← Chapters

မိုးကြိုးခန္ဓာ ခုခံခြင်းနည်းစနစ်။

Vol. 7 Ch. 91

မိုးကြိုးခန္ဓာ ခုခံခြင်းနည်းစနစ်။

Vol. 7 Ch. 91

ဘိုးဘေးအဆောင် အတွင်းရှိ အကြီးအကဲများမှာ မယုံကြည်နိုင်စွာဖြင့် စွံ့အ သွားကြသည်။

ဤမျှမောက်မာသော လူငယ်လေးသည် ရှန်ရှင်း အလယ်အလတ် နည်းစနစ်အား တကယ်ပင် ခုခံနိုင်ခဲ့သည်လော။

ဝမ်တျန်း၏ကျင့်ကြံမှုအဆင့်သည် ရှန်ရှင်း ပဉ္စမအဆင့်တွင် ရှိနေကာ၊ ၎င်းအား တတိယ အဆင့်သို့ ဖိနှိပ်ထားသော်လည်း၊ ထိုခွန်အားမှာ တတိယအဆင့်ရှိ မည်သူကို မဆို အလွယ်တကူ ချေမှုန်းနိုင်ပေသေးသည်။

ထို့အပြင်၊ သူသည် အလယ်အလတ် ရှန်ရှင်းသိုင်းနည်းစနစ်ကိုပင် အသုံးပြုခဲ့သည်။ ရလာဒ်အနေဖြင့် ဝမ်တျန်းသည် နောက်သို့ လွင်စင်သွားခဲ့ ပေ၏။

တစ်ချိန်တည်းမှာပင်၊ ဝမ်ကျီယဲ၏ မျက်လုံးများသည် လင်းလက်သွား၏။ လင်းယွန်၏ ထာဝရနတ်ဘုရားတံဆိပ်တော်သည် အဆင့်မြင့် ရှန်ရှင်း နည်းစနစ်တစ်ခုဖြစ်ကြောင်း၊ ချက်ချင်းသိရှိလိုက်သည်။

ထို့အပြင် ဤလူငယ်လေးသည် ၎င်းနည်းစနစ်အား၊ ပြီးပြည့်စုံသည့်အထိ ဆုပ်ကိုင်နိုင်ရန် ချဉ်းကပ်နေပြီ ဖြစ်၏။

( ဒီကောင်လေးက နတ်ဆိုးတစ်ကောင်လား၊ သူ့ရဲ့ထိုးထွင်းနားလည်မှုကဘာလဲ။ အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ်ကိုတောင် အမှန်တကယ် ကျွမ်းကျင်ဖို့ နီးစပ်နေပြီလား။ )

ရုတ်တရက် ဝမ်ကျီယဲသည် ဝမ်းသာအားရဟန်ဖြင့် ထိုင်ခုံမှထကာ လက်ခုပ်တီးလိုက်၏။ ဤနတ်ဆိုးလေးသည် ဝမ်မိသားစုအတွက် တိုက်ပွဲဝင်ရပေမည်။

'' တကယ်ပဲ၊ လုံလောက်ပါပြီ၊ မင်းအနေနဲ့ ဝမ်မိသားစု အတွက် တိုက်ပွဲဝင်ဖို့ တရားဝင် ဖိတ်ခေါ်ချင်ပါတယ်။ ''

'' အကိုကြီး၊ ကျေးဇူးပြုပြီး ငါ့ကို နောက်ထပ် အခွင့်အရေးပေးပါ....... "

ထိုမြင်ကွင်းကြောင့်၊ ဝမ်တျန်းသည် အလိုမကျဟန်ဖြင့် ဝင်ရောက်ပြောဆို လိုက်သည်။

" တော်လောက်ပြီ၊ မင်းမရှက်ပေမယ့် ငါရှက်တယ်၊ ...... "

ဝမ်ကျီယဲက စူးရှသော မျက်လုံးများဖြင့်၊ ဝမ်တျန်းကို စိုက်ကြည့် ငေါက်ငမ်းလိုက်၏။ တစ်ဆက်တည်းမှာပင်၊ ဝမ်တျန်းသည် အကြီးအကဲများစွာ ထံမှ လှောင်ပြောင်ရိပ်စွန်းနေသော၊ အကြည့်များကို ရင်မဆိုင်လိုတော့ဟန်ဖြင့်၊ ခြေဆောင့်ကာ ခန်းဆောင်အတွင်းမှ ပြေးလွှား ထွက်ခွာသွား လေသည်။

