← Chapters

အသိမိတ်ဆွေ။

Vol. 6 Ch. 84

အသိမိတ်ဆွေ။

Vol. 6 Ch. 84

မြစ်အကွဲကြောင်းကြီးသည် မီတာငါးရာကျော်ခန့် ရှည်လျားသည်ကို ကြည့်ကာ၊ အံအားသင့် မိသည်။

၎င်းရလာဒ်သည် သူ့သိုင်းဝိညာဉ်မှ တောက်နေသောဓားရောင်ဝါကြောင့်သာ မဟုတ်ပါက၊ ထိုမြစ်အား ဓားတစ်ချက် တည်းဖြင့် ခွဲထုတ်ရန်မှာ မဖြစ်နိုင်ပေ။

'' ဘုန်း....... ''

မြစ်ရေအက်ကွဲကြောင်းသည် ပြန်လည်ပေါင်းစပ် လာခဲ့ပြီး၊ မီတာ တစ်ထောင် နီးပါး အမြင့်မားသော လှိုင်းလုံးများကို ဖြစ်ပေါ် လာစေ၏။

ထိုလှိုင်းလုံးများကြောင့် သစ်ဖောင်သည် စတင်လှုပ်ခတ်လာသည်နှင့်အမျှ၊ ငြိမ်သက် နေသော မျက်နှာပြင်သည် ရုတ်ချည်းပင် လှိုင်းလုံး များဖြင့်၊ အစားထိုးလာသည်ဖြစ်ရာ၊ လင်းယွန်၏ ရယ်မောသံများသည် ထိုလှိုင်း လုံးများ ကြားတွင် နစ်မြုပ်သွားခဲ့လေပြီ။

'' ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားပဲ၊ ငါ့ရဲ့သိုင်းဝိညာဉ်က အသုံးမဝင်ဘူးလို့ ဘယ်သူက ပြောရဲလဲ၊ ဒါက ငါ့သိုင်းဝိညာဉ်ရဲ့ စစ်မှန်တဲ့စွမ်းအားပဲ....ဟားဟားဟား...''

လင်းယွန်သည် သစ်သားဖောင်ပေါ်တွင် အံသွားများကို ကြိတ်လိုက်ပြီး၊ တစ်ချိန်က လျူမိသားစုဝင်များမှအမှိုက်သိုင်းဝိညာဉ်ဟု၊ လှောင်ပြောင်ခဲ့သော စကားလုံးများကို ပြန်အမှတ်ရမိသည်။

ထိုစကားလုံး များက သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာ၌ နစ်မွန်းသွား၏။ ထိုတိုက်ပွဲ အတွင်းတွင် ကပ်ဘေးသင့် ရွှေကြာပန်း၏ အစွမ်းဖြင့် အနိုင်ယူ နိုင်ခဲ့ သော်လည်း၊ သိုင်းဝိညာဉ်အား ဆင့် မခေါ်နိုင် ခဲ့ခြင်း အတွက်၊ များစွာ စိတ်အနှောက် အယှက် ဖြစ်နေမိ၏။

ထို့ကြောင့် သူသည် မည်မျှပင် ငြိမ်သက်နေသော်လည်း၊ သိုင်းဝိဉာဉ်ကို မခေါ်ထုတ်နိုင်သရွေ့၊ စိုးရိမ်ပူပန်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။

သို့သော်ယခုအချိန်၌ သူ၏ ပျော်ရွှင်မှုသည် အတိုင်းအဆ မဲ့နေကာ၊ ထိုသိုင်းဝိညာဉ် အတွင်းရှိ ဓားကျိုးပေါ်မှ ဓားရောင်ဝါကို ထုတ်ယူ သုံးစွဲ လိုက်မိပြီးနောက်၊ ထိုသိုင်း ဝိညာဉ်ကို ဖုံးအုပ် ထားသော ငွေဖြူရောင် အဖွေးသား ကိုယ်ထည်မှာ မှိန်ဖျော့ သွားသည်ကို သတိပြုမိသည်။

