စားပြုသည်။

ရှန်ရှင်းဘုံ၌ ၎င်းတို့အား တစ်ဆင့်ချင်းစီ သန့်စင်ရပေမည်။ ထို့ကြောင့် ယခုအချိန်တွင် လင်းယွန်သည် ဒွါရခြောက်ပါးအတွင်းမှ ဖြစ်သော မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်၊ ခြေ၊ လက် တို့အား ကြိုက်နှစ်သက်ရာ ရွေးချယ် သန့်စင်နိုင် ပေမည်။ ထိုအတွင်းမှ နှလုံသားသည် နောက်ဆုံး အဆင့်၌သာ ရွေးချယ်နိုင်၏။

ဥပမာအားဖြင့်ဆိုရသော် မျက်စိအား သန့်စင်လိုက်ပါက၊ အမြင်အာရုံကို ပိုမိုအားကောင်းလာစေကာ၊ မီတာများစွာ အတွင်းရှိ အရာအားလုံးကို ပြတ်ထင်စွာ ဖမ်းဆုပ်နိုင်ပေမည်။နားသည် အကြားအာရုံကို မြှင့်တင်ပေးနိုင်ပြီး၊ နှာခေါင်းသည် အနံ့များအား ပိုမိုခွဲခြားသိမြင်လာ နိုင်သည်။

ပါးစပ်သည် အသက်ရှုခြင်းအားဖြင့် စွမ်းအင်များကို ဖြည့်စွမ်းနိုင်ပြီး၊ သေခြင်းအား ဆွဲဆန့်နိုင်ကာ၊ နောက်ဆုံး နှလုံးသားသည် ပထမအင်္ဂါများအား ပြီးပြည့်စုံအောင် သန့်စင်ပေးခြင်း မည်၏။

ထို့ကြောင့် ရွေးချယ်စရာခြောက်ခုအား အချိန်အတော်ကြာ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ သူသည် ဓားတာအိုကို ဖွဲ့စည်းပြီးနောက် သေခြင်းသည် မျက်တောင်တစ်ခတ် စာအတွင်း၊ ရောက်ရှိ လာနိုင်သည်ကို သိရှိထားခဲ့ရာ၊ မျက်စိအား သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ ဓားသမားတစ်ယောက်သည် တိုက်ပွဲအတွင်း၌ ပြိုင်ဘက်၏ အားနည်းချက်အား လျင်မြန်စွာ ရှာဖွေနိုင်ရန်မှာ များစွာ အရေးပါလှပေသည်။

'' ............. ''

လင်းယွန်သည် သူ၏ ပထမဆုံး ဒွါရတစ်ပါးကို ရှင်းလင်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင်၊ ဒါန်တမ်အတွင်းရှိ စွမ်းအင်အစိုင်အခဲသည်လည်း စတင် ကွဲထွက်လာခဲ့လေသည်။ ၎င်းဖြစ်စဉ်သည် တစ်ချိန်တည်းတွင် ဖြစ်ပွားလာခဲ့ပြီး၊ အမြင်အာရုံများ ပြတ်သားလာခြင်း နှင့်အတူ သိုင်းဝိညာဉ်အား စတင် မွေးဖွားလာ လေသည်။ သို့သော် ၎င်းသည် ကျိုးပဲ့နေသော ဓားတစ်လက် ဖြစ်နေခဲ့လေပြီ။

" ...အမ် ငါ့ရဲ့ သိုင်းဝိဉာဉ်က ကျိုးနေတဲ့ ဓားလား "

လင်းယွန်က အံ့ဩသွား၏။ သို့သော် ထိုဓားကျိုး၏ အဖျားသည် အဆုံးအစမရှိ အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်နေသည်အား သတိထားမိလိုက်သည်။

'' ဒါဆိုမင်းက ဓါးကျိုးမဟုတ်ဖူးပေါ့၊ မင်းရဲ့ဓားဖျားကို အမှောင်ထဲမှာ ကွယ်ဝှက်ထားခဲ့တာလား... ''

