← Chapters

ဝမ်မျိုးနွယ်သို့ ဝင်ရောက်ခြင်း။၈

Vol. 7 Ch. 89

ဝမ်မျိုးနွယ်သို့ ဝင်ရောက်ခြင်း။၈

Vol. 7 Ch. 89

လင်းယွန်သည် အဆင့်မြင့်ရှန်ရှင်း နည်းစနစ်ကို တောင်းဆို လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။

အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင်ဂိုဏ်းငယ် သုံးဂိုဏ်းပင်လျှင်၊ အဆင့်မြင့်ရှန်ရှင်းသိုင်းနည်းစနစ် များစွာမရှိပေ။ ရှိခဲ့သည်ရှိသော် ၎င်းသည် ပြည့်စုံသော နည်းစနစ် ဖြစ်ဖို့ရန် ရှားပါပေ၏။ ထို့ကြောင့်ပင် ရှက်ရွံ့သော အပြုံးဖြင့် ဝမ်ဖိန်းက၊

" ညီငယ်လင်း၊ မင်းနောက်နေတာလား၊ ငါပြောတာက အဆင့်နိမ့် ရှန်ရှင်းနည်း စနစ်တွေကို ပြောတာပါ၊ အဲဒိထဲကမှ မင်း ....လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်...."

လင်းယွန်က ခေါင်းယမ်းလိုက်ပြီး၊

'' ငါ....နောက်နေတာ မဟုတ်ဘူး၊ အစ်ကိုဝမ်ပြောပုံအရ ဝိညာဉ်ရေကန်ကနေ ကြီးမားတဲ့ အကျိုးအမြတ်တွေကြောင့်၊ သေမင်း တမန်ပွဲတွေ ပါဝင်လာလိမ့်မယ်၊ ဒါကြောင့် ငါတောင်း ဆိုတာပဲ၊ ... ”

“ ... အဲ့ဒီအတွက်လည်း မင်း... စိတ်ပူစရာ မလိုပါဘူး၊ ငါက ခရမ်းရောင်မီးလျှံမြို့မှာ အကြာကြီး နေမှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းရဲ့ ရန်သူ ဖြစ် မလာမှာ သေချာတယ်၊ နှုတ်ဆက် ပါတယ် အစ်ကိုဝမ်.... ''

လင်းယွန်က ဝမ်ဖိန်းကို တစ်ချက်မျှပင် မကြည့် တော့ပဲ လှည့်၍ ထွက်သွား ခဲ့သည်။ ဝမ်ဖိန်းသည် ရိုးသားမှု လုံးဝ မရှိချေ။

လင်းယွန်၌ ရှန်ရှင်း နည်းစနစ်များ ကင်းမဲ့ နေသော်လည်း၊ ၎င်းသည် အဆင့်နိမ့် သိုင်းနည်း စနစ်တစ်ခု အတွက်၊ သူ့အသက်အား လောင်းကြေး ပြုလိမ့် မည်ဟု မဆိုလို။

နောက်ဆုံးတော့၊ သူ့မှာ အလယ်အလတ် တော်ဝင် လက်နက်ဖြစ်သော၊ တိမ်လွှာ ရေခဲပြင် လှံတစ်စင်း ရှိသည် မဟုတ်ပါလော။

ဝမ်ဖိန်း၏ ကမ်းလှမ်းမှုအရ အလယ်အလတ် သိုင်းနည်းစနစ် တစ်ခု နှင့်ပင်၊ အပေးအယူ ညီမျှ နိုင်သော် ငြားလည်း၊ အဆင့်မြင့် ရှန်ရှင်း နည်းစနစ် သည်သာ သာ၍ တန်ဖိုးရှိပေ၏။

" ခဏနေပါဦး....."