ထို့ကြောင့်ပင် နောက်ထပ်မည်မျှပင် ကြိုးစားနေပါစေ ထိုရောင်ဝါသည် ထွက်ပေါ် လာ နိုင်ခြင်း မရှိတော့ပေ။

လင်းယွန်သည် ငြိမ်သက်သွားပြီးနောက်တွင် အတွေးထဲသို့ နစ်မြုပ်သွားကာ၊

" ကြည့်ရတာက ပြန်ခေါ်ထုတ်နိုင်ဖို့ အချိန်တစ်ခုလောက်တော့ စောင့်ရဦးမယ် ထင်တယ်၊ စွမ်းအားက ကြောက်စရာ ကောင်းပေမဲ့ အကြိမ်ကြိမ် ထုတ်ယူ အသုံးချ ဖို့တော့ မဖြစ်နိုင်သေးဖူး၊ ''

သူကသာ ထိုသိုင်းဝိညာဉ်ပေါ်ရှိ ငွေဖြူရောင် စွမ်းအင်များကို ထုတ်ယူသုံးစွဲနိုင်ပါက၊ ၎င်းသည် အခြားသော သိုင်းသမားများ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်တိုက်ခိုက်ခြင်းကဲ့သို့ တူညီသော အကျိုးသက်ရောက်မှု ရှိနိုင်သည်။ တစ်နည်းအားဖြင့်ဆိုရသော်၊ သိုင်းဝိညာဉ်အစား ထိုငွေရောင် စွမ်းအားကို ဆင့်ခေါ်အသုံးပြုနိုင် ပေမည်။

'' ငါ့ရဲ့ သိုင်းဝိညာဉ်က သံကြိုးကိုးချောင်းကနေ တစ်လက်မလေး လွတ်လာရုံနဲ့တောင်၊ ဒီလောက်ထိ အစွမ်းထက် လွန်းရင် အကုန်အစင်သာ လွတ်မြောက် လာကြည့်၊ ....ဘယ်လောက်တောင် အကန့် အသတ်မဲ့ လိုက်မလဲ.. ''

ဓားတာအို၏လမ်းခရီးတွင် ဓားဝိညာဉ် ရှာဖွေခြင်းမှ စတင်ကာ အရှိန် အဟုန် အဖြစ်သို့ ပြောင်းလဲဆုပ်ကိုင်ရန် လိုအပ်သော်လည်း၊ ဤအရှိန် အဟုန်ကို ဖွဲ့စည်းနိုင်သော အခါတွင်၊ ၎င်းကို အလိုရှိသည့်အတိုင်း ထိန်းချုပ် နိုင်ပေ လိမ့်မည်။

ဆက်လက် အောင်မြင်လာ သည်နှင့် အမျှ၊ နောက်ဆုံးတွင် ဓားရည်ရွယ်ချက်(သို့) ဓါးနှလုံးသားကို ရရှိ သွားမည် ဖြစ်သည်။

ဓားရည်ရွယ်ချက်မှာ ပိုမို သန့်စင်ပြီး တိုက်ခိုက် သတ်ဖြတ်ရန် အသုံးပြုနိုင်သည်။ ထက်မြက်သော ဓားသမားတစ်ဦးသည် မည်သည့် အရာကို မဆို ဓါးတစ်ချက်တည်းဖြင့် ပိုင်းဖြတ် နိုင်သည်။

ဒဏ္ဍာရီလာဓားသမားတစ်ယောက်၏ ဓားရည်ရွယ်ချက်သည် ထာဝရတည်ရှိနိုင်ပြီး၊ ကမ္ဘာပေါ်ရှိ ဥပဒေသများ အားလုံးအား ချိုးဖြတ် ဖောက်ထွက် နိုင် ပေမည်။

သို့သော် တစ်စုံတစ်ယောက်သည် သူတို့၏ဓါးတာအို၌ အောင်မြင်မှုများရရှိရန် ခက်ခဲလှ၏။

ထို့အပြင် ၎င်းအောင်မြင်မှု များကို၊ လွှဲပြောင်း ပေး၍ မရချေ။ မိမိကိုယ်ပိုင် စွမ်းရည် ဖြင့်သာ ထိုးထွင်း နားလည်ရန် လိုအပ်ပေမည်။

