ဝမ်ဖိန်း၏ ယုံကြည်မှု။
Vol. 7 Ch. 88
" အစ်ကိုလျူကို ကူညီလိုက်ကြပါဦး.....''
ဝမ်ဖိန်းက လင်းယွန်ကို ကွဲလွဲသော အမြင်ဖြင့်၊ အကြည့်တစ်ချက် ပို့လွှတ်ပြီး၊ အမိန့်ပေးလိုက်သည်။ သူ့အမိန့်ကြောင့် အစေခံများ ထွက်လာပြီး၊ လျူကျိဖေးကို ဖေးမနှာနှပ် ပေးလိုက်ကြ၏။ လင်းယွန်က ထိုမြင်ကွင်းအား လျစ်လျူရှုလျက်၊ အခန်းပတ်ပတ်လည်အား ဝေ့ကြည့်လိုက်ကာ၊
"အစ်ကိုဝမ်၊ မင်းရဲ့ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့ မတောင်းဆိုဘူးလား။ "
ဒီလိုဖြစ်လာလိမ့်မည်ဟု လင်းယွန်က မျှော်လင့်ထားခဲ့ပြီးသားပင်၊ ထာဝရနတ်ဘုရား တံဆိပ်တော်သည် အကန့်အသတ်ကို ကျော်လွန်နေသော အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ်တစ်ခု ဖြစ်ပေသည် မဟုတ်ပါလော။
" ညီငယ်လေးလင်း၊ မင်းက ဟာသတွေပြောရတာကြိုက်ပုံရတယ်၊ အားလုံးပဲ ငါတို့နေရာပြောင်းကြရအောင်"
-ဟု ဆိုကာ လင်းယွန်ထံပြုံးလျက် လျှောက်လာပြီး၊
'' ညီငယ်လင်း ကျေးဇူးပြုပြီး..... ''
ဒီအချိန်တွင် ဝမ်ဖိန်း၏လေသံမှာ လေးစားမှုအပြည့်ဖြင့်၊ လင်းယွန်အား ဖိတ်ခေါ်လိုက်လေသည်။ ၎င်းသည် အပြာရောင်နေမင်းနိုင်ငံ၏ စစ်မှန်သောသဘောတရားပင်။ အရန်အင်အားရှိမှသာလျှင် သင်သည် လေးစားခံရမည်ဖြစ်ပြီး၊ အနိုင်ရသူသည် ဘုရင်သာ ဖြစ်ပေ၏။
ထို့နောက် ဝမ်ဖိန်း၏အဖွဲ့သည် ၎င်းတို့၏တည်နေရာကို၊ လှေဦးပိုင်းဆီသို့ ပြောင်းလိုက်ပြီးနောက်၊ မြစ်ကိုမျက်နှာမူကာ သောက်စားကြသည့်အချိန်၌၊ လင်းယွန်ကို မည်သူမျှ မထီမဲ့မြင် မကြည့်ရဲကြတော့ချေ။ ဝမ်ဖိန်း၏ စိတ်နေသဘောထားသည်လည်း သိသိသာသာ ပြောင်းလဲသွားသဖြင့်၊ လင်းယွန်က ကိုင်တွယ်ရန် ခက်ခဲနေခဲ့ပေသည်။ သို့သော် ဝမ်ဖိန်း၏အပြုအမူများသည် လင်းယွန်အတွက် စိတ်ဝင်စားစရာတစ်ခုအဖြစ်သာ ခံစားသိမြင်လိုက်မိသည်။
စားသေါက်ပွဲပြီးသောအခါ၊ ဖိန်းဝူဟန်သည် လင်းယွန်ထံသို့ ဦးတည်ပြုံးပြကာ၊
" လင်းယွန်၊ ငါ့ဝမ်းကွဲအစ်ကိုက ဘယ်သူ့ကိုမှ ဒီလောက်လေးလေးစားစား ဆက်ဆံတာ၊ တစ်ခါမှ မတွေ့ဖူးဘူး......"