ဝမ်ဖိန်းက ထွက်သွားတော့မည့်၊ လင်းယွန်ကိုကြည့်လျက် အံကြိတ်လိုက်ကာ ဟန့်တားလာသည်။

" ဝမ်မိသားစုမှာ အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ် နှစ်ခုပဲ ရှိတယ်။ အဲဒီထဲကမှ နည်းစနစ် တစ်ခုက မိသားစုရဲ့ အဓိက တပည့်များ အတွက် ရည်ရွယ်ပြီး၊ ကျန်တစ်ခုက ဧည့် အကြီးအကဲ အတွက် ရည်ရွယ် ပါတယ်၊ ဒါကြောင့် မင်းကို ကတိ ပေးဖို့ ငါ့မှာ အခွင့် အာဏာမရှိဘူး၊ ''

ဝမ်ဖိန်းက စိတ်အားထက်သန်စွာ ရှင်းပြလိုက်ပြီး၊ သူသည် ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြုံးထားလျက်မှ၊

'' ဘယ်လိုလဲ၊ မင်းက ခရမ်းရောင် မီးလျှံမြို့မှာ ရက်အနည်းငယ်တော့ ရှိနေမှာ မလား၊ ဒါဆို ဘာလို့ ငါတို့ ဝမ်မိသားစု အိမ်မှာ လိုက်မနေရ တာလဲ၊ အဲဒီအကြောင်းကို ငါ့မိသားစုက အကြီးအကဲတွေနဲ့ ငါပြောမယ်၊ သူတို့သဘောတူရင် အဆင့်မြင့်ရှန်ရှင်း နည်းစနစ်က မင်းအတွက် ဖြစ်လာမှာပါ။ ''

" ဟုတ်တယ်လင်ယွန်း၊ မင်းဘာလို့ ရက်အနည်းငယ်ကြာအောင် မနေရတာလဲ။ အဆင်မပြေရင် မင်း အချိန်မရွေး ထွက်သွားနိုင်တယ် ''

-ဟု ဖိန်းဝူဟန်က ပါဝင်ရောက်စည်းရုံး ပြောဆိုလာသည်။

ဝမ်ဖိန်းသည် ဤတစ်ကြိမ်၌ စိတ်ရင်းမှန်ဖြင့် ဆက်ဆံခဲ့သည်မှာ သေချာသည်ကြောင့်၊ ခေါင်းညိတ်လက်ခံရန် ဆုံးဖြတ်လိုက်၏။

" ကောင်းပြီ၊ ငါ ....ရက်အနည်းငယ်နေပါ့မယ်၊ ဒီအတောအတွင်း အစ်ကိုဝမ်ကိုပဲ ဒုက္ခပေးရလိမ့်မယ်။ ''

'' ဒါပေါ့ .....ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ ''

ဝမ်ဖိန်း၏မျက်နှာသည် ယခုတစ်ကြိမ်၌ အပြုံးများဖြင့် ဖုံးလွှမ်းသွားသည်။

ဝမ်မိသားစု စံအိမ်သည် ခရမ်းရောင် မီးလျှံမြို့၏ ဗဟိုအချက် အချာ ကျသော နေရာတွင် တည်ရှိသည်။

တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ ၎င်းသည် ဤမြို့၏ အာဏာစက်ကို ချုပ်ကိုင်နိုင်သော မျိုးနွယ်စုတစ်ခု ဖြစ်ကြောင်း၊ မည်သူမဆို သိနိုင်ပေမည်။

"သခင်လေး မင်းပြန်လာပြီလား"

အစောင့်တွေက ဝမ်ဖိန်း အနားသို့ လာနှုတ်ဆက် လိုက်သည်။ ဝမ်ဖိန်းက ခေါင်းညိတ် လျက်၊

" ဘယ်လောက်တောင် ကြောက်စရာ ကောင်းလွန်းတဲ့ မြင်းလဲ "

နဂါးသွေးမြင်းကိုမြင်သည်နှင့် အစေခံများသည် သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့ထိတ်လန့်မှုများကို ထိန်းချုပ် မထား နိုင်ခဲ့ပေ။

'' မြင်းကို ကောင်းကောင်းကျွေးပါ၊ နတ်ဆိုးသားရဲရဲ့အသားပဲ ကျွေးရမယ်၊ တစ်ခုခုမှားသွားရင် မင်းတို့အားလုံးကို တာဝန်ယူခိုင်းရလိမ့်မယ်...."