ကျင့်ကြံမှု အဆင့်နှင့် သက်ဆိုင်ခြင်း မရှိကာ၊ ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသော အခါတွင် ဓားနှင့် လူ တစ်သားတည်း ဖြစ်လာမည် ဖြစ်သည်။

ထိုအချိန်တွင်၊ ထိုဓါးသမားသည် ဓားရည်ရွယ်ချက်ကို နားလည်သဘောပေါက် ထားသော်လည်း၊ ၎င်းသည်ပင် ဓါးတာအို၏ လမ်းတစ်ဝက်တွင်သာ ရှိနေသေးမည် ဖြစ်သည်။

နောက်တဖန် ဤအောင်မြင်မှုသည် ကန့်သတ်ချက် မဟုတ်နိုင်ခဲ့ပေ။ လင်းယွန်၏ အတွေးများမှာ ထိုစကားလုံးများထဲတွင် တဝဲလည်လည်ဖြင့် သက်ပြင်းချမိသည်။

နောက်ဆုံးတွင်၊ အထွေထွေ ဗဟုသုတ စာအုပ်တစ်အုပ် ပင်လျှင် ဓားတာအို အတွက် ဖော်ပြချက် အပြည့်အစုံ မပါရှိနိုင်ခဲ့ချေ။

'' ..... ဆိုတော့ ဓါး နှလုံးသားက ဓါးတာအို အတွက် အဆုံးသတ် မဟုတ်သေးဖူးပေါ့၊ သူ့နောက်မှာ ဘာများ ရှိနေမလဲ.....''

မည်သို့ပင်ဆိုစေကာမူ၊ လင်းယွန်၏ ခွန်အားများအရ ဓားရည်ရွယ်ချက်ကို ရရှိရန်ပင်၊ ဝေးကွာ လွန်းခဲ့သည် ဖြစ်ရာ၊ သူက ဆက်လက် တွေးတောမိခြင်း မရှိတော့ပဲ၊ ပန်းသင်္ချိုင်းဓားကို ငုံ့ကြည့် လိုက်မိသည်။

ထို့ကြောင့်ပင် ကျင့်ကြံခြင်း လောက၌ ဓါးသမားများသည် ကြောက်စရာ အကောင်း ဆုံးသော ကျင့်ကြံ သူများ ဖြစ်လာခြင်း မည်ပေ ၏။

တစ်ဆက်တည်းမှာပင် ထိုသို့သော ဓားအသိကို တောင့်မိပြီး၊ သူ၏ မျက်လုံးများ တောက်ပလာ၏။

" အတွေးတစ်ချက်တည်းနဲ့ လူတစ်ယောက်ကို ခေါင်းဖြတ်သတ်နိုင်တာက ဘယ်လို နားလည်မှုမျိုးလဲ....."

ထို့နောက် အနီရောင်ဝတ်ထိုအမျိုးသမီး၏ ဂီတသံစဉ်ကို သတိရမိသွားကာ၊ ထိုအမျိုး သမီးကို ကျေးဇူးတင်ရပြန်သည်။

၎င်းမိန်းမပျိုသည် သူ့အတွက် အဆင် ပြေအောင် ကူညီပေး ခြင်းသာ ဖြစ်ကောင်း ဖြစ်နိုင်သည့် အပြင်၊ သူ၏ ဓါးတာအို ကိုပင် လမ်းကြောင်းသစ် တစ်ခု ဖွင့်ပေးခဲ့ပေ၏။

'' ချွမ်....... ''

လင်းယွန်သည် သူ၏ဓားကို ရုတ်သိမ်း လိုက်သောအခါ သစ်သားဖောင်သည် သဘာဝ အတိုင်း တုန်လှုပ် နေမှန်း ရုတ်တရက် သိလိုက် ရသည်။

သူလှည့်ကြည့်လိုက်တော့ နဂါးသွေးမြင်းသည် သစ်သားဖောင်ကို လှိုင်းလုံးများမှ လှုပ်ခါလိုက်သည့်အခါတိုင်းတွင်၊ ထိုမြင်းသည် ကြောက်လန့် နေလေသည်။