"အိုး..... တကယ်လား ''
ဖိန်းဝူဟန်၏ ထိုစကားကြောင့် အံ့အားသင့်သွားပြီး အတွေးထဲသို့ နစ်မျောရောက်ရှိသွားခဲ့၏။
'' တကယ်ပေါ့ကွ၊ သူက လျုကျိဖေးကိုတောင် လေးစားမှုရှိခဲ့တာ မဟုတ်ဖူး၊ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ဝမ်းကွဲအစ်ကိုက နည်းနည်းလေး အလေးအနက်ထားပေးခဲ့တာလို့ ငါထင်တယ် ''
ဖိန်းဝူဟန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလာ၏။ လင်းယွန်သည်လည်း ပြန်လည် ပြုံးရယ်ပြလျက်၊ နူတ်ဆိတ်နေခဲ့သည်။
" အခု အပြာရောင်နေမင်းနိုင်ငံမှာ မင်းရဲ့ နာမည်ကို တည်ဆောက်နိုင်ခဲ့ပြီ...... သေချာတာက မင်း...အဲ့ဒီအတွက်လာတာမလား ''
ဖိန်းဝူဟန်က လျှို့ဝှက်စွာ ပြုံးလျက်ဆိုလာသည်အား၊ လင်းယွန်က မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်မိ၏။
'' ငါ့ရဲ့ ရည်ရွယ်ချက်က ဘာလဲလို့ မင်းသိလို့လား။"
'' ဟား... ဒါပေါ့ သေချာကို သိနေလို့ပေါ့၊ အပြာရောင်နေမင်းနိုင်ငံမှာ ဆယ်စုနှစ်မှတစ်ကြိမ်သာ ပေါ်ထွက်လာမယ့်၊ လျှို့ဝှက်နယ်မြေတစ်ခု ရှိတယ်၊ အခုက ဆယ်စုနှစ်တစ်စုပြည့်ပြီ၊ လျှို့ဝှက်နယ်မြေပွင့်မယ့် အချိန်ရောက်တော့မယ်၊ အရင်က သံသယတွေရှိခဲ့ပေမယ့်၊ မင်းက အရမ်းအားနည်းနေသေးတယ်လို့ ခံစားရတဲ့အတွက် မထင်ထားခဲ့ဘူး၊ အခုတော့ မင်းရဲ့တိုက်ပွဲဝင်ခွန်အားအရ သေချာတယ်၊ အဲ့ဒီနယ်မြေမှာ မင်းကံစမ်းဖို့ ရောက်လာတာပဲ....''
"လျှို့ဝှက်နယ်မြေ....."
ရုတ်တရက် လင်းယွန်က အံ့သြစွာ မေးလိုက်သည်။ လျှို့ဝှက်နယ်မြေများသည် ကမ္ဘာပေါ်တွင် တည်ရှိနေသည့် ပိုင်ရှင်မဲ့သောနေရာများဖြစ်သည်။ တည်နေရာနယ်နမိတ်ကို မကန့်သတ်ထားဘဲ၊ ၎င်းတို့ကို သဘာဝအတိုင်း ဖွဲ့စည်းနိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ဦးမှ ဖန်တီးနိုင်ပေမည်။
သို့သော် လင်းယွန်သည် အပြာရောင်နေမင်းနိုင်ငံတွင်၊ လျှို့ဝှက်နယ်မြေတစ်ခုရှိသည်ကို အမှန်တကယ်ပင် မသိရှိခဲ့ပေ။ သူက မဟာချင်အင်ပါယာတွင်၊ အသန်မာဆုံးသောခွန်အားကို တည်ဆောက်ရယူလိုနေခဲ့သည်ဖြစ်ရာ၊ ၎င်းနယ်မြေသည် တကယ့်ပင်၊ စိတ်ဝင်စားစရာကောင်း လှပေ၏။
" မင်းတကယ် မသိဘူးလား..."