ဝမ်ဖိန်းက လေးနက်သော အမူအရာဖြင့် ညွှန်ကြားလိုက်သည်။ ထိုအစေခံများကပင် နဂါးသွေးမြင်းထံမှ မျက်လုံးမခွာရက်ပဲ၊ ခေါင်းညိတ်ကတိပေးလိုက်ကြသည်။

"ကျွန်တော်တို့ရဲ့အလုပ်ကို သေချာပေါက် ကောင်းကောင်းလုပ်ဆောင်မှာပါ"

အစေခံများ၏ ပြန်ကြားချက်ကို ကျေနပ်သွားပြီး၊ ဝမ်ဖိန်းက ဖိန်းဝူဟန်နှင့်လင်းယွန်ကို ကြည့်ကာ၊

" ဝမ်းကွဲညီလေး၊ ကျေးဇူးပြုပြီး လင်းယွန်ကို ငါ့ကိုယ်စား ဧည်ခံပေးပါဦး၊ အဖေ့ကို ငါ သတင်းပို့ရမယ် ''

" စိတ်ချထားဝမ်းကွဲအစ်ကို၊ ငါနဲ့အတူလိုက်ခဲ့လင်းယွန်၊ မင်းနေရမယ့် နေရာကို ငါလိုက်ပို့ပေးမယ်။"

ခဏအကြာတွင် တောင်အတုများဖြင့် အလှဆင်ထားသော ဥယျာဉ်တစ်ခုထံသို့ ဦးတည်ကာ၊ အိမ်ငယ်လေးတစ်ခုဆီ လိုက်ပါပို့ဆောင်လိုက်သည်။

" လင်းယွန်၊ မင်းဒီည ဒီမှာနေလို့ရပြီ၊ ဒီပတ်ဝန်းကျင်ရှုခင်းတွေက အရမ်းကောင်းပြီး၊ မင်းမှာ တောင်းဆိုစရာရှိရင် အစေခံတွေကို ညွှန်ကြားလို့ရတယ်။ ''

'' ငါ... အဆင်ပြေပါတယ် "

'' ဒါဆိုလည်း အားနာမနေတော့ဖူး၊ ငါတို့ လှေပေါ်မှာ ရက်အတော်ကြာနေလာတော့၊ ငါလည်း အနားယူလိုက်ဦးမယ်။ '

သာယာသောညသည် အိမ်ဝင်းကို အေးချမ်းစေသည်ဖြစ်ရာ၊ ရှေးဟောင်း ဓားသေတ္တာကို ဖယ်ထုတ်ပြီး ခေတ္တအနား ယူမိ၏။

ထို့နောက်ခဏအကြာတွင် ဓါးသေတ္တာအား ဖွင့်ကြည့်လိုက်ရာ၊ ထိုဓားသေတ္တာ အတွင်းပိုင်း၌ ပန်းပွင့်ချပ် များဖြင့် ပြည့်နှက်နေပြီး၊ အေးစက်သော အငွေ့ အသက်ကို ထုတ်ဖော် ထားလေသည်။

ပန်းသင်္ချိုင်းဓား မျက်နှာပြင်တွင်၊ အလင်းရောင် ဖျော့ဖျော့ များဖြင့် ဖုံးလွှမ်း တောက်ပ နေ၏။

၎င်းအတွင်းသို့ ဝိညာဉ်စွမ်းအင်များကို ဖြည်းညှင်းစွာ တွန်းပို့လိုက်သော အခါတွင်၊ ဓားကိုယ်ထည်၌ မီးတောက်များ အရှိန်အဝါကို ဖြစ်ပေါ်လာစေသည်။

'' ဝှစ် ... ။ ''

လင်းယွန်က ဓားအား ဝေ့ရမ်း လိုက်သည်နှင့် နေရာ အနှံ့သို့ လှိုင်းများ တုန်ခါသွားကာ၊ နောက်ဆက်တွဲ အဖြစ် ဓားရိပ်များ ဆွဲကျန် ရစ်သည်။

'' ကောင်းလိုက်တဲ့ဓါး.....''

ပန်းသင်္ချိုင်းဓားသည် ယခုအခါတွင် အလယ်အလတ်တော်ဝင်လက်နက် နီးပါးအဆင့်ကို ချဉ်းကပ်လာခဲ့လေပြီ၊ ၎င်းကို ဆွဲကိုင် တိုက်ခိုက်လိုက်သည်နှင့်၊ တိုက်ပွဲဝင် စွမ်းအားများအား အနည်းဆုံး သုံးဆလောက်အထိ မြှင့်တင်ပေးနိုင်၏။

အစစ်အမှန်အားဖြင့်ဆိုသော် အလယ်အလတ် တန်းစား တော်ဝင် လက်နက်များသည်၊ ကိုင်ဆွဲသူ၏ခွန်အားကို လေးဆအထိ တိုးမြှင့်ပေးနိုင်၏။ အဆင့်မြင့်တော်ဝင်လက်နက်များအတွက်မူ ခြောက်ဆအထိ တိုးပွားလာစေသည်။