၎င်းမြင်ကွင်းကို ကြည့်လိုက်ပြီး လင်းယွန်က ရယ်မောလိုက်မိသည်။ ဤနဂါးသွေးမြင်းတွင် အကြောက် တရား မရှိဟု ထင်ထား ခဲ့သော်လည်း၊ ကြောက်လန့် တကြား တုန်လှုပ် နေသော နဂါးသွေးမြင်းကို မြင်နေရပေသည်။

သူက နဂါးလေးအား နှစ်သိမ့်ပေးသည့် အနေဖြင့် လည်ဆံမွေးများအား ပွတ်သပ် လိုက်မိသည်။ တစ်ဆက်တည်း မှာပင် မြစ်ပြင်အား မျှော်ကြည့်လျက် လှေ တစ်စင်းကို တောင့်တ မိ၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီး၊ ကောင်းကင်ယံ၌ ရောင်နီပျို့လာကာ၊ ပူနွေးသော ရောင်ခြည်များ ထွန်းလင်းလာပြီး၊ မြစ်ရေသည် အလင်းရောင် မှိန်ဖျော့ဖျော့များ လင်းလက်လာနေပြီ ဖြစ်သည်။

လင်းယွန်က သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ၊ ဒါန်တမ်အတွင်းရှိ ဓါးကျိုးကို ဖုံးအုပ်ထားသော ငွေရောင်အဆင်းသည်လည်း၊ ပြန်လည် ပြည့်ဝ လင်းလက်လာသည်။ ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားစွာဖြင့် သူ၏ ယူဆချက်ကို သက်သေပြုရန် ကြိုးစား လိုက်သည်။

'' ဒီငွေဖြူရောင်စွမ်းအင်က ငါ့ရဲ့ ဓားနည်းစနစ်အပေါ် ပံ့ပိုးပေးနိုင်မလား ကြည့်ရအောင် ..... ''

နောက်တစက္ကန့်တွင် လင်းယွန်က ပန်းသင်္ချိုင်းဓားအား ပေါက်ကွဲစေတတ်သော စွမ်းအားဖြင့်၊ သိုင်းခြုံလျက် တွန်းထုတ် လိုက်လေသည်။

'' ဖုန်း......''

ထိုအချိန်တွင် ပန်းသင်္ချိုင်းဓားသည် တုန်ခါလာပြီးနောက်၊ ငွေဖြူရောင်များ တောက်ပလာကာ၊ ဆက်လက်ထိန်းသိမ်းရန် ခက်ခဲသွားခဲ့သည်။

တစ်ဆက်တည်းမှာပင်၊ ယမန်နေ့ညက ဆုပ်ကိုင်ရရှိထားသည့် ထိုးထွင်းနားလည်မှုကို ပြန်လည် ထုတ်ဖော်လိုက်၏။

'' .......... ''

ထိုအခါ ဓား၏ တုန်ခါမှုကို အတင်းအကြပ် ထိန်းချုပ် လိုက်သောကြောင့်၊ ပန်းသင်္ချိုင်းဓား၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွား၏။

လေဝဲဓါး။

'' ဘုန်း....ဘုန်း....ဘုန်း...''

သူ၏'ဓားသွား'ထိခတ်ရာတစ်လျှောက် ရေမျက် နှာပြင် ပေါ်တွင် ပေါက်ကွဲသံ များနှင့် အတူ၊ မြစ်ရေပြင်၌ လှိုင်းလုံးကြီးများ ဖြစ်ပေါ် လာလေသည်။

လေဝဲဓား၏ ပြောင်းလဲသွားသည့် ရလာဒ်များကို ကြည့်ပြီးနောက်၊ လင်းယွင်က ရယ်မော ရွှင်မြူး သွား၏။

'' လေ ဝဲ ဓား ပထမဓားချက် ''

ပန်းသင်္ချိုင်းဓားသည် ထပ်မံ တုန်ယင်လာပြီးနောက်၊ လင်းယွန်က ကောင်းကင်သို့ ခုန်တက်သွားသည်။

'' ပုံ ရိပ် ယောင် ဓါး...... ''