လင်းယွန်၏အမူအရာများကြောင့် ဖိန်းဝူဟန်သည် အံသြစွာ ပြန်ကြည့်လာခဲ့သည်။
" အင်း....မင်းငါ့ကို ဘာလို့ ဆက်မပြောပြရတာလဲ..."
လင်းယွန်က သေချာအောင်ခေါင်းညိတ်ပြလျက် ထပ်မံမေးမြန်းလိုက်သည်။ သူကသတင်းအချက်အလက်နှင့် ပတ်သတ်၍ သိမြင်နိုင်မှု နည်းပါးနေဆဲပင်။
ဤလျှို့ဝှက်နယ်မြေသည်၊ ချင်အင်ပါယာကြီးမှာ သာမက၊ တောင်ပိုင်းရှေးဟောင်းကုန်းမြေကြီးရှိ ရှေးဟောင်းဂိုဏ်း တစ်ဂိုဏ်း၏ အမွေအနှစ်နယ်မြေတစ်ခု ဖြစ်သည်။ 'နက်နဲနယ်ပယ်' သိုင်းနည်းစနစ်များနှင့်၊ အစွမ်းထက်သောအမွေအနှစ်များ အပါအဝင်၊ ရတနာမျိုးစုံကို ၎င်းတွင် ရှာဖွေတွေ့ရှိ နိုင်ပေမည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် လျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိပြီးနောက်၊ ရှားပါးသော အဖိုးတန်ရတနာများသည် ထိုနယ်မြေထဲမှ ထွက်ရှိလာခဲ့ကြသည်။ ထို့အပြင် ၎င်းနယ်မြေအား၊ အကြောင်းတစ်စုံတစ်ရာကြောင့် အစွမ်းထက်သော ကျင့်ကြံသူများအား၊ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသည်။
ရှန်ရှင်းနယ်ပယ်သာလျှင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်၏။ ထို့ကြောင့်၊ လျှို့ဝှက်နယ်မြေ ပွင့်လာသည့်အချိန်တိုင်းတွင်၊ များပြားလှသော ရှန်ရှင်းသိုင်းသမားများ၊ စုရုန်းရောက်ရှိလာ ပေလိမ့်မည်။ ထိုလျှို့ဝှက်နယ်မြေသည် အပြာရောင်နေမင်းနိုင်ငံတွင် ထွက်ပေါ်တည်ရှိလာသောကြောင့်၊ အပြာရောင်နေမင်းနယ်မြေဟု ခေါ်တွင်ထားကြ၏။
လျှို့ဝှက်နယ်မြေ၏ နိဒါန်းကို ကြားလိုက်သောအခါတွင်၊ လင်းယွန်၏ မျက်လုံးများမှာ တောက်ပလာ၏။ 'လေးနက်နယ်ပယ်' သိုင်းနည်းစနစ်များသည် စိတ်ကူးယဉ်ဆန်လွန်းသော်လည်း၊ ရတနာတစ်ခု သို့မဟုတ် နှစ်ခုလောက်ရရုံနှင့်ပင် ရောင့်ရဲကျေနပ်နေပေလိမ့်မည်။ သူ့အတွက် အရင်းအမြစ်များသည် ရှားပါးလွန်းလေပြီ မဟုတ်ပါတကား။
မဟာချင်အင်ပါယာရှိ မဟာဂိုဏ်းကြီးလေးဂိုဏ်း၏ သတ်မှတ်ချက်သည် အသက်(17 )နှစ်မပြည့်မီ၊ ရှန်ရှင်းစတုတ္ထမြောက်အဆင့်သို့ ရောက်ရှိရန်ဖြစ်ပြီး၊ လင်းယွန်သည် ယခုနှစ်တွင်၊ (၁၆)နှစ်နား နီးကပ်လာနေပြီဖြစ်ရာ၊ တစ်နှစ်အတွင်း အဆင့်သုံးဆင့်အား၊ ပုံမှန်အားဖြင့် ဖြတ်ကျော်ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။