ထွက်ခွာသွားသော ဝမ်တျန်း နောက်ကျောကို ငေးကြည့်လျက် လင်းယွန်မှာ သက်ပြင်းချ လိုက်သည်။

ဝမ်တျန်းသည် သဘောတရားအရ ရှုံးနိမ့်သွားသော်လည်း၊ သေခြင်းရှင်ခြင်း တိုက်ပွဲများ တွင်မူ လင်းယွန်က အကူအညီမဲ့ နေပေလိမ့်မည်။

ပန်းသင်္ချိုင်းဓားကို အသုံးပြုခဲ့လျှင်တောင်မှ၊ အနိုင်ရရှိရန် မသေချာလှပေ။ ဝမ်တျန်းသည်သာ လင်းယွန်၏အတွေးကို သိရှိသွားပါက သွေးအန် သွားနိုင်ပေမည်။

" ငါ့ဆုံးဖြတ်ချက်ကို ဘယ်သူက ကန့်ကွက်ချင်လဲ"

ဝမ်ကျီယဲက တခြားအကြီးအကဲများကို ဝေ့ကြည့်ကာ မေးမြန်းလိုက်၏။

''................... ''

လင်းယွန်က သူ၏ခွန်အားကို သက်သေပြ ပြီးနောက်၊ ဝမ်ကျီယဲ၏ ဆုံးဖြတ် ချက်ကို မည်သူမျှ ငြင်းဆိုခြင်း မရှိပေ။

လူတိုင်းက သူ့ဆုံးဖြတ်ချက်ကို သဘောတူကြောင်း မြင်သောအခါ၊ ဝမ်ကျီယဲက လင်းယွန်အား ပြုံးပြပြီး၊ လင်းယွန်၏ သဘောတူညီချက်ကို အတည်ပြုရန် မေးမြန်းလိုက်၏။

'' ကောင်းပြီ မိတ်ဆွေလေး၊ အခု မင်းအလှည့်ရောက်ပြီ"

" အဆင့်မြင့် ရှန်ရှင်း နည်းစနစ်ကို လက်ခံရရှိ သရွေ့တော့ ကျွန်တော် အဆင်ပြေ ပါတယ်။"

ထို့နောက်တွင် ဝမ်မိသားစု အကြီးအကဲများက ဘိုးဘေးဆောင်မှ ပြန်လည် ထွက်ခွာ သွားပြီး၊ ဖြစ်ပျက်ခဲ့သည်များကို စိတ်လှုပ်ရှားစွာ၊ ဆွေးနွေးသွားကြသည်။

အခြားတစ်ဖက်တွင် ဝမ်ကျီယဲသည် ဝမ်ဖိန်းကို အားရ ကျေနပ်စွာ လှည့်ကြည့် လိုက်ကာ၊

" ဖိန်းအာ...မင်းက ဝမ်မိသားစု အကျိုးကို ကောင်းစွာ ထမ်းဆောင် နိုင်ပြီ...... ''

ဝမ်ဖိန်း၏မျက်နှာသည် သူ့ဖခင်စကားကြောင့် ပြုံးရွှင်သွားခဲ့သည်။ ဤသည်မှာ အကြီးအကဲများထံမှ အမြင်ကောင်းကိုရရှိခံရသော ပထမဦးဆုံးအကြိမ်ဖြစ်ပေ၏။

အားလုံးထွက်သွားပြီးနောက်၊ ဝမ်ကျီယဲက သိုင်းကျမ်းဆောင်သို့ ဦးတည်လမ်းလျှောက်သွားကာ၊

'' မင်းတို့နှစ်ယောက်လုံး ငါနဲ့လိုက်ခဲ့ ''

-ဟု ဆိုလိုက်သည်။ ခဏအကြာအတွင် သူတို့သုံးဦးသည်၊ သိုင်းကျမ်းအဆောင်သို့ ရောက်ရှိလာပြီးနောက်၊ ဝမ်ကျီယဲသည်အတွင်းဆောင်ထဲ တစ်ယောက်တည်းဝင်ရောက်သွားကာ၊ စက္ကန့်အနည်းငယ်အကြာတွင် သူ့လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်ဆောင်လျက် ပြန်ထွက်ပေါ်လာသည်။

" မိုးကြိုးခန္ဓာ ကျင့်ကြံခြင်းနည်းစနစ် ''