တစ်ဆက်တည်းမှာပင် ပန်းသင်္ချိုင်းဓားကို ကိုင်ထားသောလင်းယွန်သည်၊ သူ၏ဝိညာဉ် စွမ်းအင်မှာ သုံးဆအထိ တိုးလာ သည်ဟု ခံစား လိုက်ရသည်။

၎င်းမှာ ပန်းသင်္ချိုင်းဓားသည် အလယ်အလတ် တော်ဝင်လက်နက် အဆင့်များ ဆီသို့၊ ချဉ်းကပ်လာ သည်ဟု ဆိုလိုသည် မဟုတ်ပါလော။

ပန်းသင်္ချိုင်းဓားကို နတ်သစ်သားဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး၊ အခြားသောတော်ဝင်လက်နက်များနှင့် နှိုင်းယှဉ်ပါက၊ ၎င်းသည် သာ၍ ထူးခြားလှပေ၏။

ထို့အပြင် ၎င်းဓားသည် သဘာဝအားဖြင့်၊ စိတ်ဝိညာဉ်ပိုင်ဆိုင်ထားသော လက်နက်တစ်ခုဖြစ်ကာ၊ ယခု အချိန်၌ ပြန်လည်နိုးထခြင်း အဆင့်၌သာ ရှိနေသည်။

ရလဒ်အနေဖြင့် ပန်းသင်္ချိုင်းဓားကို၊ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအဖြစ်၊ အသားကျစွာ ထိန်းချုပ်နိုင်၏။

"ပန်းပွင့်တွေ လဲဖို့လိုပုံရတယ်"

လင်းယွန်က ဓားသေတ္တာထဲရှိ ပန်းပွင့်ချပ်များကို ဖယ်ထုတ် လိုက်ပြီး၊ အဖြူရောင် ပန်းရိုင်း အကြွင်းအကျန် ပန်းအိုးကို ထုတ်ယူ လိုက်သည်။

ဝိညာဉ်စုစည်းခြင်း နည်းစနစ်ကို ထုတ်ဖော်လျက်၊ ပန်းများကို ပွင့်လန်းလာစေပြီးနောက်၊ ၎င်း၏ ပန်းရနံ့ကို ခြံဝင်း တစ်လျှောက် ပျံ့နှံ့သွားစေခဲ့သည်။ ထို့နောက် ဓားသေတ္တာ အတွင်းမှ ပန်းခြောက်များကို ထုတ်ယူ လဲလှယ်လိုက်၏။

လက်ရှိပုံစံများအရ၊ ပန်းသင်္ချိုင်းဓားသည် အလယ်အလတ်တော်ဝင်လက်နက် အဆင့်သို့ ရောက်ရှိရန်၊ အချိန်အတော်ကြာမည် မဟုတ်ပေ။

သို့သော် သူသည်ဓားသေတ္တာကို ပိတ်ခါနီးတွင် တစ်စုံတစ်ခုအား သတိရသွား၏။ ထိုအရာသည် ကပ်ဘေးသင့်ရွှေကြာပန်း၏၊ ပွင့်ချပ်တစ်ချပ်နှင့်အတူ ကြာပန်းစေ့တစ်စေ့ ဖြစ်လေသည်။

တစ်ဆက်တည်းမှာပင် ကပ်ဘေးသင့် ရွှေကြာပန်း၏ ပွင့်ချပ် တစ်ချပ်အား၊ ဓါးသေတ္တာ အပေါ်သို့ တင်လိုက်သည်နှင့်၊ ၎င်းကိုယ်ထည်ရှိ ခရမ်းရောင် စာကလေးသည် ဖောင်းကြွ သဏ္ဍာန် ရုန်းကြွလျက်၊ မီးစွမ်းအင် များအား စတင်စုပ် ယူလိုက် လေသည်။

ထို့နောက်တွင် ကပ်ဘေးသင့် ရွှေကြာပန်း အစေ့ကို ထုတ်ယူကြည့်ကာ၊ ၎င်းအား စမ်းသပ် စိုက်ပျိုးရန် သတိရမိ၏။

ထိုစိုက်ပျိုးမှုသည် မအောင်မြင်ခဲ့သည် တောင်မှ အချိန် အနည်းငယ်သာ ဖြုန်းတီးခြင်းဖြစ်ပေလိမ့်မည်။