အထူးသဖြင့် သူ၏နိမ့်ပါးသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ဖြစ်ပြီး၊ ကံကောင်းလွန်း၍ ရှားပါးရတနာတစ်မျိုးမျိုးသာ၊ ဆုံတွေ့မှုမျိုး မရှိခဲ့ဖူးဆိုပါက၊ ထိုမဟာဂိုဏ်းကြီးများ၏ သတ်မှတ်ချက်ကို မပြည့်မှီနိုင်။
" လျှို့ဝှက်နယ်မြေက ဘယ်တော့ဖွင့်မှာလဲ"
လင်းယွန်က မေးလိုက်သည်။
'' အခုကစလို့ သုံးလေးလလောက်ဆို ဖွင့်လိမ့်မယ်... ''
ဖိန်းဝူဟန်က ရိုးရိုးသားသား ပြုံးလျက် ပြန်ဖြေ၏။ ဆိုလိုသည်မှာ လင်းယွန်သည် လျှို့ဝှက်နယ်မြေအတွက် ပြင်ဆင်ရန် သုံးလအချိန် ရပေမည်။
'' ဒီအချက်အလက်တွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဖိန်း....''
'' ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး၊ ဒီအချက်အလက်တွေ အားလုံးက အပြာရောင်နေမင်းနိုင်ငံမှာရှိတဲ့၊ ကျင့်ကြံသူတိုင်း သိရှိထားတဲ့ အရာတွေပဲ ''
သုံးရက်အကြာတွင် လှေသည် အပြာရောင်နေမင်းနိုင်ငံ၏ ခရမ်းရောင်မီးလျှံမြို့တော် ဆိပ်ခံတံတားသို့ ရောက်ရှိလာသည်။ ထိုခရမ်းရောင်မီးလျှံမြို့သည် မည်မျှ အချက်အချာကျ စည်းကားနေသည်ကို၊ မြစ်ဆိပ်အားမြင်ရုံဖြင့် ခန့်မှန်းမြင်နိုင်ပေမည်။
ထို့နောက်တွင် လင်းယွန်သည် သူ၏နဂါးသွေးမြင်းကိုစီးကာ၊ ဖိန်းဝူဟန်တို့အုပ်စုနှင့် ခွဲထွက်လာခဲ့သည်။ သို့သော်ရုတ်တရက်၊ ဖိန်းဝူဟန်သည် လင်းယွန်နောက်သို့ ပြေးလိုက်လာကာ၊
"လင်းယွန်း၊ မင်းဘာလို့ ဒီလောက်အလျင်လို နေရတာလဲ..... ''
လင်းယွန်က သူ့လက်ဖဝါးတွေကို ဖြန့်လျက် ပခုံးတွန့်ပြကာ ပြုံးပြီး၊
" မင်းရဲ့ဝမ်းကွဲအစ်ကိုက နည်းနည်းတော့ ရူးသွပ်လွန်းတယ်"
လွန်ခဲ့သည့် သုံးရက်အတွင်း ဝမ်ဖိန်းသည် သူ့ထံသို့ မကြာခဏ လာလည်ခဲ့သည်။ ဝမ်ဖိန်းသည် သူ့အား မည်သည့်အကြောင်းနှင့်မဆို ပြောပြဖော်ရွေခဲ့ပြီး၊ လင်းယွန်ထံမှ တစ်စုံတစ်ခုကို အလွန်အမင်းလိုချင်နေပြီဖြစ်ကြောင်း၊ အရူးတစ်ယောက်ပင် ပြောနိုင်သည်အထိ သိသာနေခဲ့လေသည်။