တစ်ချိန်တည်းမှာပင် မြစ်ရေပြင်သည် ရုတ်တရက် ပေါက်ကွဲသွားကာ၊ ကောင်းကင်မှ ရေမှုန်များ တဖွဲဖွဲပြန်လည် ကျဆင်းလာသည်။

ဓားအလင်းများက၊ သူ့အနား တစ်ဝိုက်၌ လှည့်ပတ် နေသည် ဖြစ်ရာ၊ ထိုရေစက်များ ဓားအလင်း စက်ဝန်း အတွင်းသို့၊ ဖြတ်ကျော်လာ နိုင်ခြင်း မရှိတော့ပဲ၊ လေထု ထဲတွင် အေးခဲ သွားခဲ့သည်။

တစ်စုံတစ်ယောက်သည် ရပ်ကြည့် နေမိ ပါက၊ လင်းယွန်အား ဗဟိုပြုလျက်၊ တစ်မီတာ ပတ်လည်ခန့် ကျယ်ဝန်းသော ဓါးအလင်း စက်ဝန်း ကြီးကို ပြတ်ထင်စွာ တွေ့မြင်နိုင် ပေမည်။

တနည်းအားဖြင့် ဆိုရသော်၊ မိုးရေစက်များ ဝင်ရောက်လာ နိုင်ခြင်း မရှိအောင်၊ ဓါးအလင်းဖြင့် ပိတ်ဆို့ထားခြင်း မည်၏။

'' အရိပ်မဲ့....ဓါး....''

လင်းယွန်သည် ရုတ်တရက် လှည့်ကြည့် လိုက်ပြီး၊ ဓားကို ရှေ့သို့ ထိုးထုတ် လိုက်သည်။ ရုတ်ချည်းပင်၊ သူ၏ခန္ဓာကိုယ်သည် မြစ်ပြင်ကို ဖြတ်၍ လျင်မြန်စွာ ပျံသန်း ပျောက်ကွယ် သွားပြီး၊ မီတာ အနည်းငယ်တွင် ပြန်လည် ထွက်ပေါ် လာ၏။

ဓါးသွားရာ လမ်းကြောင်း တစ်လျှောက်တွင် ရေမှုန် ရေမွှား များမှာ မူလ အစ ရောက်သည် အထိ အထပ်ထပ် ပေါက်ကွဲ လာခဲ့လေသည်။

(မူလ အစ= ရေမော်လီကျူး)

ထို့နောက်တွင် ဓားမှ ထုတ်ဖော်ရစ်သိုင်း ထားသော ငွေဖြူရောင် အရှိန်အဝါများသည် တမဟုတ်ချင်း ပျောက်ကွယ် သွား၏။

'' ..... ဆိုတော့ ငါ့ရဲ့ဓားကျိုးပေါ်က ငွေဖြူရောင် စွမ်းအားက ဓါးနည်းစနစ်တွေနဲ့ တွဲဖက် အသုံးပြုလို့ရ တယ်ပေါ့၊ ဒါက အဲ့ဒီဓားနည်း စနစ် တွေကို ပိုမိုပြင်းထန် စေသလိုပဲ။ ''

ယခု ဖြစ်စဉ်အား ရှင်းပြရမည် ဆိုပါက၊ ပန်းသင်္ချိုင်းဓားနှင့်၊ ငွေဖြူရောင် စွမ်းအင်အား ပေါင်းစည်း လိုက်ချိန်တွင်၊ ဂီတ သံစဉ်ကြောင့် ပိုမို သန့်စင် လာ၏။

ထို့နောက် 'ဓါးဝိညာဉ် ရှာဖွေခြင်း' အသိကို၊ ထပ်မံ ထိန်းချုပ် လိုက်ကာ၊ လေဝဲဓါးဖြင့် တွဲဖက် အသုံးပြု လိုက်ခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်း မှာပင် တစ်လက်မ ခွဲခန့် အမှောင်ထု အတွင်းမှ လွတ်မြောက် လာသော သိုင်းဝိညာဉ်က၊ ငွေဖြူရောင် စွမ်းအင် အချို့ကို မွေးဖွား ပေးခဲ့သည်။