၎င်းသည် အပေါ်ယံအမြင်တွင် ထက်ပိုင်းကျိုးနေသည်ဟု ထင်ရသော်လည်း၊ အမှန်မှာ ဓား၏ ကိုယ်ထည်တစ်ဝက်အား အမှောင်ထုဖြင့် သိုဝှက်ထားခြင်း ဖြစ်ပေသည်။

'' ........... ''

လင်းယွန်၏ အံအားသင့်မှုများ မပျောက်ကွယ်ခင်မှာပင်၊ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် ပေါက်ကွဲမှုပေါင်း များစွာနှင့်အတူ၊ အသက်ဓါတ်များ ပြည့်လျှံလာပြီးနောက် ဝိညာဉ်စွမ်းအင်များအဖြစ်ပြောင်းလဲလာလေသည်။

လင်းယွန်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်နှင့် သဏ္ဍာန်မဲ့ စွမ်းအား အချို့သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး၊ သူ့ပတ်ဝန်းကျင်ရှိ သစ်ပင်များအား လှုပ်ခါသွား စေသည်။

" ဒါက ရှန်ရှင်း သိုင်းသမားတစ်ယောက်ရဲ့ စွမ်းအားလား....''

လင်းယွန်က သစ်ပင်များ တဖျပ်ဖျပ်ခတ်နေသည်ကို မြင်သောအခါ ဝမ်းသာသွားသည်။ သူ၌ ပုံမှန်မဟုတ်သော သိုင်းဝိညာဉ်အပြင်၊ ကပ်ဘေးသင့်ရွှေကြာပန်းကိုပင် အောင်မြင်စွာ သန့်စင် နိုင်ခဲ့လေသည်။

ကပ်ဘေးသင့်ရွှေကြာပန်းကို သန့်စင်ပြီး၊ သေလုနီးနီး အဖြစ်အပျက်များသည် ယခုအချိန်၌ ကောင်းမွန်သော ရလာဒ်ကို ခံစားရရှိစေပြီ။

'' ........... ''

ထို့နောက်တွင် လင်းယွန်က သူ၏ လက်ဖဝါးကိုဖြန့်ကာ၊ စွမ်းအင်များအား စုရုံးစေခဲ့ပြီးနောက်၊ ကျေနပ်အားရစွာ စိုက်ကြည့်နေခဲ့မိသည်။ ၎င်းစွမ်းအင် မီးတောက်လုံးသည် ကျစ်လစ်သိပ်သည်းသော မီးစွမ်းအင်များဖြင့်၊ ဖျစ်ဖျစ်မြည် လောင်ကျွမ်းနေကာ၊ ဟောင်းရှင်း ဒဿမအဆင့် သိုင်းသမားတစ်ယောက်ကိုပင်၊ တစ်ချက်တည်းဖြင့် လောင်ကျွမ်းသွား စေနိုင်မည်။

ရုတ်တရက် လင်းယွန်၏ အကြည့်သည် လက်ဖမိုးပေါ်ရှိ မီးကြာပန်းသဏ္ဍာန်ထံ အရောက်တွင်၊ နားမလည်ဟန်များ စွန်းထင်းလာခဲ့သည်။ သူက ထိုမီးကြာပန်းသဏ္ဍာန်၏ အသုံးဝင်မှုကို စမ်းသပ်ရန် စဉ်းစားနေစဉ်၊

'' ဝေါ........''

အဝေးမှ သစ်ပင်များ ပြိုလဲကျသံများ နှင့်အတူ၊ မြင်ကွင်းတစ်ခုလုံးတွင် နက်ရှိုင်းသောတောအုပ်မှာ၊ လွင်တီးခေါင် တစ်ခုကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲလိုက်လာ လေသည်။ ၎င်းသည် လျူမိသားစုမှ သစ်ပင် များအား ခုတ်ထွင်ရှင်းလင်းကာ၊ လင်းယွန်အား ရှာဖွေနေခြင်း မည်ပေ၏။

***

All Chapters