သို့သော် လင်းယွန်သည် သူ၏နဂါးသွေးမြင်းကို လိုချင်သူအတွက်၊ အပြုသဘောဆောင်သည့် ဆက်ဆံရေးမျိုးကိုပင် မထားရှိနိုင်ချေ။ လျူကျိဖေးနှင့်တိုက်ပွဲသည် နဂါးသွေးမြင်းအား မရောင်းခဲ့သည့်အတွက်၊ ဝမ်ဖိန်းမှ လက်စားချေခြင်းမည်သည်ကို၊ သူသိမြင် နေမိသည်။ အကယ်၍ သူသာသန်မာမှု မရှိခဲ့လျှင်၊ အရှက်ခွဲခံရသောသူမှာ လျူကျိဖေးဖြစ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် ဝမ်ဖိန်းကိုမိတ်ဖွဲ့ရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းသည်ပင် သင်္ဘောဆိပ်ကို ရောက်သည့်အခါ ချက်ချင်း ထွက်သွားရသော အကြောင်းရင်းတစ်ရပ်လည်း ဖြစ်၏။
အခြားတစ်ဖက်တွင် ဖိန်းဝူဟန်သည် အသက်မဲ့စွာပြုံးလိုက်ပြီး၊
"တကယ်တော့ မင်းကို ဝမ်မိသားစုဆီကို ဖိတ်ဖို့ ငါ့ဝမ်းကွဲအစ်ကိုက အမိန့်ပေးခဲ့တာပဲ၊ ဝမ်မိသားစုဆိုတာက ခရမ်းရောင်မီးလျှံမြို့ရဲ့ အာဏာစက်ကို ပိုင်စိုးထားတယ်၊ မင့်အတွက် အသုံးဝင်လိမ့်မယ်လို့ ငါပြောရဲတယ်...''
မည်သို့ပင်ဆိုစေကာမူ လင်းယွန်သည် ခေါင်းယမ်းမြဲရမ်းလျက်ဖြင့်၊
" စိတ်မကောင်းပါဘူး အစ်ကိုဖိန်း၊ ကျေးဇူးပြုပြီး မင်းရဲ့ဝမ်းကွဲအစ်ကို.. ကို၊ ငါက သူ့ရဲ့ စေတနာကို တန်ဖိုးထားကြောင်း ပြောပြပေးပါ။"
လင်းယွန်က ပြုံးလျက်ငြင်းပယ် လိုက်သည်။ သူကဝမ်းဖိန်နှင့် ပါတ်သတ်လိုခြင်း မရှိချေ။
" ညီငယ်လေးလင်း၊ ဝမ်မိသားစုက မင်းရဲ့မျက်လုံးထဲမှာ ဖုန်တစ်စသာသာပဲမလား...... "
ရုတ်တရက် ထိုစကားသံနှင့်အတူ၊ ဝမ်ဖိန်းသည် မသက်မသာအမူအရာဖြင့် ရောက်ရှိလာကာ၊ လင်းယွန်၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ထားခဲ့သည်။
" အဲဒါ မဟုတ်ဘူးဆိုတာ မင်းသိပါတယ်"
လင်းယွန်က ပြုံးလျက် သူ့စကားတွင် အခြားသောအဓိပ္ပာယ်တစ်ခုကို၊ ဆောင်သောအမူအရာဖြင့်သက်ပြင်းချကာ၊ ပြန်ဖြေရှင်း လိုက်၏။ ထိုအမူအရာများကြောင့် ဝမ်ဖိန်းသည် အသက်ပြင်းပြင်းရှူကာ၊ ချက်ချင်းပင် အဆင်မပြေသလို လေးပင်သောအမူအရာကိုပြလျက်၊
“ ကောင်းပြီ၊ ဝေ့ဝဲနေတာက ငါ့အမူအရာမဟုတ်ဖူး၊ မင်းရဲ့ အကူအညီကို ငါလိုတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝမ်မိသားစုက မင်းကို လိုအပ်နေတယ်... ''
" ငါ... မကူညီနိူင်ဖူးဆိုရင်ရော....''