ထို့နောက်တွင် နောက်ထပ် ပန်းအိုး အလွတ်ကို ထုတ်ယူလိုက်ကာ၊ ၎င်းမျိုး စေ့အား ထိုးမြှပ်လျက် ဝိညာဉ် စွမ်းအင်များ စုပ်ယူ သွန်းလောင်း လိုက်လေသည်။

--------------- * -----------

အခြားတစ်ဖက်တွင် စာဖတ်ခန်း ထဲသို့ ဝမ်ဖိန်းမှာ အလော တကြီး ဝင်ရောက် လာခဲ့ သည်။

သူ၏ဖခင်သည် ဝမ်ကျီယဲဖြစ်ပြီး၊ ရှန်ရှင်းဆဋ္ဌမမြောက် အထွတ်အထိပ်တွင် ရောက်ရှိ နေသဖြင့်၊ ဝမ်မိသားစု၏ လက်ရှိ ခေါင်းဆောင် ဖြစ်ကာ၊ ခရမ်းရောင် မီးလျှံ မြို့တွင် သူ့အား ယှဉ်ပြိုင်ဝံ့ သူမှာ လက်ချိုး ရေ၍ပင် ရပေမည်။

သို့သော် ဝမ်မိသားစု၏ အစစ်အမှန် သိုင်းသမား ကြီးမှာ ဝမ်ကျီယဲ မဟုတ်ပဲ၊ သူ၏ ဖခင်၊ ဝမ်ဖိန်း၏ အဖိုး ဖြစ်ပေသည်။

" ဖိန်းအာ၊ ဘာကိစ္စရှိလို့လဲ။ မင်းဘာလို့ ဒီလောက် မြန်မြန် ပြန်လာရတာလဲ။"

ဝမ်ကျီယဲက လက်ထဲမှ စာအုပ်ကို ချလျက် အပြုံးဖြင့် ကြိုဆို လိုက်သည်။

" ဖေဖေ၊ ဒီတစ်ခါတော့ ဝမ်မိသားစုအတွက် အသုံးဝင်မဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကို ရှာတွေ့ခဲ့ပြီ......."

ဝမ်ဖိန်းက စိတ်လှုပ်ရှားနေခဲ့ပြီး၊ သူ့ဖခင်ထံသို့လျင်မြန်စွာ လျှောက်သွား လိုက်၏။

" အိုး ငါ့ကိုပြောပြပါဦး.... ''

စိတ်လှုပ်ရှားနေသောဝမ်ဖိန်းကို ကြည့်လျက် ဝမ်ကျီယဲမှာ တည်ငြိမ်စွာပြုံးနေခဲ့သည်။ သူ့သက်တမ်းတစ်လျှောက် အဖြစ်အပျက် များစွာ တွေ့ကြုံဖူးခဲ့သည်ဖြစ်ရာ၊ ဝမ်ဖိန်း၏ စကားတစ်ခွန်းသည် သူ့ခံစားချက်အား သိသိ သာသာ ပြောင်းလဲသွားအောင်၊ မလုပ် ဆောင်နိုင် ခဲ့ချေ။

ဝမ်ဖိန်းကလှေပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို မဝေမျှမီ၊ သူ့ကိုယ်သူ တည်ငြိမ်စေရန် ရေနွေးတစ်ငုံ ငှဲ့သောက်လိုက်၏။

" ဖေဖေ၊ ကျွန်တော်က သန်မာတဲ့ ကျင့်ကြံသူ တစ်ယောက်ရ လာတယ်၊ သူ့ရဲ့ ကျင့်ကြံချင်း အဆင့်က ရှန်ရှင်း ပထမ အဆင့် ဆိုပေမယ့်၊ ရှန်ရှင်း ဒုတိယ ဆင့်က ကျင့်ကြံသူ ကိုတောင် အနိုင်ယူ နိုင်တယ်၊... အရေးကြီးဆုံး ကတော့ အဲ့ဒီလို အနိုင်ယူဖို့ကို သူ့အင်အားရဲ့ တစ်ဝက်လောက်ပဲ ထုတ်ဖော်ထားခဲ့တယ်လို့ ကျွန်တော်ထင်တယ်၊ ဘာလို့လဲဆိုတော့ သူသယ်လာတဲ့ ဓားသေတ္တာကိုတောင် မဖွင့်ခဲ့ဘူး...''