တစ်ဆက်တည်းမှာပင်၊ ဝမ်ကျီယဲထံမှ ကမ်းပေးလာသော သိုင်းကျမ်းကို လှမ်းယူလိုက်ပြီး၊ လင်းယွန်က မျက်ခုံးပင့်လိုက်မိသည်။ ဝမ်မိသားစု၏ သိုင်းနည်းစနစ်သည်၊ ရှန်ရှင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်လာလိမ့်မည်ဟု၊ ဘယ်တုန်းကမှ မထင်ခဲ့မိချေ။ သူ့မျက်လုံးများထဲတွင် စိတ်ပျက်လက်ပျက် အရိပ်အယောင်များ ထင်ဟပ်လာလေသည်။ သူက တိုက်ခိုက်ရေး နည်းစနစ်တစ်ခုခုအဖြစ်သာ တွေးထင်ထားမိခြင်း ဖြစ်ပေ၏။ အနည်းဆုံးအနေဖြင့် ဓားသိုင်းနည်းစနစ်၊ သို့မဟုတ် ရွေ့လျားမှုနည်းစနစ် တစ်ခုခုအား အရေးတကြီး လိုအပ်နေသည် မဟုတ်ပါလော။

တစ်ချိန်လုံး လင်းယွန်အား အကဲခတ်နေသော ဝမ်ကျီယဲသည် သက်ပြင်းချလျက်၊

".... ဝမ်မိသားစုမှာ အဆင့်မြင့်သိုင်းနည်းစနစ် နှစ်ခုသာရှိတယ်၊ အဲ့ဒီထဲကမှ နည်းစနစ်တစ်ခုကို ပြင်ပလူတွေ လေ့လာသင်ယူခွင့် တားမြစ်ထားပြီး၊ မင်းမှာ ရွေးချယ်ခွင့်မရှိဖူး၊ ဒါပေမယ့် အလယ်အလတ်သိုင်းနည်းစနစ်နဲ့ အဆင်ပြေမယ်ဆိုရင်တော့၊ ငါတို့မှာ မင်းအတွက် ရွေးချယ်စရာတွေ အများကြီးရှိတယ်။"

'' အဆင်ပြေပါတယ်၊ ဒီတစ်ခုပဲ ယူလိုက်မယ်"

လင်းယွန်က ခေါင်းရမ်းလျက် ငြင်းပယ်လိုက်ပြီး၊ သိုင်းကျမ်းစာအုပ်ကို ဖွင့်ဖတ်ခါနီးတွင်၊ လက်တစ်ဖက်သည် သူ့အား တားဆီးလာလေသည်။ ထိုလက်ပိုင်ရှင်မှာ ဝမ်ကျီယဲဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် သူက အနက်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ကာ၊

'' ဒီသိုင်းနည်းစနစ်ကို အခြားသူတစ်ဦးဦးထံ မည်သည့်အခါမျှ လက်ဆင့်ကမ်းပေးအပ် သင်ကြားခြင်း မပြုဖို့၊ ကတိပြုပြီးမှသာ ကြည့်ရှုနိုင်မယ်...."

ကျမ်းကျိန်ကျောက်တုံးသည် ထူးထူးဆန်းဆန်း ကျောက်မျက်ရတနာတစ်မျိုးဖြစ်ပြီး၊ ထိုကျောက်ခဲနှင့် ဆုပ်ကိုင်ရွတ်ဆိုပြီးနောက်၊ သစ္စာဖောက်ဖျက်ပါက ရလဒ်သည် သာယာမည် မဟုတ်ပေ။ သို့သော်လင်းယွန်က မဆိုင်းမတွပင် ကျမ်းကျိန် ရွတ်ဆိုလိုက်၏။

" ငါက မိုးကြိုးခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို တခြားသူနဲ့၊ မျှဝေမှာမဟုတ်ဘူးလို့ ကျိန်ဆိုလိုက်ပါတယ်၊ အကယ်၍သာ ဝေမျှခဲ့ပါက ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို ခံရပါစေသား၊ ''

ကျမ်းကျိန်သံအား ပြုံးလျက်အပြီးသတ်ရန်အထိစောင့်ဆိုင်းနေခဲ့ကာ၊ ဟန့်တားထားသော လက်ကိုဖယ်ပေးလိုက်၏။ ထို့နောက်တွင်လင်းယွန်သည်စာမျက်နှာများကို တဖျပ်ဖျပ်လှန်ကြည့်လိုက်ပြီးနောက်၊ ရုတ်တရက် အေးစက်သွား လေသည်။ တစ်ဆက်တည်းမှာပင်၊ သူက ဝမ်ကျီယဲအား မော့ကြည့်လိုက်ပြီး၊

'' ဒီကျင့်စဉ်က ပဉ္စမအဆင့် မရှိဘူး၊ ဒါက မပြည့်စုံတဲ့ သိုင်းကျမ်းပဲ......''