“ ဒါဆို ငါလည်း မကူညီနိုင်တော့ဘူး၊ မင်းက ဝမ်မိသားစုကို မဆန့်ကျင်သရွေ့တော့ အဆင်ပြေသွားမှာပါ၊ မဟုတ်ရင် ငါ .....မင်းကို တောင်းပန်ရုံပဲ တက်နိူင်လိမ့်မယ်... ''
ဝမ်းကွဲအစ်ကိုထံမှ မည်မျှလေးနက်သည်ကို မြင်လိုက်ရသဖြင့် ဖိန်းဝူဟန်က ပြုံးကာ၊
“ ဝမ်းကွဲအစ်ကို၊ ဒီလောက်ထိ ခက်ခဲအောင် မလုပ်ပါနဲ့၊ ငါ့ကိုယုံပါ လင်းယွန်က ဝမ်မိသားစုကိုဆန့်ကျင်မှာမဟုတ်ပါဖူး၊ မင်း ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။"
ဖိန်းဝူဟန်က လင်းယွန်၏အေးစက်သော သဘောထားမှာ၊ နဂါးသွေးမြင်းအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း တွေးနေမိသည်ကြောင့်၊ ဤကဲ့သို့ဝင်ရောက် ညှိနှိုင်းပေးလိုက်ခြင်း ဖြစ်သည်။ ထိုစကားကြောင့် ဝမ်ဖိန်းကသက်ပြင်းချလိုက်ကာ၊
" ကောင်းပြီ.... ဒီခရီးမှာ လူတွေအများကြီးစုပြီး၊ ဆုံစည်းဖို့ သက်သက်တင်လို့ ထင်နေတာလား၊ သူတို့အားလုံးက မာနကြီးပြီး၊ သူတို့နဲ့ဆုံတွေ့ရဖို့ အရမ်းကြိုးစားခဲ့ရတယ်၊ အထူးသဖြင့် လျူကျိဖေးပဲ၊ သူ့ရဲ့ခွန်အားအရ အစပိုင်းမှာ ငါ့ရဲ မြင့်မားသော မျှော်လင့်ချက်များကို ရှိခဲ့တယ်၊ ဒါပေမယ့် မင်း…”
ပြောလက်စ စကားကိုရပ်ကာ၊ ဝမ်ဖိန်းက လင်းယွန်ကို လေးနက်စွာစိုက်ကြည့်လိုက်ပြီး၊ ဆက်ပြောလိုက်သည်။
" မင်းကြောင့်၊ သူက ချိနဲ့သွားပြီ၊ ငါ့အတွက် အသုံးမဝင်တော့ဘူး၊ အနည်းဆုံးတော့ တစ်လခွဲလောက် အိပ်ယာထဲလှဲနေရလိမ့်မယ်..... ''
" ..ဒီအတွက် ငါတောင်းပန်ပါတယ်"
လင်းယွန်က နှာခေါင်းကို ပွတ်သပ်ပြီး၊ အနေခက်ဟန်ဖြင့် တောင်းပန်လိုက်သည်။ ဒီကိစ္စက သူ့အမှားအမှန်ပင်၊ ထိုအချိန်၌ လင်းယွန်၏စိတ်ထဲတွင် ဒေါသကြောင့်ပူလောင်နေခဲ့ခြင်း ဖြစ်သည်။
“ ဆက်ရရင် ....ငါတို့ရဲ့ ခရမ်းရောင်မီးလျှံမြို့အနီးမှာ ဝိညာဉ်ရေကန်တစ်ကန် သဘာဝအတိုင်းထွက်ပေါ်လာတယ် ”
စကားပြောနေစဥ်တစ်ချိန်လုံး ဝမ်ဖိန်းကလင်းယွန်ကို အချိန်ပြည့်အကဲခတ်နေ ခဲ့သည်။ ထို့ကြောင့်ပင်လင်းယွန်၏ မတုန်မလှုပ်အမူအရာကြောင့်၊ သူ့ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောဆိုရန် ဆုံးဖြတ်လိုက် ရ၏။