ထိုအရာသည်ပင် ဤမျှသော ကြောက်စရာ ဓားချက်ကို ထုတ်ဖော် နိုင်၏။ ၎င်းဓားကျိုးသာ လုံးလုံး လျားလျား လွတ်မြောက်လာ ပါက သာ၍ပင်၊ ထိတ်လန့်စရာ ကောင်းပေမည်။

လင်းယွန်က ပန်းသင်္ချိုင်းဓားကို သိမ်းဆည်းကာ၊ ရှေးဟောင်းဓားသေတ္တာအား သူ့နောက်ကျော၌ ပြန်လည်ထမ်းပိုးလိုက်သည်။

သူက သိုင်းဝိညာဉ်အား ဆင့်မခေါ်နိုင်သော် ငြားလည်း၊ ငွေဖြူရောင် စွမ်းအင်ကို ထုတ်ဖော် အသုံးပြု နိုင်သည်။

ထို့ကြောင့် သာမန်သိုင်းဝိညာဉ်များ ထုတ်ဖော် တိုက်ခိုက် လာမည့် ပြိုင်ဘက်များကို မှုလောက်စရာ မရှိတော့ပေ။

နှစ်နာရီကြာပြီးနောက် ဧရာမလှေကြီး တစ်စင်းကို အဝေး၌ မှုန်ပျပျလေး မြင်လိုက်ရ လေသည်။

နဂါးသွေးမြင်းနှင့် လင်းယွန်သည် ထိုအရပ်သို့ မျှော်ကြည့်ကာ၊ မျက်ဝန်းများ တောက်ပ လာလေသည်။

ဤလှေကြီးသည် ကုန်တင်လှေ ဖြစ်ပါက လိုက်ပါ စီးနင်း နိုင်ပေမည်။ ခရီးသည်တင် လှေဖြစ် ပါက လမ်းကြုံ လိုက်နိုင်ရန် အခွင့် အရေး မရှိနိုင်ချေ။

ခဏချင်းမှာပင် ၎င်းလှေကြီးသည် သစ်ဖောင် အနီးသို့ ရောက်ရှိလာခဲ့ပြီး၊ ကုန်းဘက် ပေါ်၌ လူအချို့ ရှိနေခဲ့သည် ဖြစ်ရာ၊ ထိုလူများမှာ နဂါးသွေးမြင်းအား လက်ညိုး ထိုးလျက် လောဘအရောင်များ တောက်ပ လာလေသည်။

အခြားတစ်ဖက်တွင် လင်းယွန်သည် စိတ်ပျက်စွာဖြင့်သစ်ဖောင်ပေါ်သို့ ပြန်လည် ထိုင်ချ လိုက်သည်။

ဤမြစ်အတွင်း၌ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကုန်တင် လှေကြီးများအား တွေ့ဆုံနိုင်ပေမည်။

ခဏအကြာတွင် လှေသည် သစ်ဖောင်နှင့် ဘေးချင်းကပ်လျက် ရွေ့လျား ဖြတ်ကျော် နေခဲ့ပြီး၊ ၎င်းလှေ ပေါ်ရှိ လူအများအပြားသည် နဂါးသွေး မြင်းအား တအံသြကြည့်ကာ၊ ဆူညံစွာ ဝေဖန် လိုက်ကြသည်။

လင်းယွန် မှန်းဆ ထားသလိုပင်၊ မည်သူမျှ သူ့အား လှေပေါ်သို့ တက်ရောက်ရန် လောကွတ် အရ မဖိတ်ကြားခဲ့ပေ။

သို့သော် ရုတ်တရက် စိမ်းသက်နေသော အသံတစ်သံသည် ထိုလှေပေါ်မှ ပျံ့လွင့်လာ လေသည်။

" မင်းက မိုးပြာရောင်ကောင်းကင်ဂိုဏ်းက လင်းယွန်လား...... ''

ထိုအသံကြောင့် လင်းယွန်က အံ့အား သင့်စွာဖြင့် ခေါင်းမော့ကြည့် လိုက်မိသည်။

***

All Chapters