အကယ်၍ လင်းယွန်သည် ဝိညာဉ်ရေကန်ကို အနိုင်ရအောင် ကူညီပေး နိုင်ပါက၊ မိသားစု အတွက် ထူးထူးခြားခြား ပံ့ပိုး ကူညီမှုများ ရှိလာမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ၎င်းသည် မျိုးနွယ်စုအတွင်းရှိ သူ၏ ဂုဏ်သိက္ခာကို သိသာထင်ရှားစွာ၊ မြှင့်တင်ပေးပေလိမ့်မည်။

'' ဖိန်းအာ မင်းပြောတဲ့စကားကသာ မှန်တယ်ဆိုရင်၊ ငါတို့က နတ်ဆိုးတစ်ကောင်ကို ရှာတွေ့ခဲ့တာပဲ၊ သူ့ကိုအနိုင်ယူဖို့ ဆိုရင် ရှန်ရှင်းတတိယအဆင့်က တစ်စုံတစ်ယောက်ကို လိုအပ်ကောင်းလိုအပ်ပေလိမ့်မယ် "

" ဟုတ်ကဲ့ဖေဖေ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ အပြာရောင် နေမင်း နိုင်ငံမှာ အသက်(18) နှစ်အောက် လူငယ်မျိုးဆက် တွေထဲ၊ ရှန်ရှင်း တတိယ အဆင့်ကို ရောက်နေတဲ့သူ တစ်ယောက်မှ မရှိဖူး၊ အာဏာရှင် ဂိုဏ်းငယ် သုံးဂိုဏ်းက အမာခံ တပည့် တွေက လွဲရင်ပေါ့.... ''

'' ဒါပေမယ့်လည်း အဆင့်မြင့်ရှန်ရှင်း သိုင်းနည်း စနစ်ကို ပေးဖို့ကြတော့ အရမ်းများ လွန်းတယ် ဖိန်းအာ၊ ငါကိုယ်တိုင် တောင်မှ ဒီဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ "

" ဖေဖေ၊ ကျွန်တော်တို့မှာ မပြည့်စုံတဲ့ အဆင့်မြင့် ရှန်ရှင်း သိုင်းနည်း စနစ်ရှိတယ် မဟုတ်လား။"

“ မပြည့်စုံဘူး ဆိုရင်တောင် ဒါက အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ်ပဲ မလား၊ သူ့တန်ဖိုးက အဖိုး မဖြတ်နိုင်ဘူ၊ ပြီးတော့ ... ”

“ ... ဝမ်မိသားစု အတွက် ကြီးမားတဲ့ အကျိုးအမြတ်ကို စွမ်းဆောင် နိုင်မဲ့ သူကိုသာ ချီမြှင့်ရ မယ်လို့၊ တင်းကျပ်တဲ့ ဥပဒေ ရှိနေတယ် ဆိုတာ သားသိ နေတာပဲ... ”

သူ့အဖေ၏စကားများကို နားထောင်ပြီး၊ ဝမ်ဖိန်းသည် စိတ်ပူပင်သွားကာ၊ လင်းယွန်နှင့် ပါတ်သတ်သည့် အပေးအယူကိစ္စ ပျက်သုဉ်း သွား မည်ကို မမြင်ချင်ခဲ့ချေ။

ဝမ်ဖိန်း၏ ထိုခံစားချက်ကို ခံစားနားလည်မိဟန်ဖြင့်၊ ဝမ်ကျီယဲက သူ့သားပုခုံးကို ပုတ်လိုက်ကာ၊

'' ဒါကို အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး၊ သူ့ကို အကဲဖြတ်ဖို့ အတွက် မနက်ဖြန် ဘိုးဘေး အဆောင် ကိုသာ ခေါ်လာခဲ့ပါ၊ သားပြောတဲ့ စကားသာ မှန်တယ် ဆိုရင် အဆင့်မြင့် ရှန်ရှင်း နည်းစနစ်ကို ပေးရတာ အဆင်ပြေပါတယ်၊ ဒီဝိညာဉ် ရေကန် ကလည်း ငါတို့ ဝမ်မိသားစု အတွက် အရေးကြီးတယ် ...''

- ဟုဆိုကာ ဝမ်ကျီယဲက ပြုံးလိုက်၏။

***

All Chapters