" ငါရဲ့ဝမ်မိသားစုက အဲဒါကို သဘာဝအတိုင်း လက်ဝါးကြီးအုပ်ချင်ပေမယ့်၊ ခရမ်းရောင်မီးလျှံမြို့မှာရှိတဲ့ တခြားမိသားစုသုံးစုကပါ သတင်းရသွားပြီး၊ သူတို့မိသားစုသုံးစု ပူးပေါင်းပြီး ခွဲဝေအသုံးပြုခွင့် တောင်းဆိုလာတယ်၊ ငါတို့သာ ငြင်းရင် စစ်ပွဲဆီကို ဦးတည်သွားလိမ့်မယ်.... ''
"မိသားစုသုံးစုက ငါ့ရဲ့ ဝမ်မိသားစုကိုဖိအားမပေးနိုင်ပေမယ့်၊ တကယ်သာ တိုက်ခိုက်ရမယ်ဆိုရင်၊ ဝမ်မိသားစုလည်း ကြီးကြီးမားမား ဆုံးရှုံးရမှာ၊ သေချာပါတယ်။"
"ဆိုတော့......."
'' ဒါနဲ့ပဲ အားလုံးက သဘောတူညီမှု ရခဲ့တယ်၊ သူတို့မိသားစုသုံးခုက အသက်(18)နှစ်အောက် လူငယ်(3)ယောက်ကို စင်ပေါ်မှာ တိုက်ခိုက်ဖို့ စေလွှတ်ကြမယ်၊ ငါ့ရဲ့ ဝမ်မိသားစုက အဲ့ဒီသုံးယောက်ကို ရှုံးရင် ဝေစုပေးရလိမ့်မယ်၊ ငါတို့အနိုင်ရရင် ဝိညာဉ်ရေကန်ကို သူတို့ကစွန့်လွှတ်ပေး လိမ့်မယ်။ "
ဝမ်ဖိန်း၏ရှင်းပြချက်ကို နားထောင်ပြီး၊ လင်းယွန်ကခေါင်းညိတ်ပြလိုက်သည်။ အထက်တန်းစားလူငယ်များစွာကို အဘယ်ကြောင့်၊ ဤမျှလောက်စုရုံးခဲ့ရသည်ကို ချက်ချင်းနားလည်သိရှိသွားသည်။ ဝမ်ဖိန်းသည် ဝမ်မိသားစုကိုယ်စား တိုက်ခိုက်ပေးနိုင်မည့်၊ သင့်တော်သူတစ်ဦးကို ရှာဖွေလိုသည်မှာ ထင်ရှားလှ၏။
ထို့ကြောင့်ပင် လျူကျီဖေးအား တိုက်ပွဲတွင်ပါဝင်ရန် အစောပိုင်းတွင် အလိုရှိခဲ့သော်လည်း၊ ထိုသူသည် လင်းယွန်၏ လက်သီးကြောင့် ကြောက်လန့်နေပြီ ဖြစ်ရာ၊ တိုက်ပွဲဝင်လိုစိတ်များ ပျောက်ဆုံးသွား ပုံရ၏။
" ဒီပြိုင်ပွဲမှာ အာဏာရှင်ဂိုဏ်းငယ်သုံးဂိုဏ်းကလွဲလို့ အပြာရောင်နေမင်းနိုင်ငံရဲ့ ထိပ်သီး ကျင့်ကြံသူတွေကိုလည်း စုစည်းထားကြတယ်၊ ... ဒါကြောင့် လျူကျိဖေး အပါအဝင် ထိပ်သီးသိုင်းသမားတွေကို ငါလာရောက် စုစည်းခဲ့တာပဲ။ ''