ထိုသို့မေးမြန်းလာမှုကြောင့်၊ ဝမ်ကျီယဲမှာ အံ့သြသွားလျက် ဝမ်ဖိန်းကိုလှည့်ကြည့်ကာ၊

" ဒီအဆင့်မြင့်သိုင်းနည်းစနစ်က မပြည့်စုံဘူးလို့၊ ဖိန်းအာက မင်းကို မပြောဘူးလား"

သူ့ဖခင်၏ စကားများကြောင့် ဝမ်ဖိန်းသည် ထိတ်လန့်သွားခဲ့၏။ သူက ၎င်းသိုင်းကျမ်းသည် မပြည့်စုံသော်လည်း လုံလောက်သည်ဟု ထင်ခဲ့သောကြောင့်၊ လင်းယွန်အား ကြိုတင်သတိမပေးခဲ့မိချေ။ မည်သို့ပင်ဆိုစေကာမူ ရှန်ရှင်းသိုင်းနည်းစနစ်သည် များစွာတန်ဖိုး ရှိလှပေရာ၊ လင်းယွန်မှ ကျေနပ်ပေလိမ့်မည်ဟု မှတ်ထင်ထားမိခဲ့သည်၊ ဝမ်ဖိန်း၏ အမူအရာများကြောင့် ဝမ်ကျီယဲက အခြေအနေအား နားလည်သွားခဲ့ပြီး၊

'' ကောင်းပြီ..... မပြည့်စုံတဲ့ အဆင့်မြင့် သိုင်းကျမ်း ဖြစ်နေတဲ့အတွက်၊ လျော်ကြေးအဖြစ် တစ်စုံတစ်ရာကို တောင်းဆိုနိုင်ပါတယ်"

" ဝိညာဉ်ရေကန်ထဲ ဝင်ခွင့်ခွဲတမ်းတစ်ခု၊ လိုချင်တယ်။"

'' မဖြစ်နိုင်ဘူး၊ ဝင်ခွင့်နေရာအတွက် ငါတို့မှာ ကန့်သတ်ချက်ရှိတယ်၊ နောက်တစ်ခုတောင်းဆိုပါ၊ ငါ မင်းကို အလယ်အလတ် ဝိညာဉ်ကျောက်တုံး (10,000 ) ပေးနိုင်တယ်"

ဝမ်ကျီယဲက ခေါင်းခါလျက် လင်းယွန်၏တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။ ထိုသို့ငြင်းဆိုလိုက်သည်နှင့် လင်းယွန်က ခေါင်းရမ်းလိုက်ပြီး၊

'' တခြားဘာမှ တောင်းဆိုစရာ မရှိပါဘူး၊ ငါ ဒီ မိုးကြိုးခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို မလေ့ကျင့်ဖူးလို့ နောက်ထပ် ကျိန်ဆိုပေးနိုင်တယ် ''

"............. ''

ဝမ်ကျီယဲသည် လင်းယွန်၏ခိုင်းမာသောတောင်းဆိုချက်ကြောင့် စိတ်ရှုပ်ထွေးသွား၏။ သို့သော်၊

'' ကောင်းပြီ ဒါဆို၊ ငါတို့ကို ဝိညာဉ်ရေကန်ရအောင်ကူညီနိုင်ရင် မင်းကို ခွဲတမ်းတစ်ခု ပေးမယ်။ ''

ဝမ်ကျီယဲက ဆုံးဖြတ်ချက်မချမီ ခဏသာ ချီတုံချတုံဖြစ်ခဲ့ပြီး၊ ပြတ်ပြတ်သားသား သဘောတူလက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ တိုက်ပွဲက ဘယ်တော့စမှာလဲ"

'' အခုမှစ ငါးရက်ပဲ.....''

"ကောင်းပြီ၊ ငါအနားယူတော့မယ်။ နောက်ငါးရက်နေရင် တွေ့မယ်"

လင်းယွန်က သူတို့ကိုနှုတ်ဆက်ကာ သူ့နားနေဆောင်သို့ ပြန်လာခဲ့လိုက်သည်။ ထိုအချိန်အထိ ဝမ်မိသားစု၏ သိုင်းကျမ်းဆောင်သည် တိတ်ဆိတ်နေခဲ့ပြီး၊ ခဏအကြာတွင် ဝမ်ဖိန်း၏ တုန်ယင်နေသောတောင်းပန်သံ ထွက်ပေါ်လာ၏။

"ဖေဖေ၊ ငါမှားသွားပြီ၊ လင်းယွန်က ဒီလောက်ထိ လောဘကြီးမယ်လို့ မထင်ထားခဲ့မိဘူး... ''

ထိုဝိညာဉ်ရေကန်၏ ဝင်ခွင့်ခွဲတမ်းသည် ဝမ်မိသားစုအတွက် မည်မျှတန်ဖိုးရှိသည်ကို သိရှိထားခဲ့ရာ၊ ဝမ်ဖိန်းက ရှင်းရှင်းလင်းလင်း ကြိုတင်မပြောဆိုမိခဲ့သော၊ သူ့အမှားကို ဝန်ခံလိုက်မိသည်။

" လောဘကြီးတယ် လား...."

ဝမ်ဖိန်း၏ တောင်းပန်စကားကြောင့် ဝမ်ကျီယဲက ထိုင်ချလိုက်ပြီး ပြုံးလျက်၊ သူ့သားပုခုံးအား ပုတ်လိုက်ကာ၊

'' သူက လောဘမကြီးပါဘူး၊ သူလိုချင်တာကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့တာပါ၊ မင်း သူ့ဆီကနေ သင်ယူသင့်တယ်။"

" ဘယ်လို... ..... "

" ဟုတ်တယ် သား၊ မင်းလိုချင်တာကို အခိုင်အမာ ဆုပ်ကိုင်ထားရ လိမ့်မယ်၊ လင်းယွန်ကို အတုယူပါ ဖိန်းအာ၊ ဘာလို့လဲဆိုတော့ သူ့မှာ အဆင့်မြင့် ရှန်ရှင်းနည်းစနစ်ရှိနေတယ်၊ ပြီးတော့ အဲ့ဒီအဆင့်မြင့် နည်းစနစ်ကို သူက အတော်အသင့် ခရီးရောက်နေပြီ၊ အဆင့်မြင့် သိုင်းနည်းစနစ်တစ်ခုကို နားလည်ဖို့ ဘယ်လောက်ထိ ခက်ခဲလဲ မင်းသိပါတယ်.... "

'' ဒါက...... ''

ဝမ်ဖိန်းမှာ သူ့အဖေ၏စကားများကြောင့် ထိတ်လန့်တကြား အံ့အားသင့်သွား၏။

အဆင့်မြင့်ရှန်ရှင်းသိုင်းနည်းစနစ်များသည် မြင့်မားသော နားလည်မှုရှိရန် လိုအပ်ပေသည်။ ဝမ်ဖိန်းကိုယ်တိုင်ပင် သင်ယူရန် ကြိုးစားခဲ့ဖူးသောကြောင့်၊ ၎င်းမှာ မည်မျှခက်ခဲသည်ကို သူသာသိနားလည်ပေသည်။ ထိုသို့သော နည်းစနစ်မျိုးအား လင်းယွန်သည် ရှန်ရှင်းပထမအဆင့်ဖြင့်၊ နားလည် ထားနိုင်ခြင်းမှာ သူ့အားရှော့ရသွား စေသည်။

" ဖိန်းအာ ဘာလို့ ထိတ်လန့်နေရတာလဲ၊ ကမ္ဘာပေါ်က ပါရမီရှင်တွေအားလုံးကို မင်းမြင်ဖူးတယ်လို့ ထင်နေတာလား၊ ပြန်သွားပြီး ပြင်ဆင်မှုတွေ လုပ်ပါ၊ ယခုမှစပြီး ငါးရက်အတွင်း အဲဒီတိုက်ပွဲမှာ မင်းလည်း ပါဝင်ရလိမ့်မယ်....''

ဝမ်ကျီယဲက ပြုံးလျက် ဝမ်ဖိန်းကိုသတိပေးလိုက်သည်။ လင်းယွန်၏ အရည်အချင်းများအား သူက ထူးထူးကဲကဲ စိတ်မ၀င်စားမိချေ။ သူ့အသက်အရွယ်အရ လင်းယွန်ထက်ပင် နတ်ဆိုးဆန်သော၊ ပါရမီရှင်များကို ပို၍မြင်ဖူးပေ၏။

အခြားတစ်ဖက်တွင်၊ ဝမ်ဖိန်းသည် လင်းယွန် အပေါ်တွင်၊ ရှုံ့ချရှုမြင်နေခဲ့မိသည်ကို ပြန်လည်သတိရ နေမိသည်။ ထိုလုပ်ရပ်အတွက် ကူရာကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။

***

All Chapters