ဤနယ်မြေလုပွဲလေးသည် ရှန်ရှင်းဘုံ၏အသန်မာဆုံး ပါရမီရှင်များကို စုစည်းထားပါသည်လော။ ထိုယူဆချက်ကို လင်းယွန်က သဘောမတူသောကြောင့် ခေါင်းယမ်းလိုက်သည်။ ဝမ်ဖိန်၏ ကျဉ်းမြောင်းသော သဘောထားကြောင့်၊ သူသည် အထက်တန်းစား ပါရမီရှင်များအားလုံးနှင့် သိကျွမ်းရန် မဖြစ်နိုင်ပေ။ အမှန်တော့ ပါရမီရှင် စစ်စစ်များသည် မောက်မာလွန်းသူများ ဖြစ်သည်။ စာအုပ်အဖုံးကို အကဲဖြတ်ခြင်းဖြင့်၊ ဝမ်ဖိန်းမှာ မည်မျှ လွတ်သွားမည်ကို မည်သူ သိနိုင်ပေမည်နည်း။
“ မင်းပြောတာကို ငါနားလည်မယ်ထင်တယ်၊ မင်းက ဝမ်မိသားစုအတွက် လျူကျိဖေးကိုယ်စား၊ ငါ့ကိုဝင်ပြိုင်စေချင်တာလား။
" .....အမှန်ပဲ၊ ငါ .... လျူကျိဖေးကို ကမ်းလှမ်းခဲ့တာတွေထက်၊ မင်းကို နှစ်ဆပေးမယ်"
ဝမ်ဖိန်း၏ မျက်လုံးများသည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြကာ ရင်ဘတ်ကိုပုတ်ပြလာခဲ့၏။ ၎င်းက ဆက်လက်၍၊
“ မင်းမှာ ရှန်ရှင်းသိုင်းနည်းစနစ် အပြည့်အစုံ မရှိဖူးလို့ ငါပြောနိုင်တယ်၊ လျူကျိဖေးနဲ့ပွဲမှာ မင်းရဲ့ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ဘူး၊ ငါ့ရဲ့ ခန့်မှန်းချက်ကတော့၊ မင်းက သူ့ရဲ့အခြေခံရှန်ရှင်းသိုင်းနည်းစနစ်လေးကို နားလည်နိုင်စေဖို့၊ တိမ်မီးတောက်လက်သီးကို ကြိုးစားလေ့လာနေခဲ့တာ ဖြစ်ရမယ် ''
အရာအားလုံးကို စောင့်ကြည့်နေဟန်ဖြင့်၊ ဝမ်ဖိန်းက ပြတ်သားစွာသူ့အမြင်ကို ပြောပြလိုက်၏။ ပြီးနောက် လင်းယွန်ပုခုံးအား ပုတ်လျက်၊
" ဝမ်မိသားစုက ခရမ်းရောင်မီးလျှံမြို့ရဲ့ အစစ်အမှန်အာဏာရှင်မိသားစုပါပဲ၊ ဒါကြောင့်လည်း ပြည့်စုံတဲ့ရှန်ရှင်း သိုင်းနည်းစနစ်တွေရှိတယ်၊ မင်းရဲ့ဝန်ဆောင်မှုတွေအတွက် ဘာမဆိုတောင်းဆိုနိုင်တယ်"
-ဟုဆိုကာ ယုံကြည်မှုအပြည့်ဖြင့် လင်းယွန်အားငေးကြည့်လိုက်၏။
'' ကောင်းပြီ.... ဒါဆို ငါက အဆင့်မြင့်ရှန်ရှင်းသိုင်းနည်းစနစ်တွေ လိုနေတယ် ''
လင်းယွန်က အားမနာနေတော့ပဲ၊ ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။ ထိုတောင်းဆိုမှုကို ကြားလိုက်သည်နှင့်၊ ဝမ်ဖိန်း၏ မျက်နှာပေါ်ရှိ ယုံကြည်မှုများ ပျောက်ကွယ်သွား ခဲ့လေသည်။
***